အခန်း ၂၀၇
Vol. 11 Ch. 207
အပိုင်း(၂၀၇) ပြီးပြည့်စုံသော မျိုးစေ့
အချိန်သည် လွန်ခဲ့သော ဆယ်မိနစ်ခန့်ဆီသို့ ပြန်သွား၏။
ခေါင်းကြီးရွာသူကြီးက ဗန်းထဲမှ သာမန်အာလူးတစ်လုံးကို ယူကာ လူအများကို စတင်မိတ်ဆက်ပေးလေသည်။
"ရာစုသစ် အမျိုးအစား (၇၂) အာလူး နံပါတ် (၁)... ရာစုသစ်ဆိုတာက ကမ္ဘာပျက်ကပ်ပြီးနောက်မှာ စိုက်ပျိုးနိုင်တာကို ဆိုလိုတာပါ"
"ခင်ဗျားတို့လည်း သတိထားမိကြမှာပါ... ကမ္ဘာပျက်ကပ်အပြီးမှာ အပင်တွေနဲ့ တိရစ္ဆာန်တော်တော်များများက အပြောင်းအလဲတချို့ ဖြစ်သွားခဲ့ကြတယ်"
"အရင်တုန်းက မျိုးစေ့တော်တော်များများက အထွက်နှုန်း သိသိသာသာ ကျဆင်းသွားပြီး မျိုးသုဉ်းသွားနိုင်တဲ့ အခြေအနေအထိတောင် ဖြစ်နေပြီ"
"ပါမောက္ခလျို ခန့်မှန်းတာကတော့ စွမ်းအင်တစ်မျိုးမျိုးကြောင့် ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်တဲ့... အဲဒါကြောင့် ဒီသီးနှံတွေက လက်ရှိ ကမ္ဘာပျက်ကပ်နောက်ပိုင်းက ရာသီဥတုနဲ့ မြေဆီလွှာ အခြေအနေတွေမှာ ဆက်ပြီး မရှင်သန်နိုင်တော့တာ"
ထိုအကြောင်းကို ပြောလိုက်ချိန်တွင် ချန်းရီက ယခင်က ကားပေါ်၌ တင်းတုံ စိုက်ပျိုးခဲ့သော အာလူးများကို သတိရသွားသည်။
ထိုမျှ ကြာရှည်စွာ စိုက်ပျိုးခဲ့သော်လည်း တင်းတုံတစ်ယောက် အရာရောက်အောင် စိုက်ပျိုးနိုင်ခဲ့သည်ကို ချန်းရီ မတွေ့ခဲ့ရပေ။
အစပိုင်းတွင် နေရာပြောင်းရွှေ့သည့် ခရီးစဉ်တစ်လျှောက် လှုပ်ခါမှုများလွန်းသဖြင့် တင်းတုံ၏ စိုက်ပျိုးမှု မအောင်မြင်ရခြင်းဖြစ်သည်ဟု ချန်းရီက ထင်မှတ်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ ထိုကဲ့သို့ မဟုတ်ကြောင်း သိသာသွားပြီ ဖြစ်သည်။
သို့သော် ဤခေါင်းကြီးရွာသူကြီး ပြောသော အပြောင်းအလဲဆိုသည်မှာ အပင်များတွင် သိပ်မသိသာလှသော်လည်း တိရစ္ဆာန်များတွင်မူ သိသိသာသာ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ဥပမာအားဖြင့် မြူခိုးမြစ်ထဲက မြွေကြီး ဖြစ်သည်။
ဥပမာအားဖြင့် နတ်သူငယ်ရေကန်ထဲက နတ်သူငယ် ဖြစ်သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ပြောင်းလဲမှုများက ပိုပိုများလာပြီး ပို၍ သိသာထင်ရှားလာမည် ဖြစ်နိုင်သည်။
"ပါမောက္ခလျိုက အပင် လမ်းစဉ် အစွမ်းပိုင်ရှင်ဆိုတော့ မွေးရာပါ အပင်တွေနဲ့ ပတ်သက်ပြီး အာရုံခံနိုင်စွမ်း ရှိတယ်... ဒါကြောင့် သူ နတ်ဆင်ရွာကို ရောက်လာပြီးကတည်းက လက်ရှိ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ သီးနှံမျိုးစေ့အသစ်တွေ ရနိုင်ဖို့ အစွမ်းကုန် ကြိုးစားသုတေသန လုပ်နေခဲ့တာ"
"ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက တစ်ချိန်လုံး မအောင်မြင်ခဲ့ဘူး"
"လွန်ခဲ့တဲ့ ခြောက်လကမှ ပါမောက္ခလျိုက အဲဒီအထဲက မျိုးစေ့နှစ်မျိုးကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ခဲ့တာ"
"တစ်ခုက ဒီအာလူးဖြစ်ပြီး နောက်တစ်ခုက ဆလတ်ပင်ပဲ"
"ရာစုသစ် အမျိုးအစား (၇၂) အာလူး နံပါတ် (၁) နဲ့ ရာစုသစ် အမျိုးအစား (၃၆) ဆလတ်ပင် နံပါတ် (၁)... "
ဒီလူက တော်တော်စကားရှည်တာပဲ၊ ခင်ဗျား နှစ်ခါတောင် ပြောပြီးပြီလေ။
ချန်းရီက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း မျက်နှာပေါ်တွင်မူ မည်သို့မျှ ထုတ်ဖော်ပြသခြင်း မရှိပေ။ ဤမျှလောက်သော ဟန်ဆောင်နိုင်စွမ်းမျိုးကား သူ့ထံတွင် ရှိပေသည်။
ခေါင်းကြီးရွာသူကြီးက လူအားလုံး သူ၏ဆီသို့ အာရုံစိုက်လာသည်ကို မြင်မှ ဆက်ပြောလေသည်။
"ခုနက ရာစုသစ် ဆိုတဲ့ နာမည်က ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းပြပြီးသွားပြီ"
"'၇၂ ဆိုတဲ့ ဂဏန်းကတော့ ပျိုးပင်စိုက်ပြီး ၇၂ နာရီအတွင်းမှာ ရင့်မှည့်နိုင်တယ်ဆိုတာကို ကိုယ်စားပြုတာပါ"
မြတ်စွာဘုရား။
ဤစကားကို ကြားလိုက်ရချိန်တွင် ချန်းရီ တစ်ယောက်တည်းသာမက နတ်ဆင်ရွာမှ လူများမှလွဲ၍ နေရာတွင်ရှိနေသော လူအားလုံး၏ ခေါင်းထဲ၌ ဝီခနဲ မြည်ဟည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
၇၂ နာရီအတွင်း ရင့်မှည့်မည် ဟုတ်လား။
ဒါက သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ရိုက်နေတာလား။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
၎င်းသည် ပုံမှန် သိပ္ပံနည်းကျ အခြေခံသဘောတရားများနှင့် လုံးဝ ဆန့်ကျင်ဖီလာ ဖြစ်နေသည်။
ဤစကားကို ကြားပြီးနောက် ချူချယ်၏ မျက်လုံးများက ရွာသူကြီး လက်ထဲရှိ သာမန် အာလူးဆီသို့ စူးစိုက်ကြည့်နေမိသည်။
အကယ်၍သာ တကယ်ဖြစ်ခဲ့မည်ဆိုလျှင်၊ တကယ်သာ ၇၂ နာရီအတွင်း စိုက်ပျိုးပြီး ရင့်မှည့်နိုင်မည်ဆိုလျှင်။
ဒါက တကယ့် နတ်ဘုရားတွေရဲ့ အစားအစာပဲ။
ဘယ်လို ထူးဆန်းသော သဘာဝလွန်ပစ္စည်းများထက်မဆို ပိုပြီး တန်ဖိုးရှိပေလိမ့်မည်။
ချူချယ်၏ လျှို့ဝှက်အကာအကွယ်သည် သုံးရက်တာမျှ နေထိုင်ခွင့်ကို ပေးစွမ်းနိုင်ပြီး အတိအကျ ၇၂ နာရီပင် ဖြစ်သည်။
ဆိုလိုသည်မှာ နောင်တွင် မြို့များသို့ သွားရောက်ကာ ရိက္ခာပစ္စည်းများ ရှာဖွေစုဆောင်းရန် မလိုတော့ဘူး မဟုတ်ပါလား။
ဤသို့ဆိုလျှင် နေရာရွှေ့ပြောင်းနေထိုင်ရသော ဘဝဆိုလျှင်တောင်မှ လက်မခံနိုင်စရာ မရှိတော့ပေ။
၇၂ နာရီအတွင်း ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုလျှင် လူသားတို့၏ ယဉ်ကျေးမှုသည် အခြားသော နည်းလမ်းတစ်မျိုးဖြင့် ဆက်လက် ရှင်သန်နိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ရိက္ခာ ရှိနေသရွေ့ လူသားများအတွက် မျှော်လင့်ချက် ရှိနေသေးသည်။
ဒါက ရိုးရှင်းသော ရိက္ခာတစ်ခုလောက်သာ မဟုတ်တော့ပေ။
ဤအရာသည် လူသားယဉ်ကျေးမှု၏ မီးတောက်ငယ်လေးပင် ဖြစ်သည်။
စွန်းချန်းချန်းနှင့် တင်းတုံတို့ပင်လျှင် ထိုသာမန် အာလူးကို စိုက်ကြည့်နေမိကြသည်။
ထယ်ရှီးလို တုံးအအကောင်ပင်လျှင် ဤကိစ္စ၏ ကြီးမားမှုကို ရိပ်မိသွားပုံပေါ်ကာ ချန်းရီကို တစ်လှည့်၊ ရွာသူကြီးလက်ထဲရှိ ရွှံ့ပေနေသော အာလူးကို တစ်လှည့် ကြည့်နေမိသည်။
သူသည် ချန်းရီ၏ မျက်လုံးများထဲမှ လောဘရမ္မက်များကို ရှင်းလင်းစွာ ခံစားမိနေသည်။
ချန်းရီက နေကာမျက်မှန်ကို တပ်ထားသည့်တိုင်အောင် ဖြစ်သည်။
"အင်းပေါ့... ဒီ ၇၂ နာရီဆိုတာကလည်း အတိအကျကြီးတော့ မဟုတ်ပါဘူး... ကျွန်တော်တို့ စမ်းသပ်ကြည့်ပြီးပါပြီ... ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင် အနေအထားမျိုးမှာဆိုရင် ဒီအချိန်က ပိုတိုတောင်းသွားနိုင်ပြီး ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ အချိန် ပိုကြာသွားနိုင်ပါတယ်"
"ခင်ဗျားတို့ မယုံကြဘူးဆိုတာ ကျွန်တော် သိပါတယ်... ကိစ္စမရှိပါဘူး... ကျွန်တော် ခင်ဗျားတို့ကို လက်တွေ့ ပြသပေးပါ့မယ်... မဆု... ပန်းအိုးတစ်လုံးလောက် ယူလာပေးပါဦး"
ယခင်က အစီအစဉ် တင်ဆက်သူ အလှမယ်လေးသည် ပန်းအိုးတစ်လုံးကို ကိုင်ကာ ဝင်လာခဲ့သည်။
ခေါင်းကြီးရွာသူကြီးက သူ၏လက်ထဲရှိ အာလူးကို ဓားဖြင့် ခြောက်ပိုင်း ပိုင်းဖြတ်လိုက်ပြီးနောက် ပန်းအိုးထဲတွင် မြှုပ်နှံလိုက်သည်။ ထို့နောက် ရေအနည်းငယ် လောင်းထည့်ပြီးမှ အခြား ဆလတ်ပင်ကို ကောက်ယူလိုက်သည်။
"မဆု... နောက်ထပ် ပန်းအိုးတစ်လုံးလောက် ထပ်ယူလာပေးပါဦး"
အစီအစဉ် တင်ဆက်သူ အလှမယ်လေးသည် အလျင်အမြန်ပင် ပန်းအိုးတစ်လုံးကို ထပ်ယူလာခဲ့သည်။
ယခင်လုပ်ဆောင်ချက်အတိုင်းပင် ခေါင်းကြီးရွာသူကြီးက တစ်ဖက်မှ လုပ်ဆောင်ရင်း တစ်ဖက်မှ လူအများကို ရှင်းပြနေသည်။
"ထိုနည်းတူပါပဲ... ဒီဆလတ်ပင်ကလည်း ပါမောက္ခလျို ပျိုးထောင်ထားတဲ့ မျိုးစိတ်သစ်ပါပဲ... (၃၆) အမျိုးအစားဆိုတာက ၃၆ နာရီ... တနည်းအားဖြင့် တစ်ရက်ခွဲလောက်ဆိုရင် ရင့်မှည့်ပြီး စားသုံးလို့ရပြီဆိုတာကို ကိုယ်စားပြုတာပါ"
"ဒီမျိုးစိတ်သစ်တွေက မိုးခေါင်ရေရှားဒဏ်၊ အအေးဒဏ်၊ ရေကြီးရေလျှံဒဏ်နဲ့ ပိုးမွှားဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်"
"ဒါနဲ့... လှုပ်ခါနေတဲ့ ပတ်ဝန်းကျင် အနေအထားမျိုးမှာဆိုရင်တောင် အရမ်းကြီး ဆိုးဆိုးရွားရွား မဟုတ်ဘူးဆိုရင် အသက်ရှင်သန်နိုင်ဖို့ အာမခံနိုင်ပါတယ်"
"ဥပမာအားဖြင့် ခင်ဗျားတို့ နေရာရွှေ့ပြောင်းနေတဲ့ ခရီးစဉ်တစ်လျှောက်က သာမန် လှုပ်ခါမှုလောက်က ဒီအပင်တွေအပေါ် သိပ်ပြီး ကြီးမားတဲ့ သက်ရောက်မှု မရှိနိုင်ပါဘူး"
"ပါမောက္ခလျိုက ဒါကို ပြီးပြည့်စုံတဲ့ မျိုးစေ့လို့ ခေါ်ပါတယ်"
"တကယ်တော့ ပါမောက္ခလျို အပျိုးထောင်ချင်ဆုံးက စပါးလို မျိုးစေ့မျိုးပါ... ဒါပေမဲ့ ဘယ်လိုမှ မအောင်မြင်နိုင်ခဲ့ဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ ဆလတ်နဲ့ အာလူးက အရင်ဆုံး ရင့်မှည့်အောင်မြင်ခဲ့တာပါ"
"ပါမောက္ခလျို လက်ရှိ ပျိုးထောင်နေတဲ့ အထဲမှာ စပါး၊ ကန်စွန်းဥ၊ ပြောင်းဖူး စတဲ့ မျိုးစိတ်တွေ ပါဝင်ပါတယ်... "
"ဟူး... အခုထိ မအောင်မြင်နိုင်တာလေးပဲ ဆိုးတာ"
ခေါင်းကြီးရွာသူကြီး ပြောလေလေ၊ ချန်းရီ၏ မျက်လုံးထဲမှ လောဘရမ္မက်များက ပိုမို ကြီးထွားလာလေလေ ဖြစ်သည်။
ချူချယ်ပင်လျှင် တစ်ကိုယ်လုံး ကျင်တက်လာသကဲ့သို့ ခံစားရပြီး ပန်းအိုးနှစ်လုံးကို စူးစိုက်ကြည့်နေမိသည်။
အကယ်၍ ယာဉ်တန်းမှာသာ ဒီအရာ ရှိခဲ့မယ်ဆိုရင်။
"မဟုတ်သေးဘူးလေ... ရွာသူကြီးရှင့်... ၇၂ နာရီအတွင်းမှာ ရင့်မှည့်ပြီး စားလို့ရမယ်ဆိုရင် ဘာဖြစ်လို့... "
တင်းတုံ၏ စကားအဓိပ္ပာယ်မှာ ဤမျှလောက် ပြီးပြည့်စုံနေပါလျက်နှင့် အဘယ်ကြောင့် နတ်ဆင်ရွာတွင် ရိက္ခာပစ္စည်းများ ပြတ်လပ်နေရသေးသနည်း ဟူ၍ ဖြစ်သည်။
လမ်းတစ်လျှောက် ဖြတ်သန်းလာစဉ် နတ်ဆင်ရွာမှ ရွာသူရွာသားအများစုသည် စိတ်ဓာတ်ရေးရာ ကောင်းမွန်ကြသော်လည်း လူတိုင်းမှာ ပိန်ချုံးနေကြပြီး အများစုမှာ မျက်နှာတွင် သွေးဆုတ်နေကာ အာဟာရချို့တဲ့နေပုံ ပေါ်နေသည်။
ခေါင်းကြီးရွာသူကြီးက စိုက်ပျိုးပြီးသော ပန်းအိုးနှစ်လုံးကို ဘေးရှိ စားပွဲပေါ်တွင် တင်လိုက်ပြီးမှ တင်းတုံ၏ မေးခွန်းကို ဖြေကြားလိုက်သည်။
"ဟူး... တကယ်တော့ ခင်ဗျားတို့ကို သိသွားမှာလည်း မစိုးရိမ်ပါဘူး... ဒါကလည်း အားနည်းချက်တစ်ခုပါပဲ... အာလူးနဲ့ ဆလတ်ပင်တိုင်းက အရည်အချင်းပြည့်မီတဲ့ ပြီးပြည့်စုံတဲ့ မျိုးစေ့ ဖြစ်မလာနိုင်ဘူးလေ"
"ပြီးပြည့်စုံတဲ့ မျိုးစေ့ ဖြစ်နိုင်ခြေက သိပ်မမြင့်ဘူး"
"ကျွန်တော်တို့ လက်ထဲမှာတောင်မှ ဒီလို အရည်အချင်းပြည့်မီတဲ့ ပြီးပြည့်စုံတဲ့ မျိုးစေ့က သိပ်မများလှဘူး"
သူတို့အချို့ ကြားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားကြသည်။
ယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများထဲတွင် တင်းတုံသည် စိုက်ပျိုးရေးနှင့် ပတ်သက်၍ စိတ်အားထက်သန်မှု အမြင့်မားဆုံးသူ ဖြစ်သည်။
သူမက ဆက်လက် မေးမြန်းလိုက်သည်။
"ရွာသူကြီး... ခုနက မြင်လိုက်ရတဲ့ အဲဒီနေရာက... "
"စိုက်ပျိုးရေးစခန်းမှာ ခင်ဗျားတို့ မြင်ခဲ့ရတဲ့ မျိုးစိတ်တွေ အများကြီး ရှိပေမဲ့... အများစုက ပါမောက္ခလျိုက သူ့ရဲ့ သဘာဝလွန်အစွမ်းကို သုံးပြီး အတင်းရင့်မှည့်အောင် လုပ်ထားတာပါ... အဲဒီအဆင့်ထိ ရောက်ဖို့ဆိုရင် ပါမောက္ခလျို ကိုယ်တိုင် ကြီးကြပ်စီမံမှ ရမှာ"
"အဲဒါတွေက ဒီလို ပြီးပြည့်စုံတဲ့ မျိုးစေ့နဲ့ တစ်တန်းတည်း ထားလို့မရဘူး"
ခေါင်းကြီးရွာသူကြီး ရှင်းပြပြီးနောက်၊ စိုက်ပျိုးရေးစခန်းတွင် အခြားသော ဟင်းသီးဟင်းရွက်များနှင့် စပါးမျိုးစိတ်များစွာ ရှိသေးသော်လည်း ၎င်းတို့မှာ ပြီးပြည့်စုံသော မျိုးစေ့များအဖြစ် လုံးဝ ပျိုးထောင်နိုင်ခြင်း မရှိသေးပေ။
၎င်းတို့သည် ပါမောက္ခလျိုက သူ၏ သဘာဝလွန်အစွမ်းကို အသုံးပြု၍ ပျိုးထောင်ထားခြင်းမျှသာ ဖြစ်သည်။
ခေါင်းကြီးရွာသူကြီး ယခု ထုတ်ပြလိုက်သော အရာနှင့်ဆိုလျှင် လုံးဝ တခြားစီပင် ဖြစ်သည်။
တင်းတုံက မေးခွန်းတစ်ခု ထုတ်မေးတိုင်း ခေါင်းကြီးရွာသူကြီးက အလွန် အလေးအနက်ထား၍ ရှင်းပြလေသည်။
သူ့အနောက်ရှိ တာအိုဘုန်းကြီးနှင့် ဘုန်းကြီးတို့သည်လည်း စိတ်မရှည်သော အမူအရာမျိုး မပြကြပေ။
ရုတ်တရက် ချူချယ်သည် ချန်းရီကို သတိရသွားသည်။
ချူချယ်က ချန်းရီကို လှည့်ကြည့်လိုက်ရာ ထိုကောင်က နေကာမျက်မှန် တပ်ထားသော်လည်း ဘယ်ဘက်မှန်ဘီလူးနောက်မှ သွေးရောင်အလင်းတန်းများ သဲ့သဲ့မျှ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ချူချယ်သည် ယခင်က မိုဟိုင်ရမ်၏ အဖြစ်ဆိုးကို ချက်ချင်း သတိရသွားသည်။
ချူချယ်က အလျင်အမြန် ရှေ့သို့ ခြေနှစ်လှမ်း တိုးသွားကာ ချန်းရီ၏ အနီးတွင် ဝင်ကာထားလိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့လည်း တစ်စုံတစ်ခုကို ရိပ်မိသွားကြသည်။
ထိုအခါမှသာ သူတို့သုံးယောက်က ချန်းရီကို အလယ်တွင် ဝိုင်းရံထားလိုက်ကြခြင်း ဖြစ်သည်။
ချန်းရီ၏ ရင်ထဲမှ လောဘရမ္မက်များက ဖိနှိပ်၍ မရနိုင်လောက်အောင် ဖြစ်လာနေပြီ ဖြစ်သည်။
အကယ်၍သာ ဒီ ပြီးပြည့်စုံတဲ့ မျိုးစေ့ဆိုတာတွေ ရှိနေခဲ့မယ်ဆိုရင် ငါ ကိုယ်တိုင်။
သို့သော် တစ်စက္ကန့်မျှသာ ကြာလိုက်ပြီးနောက် ချန်းရီသည် သတိပြန်ဝင်လာခဲ့သည်။
ချန်းရီက လောဘကြီးရုံသာဖြစ်ပြီး လူမိုက်တော့ မဟုတ်ပေ။
နတ်ဆင်ရွာထဲမှာ နတ်ဆင်ရွာသူကြီးကို လက်ပါဖို့ဆိုတာ ဘယ်လောက်တောင် ရူးမိုက်တဲ့သူမျိုးမှ လုပ်ရဲမယ့် လုပ်ရပ်လဲ။
ခုနက ဖြစ်သွားသည်မှာ ကောင်းမွန်သော အရာများအပေါ် လောဘတက်သွားခြင်းမျှသာ ဖြစ်သည်။
ယခင်က မိုဟိုင်ရမ်ကို ကိုင်တွယ်ခဲ့ခြင်းမှာ ပထမအချက်အနေဖြင့် ထိုအချိန်က တင်းတုံနှင့် မိုဟိုင်ရမ်တို့အဖွဲ့ သင့်မြတ်မှု မရှိသည်ကို ချန်းရီ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ မိုဟိုင်ရမ် လုပ်ဆောင်ခဲ့သော ကျွန်စနစ်သည် အမှန်တကယ်ပင် လူအများ၏ ထောက်ခံမှုကို မရရှိခဲ့သောကြောင့် ဖြစ်သည်။
တတိယအချက်မှာ ထိုအချိန်က မိမိတို့ဘက်တွင် ရိက္ခာပစ္စည်းများ အမှန်တကယ် ပြတ်လပ်နေပြီး မိုဟိုင်ရမ်ကို မလှည့်စားခဲ့လျှင် မိမိကိုယ်တိုင်ပင် အသက်ရှင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ထိုအချိန်က အခြေအနေနှင့် များစွာ ကွာခြားနေပြီ ဖြစ်သည်။
ရွာသူကြီး၏ အနောက်တွင် တစ်ချိန်လုံး ရပ်နေသော အစွမ်းပိုင်ရှင် နှစ်ယောက်ကို ကြည့်ခြင်းအားဖြင့် ဤရွာသူကြီးက ပေါ့ပေါ့ဆဆပုံစံဟု ထင်ရသော်လည်း တကယ်တမ်းတွင် လုံးဝ စိတ်ချလက်ချ မရှိထားကြောင်း သိသာစေသည်။
ထို့အပြင် နတ်ဆင်ရွာသည် လူတစ်ထောင်ကို ဘေးရန်ကင်းအောင် ကာကွယ်ပေးနိုင်သည်မှာ မျက်စိရှေ့ရှိ ဤအင်အားလောက်လေးသာ မကနိုင်ပေ။
ဘယ်ဘက်မျက်လုံးမှ သွေးရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက် ချန်းရီ၏ တစ်ကိုယ်လုံးရှိ သတ်ဖြတ်လိုသော အငွေ့အသက်များက ချက်ချင်း ရုပ်သိမ်းသွားလေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက စိုးရိမ်တကြီးဖြင့် ချန်းရီကို တစ်ချက် ကြည့်လိုက်ရာ ချန်းရီက သူမကို "စိတ်ချပါ" ဟူသော အကြည့်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
ထိုအခါမှသာ သူတို့အချို့ သက်ပြင်းချနိုင်သွားကြသည်။
အဖွဲ့သားများ ဖြစ်ကြသည်နှင့်အညီ ချန်းရီသည် မည်သို့သော စရိုက်ရှိသူဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်သည် ယခင်ကလည်း ထိုသို့သော မှတ်တမ်းရှိခဲ့ဖူးသည် မဟုတ်ပါလော။
ချူချယ်သည်လည်း သက်ပြင်းကြီးတစ်ခုကို ချလိုက်မိသည်။
ချန်းရီတစ်ယောက် ဆွဲဆောင်မှုကို မခံနိုင်ဘဲ တကယ် လက်ပါသွားမည်ကို သူ စိုးရိမ်မိသည်။ ထိုသို့ဖြစ်ခဲ့လျှင် အလွန် ပြဿနာ တက်ပေလိမ့်မည်။
ယခင်က ပျင်းရိပျင်းတွဲပုံစံရှိသော တာအိုဘုန်းကြီးပင်လျှင် ယခုအခါ မူလ ပျင်းရိပျင်းတွဲ ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး မျက်နှာတွင် ပြုံးဖြီးဖြီးဖြင့် ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေလေသည်။
ဆက်ရန်...