← Chapters

အခန်း ၁၁၉၇

Vol. 80 Ch. 1197

အခန်း ၁၁၉၇

Vol. 80 Ch. 1197

အခန်း ( ၁၁၉၇ ) အဆုံးစွန်နယ်ပယ်ကို ကျော်လွန်သော အင်အား။

အေးစက်ပြီး လျစ်လျုရှုထားသော စကားသံက အင်မော်တယ်အကယ်ဒမီတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။

ကျွင်းရှောင်ယောက်၏ အဖြူရောင်အဝတ်အစားများက တဖျပ်ဖျပ် လှုပ်ရှားနေ၏။

သူ့မျက်လုံးအကြည့်များကလည်း တည်ငြိမ်သည်။ ပြတ်သားသည်။

သူ၏ လှုပ်ရှားမှုများက တုံ့ဆိုင်းခြင်း အလျဉ်းမရှိပေ။

တားမြစ်နယ်မြေလား...

တားမြစ်မိသားစုလား...

သူ့မျက်လုံးထဲမှာတော့ ဘာမျှမဟုတ်ပေ။

"အားလုံးပဲ အထင်မမှားကြပါနဲ့၊ ငါက တားမြစ်နယ်မြေကို တမင်တကာ ပစ်မှတ်ထားတာ မဟုတ်ဘူး"

"တားမြစ်မိသားစု သုံးခုစလုံးက အမှိုက်တွေလို့ ပြောတာ... ဒါကို ဘယ်သူကကန့်ကွက်ချင်သေးလဲ"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူက တစ်ဖက်လူများကို ပစ်မှတ်မထားသလို စော်ကားရန်လည်း ရည်ရွယ်ချက်မရှိပေ။

သူက သူ့အတွက် သဘာဝကျပုံရသော အရာတစ်ခုကို ပြောနေသလို ဖြစ်သည်။

အားလုံး တိတ်ဆိတ်သွားကြသည်။

အင်မော်တယ်အကယ်ဒမီမှ လူများကို မဆိုထားဘိ။

မိသားစုကြီး သုံးခုမှ လူများပင်လျှင် ခဏတာ ကြက်သေသေသွားကြ၏။

ထို့နောက်မှ သတိပြန်ဝင်လာကာ ဒေါသတကြီး ဖြစ်သွားကြတော့သည်။

ယုကန်းက ယုမိသားစု၏ အဓိက ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရိုက်သတ်ခြင်းကို ခံလိုက်ရပြီ။

"ကျွင်းရှောင်ယောက်... မင်းက ရဲတင်းလွန်းတယ်။ အခုကစပြီး မင်းကိုဘယ်သူမှကာကွယ်လို့မရတော့ဘူး"

ယုမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ကျွင်းရှောင်ယောက်၏ အထောက်အထားကိုလည်း ဂရုမစိုက်‌နိုင်တော့ပေ။

ကျွင်းရှောင်ယောက်ကို တစ်ချက်တည်းဖြင့်သတ်ရန် လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

သို့သော်... အင်မော်တယ်အကယ်ဒမီမှ အကြီးအကဲများနှင့် အခြားသူများပင် လှုပ်ရှားရန် အချိန်မမီလိုက်ပါ။

ကျွင်းရှောင်ယောက်က ဦးစွာ လှုပ်ရှားလိုက်သည်။ သူက လက်သီးဖြင့် ထိုးနှက်လိုက်၏။

မေယုကမ္ဘာသုံးထောင်၏ စွမ်းအားနှင့် နတ်ဆိုးနတ်ဘုရားလက်သီး...

တစ်ချိန်တည်းမှာပင် ခွန်အားနိယာမကို အသက်သွင်းလိုက်တော့သည်။

ဤသည်မှာ အမြင့်ဆုံးအင်အား ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ရူးသွားတာလား"

အကယ်ဒမီမှ တပည့်များစွာက မသိစိတ်မှ အော်ပြောလိုက်ကြသည်။

ယခင်က ကျွင်းရှောင်ယောက်သည် အဓိပဓိအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။ သူက မည်မျှပင် အားကောင်းစေကာမူ၊ မဟာကောင်းကင်အဓိပဓိကိုတော့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

"မဟုတ်သေးဘူး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ကောင်းကင်အဓိပဓိငယ်အဆင့်ကို ဖြတ်သွားပြီ"

"မဟုတ်ဘူးဟ၊ ဒါက ကောင်းကင်အဓိပဓိငယ်တင် မကဘူး။ ဒါ... ကောင်းကင်အဓိပဓိငယ် ကြီးမားသောပြီးပြည့်စုံမှုပဲ။ သူက မဟာကောင်းကင်အဓိပဓိအဆင့်နဲ့ နီးစပ်နေပြီ"

အကယ်ဒမီမှ တပည့်များအားလုံး တုန်လှုပ်သွားကြသည်။ မျက်လုံးများ ပြူးသွားကြ၏။

တစ်ကြိမ် တံခါးပိတ်လေ့ကျင့်ပြီးနောက် အဓိပဓိနယ်ပယ်မှ‌ ကောင်းကင်အဓိပဓိငယ် ကြီးမားသော ပြီးပြည့်စုံမှုအထိ...

အင်မော်တယ်အကယ်ဒမီ၏ တပည့်များကို မဆိုထားဘိ၊ အကြီးအကဲများပင်လျှင် စိတ်ရှုပ်ထွေးသွားကြသည်။

ငါတို့ အမြင်မှားနေတာလား။

"မယုံနိုင်စရာကြီးကွာ၊ ဒါပေမဲ့... သူက ကောင်းကင်အဓိပဓိငယ်ဖြစ်ရင်တောင်မှ မဟာကောင်းကင်အဓိပဓိကို ရင်ဆိုင်ဖို့ အရည်အချင်း မရှိဘူး"

အဝေးတွင်၊ အမှန်တရား၏သားတော်က တုန်လှုပ်သွားသည်။ စိတ်ပြေရာပြေကြောင်း ပြောဆိုရင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်လေသည်။

သို့သော်၊ နောက်အခိုက်တွင်...

ရက်စက်သော အဖြစ်မှန်က၊ အမှန်တရားသားတော်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။

"ဝုန်း"

လက်သီးချင်း ထိပ်တိုက်တွေ့ဆုံသွားသည်။

ကျွင်းရှောင်ယောက်၏ လက်သီးအင်အားက လေဟာနယ်ကို ပြိုကျသွားစေခဲ့၏။

ကြယ်များစွာတို့လည်း ပေါက်ကွဲပြီး ကြွေကျသွားကြသည်။

လက်သီးချက်အောက်တွင် အားလုံး ပြာကျသွားတော့သည်။

ယုမိသားစု၏ မဟာကောင်းကင်အဓိပဓိကိုလည်း မမြင်ရတော့ပေ။

အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

မဟာကောင်းကင်အဓိပဓိကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်၏။

အဆင့်တူများပင်လျှင် ဤမျှ သေသပ်စွာ မလုပ်နိုင်တန်ရာပေ။

"အဆုံးစွန်နယ်ပယ်... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အဆုံးစွန်နယ်ပယ်နဲ့ ကောင်းကင်အဓိပဓိငယ်ကို ဖြတ်ကျော်ခဲ့တာများလား"

"ဟုတ်တယ်၊ ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ။ အဆုံးစွန်နယ်ပယ်ကို ရောက်နိုင်မှပဲ ဒီလိုအကြွင်းမဲ့စွမ်းအားမျိုးကို ရရှိနိုင်မှာ"

အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာက မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း သူတို့မသိခဲ့သည်မှာ... ကျွင်းရှောင်ယောက်က ထိုအဆင့်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

နိယာမကိုးခုဖြင့် အဆုံးစွန်နယ်ပယ်က လူအများစုအတွက် အကန့်အသတ် ဖြစ်သော်လည်း ကျွင်းရှောင်ယောက်က မတူပေ။

ထာဝရကွဲလွဲမှုဆိုတာက သာမန်မဟုတ်ပါ။

လူတိုင်းက ထိုစွမ်းအားမျိုး ရရှိနိုင်လျှင်လည်း ထာဝရကွဲလွဲမှုဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။

မဟာအကြီးအကဲ၊ လော့ရှန်းလင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တို့သာ ဝေဝါးဝါး ခံစားမိခဲ့သည်။

ကျွင်းရှောင်ယောက်၏ နိယာမက အဆင့်တစ်ခုကို ကျော်လွန်နေပြီ။

"ကျွင်းရှောင်ယောက်၊ မင်း တရားလွန်သွားပြီ"

"ဒီနေ့ ကျွင်းမိသားစုရဲ့ ဘိုးဘေးတွေကိုယ်စား... မင်းလို အဆင်ခြင်ဉာဏ်မဲ့တဲ့ အငယ်ကို ငါတို့ကပဲ သင်ခန်းစာတစ်ခုပေးမယ်"

မိသားစုသုံးစုမှ အကျော်အမော်များက ဒေါသတကြီးအော်ဟစ်ကာ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ယုမိသားစုက ကျောက်စာတိုင်ကို အသက်သွင်းသည်။

ကျောက်စာတိုင်မှ ဧကရာဇ်အငွေ့အသက်များ ဖြာထွက်လာပြီးနောက် ပုံရိပ်တစ်ခုက ဝေဝါးဝါးဖြင့် ပေါ်လာ၏။

ဤကျောက်စာတိုင်တွင် ဧကရာဇ်တစ်ပါး၏ စွမ်းအားများကို ပေါင်းစပ်ထားသည်။

ကျိမိသားစုကလည်း ယခင်စာလိပ်ကို ဖြန့်လိုက်သည်။

စာလိပ်တွင် တောင်တန်းနှင့် မြစ်များ ရေးဆွဲထားပြီး မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်လာ၏။ ၎င်းက မိုးနှင့်မြေကို လွှမ်းမိုးနိုင်သကဲ့သို့ပင်။

ဤသည်ကလည်း ဧကရာဇ်တစ်ပါး၏ လက်ရာဖြစ်သည်။

တစ်ဖက်တွင်၊ ကျင်းမိသားစုက ဧကရာဇ်အငွေ့အသက်များဖြင့် တံဆိပ်တော်တစ်ခုကို ထုတ်ယူလိုက်သည်။

ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုတစ်ခုအနေဖြင့်၊ ၎င်းတို့တွင် အလွန်နက်နဲသော အခြေခံအုတ်မြစ်တစ်ခုရှိသည်ဟု ဆိုနိုင်သည်။

ရတနာသုံးခု၏ အရှိန်အဝါများက လူတိုင်းကို တုန်လှုပ်စေခဲ့ပေသည်။

လော့ရှန်းလင်နှင့် ဘုရင်ဖုဖုန်းက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း လှုပ်ရှားရန် ဟန်ပြင်လိုက်ကြသည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲပင်။

သူက လက်တစ်ဖက်ကိုဝှေ့ယမ်းပြီး အခြားသူများကို တားမြစ်လိုက်သည်။

ထို့နောက် အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။

ယင်းကိုမြင်တော့ တားမြစ်မိသားစုသုံးခုမှ လူများက လှောင်ပြောင်လိုက်ကြသည်။

"မင်းက အဆောင်တစ်ခုနဲ့ ငါတို့ မိသားစုသုံးခုရဲ့ တော်ဝင်ရတနာတွေကို ခုခံကာကွယ်ချင်တာလား"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်လေသည်။

"ဒါက ဘယ်သူ့ရဲ့ အဆောင်ဆိုတာ မသိသေးဘူးထင်တယ်"

ထိုစကားကိုကြားတော့ တားမြစ်မိသားစုသုံးစုမှ လူများ အံ့ဩသွားကြသည်။

အကယ်ဒမီမှ တပည့်များလည်း စေ့စေ့ကြည့်လိုက်ကြ၏။

အဆောင်တွင်၊ စာကြောင်းနှစ်ကြောင်းသာ ရှိသည်။

'ဂုဏ်သိက္ခာရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက် ဘဝမှာ‌ နောင်တရစရာ မရှိဘူး'

'ဝူဟွေ့'

"အဲဒါ... ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ရဲ့ အဆောင်ပဲ"

လူအချို့က မျက်လုံးများ ပြူးကျယ်သွားကာ အော်ဟစ်လိုက်ကြသည်။

ထိုစဉ်၊ အဆောင်မှ တောက်ပသော အလင်းများ ဖြာထွက်လာခဲ့သည်။

ကျယ်ပြောလှသော ကမ္ဘာကြီးအလယ်တွင် တည်ငြိမ်စွာ ထိုင်နေသော အဖြူရောင်ဝတ်စုံဖြင့် မှုန်ဝါးဝါးရုပ်သွင်တစ်ခု ပေါ်လာ၏။

ကြီးမားသော ဖိအားတစ်ခုက နေရာအနှံ့သို့ ဖြာထွက်လာတော့သည်။

ခမ်းနားထည်ဝါသော ထိုအရှိန်အဝါရှေ့တွင် ဧကရာဇ်ပုံရိပ်များပင်လျှင် အနည်းငယ် နိမ့်ကျသွားပုံရသည်။

"အဲဒါက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်း... ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ပဲ"

"နတ်ဘုရားဘုရင်"

အကယ်ဒမီ၏ တပည့်များက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်ကြသည်။

ကျွင်းဝူဟွေ့က အင်မော်တယ်နယ်မြေကြီးအတွက်တော့ တုနှိုင်းမရသော တည်ရှိမှုဆိုတာ သံသယဖြစ်စရာမလိုပေ။

ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကို ချေမှုန်းရာတွင် နတ်ဘုရားဓမ္မခန္ဓာကို အသုံးပြုခဲ့ရသည်။

ကျွင်းဝူဟွေ့မူကား၊ သူ့ကိုယ်ပိုင်ခွန်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင်၊ အစွမ်းထက် အကျော်အမော်များက ခန့်မှန်းပြောဆိုခဲ့ကြသည်။

ကျွင်းဝူဟွေ့သာ တာအိုကို သက်သေပြခဲ့ပါက... အလွန်ကြောက်စရာကောင်းပြီး သမိုင်းတစ်လျှောက်တွင် တန်ခိုးအကြီးဆုံး ဧကရာဇ်များထဲမှ တစ်ဦးဖြစ်လာနိုင်လိမ့်မည်။

သူက ခေတ်အဆက်ဆက်မှ ထာဝရဧကရာဇ်များစာရင်းတွင်ပင် ပါဝင်နိုင်သည်။

ထာဝရဧကရာဇ်စာရင်းမှာ အင်မော်တယ်နယ်မြေကြီး၏ ခေတ်အဆက်ဆက်မှ အသန်မာဆုံး ဧကရာဇ်များ၏စာရင်း ဖြစ်သည်။

ထာဝရဧကရာဇ်မင်းများစာရင်းတွင် ပါ၀င်နိုင်သရွေ့၊ ဒဏ္ဍာရီတစ်ခု ဖြစ်လာနိုင်လိမ့်မည်။

အဆုံးမဲ့ဧကရာဇ်၊ ကောင်းကင်စွန့်ခွာဧကရာဇ်တို့သည်လည်း ထာဝရဧကရာဇ်များစာရင်းတွင် ပါဝင်ခဲ့ကြသည်။

ထာဝရဧကရာဇ်များစာရင်းတွင် ပါဝင်နိုင်သည်ဟု ခန့်မှန်းခံရခြင်းကပင် ဂုဏ်ယူစရာဖြစ်နေပြီ။

ဤအခိုက်အတန့်တွင်၊ ကျွင်းဝူဟွေ့၏အဆောင်က အဆုံးမဲ့ တောက်ပသော အလင်းများ ဖြာထွက်နေသည်။

ကြီးကျယ်ခမ်းနားသော ရုပ်သွင်၏ အဖြူရောင်အဝတ်အစားများကလည်း လှုပ်ရှားနေလေသည်။

"အဖေ့ရဲ့ အရှိန်အဝါက ပိုအားကောင်းလာတယ်လို့ ခံစားရတယ်"

ကျွင်းရှောင်ယောက်သည် အဆောင်မှ ကျွင်းဝူဟွေ့၏ အခြေအနေကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။

ကျွင်းဝူဟွေ့ ပြန်လာချိန်ကို သူ စောင့်မျှော်နေမိ၏။

သူတို့သားအဖ ပြန်ဆုံစည်းသည့်အခါ...

ကောင်းကင်ကိုးခုအထက်နှင့် တားမြစ်နယ်မြေကို ချေမှုန်းနိုင်လိမ့်မည်။

"ဝုန်း"

ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်၏ ပုံရိပ်က တားမြစ်မိသားစုသုံးစု၏ ဧကရာဇ်လက်ရာများကို တိုက်ရိုက် ဖိနှိပ်ခဲ့သည်။

နောက်ဆုံးတွင်၊ ထိုရတနာသုံးခုက တိုက်ရိုက် ပြိုကွဲသွား၏။

ဧကရာဇ်များတွင်လည်း သန်မာသူနှင့် အားနည်းသူ ရှိသည်။

ကျွင်းဝူဟွေ့က ဧကရာဇ်မဖြစ်သေးသော်လည်း အန္တိမကပ်ဘေးကြီးကိုပင် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

သာမာန်ဧကရာဇ်များက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန် အရည်အချင်းမရှိပေ။

ရတနာသုံးပါး ပေါက်ကွဲသွားပြီးနောက် တားမြစ်မိသားစုသုံးစုမှ လူများလည်း သွေးအန်ပြီး နောက်သို့ လွင့်စဉ်သွားကြသည်။

"ရပ်...ရပ်လိုက်ပါတော့"

တားမြစ်မိသားစုသုံးခုမှ လူများလည်း နောက်ဆုံးတွင် တုန်လှုပ်သွားကြသည်။ သူတို့က ကျွင်းရှောင်ယောက်ကို ရပ်တန့်ရန်မျှော်လင့်ကာ အော်ဟစ်လိုက်ကြလေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သိပ်တော့ လွန်လွန်ကျူးကျူးမလုပ်ဘူးထင်တာပဲ"

"ဟုတ်တယ်၊ သူတို့အားလုံးကို သတ်ပစ်လိုက်လို့ တားမြစ်နယ်မြေသုံးခုက ပစ်မှတ်ထားမယ်ဆိုရင် ကျွင်းမိသားစုကတောင် ဖိအားတွေအများကြီး ခံရနိုင်တယ်"

အကယ်ဒမီ၏ တပည့်များက တီးတိုး ပြောဆိုလိုက်ကြသည်။

သို့သော်...

ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေပြီး မပြောင်းလဲပါ။

တားမြစ်မိသားစုသုံးခုမှ လူများ၏ နှလုံးသားများက အေးစက်သွားကြသည်။ သူတို့က ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

"ကျွင်းရှောင်ယောက်၊ မင်း... မင်း လုပ်..."

၎င်းတို့မှာ စကားကိုပင် ဆုံးအောင်မပြောနိုင်လိုက်ပေ။

နတ်ဘုရားဘုရင်၏ ပြင်းထန်သောဖိအားက တားမြစ်မိသားစုသုံးစုရှိ လူတိုင်းကို သွေးစက်များအဖြစ်သို့ ပေါက်ကွဲသွားစေခဲ့သည်။

ကောင်းကင်ယံမှ သွေးမိုးရွာကျသကဲ့သို့ မြေပြင်ပေါ်ကို တဖွဲဖွဲကျဆင်းသွားတော့သည်။

အောက်လောကသို့ ဆင်းသက်လာသော တားမြစ်မိသားစုသုံးခု၏ လူများအားလုံး ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိခဲ့ပါ။

အင်မော်တယ်အကယ်ဒမီတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဟွမ်နျဲ့တောက်နှင့် အမှန်တရား၏သားတော်တို့လည်း တုန်လှုပ်သွားကြ၏။

ကျွင်းရှောင်ယောက်က ဒီလောက်တောင် ပြတ်သားတာလား။

"ပြပွဲပြီးပြီ၊ အားလုံး လူစုခွဲကြတော့"

ကျွင်းရှောင်ယောက်က အဆောင်ကိုပြန်သိမ်းကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် နေရာမှ ထွက်သွားတော့သည်။

အင်မော်တယ်အကယ်ဒမီ၏ တပည့်များသာ တုန်လှုပ်နေရင်း ကျန်ရစ်ခဲ့ကြသည်။

All Chapters