အခန်း ၂၀၈
Vol. 11 Ch. 208
အပိုင်း(၂၀၈) တရားမျှတမှုအပြည့်နှင့် ခေါင်းဆောင်ချူ
ထို့နောက်တွင် ရွာသူကြီးက ချန်းရီတို့၏ မေးခွန်းများအားလုံးကို ဖြေကြားပေးခဲ့သည်။
ဥပမာအားဖြင့် အထွက်နှုန်းမည်မျှရှိသည်၊ စိုက်ပျိုးချိန်တွင် မည်သည့်အရာများကို သတိပြုရမည် စသည်တို့ဖြစ်သည်။
သို့သော် အစမှအဆုံးတိုင်အောင် အလဲအလှယ် မည်သို့လုပ်မည်ဟူသော ကိစ္စကိုမူ တစ်ခွန်းမျှ ထည့်မပြောခဲ့ပေ။
ထိုအဘိုးကြီး၏ အပြုံးက မြေခွေးတစ်ကောင်လိုပင်။
ကောက်ကျစ်စဉ်းလဲမည့်ပုံ ပေါ်နေ၏။
တော်သေးသည်က အလဲအလှယ်လုပ်မည့် အချိန်ကိုတော့ အတည်ပြုနိုင်ခဲ့သည်။
မနက်ဖြန် နံနက်စာစားပြီးချိန်တွင် နှစ်ဖက် အလဲအလှယ် တစ်ကြိမ်လုပ်ကြမည်ဖြစ်ပြီး တစ်ဖက်စီတွင် မည်သည့်ပစ္စည်းများ ရှိနေသည်ကို ကြည့်ကြမည်ဖြစ်သည်။
ဤအချက်နှင့်ပတ်သက်၍ မည်သူကမျှ သဘောထားကွဲလွဲခြင်း မရှိကြပေ။
ထွက်ခွာလာချိန်တွင် ရွာသူကြီးက သူတို့အား ပန်းအိုးများကိုပင် လိုက်ပြခဲ့သေးသည်။
ဆလတ်ရွက် စိုက်ပျိုးထားသော ထိုပန်းအိုးထဲရှိ မြေကြီးထဲမှ အစိမ်းရောင် အညှောက်ကလေးတစ်ခုက ထိုးထွက်လာပြီး ခေါင်းပြူနေပြီဖြစ်သည်။
မြင်လိုက်ရသူအားလုံး အံ့သြမဆုံး ဖြစ်သွားကြသည်။
နတ်ဆင်ရွာမှ ယာဉ်တန်းရှိ အစွမ်းပိုင်ရှင်များ နားနေရန်အတွက် ခြံဝင်းကျယ်ကြီးတစ်ခုကို စီစဉ်ပေးထား၏။
ချန်းရီက အခန်းထဲသို့ ရောက်သွားချိန်တွင် အခန်းကို တစ်စုံတစ်ယောက်က သန့်ရှင်းရေး သေချာလုပ်ပေးထားကြောင်း တွေ့လိုက်ရသော်လည်း အခန်းတွင်း ပြင်ဆင်ထားမှုမှာမူ အလွန် ရိုးရှင်းလှသည်။
ကုတင်တစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိလေသည်။
ထို့အပြင် ပြတင်းပေါက် အကြီးကြီးတစ်ခုလည်း ရှိပြီး ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကို မြင်တွေ့နိုင်၏။
ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးက အရင်ကထက် ပိုမို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
နတ်ဆင်ကြီးက မြေပြင်ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြောင်းကို ချန်းရီ ခံစားသိရှိနိုင်၏။ အထူကြီးဖြစ်နေသော မြေလွှာကြီးကို ဖောက်ထွင်းပြီး နတ်ဆင်ကြီး၏ ကြွက်သားလှုပ်ရှားမှုများကို ချန်းရီ ခံစားသိရှိနိုင်ခြင်းမျိုး မဟုတ်ဘဲ မျက်စိရှေ့ရှိ သွေးရောင်လမင်းကြီးက ဖြည်းဖြည်းချင်း ရွေ့လျားနေသောကြောင့် ဖြစ်သည်။
ယနေ့ညက တွေ့ခဲ့ရသော စိတ်ကူးယဉ် ရိက္ခာမျိုးစေ့ကို သူ သတိရသွားသည်။
ထိုရိက္ခာမျိုးစေ့ကို မဖြစ်မနေ လက်ဝယ်ရရှိအောင် ယူရမည်ဟု ချန်းရီ သိထား၏။
ဤအရာသာ ရှိသွားပါက နောင်တွင် ယာဉ်တန်းအတွက် ရိက္ခာလိုအပ်ချက်က များစွာ လျော့ကျသွားပေလိမ့်မည်။
တစ်နေ့နေ့တွင် မိမိဘာသာ ဖူလုံအောင် ရပ်တည်နိုင်မည့် အခြေအနေမျိုး ရောက်လာရန်ဆိုသည်မှာလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။
နတ်ဆင်ရွာထဲမှာသာ မဟုတ်ခဲ့လျှင်...
ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် နတ်ဆင်ရွာက သူတစ်ပါး ပိုင်နက်ဖြစ်နေသည် မဟုတ်လော။
တစ်ဖက်လူတွင် ထုတ်မပြရသေးသော လျှို့ဝှက်ချက်များ မည်မျှရှိသေးသည်ကို သူ လုံးဝ မသိထားပေ။
လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်းတွင် ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ ရှိကြစမြဲပင်။
ဤစကားက ပါးစပ်ကနေ အလွယ်တကူ ပြောရုံသက်သက် မဟုတ်ပေ။
ယနေ့ မြင်တွေ့ခဲ့ရသော အပင်ကျွမ်းကျင်သူ လမ်းစဉ်က ချန်းရီ၏ မျက်စိကို ပွင့်သွားစေခဲ့သည်။
ခေါင်းကြီး ရွာသူကြီး ပြောပုံအရဆိုလျှင် ပါမောက္ခလျိုက "ရာစုသစ် အမျိုးအစား (၇၂) အာလူး နံပါတ် (၁)" ကို စိုက်ပျိုးနိုင်ခဲ့မှသာ လမ်းစဉ် အဆင့် (၃) နတ်လယ်သမားလေး အဖြစ်သို့ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်တဲ့။
လမ်းစဉ် အဆင့် (၃) ဆိုပါလား။
မီးခိုးတမန်တော် လမ်းစဉ်က အဆင့် (၃) သို့ ရောက်သွားပါက လမ်းခွဲသုံးခု ထွက်ပေါ်လာမည်ဟု ထိုခေါင်းကြီးရွာသူကြီးက ပြောခဲ့သေး၏။ တစ်ခုက မီးခိုးတမန်တော် လမ်းစဉ်အတိုင်း ဆက်သွားရန်ဖြစ်ပြီး နောက်တစ်ခုက မြူခိုးသခင် ဖြစ်သည်။ တတိယတစ်ခုကိုတော့ သူကိုယ်တိုင်လည်း မသိပေ။
လမ်းစဉ် အဆင့် (၁) နှင့် အဆင့် (၂) က အခြေခံမျှသာ ရှိသေးသည်။
အဆင့် (၃) သို့ ရောက်မှသာ သဘာဝလွန်လမ်းစဉ်၏ စစ်မှန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်။
သို့သော် မိမိ၏ "သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" က ယခုအခါတွင် သိပ်အသုံးမဝင်တော့သလို ဖြစ်နေသည်။
ထို့အပြင် အရင်က သောက်ခဲ့သော မှော်ဆေးတောင့်က လူ့ခန္ဓာကိုယ်၏ အလားအလာများကို နှိုးဆွပေးနိုင်သည်ဟု ဆိုထားခဲ့သည်။
ဘာကြောင့် ယခုတိုင်အောင် ဘာတုံ့ပြန်မှုမျှ မရှိသေးသနည်း။
သို့တည်းမဟုတ် မိမိတွင် အလားအလာ လုံးဝ မရှိတော့သည်များလား။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ချိန်မှာပင်။
ချူချယ်က တံခါးလာခေါက်ပြီး ချန်းရီကို အစည်းအဝေးလုပ်ရန် လာခေါ်လေသည်။
ခြံဝင်းငယ်လေး၏ အလယ်သို့ ချန်းရီ ရောက်သွားချိန်တွင် အခြားသူများ ရောက်ရှိနေကြပြီ ဖြစ်သည်။
လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများက အလွန် ထူးဆန်းနေကြပြီး စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်ပူပန်မှုများ ရောယှက်နေကြ၏။
သွေးရောင်လမင်း၏ အလင်းရောင်က လူတိုင်း၏ မျက်နှာပေါ်သို့ ထိုးကျနေသဖြင့် ထိုနေရာတစ်ဝိုက်တွင် ထူးဆန်းကျောချမ်းဖွယ် လေထုတစ်ခု လွှမ်းမိုးနေသည်။
ချူချယ်က နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီးမှ ပြောလိုက်သည်။
"အဟမ်း... အဟမ်း... အားလုံးပဲ... ဒီနေ့ကိစ္စကို ဘယ်လိုမြင်ကြလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဘာမှမပြောဘဲ ချန်းရီကိုသာ လှမ်းကြည့်လိုက်၏။
တင်းတုံမှာလည်း တိတ်ဆိတ်နေပြီး သူ့ရှေ့ရှိ စားပွဲကိုသာ ကြောင်ငေးကြည့်နေသည်။
ထယ်ရှီးကတော့...
ထားပါတော့၊ ထိုလူသန်ကြီးက အိပ်နေသဖြင့် ချူချယ်က သူ့ကို လုံးဝ လာမခေါ်ခဲ့ခြင်း ဖြစ်သည်။
ချန်းရီက ဆေးလိပ်ကို ခဲထားရင်း သူ၏ မျက်လုံးများက အနည်းငယ် နက်ရှိုင်းသွားကာ...
"ဒီနေ့ ဟိုအဘိုးကြီးက ငါတို့ရှေ့မှာ ဒီရိက္ခာမျိုးစေ့ နှစ်ခုကို တမင်သက်သက် လာကြွားသွားတာ"
"ဒီအဘိုးကြီးက... ဉာဏ်တော်တော်များတာပဲ"
ချန်းရီ ထိုသို့ပြောသည်ကို ချူချယ် ကြားလိုက်ရသောအခါ ချက်ချင်း သတိဝင်သွားပြီး...
"ချန်းရီ... မင်းက"
ချန်းရီက လက်ကာပြလိုက်ပြီး...
"ငါက အရူးမှမဟုတ်တာ... ဒီနေရာက နတ်ဆင်ရွာလေ... ငါသာ တစ်ခုခုလုပ်လိုက်ရင် ပြန်ထွက်လို့ရမှာ မဟုတ်ဘူး"
"ဒီရွာက အထူးအဆန်းကြီး... ဘာလျှို့ဝှက်ချက်မှ မရှိဘူးဆိုတာ... ထယ်ရှီးတောင် ယုံမှာမဟုတ်ဘူး"
အထူးသဖြင့် ထိုနတ်ဘုရားကျောင်းပင် ဖြစ်သည်။
ထိုနတ်ဘုရားကျောင်းထဲသို့ ချန်းရီ ဝင်သွားချိန်တွင် ထူးဆန်းနေသည်ဟု အမြဲခံစားရပြီး နေရထိုင်ရ ခက်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
တစ်ရွာလုံး၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်က ထိုနတ်ဘုရားကျောင်းထဲတွင် ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းမိ၏။
"ခစ်ခစ်... ထယ်ရှီး မရှိလို့တော်သေးတယ်... မဟုတ်ရင် ရှင့်ကို ပြဿနာရှာနေဦးမယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ၏ ပါးစပ်က အလွန် သရမ်းလွန်းပြီး ထယ်ရှီးကို အမြဲတမ်း နောက်ပြောင်နေသည်ဟု ထင်လိုက်သည်။
"မင်းတို့ရော ဘယ်လိုမြင်လဲ"
ချူချယ်က ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ စကားများနေသည်ကို ဂရုမစိုက်ချေ။
သူတို့နှစ်ယောက်က ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသော်လည်း ထိုနေ့မှလွဲ၍ နောက်ထပ် ဘာမျှဆက်မဖြစ်ခဲ့ကြပေ။
ခေါင်းဆောင်ချူက အကြိမ်ပေါင်းများစွာ ခိုးနားထောင်ခဲ့သော်လည်း တိုးတက်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။
တင်းတုံက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ရွာသူကြီး ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက... သူ့လက်ထဲမှာ ပစ္စည်းကောင်းတွေ ရှိတယ်ဆိုတာကို ကျွန်မတို့ကို သိစေချင်လို့ပဲ... ကျွန်မတို့ကို ကြိုတင်ပြင်ဆင်ခိုင်းနေတာ"
"အလဲအလှယ်လုပ်မယ့် အချိန်ကို မနက်ဖြန်မှ သတ်မှတ်လိုက်တာကလည်း... ကျွန်မတို့ ချက်ချင်း သဘောတူညီမှု မရနိုင်မှာကို စိုးရိမ်လို့... ကျွန်မတို့ကို အချင်းချင်း ပြန်တိုင်ပင်ခိုင်းတဲ့ သဘောပဲ"
"ကျွန်မကတော့ သဘောတူတယ် ခေါင်းဆောင်... ကျွန်မရဲ့ ရိက္ခာပစ္စည်း အားလုံးကို... မနက်ဖြန်ကျရင် ခေါင်းဆောင် သဘောအတိုင်း ဆုံးဖြတ်လို့ရတယ်... ဒါပေမဲ့ အဲဒီ ရိက္ခာမျိုးစေ့ နှစ်ခုကိုတော့... ကျွန်မတို့ မဖြစ်မနေ ရအောင်ယူရမယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ဆန္ဒကို ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်သည်။
ချူချယ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
တင်းတုံက ဆက်ပြောသည်။
"ရိက္ခာမျိုးစေ့တွေ ဘယ်လောက် အရေးကြီးတယ်ဆိုတာ... ပြောစရာတောင် မလိုဘူး... ကျွန်မတို့ လိုချင်တယ်ဆိုရင်... အလွယ်တကူတော့ လဲလို့ရမှာ မဟုတ်ဘူး... ဒါပေမဲ့ နတ်ဆင်ရွာမှာ လူဦးရေ များတော့... အစစအရာရာ လိုအပ်ချက် ရှိနေမှာပဲ... ဒါကြောင့် ကျွန်မတို့ဘက်ကလည်း... လုံးဝ မျှော်လင့်ချက် မရှိတာတော့ မဟုတ်ဘူး"
"သူတို့တွေက ငါးကို တော်တော်လေး စိတ်ဝင်စားနေကြတာကို ကျွန်မ တွေ့ခဲ့တယ်... ကျွန်မတို့ ငါးနဲ့ လဲလို့ရတယ်"
ချန်းရီကလည်း ဝင်ပြောလိုက်သည်။
"ခေါင်းဆောင်ချူ... မင်း ဟိုမှတ်စုဆိုလား... အမြဲတမ်း ရေးနေတာ မဟုတ်ဘူးလား... အဲဒီဟာက ပစ္စည်းကောင်းပဲလေ... အများကြီး လဲလို့ရနိုင်မယ် ထင်တယ်"
ချူချယ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး...
"အဲဒီကိစ္စကိုတော့ မင်း မတွေးနဲ့တော့... ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင်... ဟိုအဘိုးကြီးဆီမှာလည်း မှတ်စုစာအုပ် တစ်အုပ် သေချာပေါက် ရှိလိမ့်မယ်... အချိန်တန်ရင်... ငါတို့တွေ အချင်းချင်း ဖလှယ်ကြရမှာပဲ"
"ဒါမှမဟုတ် ငါတို့"
"တော်လိုက်တော့ ချန်းရီ... မင်းရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေကို လာမစဉ်းစားနဲ့... သူများတွေက အရူးတွေမှ မဟုတ်တာ"
ချန်းရီက နှုတ်ခမ်းကို တွန့်လိုက်သည်။ လုယူမလို့လား။
လုယူနိုင်မည် မဟုတ်လောက်ပေ။
သူပြောချင်သည်က အဲဒါမဟုတ်ပေ။
သို့သော် ချူချယ်က ဖြတ်ပြောလိုက်သဖြင့် သူ၏ ယုတ်မာသော နည်းလမ်းကို ချန်းရီ ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
အမှန်တကယ်လည်း သူ၏ အခြေခံစည်းမျဉ်းကို အနည်းငယ် ထိခိုက်စေလွန်းလှသည်။
ထိုသို့ပြောလိုက်ပါက အားလုံး၏ ရင်ထဲတွင် မိမိ၏ ပုံရိပ်ကို ပိုမို ကျဆင်းသွားစေနိုင်သဖြင့် မကောင်းလှပေ။
"အားလုံး အဲဒီလောက်ကြီး စိတ်ဓာတ်ကျမနေကြပါနဲ့... ငါတို့ အဲဒီရိက္ခာမျိုးစေ့တွေကို ရပြီးရင်... စိုက်ပျိုးနည်းကို တတ်သွားတဲ့အခါ... တခြား ယာဉ်တန်းတွေကိုလည်း ပြန်လဲပေးလို့ ရတာပဲ"
"ဒီနေ့ ငါတို့ ဒီမှာ အရှုံးခံလိုက်ရတယ် ဆိုရင်တောင်... နောက်ကျရင် သူများတွေကို နှစ်ဆလောက် ပြန်အရှုံးခံခိုင်းလို့ရတယ်... သုံးလေးဆတောင် ရနိုင်သေးတယ်"
"ရှုံးသွားတာတွေကို ပြန်ရဖို့က... ပြဿနာ မဟုတ်ပါဘူး"
ချန်းရီ ထိုသို့ပြောလိုက်သည်ကို ကြားမှသာ လူတိုင်း၏ မျက်နှာများ အနည်းငယ် ပြန်ကောင်းလာကြသည်။
ချူချယ်က ချန်းရီကို လက်မထောင်ပြလိုက်ပြီး...
"ချန်းရီ... မင်းကတော့ မင်းပါပဲကွာ... မင်းတစ်ယောက်တည်းပဲ... ဒီလိုကောင်းတဲ့ နည်းလမ်းမျိုး စဉ်းစားနိုင်တာ"
"ကျစ်... သွားစမ်းပါ"
ချန်းရီက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒါနဲ့ ခေါင်းဆောင်ချူ... ဒီည မင်း ဟိုရွာသူကြီး ဘာလျှို့ဝှက်ချက်တွေ ပြောမလဲဆိုတာကို ခိုးနားထောင်ကြည့်ပါလား... မနက်ဖြန် အလဲအလှယ် လုပ်တဲ့အခါ... ထူးခြားတဲ့ အကျိုးသက်ရောက်မှု ရှိကောင်း ရှိနိုင်တယ်"
ချန်းရီက ခဏစဉ်းစားပြီးနောက် သူ၏ ရင်ထဲရှိ အတွေးကို ထုတ်ပြောလိုက်သည်။
ထိုနေရာရှိ လူအားလုံးက ချန်းရီကို ရွံရှာသော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။
ချန်းရီက ဒေါသတကြီးဖြင့် တစ်ယောက်ချင်းစီကို ပြန်လည် စိုက်ကြည့်လိုက်သည်။
"ငါက ကိုယ့်အတွက် လုပ်နေတာမှ မဟုတ်တာ... ယာဉ်တန်းအတွက်ပဲ မဟုတ်ဘူးလား"
"ချူချယ်... မင်း ဒီည ခိုးနားမထောင်ဘူးဆိုတာ... ငါတော့ မယုံဘူး"
ချူချယ်က တည်ငြိမ်ပြီး တရားမျှတမှု အပြည့်ရှိသော မျက်နှာထားဖြင့်...
"ငါက မင်းနဲ့ မတူဘူးကွ"
ချန်းရီက ဒေါသတကြီးဖြင့် နောက်လှည့်ထွက်သွားပြီး ဤဟန်ဆောင်ကောင်းသော လူတစ်စုနှင့် နောက်ထပ် စကားတစ်ခွန်းမျှပင် မပြောချင်တော့ပေ။
ခြံဝင်းထဲရှိ အစည်းအဝေး ပြီးဆုံးသွားပြီးနောက်...
ချူချယ်က သူ့အခန်းဆီသို့ ဖြည်းဖြည်းမှန်မှန် ပြန်လာခဲ့သည်။
တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်ထားခြင်း ရှိမရှိ စစ်ဆေးလိုက်၏။
ထို့နောက်မှ သူ၏ အိတ်ထဲမှ ထိုခိုးနားထောင်သည့် ရေဒီယိုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
စားပွဲပေါ်တွင် ခဏမျှ ပွတ်သပ် ကလိနေလိုက်တော့သည်။
ဆက်ရန်...