← Chapters

အခန်း ၂၀၅

Vol. 11 Ch. 205

အခန်း ၂၀၅

Vol. 11 Ch. 205

အပိုင်း (၂၀၅) ဘာဆိုဘာမှ မရှိသော ရွာလေး

နတ်ဆင်ရွာ၏ အစွန်အဖျားတွင် ရွာတစ်ရွာလုံးကို ပတ်လည်ဝိုင်းရံထားသော သစ်သားခြံစည်းရိုးတစ်ခု ရှိ၏။

အေးမြသော လေပြေလေးများက ရံဖန်ရံခါ တိုက်ခတ်သွားတတ်ပြီး လူကို စိတ်လက်ပေါ့ပါးလန်းဆန်းသွားစေသည်။

မျက်စိရှေ့မှောက်တွင် ကပ်လျက်ရှိနေသော တိမ်ဖြူများကို ကြည့်ရသည်မှာ စိတ်ကြည်နူးဖွယ်ရာ ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

အထူးသဖြင့် မျက်စိရှေ့ရှိ စိမ်းလန်းစိုပြည်နေသော ဟင်းသီးဟင်းရွက်ခင်းကို မြင်လိုက်ရသောအခါ၊ ထိုအစိမ်းရောင် သို့မဟုတ် အဝါရောင် ဟင်းသီးဟင်းရွက်များက လူကို မနေနိုင်ဘဲ တံတွေးမြိုချမိသွားစေသည်။

မလှမ်းမကမ်းတွင် ပန်းသီးပင်တစ်ပင်ပင် ရှိနေသေးပြီး ထိုနီရဲနေသော ပန်းသီးများကို မြင်လျှင် ချန်းရီပင်လျှင် မနေနိုင်ဘဲ တံတွေးမြိုချမိသွားရ၏။

ချန်းရီက ပန်းသီးစားရသည်ကို မကြိုက်နှစ်သက်လှသော်လည်း ယခုအချိန်တွင်မူ ထိုနီရဲနေသော ပန်းသီးတစ်ပင်လုံးကို မြင်လိုက်ရသောအခါ တံတွေးမြိုချခြင်းကို မတားဆီးနိုင်ခဲ့ပေ။

ကမ္ဘာပျက်ကပ် ရောက်လာချိန်မှစ၍ ယခုအချိန်အထိ ဟင်းသီးဟင်းရွက်ပင် အလွန် ရှားရှားပါးပါး စားခဲ့ရရာ သစ်သီးဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

မလှမ်းမကမ်းတွင် မကြာသေးမီကမှ မှည့်ဝင်းနေသော ဂျုံခင်းတစ်ခင်းလည်း ရှိနေပြီး ရွှေဝါရောင် ဂျုံနှံများသည် လေပြေနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေကြသည်။

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လူအချို့လည်း ရှိနေသေး၏။

ရံဖန်ရံခါတွင် ဒေါသကြီးသော ထိုအဘိုးအို၏ ဆဲဆိုကြိမ်းမောင်းသံများ ထွက်ပေါ်လာတတ်သည်။

ထိုအသံကို ကြားရသောအခါ ချန်းရီပင်လျှင် အံ့သြမှင်တက်သွားရသည်။

ဤအဘိုးအို၏ အသံမှာ အတော်လေး ကျယ်လောင်ပြီး အားအင်ပြည့်ဝနေကာ၊ အဆဲခံရသူများကလည်း ခေါင်းညိတ်၍ ခါးညွှတ်နေကြပြီး အနည်းငယ်မျှပင် ဒေါသထွက်ခြင်း မရှိဘဲ အဘိုးအိုအပေါ် အလွန် ရိုသေလေးစားသည့်ဟန် ရှိနေကြ၏။

ခေါင်းကြီး ရွာသူကြီးက လူအချို့ကို ဦးဆောင်ကာ နတ်ဆင်ရွာ တစ်ရွာလုံးကို လှည့်လည် ပြသခဲ့သည်။

အချိန်ကြာမြင့်စွာ ရွှေ့ပြောင်းသွားလာနေရသော ဘဝများကြောင့် သူတို့အချို့မှာ အတိတ်ဘဝတစ်ခုကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရွာသားများ၏ ဝတ်စားဆင်ယင်မှုမှာ ရှုပ်ပွနေပြီး ညစ်ပေနေသည့်ပုံ ပေါက်နေသော်လည်း ကံကောင်းသည်မှာ လူတိုင်း၏ စိတ်ဓာတ်ခွန်အား အသွင်အပြင်မှာ မဆိုးလှပေ။

ထို့အပြင် လူတိုင်းတွင် ကိုယ်ပိုင် လုပ်စရာအလုပ်များ ရှိနေကြသည်။

ဥပမာအားဖြင့် ခုနက မြင်တွေ့ခဲ့ရသော စိုက်ခင်းထဲတွင် ပြုစုစောင့်ရှောက်နေသူ အများအပြား ရှိနေခြင်းမျိုး ဖြစ်သည်။

ရွာထဲတွင် ကြက်နှင့် ဘဲအချို့ကိုပင် မွေးမြူထားသေးသော်လည်း အရေအတွက်မှာ အလွန်နည်းပါးပြီး ကြည့်ရသည်မှာ သိပ်အသက်ဝင်သည့်ပုံ မပေါ်ဘဲ အားလုံးမှာ ပိန်ချုံးနေကြ၏။

ရိက္ခာပစ္စည်းများ ရှားပါးမှုကြောင့် လူတွေပင်လျှင် စားစရာ သိပ်မရှိကြရာ ဤကြက်ဘဲများကို ကျွေးမွေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

လယ်ကွင်းနှင့် ဟင်းသီးဟင်းရွက်ခင်း အချို့ ရှိနေသော်လည်း ၎င်းတို့သည် တစ်ရွာလုံးကို ထောက်ပံ့ပေးရန် ဖြစ်သဖြင့် လုံးဝ လောက်ငှမည် မဟုတ်ပေ။

"ကျွန်တော်တို့ရွာလေးကတော့ လောလောဆယ် ဒီလောက်အဆင့်ထိပဲ ခဲယဉ်းစွာနဲ့ လုပ်ဆောင်နိုင်သေးတယ်"

"အချိန်တစ်ခု ကြာတိုင်း... ကျွန်တော်တို့လည်း လူစုပြီး ရိက္ခာပစ္စည်းတွေ သွားရှာကြတာပဲ... ဒါပေမဲ့ အခုတော့ ပစ္စည်းတွေက ပိုပိုပြီး ရှားပါးလာသလို... စုဆောင်းရတာလည်း ပိုပိုပြီး ခက်ခဲလာတယ်"

"ပစ္စည်းတော်တော်များများကလည်း သက်တမ်းကုန်နေကြပြီ"

"ပါမောက္ခလျှိုသာ မရှိခဲ့ရင်... ကျွန်တော်တို့တွေ စောစောစီးစီးကတည်းက ငတ်သေကုန်လောက်ပြီ... ရွာလေး ဒီအချိန်ထိ ရပ်တည်နိုင်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ဤခေါင်းကြီး ရွာသူကြီးသည် ရွာထဲရှိ အသေးအမွှား ကိစ္စရပ်များကို တစ်တွတ်တွတ်ဖြင့် ပြောဆိုနေ၏။

သူ၏ အမူအရာက အလွန် ရိုးသားပွင့်လင်းသည့်ပုံ ပေါက်နေသည်။

ချန်းရီတို့အပေါ် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိသကဲ့သို့ပင်။

ညဘက်တွင် နတ်ဆင်ရွာက ရိုးရှင်းသော ကြိုဆိုရေး ညစာစားပွဲ တစ်ခုကို ကျင်းပပေးခဲ့သည်။

မတတ်နိုင်ပေ၊ ကြီးကျယ်ခမ်းနားသော ကြိုဆိုရေး ညစာစားပွဲ ကျင်းပရန်မှာလည်း ရိက္ခာပစ္စည်းများ လိုအပ်သည် မဟုတ်ပါလော။

ယခုလို အခြေအနေမျိုးတွင် အကြီးစား ညစာစားပွဲ ကျင်းပရန် လုံးဝ မလောက်ငှပေ။

သို့သော် ခေါင်းဆောင်ချူကလည်း ရက်ရောစွာဖြင့် လူများကို ခိုင်းစေကာ ညစာစားပွဲအတွက် ငါး (၁၀) ပိဿာခန့်၊ သက်တမ်းလွန် ဆန် (၁၂) ပြည်နှင့် သက်တမ်းလွန် ဂျုံမှုန့် (၁၂) ပြည်တို့ကို ကူညီထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် အရက်ဖြူ နှစ်ပုလင်းကိုပင် ထုတ်ပေးခဲ့သေးသည်။

ဤအရာက ခေါင်းကြီး ရွာသူကြီးအား အလွန် ကျေးဇူးတင်သွားစေခဲ့၏။

မည်သို့ပင်ဆိုစေ လူလေးဆယ်စာ ညစာစားပွဲကို ထောက်ပံ့ရန်မှာ နတ်ဆင်ရွာအတွက်ပင်လျှင် အနည်းငယ် ဝန်ပိစေသည် မဟုတ်ပါလော။

ခေါင်းဆောင်ချူ၏ လှူဒါန်းမှုကြောင့် ဤညစာစားပွဲမှာ အလွန်အမင်း ဆင်းရဲနွမ်းပါးသည့်ပုံ မပေါက်တော့ချေ။

အထူးသဖြင့် ထိုအရက်ဖြူ နှစ်ပုလင်းကြောင့် ခေါင်းကြီး ရွာသူကြီး၏ မျက်လုံးများပင် မှိတ်ကျသွားသည်အထိ ပြုံးပျော်သွားစေခဲ့သည်။

အပြင်ထွက်၍ ရိက္ခာရှာဖွေချိန်တွင် လူတိုင်း၏ အဓိက ပစ်မှတ်မှာ ဆန်၊ ဂျုံမှုန့် စသည့် အစားအစာများသာ ဖြစ်ကြောင်း သိထားသင့်သည်။

ဆေးလိပ်နှင့် အရက်ဖြူတို့မှာ လျစ်လျူရှုခံရရန် ပို၍ လွယ်ကူသည်။

ထို့ကြောင့် ဤပစ္စည်းများသည် ပို၍ပင် တန်ဖိုးကြီးမားလာရခြင်း ဖြစ်၏။

ရွာသူကြီးဟူသော ဂုဏ်ပုဒ် ရှိနေသော်လည်း သူပင်လျှင် အရက်နံ့ မရခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ပေလိမ့်မည်။

ညစာစားပွဲကို ရွာ၏ ကွင်းပြင်ကျယ်ကြီးထဲတွင် လေဟာပြင် ကျင်းပခဲ့သည်။

ဤကွင်းပြင်ကျယ်ကြီးသည် နတ်ဆင်ရွာမှ ရွာသားများ စုပေါင်းလှုပ်ရှားမှုများ ကျင်းပရာ နေရာဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ရွာသားတိုင်းက မိမိတို့ အိမ်ရှိ စားပွဲ၊ ကုလားထိုင်နှင့် ထိုင်ခုံများကို ထုတ်ယူကာ ကူညီပေးခဲ့ကြသည်။

ရွာထဲရှိ မျက်နှာပန်းလှသော ဩဇာတိက္ကမရှိသူများ အားလုံး ရောက်လာကြ၏။

သေချာပေါက် သာမန် ရွာသားအချို့မှာမူ ဤရိုးရှင်းသော ညစာစားပွဲကို တက်ရောက်ရန် အရည်အချင်း မမီကြပေ။

ရှောင်ကျန်း ဟုခေါ်သော ရွာသူကြီး၏ လက်ထောက်က ကြိုဆိုရေး အခမ်းအနား တစ်ခုကိုပင် ကျင်းပပေးခဲ့သေးသည်။

ထိုအချိန်တွင် ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ကွင်းပြင်အလယ်တွင် သပ်ယပ်ကြော့ရှင်းစွာ မတ်တတ်ရပ်နေ၏။

ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများအကြားတွင် ရုတ်ရုတ်သဲသဲ အနည်းငယ် ဖြစ်သွားကြသည်။

"ဘုရားရေ... ဒါ ဆုမန်ရှန်းပဲ... တကယ်ကြီး ဆုမန်ရှန်း ဖြစ်နေတာပဲ"

"ဆုမန်ရှန်းက ဘယ်သူလဲ... ဒီနာမည်က နားထဲမှာ တော်တော် ရင်းနှီးနေတယ်"

"ငါ့ညီ... မင်းက ဆုမန်ရှန်းကိုတောင် မသိဘူးလား... လူပျိုကြီးတွေရဲ့ နတ်သမီးလေ... ညသန်းခေါင်ယံ အသံ အစီအစဉ်ကို မင်း နားမထောင်ဖူးဘူးလား"

"နာမည်ကြီး အသံလွှင့်မမကို ပြောတာလား"

"တောက်... တကယ်ကြီး သူဖြစ်နေတာပဲ... အမလေးဗျာ... အသက်ရှင်နေတုန်းမှာ ဆုမန်ရှန်းရဲ့ အစီအစဉ်တင်ဆက်မှုကို လူကိုယ်တိုင် ကြည့်ရလိမ့်မယ်လို့ မထင်ထားဘူး... တန်ပါပြီ... တန်ပါပြီ"

"မင်းက ဘာတွေ စိတ်ကူးယဉ်နေတာလဲ... ဆုမန်ရှန်းက မင်းကြောင့် ရောက်လာတယ်များ ထင်နေလား... သူက ချန်းရီနဲ့ ခေါင်းဆောင်ချူတို့ကြောင့် ရောက်လာတာ... ဒီလို အမျိုးသမီးမျိုးက မင်း မှန်းလို့ရတဲ့ အဆင့်မဟုတ်ဘူး"

အစပိုင်းတွင် ချန်းရီသည်လည်း ဤအမျိုးသမီးကို မမှတ်မိခဲ့ပေ။ ထိုအမျိုးသမီးက ရုပ်ရည်လှပပြီး အရှိန်အဝါကောင်းကာ ရုပ်မြင်သံကြား အစီအစဉ်များမှ အစီအစဉ်တင်ဆက်သူ တစ်ဦးနှင့် တူသည်ဟုသာ ခံစားခဲ့ရသည်။

ထို့အပြင် တင်ဆက်သည့် အသံမှာလည်း အလွန် နားထောင်ကောင်းလှ၏။

ဘေးပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးပြောဆိုသံများကို ကြားပြီးနောက်မှသာ ချန်းရီ ပြန်လည် သတိရသွားခဲ့သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက အလွန် နာမည်ကြီးသော ရေဒီယို အစီအစဉ် တစ်ခု ရှိခဲ့ဖူးသည်။

ထိုအချိန်က ဗီဒီယိုအတိုလေးများ ခေတ်စားနေသော ခေတ်ဖြစ်ကြောင်း သိထားသင့်ပြီး ရေဒီယို အစီအစဉ် တစ်ခုက ရုတ်တရက် ထိုးဖောက်အောင်မြင်လာခြင်းမှာ အလွန် ရှားပါးလှသည်။

အဓိက အကြောင်းရင်းမှာ ညသန်းခေါင်ယံ အသံ ဟုခေါ်သော အစီအစဉ် တစ်ခုကြောင့်ပင် ဖြစ်သည်။

အစီအစဉ်ထဲမှ အမျိုးသမီး အသံလွှင့်သူ၏ အသံမှာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ပြီး ရင့်ကျက်သော အစ်မကြီးအသံမျိုး လုပ်သည့်အခါ လူများ၏ ရင်ထဲကို ယားကျိကျိ ဖြစ်သွားစေကာ၊ လိုလီ(ကလေးမလေး) အသံမျိုး လုပ်သည့်အခါတွင်လည်း နားထောင်ရသူများ၏ နှုတ်ခမ်းထောင့်ကို မသိမသာ ပြုံးတက်သွားစေသည်။

အသက်ကြီးသူအသံ၊ လိုလီ(ကလေးမလေး)အသံ၊ အမျိုးသားအသံ စသဖြင့် အားလုံးကို လုပ်တတ်ပြီး အားလုံးမှာလည်း အလွန် ကျွမ်းကျင်လှ၏။

သူမ မလုပ်တတ်သော အသံဟူ၍ မရှိပေ။

သူမ ပေါ်ထွက်လာမှုကြောင့်ပင် သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရေဒီယို အသံလွှင့်ဌာနများမှာ အနည်းငယ် ပြန်လည် အသက်ဝင်လာခဲ့ရသည်။

နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သူမ၏ အွန်လိုင်းအကောင့်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဆုမန်ရှန်း ဟုခေါ်သော ဤအမျိုးသမီး အသံလွှင့်သူမှာ အချိန်တိုအတွင်းမှာပင် ဖော်လိုဝါ သန်းချီ တိုးလာခဲ့၏။

သန်းချီသော ပရိသတ်များ၏ တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် ဤအမျိုးသမီး အသံလွှင့်သူက မျက်နှာပြထားသော ဗီဒီယို တစ်ခုကို ရိုက်ကူးခဲ့သည်။

သို့သော် ချက်ချင်းပင် လူကြိုက်အများဆုံး သတင်းများထဲ ရောက်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

ယခင်က ထိုကဲ့သို့ အသံအလွန်ကောင်းသူများမှာ အများအားဖြင့် အသံသာ ကောင်းကြပြီး သူတို့၏ အသံကို နားထောင်ကာ ရုပ်ရည်ကို စိတ်ကူးယဉ်မိပါက အလွန် စိတ်ပျက်ရတတ်သည်။

သို့သော် ဤဆုမန်ရှန်းကမူ မတူညီပေ။ အသံကောင်းရုံသာမက ခန္ဓာကိုယ် အချိုးအစားနှင့် ရုပ်ရည်သွင်ပြင်မှာလည်း လူသိန်းသောင်းချီထဲမှ တစ်ယောက်သာ ရှိနိုင်သည့် အလှမျိုး ဖြစ်နေ၏။

မိန်းမလျာလေးအဖြစ် နာမည်ကြီးနေသော ရွှီနန်နှင့် နှိုင်းယှဉ်ပါက ဤဆုမန်ရှန်း၏ ရုတ်တရက် အောင်မြင်လာမှုက ပို၍ပင် ဂန္ထဝင်ဆန်နေသေးသည်။

သို့သော် ဤဂန္ထဝင် အမျိုးသမီး အသံလွှင့်သူက ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ။

တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုသံများက နားထဲတွင် ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ဆုမန်ရှန်း ထွက်သွားချိန်အထိ ထိုဆွေးနွေးပြောဆိုသံများက ရပ်တန့်မသွားခဲ့ပေ။

ပြောပြသင့်သည့် အရာမှာ ညစာစားပွဲရှိ ဟင်းလျာများပင် ဖြစ်သည်။

အားလုံးမှာ အိမ်တွင်းဖြစ် ဟင်းလျာများသာ ဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ကြီးထဲတွင် ပူပူနွေးနွေး အစားအစာ တစ်လုပ် စားရရန်ပင် ဇိမ်ကျလွန်းနေချိန်၌ ဤသို့ အိမ်တွင်းဖြစ် ဟင်းလျာများ တစ်စားပွဲလုံး အပြည့် ရရှိခြင်းမှာ အလွန် ရှားပါးလှသည်။

ရွာသားများသည် ညစာစားပွဲပေါ်ရှိ ငါးဟင်းများကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် တံတွေးများ အဆက်မပြတ် မြိုချနေကြ၏။

ဆန့်ကျင်ဘက်အနေဖြင့် ယာဉ်တန်းဘက်မှ အသက်ရှင်ကျန်ရစ်သူများမှာမူ သိပ်ခံတွင်းမတွေ့သည့်ပုံ ပေါက်နေကြသည်။

သူတို့၏ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စားသောက်ခဲ့ရသည့် အစားအစာများမှာ ငါးဟင်းများသာ ဖြစ်သဖြင့် အများအပြား စားခဲ့ပြီး ဖြစ်နေသည်။

စားပွဲပေါ်တွင် ချန်းရီက ဟင်းသီးဟင်းရွက် အနည်းငယ်ကို တွေ့လိုက်ရ၏။

အထူးသဖြင့် ထိုအထဲမှ အာလူးဖုတ်မှာ စားရသည်မှာ ထူးခြားသော အရသာ ရှိနေသည်။

ယခင်တစ်ခေါက် ချန်ရှုရွာမှ စုဆောင်းလာခဲ့သော အာလူးများမှာ ကုန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ထို့အပြင် ဆလတ်ရွက်ကြော် တစ်ပွဲလည်း ပါဝင်ပြီး စားရသည်မှာ အလွန် မွှေးပျံ့နေသည်။

အခြားသော သက်သက်လွတ် ဟင်းလျာအချို့လည်း ရှိနေသေးရာ ချန်းရီကို သွားရည်ကျလာစေသည်အထိ ဖြစ်စေခဲ့၏။

ထမင်းပန်းကန်လုံးလေးများပင် ပါဝင်သေးသည်။

၎င်းမှာ ချန်းရီတို့ စုဆောင်းထားသော သက်တမ်းလွန် ဆန်များမျိုး မဟုတ်ပေ။

အဲဒါက... ဆန်အသစ်ဖြင့်ချက်ထားသည့် ထမင်းဖြစ်သည်။

ထိုအမွှေးအကြိုင်လေးကို ရှူရှိုက်လိုက်ရုံဖြင့် မျက်ရည်ကျလောက်အောင် ပျော်ရွှင်ကြည်နူးဖွယ် ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။

ဤအရာများသည် ကမ္ဘာပျက်ကပ် မတိုင်မီက အလွန် သာမန်အရာများ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ တစ်ခုမကျန် အလွန်တရာ တန်ဖိုးကြီးမားသော အရာများ ဖြစ်နေကြပြီတည်း။

သေချာပေါက် ဤသက်သက်လွတ် ဟင်းလျာများသည် အမျိုးအစား စုံလင်လှသော်လည်း တစ်ယောက်စာ ပမာဏမှာမူ အလွန် နည်းပါးလှသည်။

သို့သော် အလွန် သပ်ယပ်ကျနလှပြီး ပန်းကန်လုံးအသေးလေး တစ်ခုစီတွင် အနည်းငယ်စီသာ ပါရှိသော်လည်း လူတစ်ဦးစီ၏ ရှေ့တွင် တစ်စားပွဲစာ အပြည့် ခင်းကျင်းထား၏။

ဟုတ်ပါသည်၊ ညစာစားပွဲကို တစ်ဦးချင်း ခွဲတမ်းစနစ်ဖြင့် ကျွေးမွေးထားခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများ ရရှိသော ဝေစုမှာ ပို၍ပင် နည်းပါးသေး၏။

သို့သော် လူတိုင်းက အလွန် မြိန်ယှက်စွာ စားသောက်နေကြသည်။

ခေါင်းဆောင်ချူနှင့် ခေါင်းကြီး ရွာသူကြီး နှစ်ယောက်ကမူ အလွန် အပြန်အလှန် စကားပြောကောင်းနေကြ၏။

ယခုလို နှစ်ဖက် တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာ သတင်းအချက်အလက်များ ဖလှယ်ရန် ဖြစ်ပြီး၊ တစ်ဦးစီ တွေ့ကြုံခဲ့ရမှုများကို ပြောဆိုဆွေးနွေးကာ နောင်တွင် ရွှေ့ပြောင်းသွားလာရမည့် ခရီးစဉ်အတွင်း မလိုအပ်သော အမှားများ ကျူးလွန်မိခြင်းကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။

"ခေါင်းဆောင်ချူ... ခင်ဗျားတို့က မြူခိုးမြို့ကနေ လာကြတာလား"

"ဟုတ်တယ်... ရွာသူကြီးတို့ရော မြူခိုးမြို့ကို သွားဖူးလို့လား"

(မျက်စိထဲမြင်အောင်လို့ တဝူမြို့နဲ့ ဝူကျန်းမြစ်တို့ကို မြူခိုးမြို့နဲ့ မြူခိုးမြစ်လို့ ပြင်လိုက်ပါတယ်)

ခေါင်းကြီး ရွာသူကြီးက မြူခိုးမြို့အကြောင်း ပြောလိုက်သောအခါ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး "အဲဒီဘက်ကို ဖြတ်သွားဖူးတယ်... မြူခိုးမြစ်ထဲမှာ မြွေကြီးတစ်ကောင် ရှိတယ်... တော်တော်ကြောက်စရာကောင်းတဲ့ ကောင်ကြီးပဲ... နတ်ဆင်ကြီးသာ မရှိခဲ့ရင် ကျွန်တော်တို့တွေ အကုန်လုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

မြွေကြီးအကြောင်း ကြားလိုက်ရသဖြင့် ချန်းရီသည်လည်း နားစွင့်ကာ နားထောင်နေမိ၏။

အခြားသူများကလည်း ထိုနည်းတူပင် ဖြစ်ကာ အားလုံး တိတ်ဆိတ်သွားကြပြီး ထိုနှစ်ဦး ပြောဆိုနေကြသည်ကို နားထောင်နေကြသည်။

မြွေကြီးနှင့် ပတ်သက်သည့် ကိစ္စကို ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့မှာလည်း ချန်းရီ ပြောပြ၍သာ ကြားဖူးခဲ့ကြပြီး နောက်ဆုံး မြူခိုးမြို့မှ ထွက်ခွာချိန်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းလောက်ကိုသာ သိထားကြသည်။

"ရွာသူကြီးလည်း မြူခိုးမြစ်ထဲက မြွေကြီးနဲ့ ကြုံခဲ့ရတာလား"

"ဒါပေါ့... ကျွန်တော်တို့ နတ်ဆင်ရွာက ဘာဆိုဘာမှ မရှိဘူးလေ... ဆေးဝါးတွေ... နေ့စဉ်သုံး ပစ္စည်းတွေ... အဝတ်အစားတွေ... လက်နက်ကိရိယာတွေ ဘာမှကို မရှိတာ... ဒါကြောင့် အရင်တလောက မြူခိုးမြို့ကိုသွားပြီး ရိက္ခာပစ္စည်းတချို့ ရှာဖွေဖို့ စီစဉ်ခဲ့ကြတာ"

"ဒါပေမဲ့ မြူခိုးမြို့က မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတော့ တာအိုဆရာကျန့်နဲ့ ဆရာတော်တာ့ရှန်းတို့က ရွာသားတချို့ကို ခေါ်ပြီး အတူသွားခဲ့ကြတာ"

ဆက်ရန်...

All Chapters