← Chapters

အခန်း ၂၀၉

Vol. 11 Ch. 209

အခန်း ၂၀၉

Vol. 11 Ch. 209

အပိုင်း(၂၀၉) အားနည်းချက် သုံးခုကို ခိုးနားထောင်မိခြင်း

"ရွာသူကြီး... ခုနက မျက်မှန်တပ်ထားတဲ့ ကောင်က နည်းနည်း ထူးဆန်းနေတယ်"

ရေဒီယိုထဲမှ ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားလိုက်ရသည်နှင့် ခေါင်းဆောင်ချူက ပေါ့ပေါ့ဆဆ နေတတ်သော တာအိုဘုန်းကြီးကို ချက်ချင်း ပြေးမြင်လိုက်သည်။

"ငါ သိတယ်... အဲဒီကောင်ဆီက ထွက်နေတဲ့ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေက အရမ်း ပြင်းထန်တယ်... လူကောင်းဖြစ်မယ့်ပုံ မပေါ်ဘူး"

၎င်းက ရွာသူကြီး၏ အသံ ဖြစ်သည်။

"ဟေး... ဆရာတော်... စကားလေး ဘာလေး ဝင်မပြောတော့ဘူးလား"

၎င်းမှာ ပေါ့ပေါ့ဆဆ တာအိုဘုန်းကြီး ပြောလိုက်ခြင်း ဖြစ်၏။

"အပြုအမူကိုပဲ ကြည့်ရတယ်... စိတ်နေစိတ်ထားကို သွားကြည့်လို့ မရဘူး... စိတ်နေစိတ်ထားကိုသာ လိုက်ကြည့်နေရင် လောကကြီးမှာ ပြည့်စုံတဲ့သူဆိုတာ မရှိနိုင်တော့ဘူး... နောက်ဆုံးတော့လည်း အဲဒီဒကာက သူ့ရဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ကိုယ်တိုင် ရုပ်သိမ်းသွားခဲ့တာပဲ... ငါတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ယူဆရမှာပဲ"

အသံက တည်ငြိမ်အေးချမ်းနေပြီး ထိုထိပ်ပြောင်ကိုယ်တော်၏ အသံ ဖြစ်ဟန်တူသည်။

"ဆရာတော်ကတော့လေ... အမြဲတမ်း အဲဒီလို သဘောကောင်းနေတော့တာပဲ... ဝှား... "

"ရွာသူကြီး... မနက်ဖြန်ကျရင် ပါမောက္ခလျှို စိုက်ပျိုးထားတဲ့ မျိုးစေ့အသစ်တွေကို သူတို့ကို တကယ် ပေးလိုက်မလို့လား"

"မပေးဘဲ နေလို့ကော ဘာတတ်နိုင်မှာလဲ... ပါမောက္ခလျှို စိုက်ပျိုးထားတဲ့ ဒီမျိုးစေ့နှစ်မျိုးက ကောင်းတယ်ဆိုပေမဲ့ ငါတို့ နတ်ဆင်ရွာအတွက်တော့ အရမ်း နည်းလွန်းနေသေးတယ်"

"တစ်ခါ စိုက်ပျိုးတိုင်း အောင်မြင်တဲ့ မျိုးစေ့ရနိုင်ခြေက အရမ်းနည်းတော့ အများကြီး စိုက်ပျိုးဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်သေးဘူး"

"အနည်းဆုံးတော့ အခုလောလောဆယ် မဖြစ်နိုင်သေးဘူး"

"ပါမောက္ခလျှိုက မျိုးစေ့စိုက်ပျိုးတဲ့ အချိန်ကနေ ရင့်မှည့်တဲ့အထိ ကြာချိန်ကို နာရီဆယ်ဂဏန်းလောက်အထိ တိုတောင်းသွားအောင် လုပ်ပေးနိုင်တာကတင် တော်တော်လေးကို အံ့မခန်း ဖြစ်နေပြီ... ဒီထက်ပိုပြီး တိုးတက်လာအောင် လုပ်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလွန်းတယ်"

"ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆိုရင် ဒါမျိုးက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

"အဝေးကရေနဲ့ အနီးက ရေငတ်တာကို ဖြေရှင်းလို့ မရနိုင်ဘူး... အသုံးဝင်မယ့် ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်လိုက်တာက ပိုကောင်းပါတယ်"

ရွာသူကြီး၏ အသံတွင် သောကရောက်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။ ဤရွာရှိ လူတစ်ထောင်ခန့်၏ ဝန်ထုပ်ဝန်ပိုးက သူ၏ ပခုံးပေါ်တွင် ကျရောက်နေသဖြင့် ပုံမှန်အားဖြင့်လည်း သူ၏ ဖိအားက အလွန် ကြီးမားနေမည်မှာ ထင်ရှားလှသည်။

ရွာသူကြီး၏ သောကကို ကြားလိုက်ရချိန်တွင် ချူချယ်ကလည်း ကိုယ်ချင်းစာမိသွားသည်။

မှန်ပေသည်။ သူကလည်း ခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် ရွာသူကြီး၏ ရင်ထဲမှ ခံစားချက်ကို ကောင်းစွာ နားလည်နေ၏။

သူသည်လည်း သိပ်မကောင်းလှသော ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခဲ့ဖူးသော်လည်း အကြိမ်များစွာ၌ အန္တရာယ်က မျက်စိရှေ့မှောက်သို့ ရောက်ရှိနေသဖြင့် မတတ်သာဘဲ အပေးအယူ လုပ်ခဲ့ရသည်ချည်းသာ ဖြစ်သည်။

ဖြစ်နိုင်မည်ဆိုလျှင်တော့ လူအားလုံးကို အသက်ရှင်စေချင်မိသည်။

ကမ္ဘာပေါ်တွင် လူဦးရေက သိပ်မကျန်တော့ပေ။

သို့သော် တစ်ခါ စိုက်ပျိုးတိုင်း အောင်မြင်သော မျိုးစေ့ ရရှိနိုင်ခြေ နည်းပါးသည်ဆိုလျှင်ပင် ၎င်းက တန်ဖိုးရှိနေသေးသည်။

ထိုအချက်က ဤစံပြ ရိက္ခာမျိုးစေ့ နှစ်မျိုးကို ရယူလိုသော ချူချယ်၏ ဆန္ဒကို ယိမ်းယိုင်သွားစေမည် မဟုတ်ပေ။

သူတို့ရွာက လူများသဖြင့် မလောက်မင ဖြစ်နိုင်ပေသည်။

သို့သော် သူ၏ ယာဉ်တန်းတွင်မူ လူဆယ်ဂဏန်းခန့်သာ ရှိသဖြင့် သေချာပေါက် အကျိုးကျေးဇူး ကြီးမားပေလိမ့်မည်။

သေချာသည်ကတော့ ဤအားနည်းချက်ကို မနက်ဖြန် စေ့စပ်ဆွေးနွေးရာတွင် အသုံးချရမည် ဖြစ်သည်။

ရွာသူကြီး၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ "ငါတို့ နတ်ဆင်ရွာက လူအရမ်းများတယ်... ပြီးတော့ အကုန်လုံး လိုအပ်နေတာ... အစားအသောက် ရှားပါးတာ တစ်ခုတည်းတင် မကဘူး... ရွာသူရွာသားတွေမှာ ဝတ်စရာ အဝတ်အစားကောင်းကောင်း တစ်ထည်တောင် မရှိကြဘူး"

"ငါ ကြည့်ရသလောက် သူတို့ဆီက ငါးတွေက တော်တော်လေး ကောင်းမွန်နေတယ်"

"မနက်ဖြန် ခေါင်းဆောင်ချူနဲ့ မှတ်စုစာအုပ်တွေ လဲလှယ်တဲ့အခါကျရင် အဲဒီငါးတွေကို ဘယ်ကရလဲဆိုတာ သေချာမေးရမယ်... အခွင့်အရေးရရင် ငါတို့လည်း သွားပြီး ရှာကြတာပေါ့"

ဤနေရာအရောက်တွင် နတ်ဆင်ရွာ၏ ရိက္ခာပစ္စည်းများသည် သူ ထင်ထားသည်ထက်ပင် ပို၍ ရှားပါးနေနိုင်ကြောင်း ချူချယ် ခန့်မှန်းမိလိုက်သည်။

ဤနတ်ဆင်ရွာမှ ရွာသူကြီးသည်ပင်လျှင် နတ်သူငယ်ရေကန် သို့ သွားရောက်၍ ငါးဖမ်းရန် ရည်ရွယ်နေပြီ ဖြစ်၏။

"ရွာသူကြီး ပြောတာ အကုန်အမှန်တွေချည်းပါပဲ... ဝှား... ရွာသူကြီးရဲ့ အစီအစဉ်အတိုင်းပဲ ကျွန်တော် လိုက်နာပါ့မယ်"

ပေါ့ပေါ့ဆဆ တာအိုဘုန်းကြီး၏ ပျင်းရိပျင်းတွဲ အသံက ထွက်ပေါ်လာသည်။

ဤနေရာအရောက်တွင် ချူချယ်က ရေဒီယိုကို ပိတ်ကာ အိပ်ရန် ပြင်လိုက်သည်။

ယခုအချိန်အထိ အသုံးဝင်မည့် သတင်းအချက်အလက် တစ်ခုမျှ မကြားရသေးသဖြင့် အချိန်ဖြုန်းနေသကဲ့သို့ပင် ဖြစ်နေ၏။

"ဒါပေမဲ့ အဲဒီ မကောင်းဆိုးဝါး အငွေ့အသက်တွေ အပြည့်ရှိနေတဲ့ ကောင်ကိုတော့ မင်းတို့ ပိုပြီး ဂရုစိုက်သင့်တယ်"

"ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ"

ရွာသူကြီး၏ အသံက အနည်းငယ် ပို၍ လေးနက်သွားသည်။

"သိပါပြီ ရွာသူကြီးရယ်... သူတို့ဆီမှာ အစွမ်းပိုင်ရှင် ငါးယောက် ရှိနေလို့ တိုက်ခိုက်ရေးစွမ်းရည်က ကျွန်တော်တို့ထက် သာနေသယောင် ရှိပေမဲ့ ကျွန်တော်တို့ကို အလွယ်တကူ အနိုင်ယူလို့ ရမှာတော့ မဟုတ်ပါဘူး... အရမ်း အကျပ်ရိုက်လာရင် ဘိုးဘေးဆယ့်ခုနစ်ယောက်ကို တိုက်ရိုက် ဝင်ပါခိုင်းလိုက်ရုံပဲ... သူတို့ဆီမှာ လူဘယ်လောက်များများ ကောင်းကင်ကြီးကို မှောက်လှန်ပစ်နိုင်မှာ မို့လို့လား"

ဘိုးဘေးဆယ့်ခုနစ်ယောက် ဟုတ်လား။

ဤစကားကို ကြားလိုက်ရချိန်တွင် ချူချယ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဒီ ဘိုးဘေးဆယ့်ခုနစ်ယောက် ဆိုတာက ဒီနေ့ နတ်ကွန်းထဲက ကိုယ်တစ်ပိုင်း ရုပ်တု ဆယ့်ခုနစ်ခုကို ဆိုလိုနေတာများလား။

နေပါဦး... ဒီ ကိုယ်တစ်ပိုင်း ရုပ်တု ဆယ့်ခုနစ်ခုက အပြင်ထွက်ပြီး တိုက်ခိုက်နိုင်သေးတယ်ပေါ့။

"ပေါက်ကရတွေ... ဘိုးဘေးဆယ့်ခုနစ်ယောက်က ပေါ့ပေါ့ဆဆ ဝင်ပါလို့ ရတဲ့သူများ မှတ်နေလား... မင်း ရူးနေတာလား"

ရွာသူကြီးက ပေါ့ပေါ့ဆဆ တာအိုဘုန်းကြီးအား ဆူပူကြိမ်းမောင်းလိုက်သည့် အသံက ရေဒီယိုထဲမှ ထွက်ပေါ်လာသည်။

"နောက်ဆို ဘိုးဘေးဆယ့်ခုနစ်ယောက် ကိစ္စကို ထပ်မပြောနဲ့တော့"

"ငါ ကြည့်နေတာ... ဒီနေ့ မင်းက သူတို့ ယာဉ်တန်းထဲက အသက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါလား... မင်း တစ်ခုခု ကြံစည်နေပြန်ပြီ မဟုတ်လား"

"ရွာသူကြီးကလည်းဗျာ... ဟီးဟီး... ကျွန်တော့်အကြောင်း ခင်ဗျား သိသားပဲ"

"ဟမ့်... ဒီကိစ္စကို ငါ ဝင်မပါဘူး... ဒါပေမဲ့ အရမ်းကြီးတော့ အလွန်အကျွံ မလုပ်နဲ့... အနည်းဆုံးတော့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိဖို့တော့ လိုတယ်... မဟုတ်ရင် ငါလည်း မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး"

"စိတ်ချပါ ရွာသူကြီးရဲ့... ကျွန်တော်က ဘာပြဿနာ ရှာမှာမို့လို့လဲ... အလွန်ဆုံးဖြစ်လှ... "

ချူချယ်က ပြန်လည် သတိရသွားသည်။ ယခင်က ပထမဆုံး စတင် တွေ့ဆုံချိန်၌လည်း ဤတာအိုဘုန်းကြီးက ကျန်းယန်ဖင်းကို စိုက်ကြည့်ကာ တံတွေးမျိုချနေခဲ့သည် မဟုတ်ပါလော။

ဒီတာအိုဘုန်းကြီးက ယခင်က အဘိုးကြီးနှင့် ဝါသနာ တူနေသည်များလား။

မိန်းမငယ်လေးများကို စိတ်မဝင်စားဘဲ အသက်လတ်ပိုင်း ပြည့်ပြည့်ဖြိုးဖြိုး အမျိုးသမီးများကိုမှ မျက်စိကျနေတာလား။

ချူချယ်ကလည်း အထူးတလည် ကန့်ကွက်နေမည် မဟုတ်ပေ။

အကယ်၍ ကျန်းယန်ဖင်းသာ ဤတာအိုဘုန်းကြီးနှင့် တကယ် အဆင်ပြေသွားမည် ဆိုပါက သူ ဆန့်ကျင်မည် မဟုတ်ချေ။

သို့သော်...

ဤကိစ္စကလည်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားနည်းချက်တစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။

အင်း...

မနက်ဖြန်ကျရင် အသုံးချလို့ ရနိုင်တယ်။

ဒုတိယမြောက် အားနည်းချက်ကို ရရှိသွားပြီ ဖြစ်၏။

ယခင်က ချန်းရီသည် ခေါင်းဆောင်ချူအား သတင်းအစအနလေးများကို ပို၍ နားထောင်ထားရန်နှင့် စေ့စပ်ဆွေးနွေးချိန်၌ အသုံးချနိုင်ရန် အကြံပြုခဲ့ဖူးသည်။

ထိုစဉ်က ခေါင်းဆောင်ချူသည် ချန်းရီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သေး၏။

ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းဆောင်ချူက သူ၏ တရားမျှတဟန်ဆောင်မှုများကို မေ့လျော့သွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

အကယ်၍ ချန်းရီသာ ဤနေရာ၌ ရှိနေပါက ယခင်က ပြစ်တင်ရှုတ်ချခဲ့မှုများကို သူ့ထံသို့ သေချာပေါက် ပြန်လည် ပေးအပ်ပေလိမ့်မည်။

"ဒါနဲ့ ရွာသူကြီး... အရင်တုန်းက ငါတို့ရွာက အပြင်လူ တစ်ယောက်ကို ကယ်တင်ခဲ့ဖူးတယ် မဟုတ်လား... အဲဒီလူ သေခါနီး မှတ်ဉာဏ်ထဲကနေ ခင်ဗျား ဘာတွေ မြင်တွေ့ခဲ့ရလဲ"

သေခါနီး မှတ်ဉာဏ် ဟုတ်လား။

ဘာတွေ မြင်တွေ့ခဲ့ရတာလဲ။

ဒါက လမ်းပြသူ လမ်းစဉ် အဆင့် (၃) ရဲ့ အစွမ်းများလား။

ချူချယ်က အပြည့်အဝ အာရုံစိုက်လိုက်ပြီး နားရွက်များပင် အလိုအလျောက် ထောင်တက်သွားခဲ့သည်။

"ဒီကိစ္စကတော့... မင်းတို့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး... အဲဒီလူရဲ့ မှတ်ဉာဏ်ထဲကနေ ငါ တချို့အရာတွေကို တကယ် မြင်တွေ့ခဲ့ရတယ်"

"ဒါပေမဲ့ မှတ်ဉာဏ်အပိုင်းအစတွေက အရမ်း ဝေဝါးနေတယ်... ငါကလည်း လမ်းစဉ် အဆင့် (၃) သွေးလမ်းကြောင်း နတ်ဆရာ အဆင့်ပဲ ရှိသေးတာလေ"

"ဒီနေ့ မင်းတို့ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလို့ ရအောင် ငါ ပြောပြမယ်"

"ဒီအပြင်လူက ယာဉ်တန်းတစ်ခုကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူပဲ... သူတို့ယာဉ်တန်းက ဒီနယ်မြေဘက်ကို ရောက်လာချိန်မှာ ပျံသန်းနိုင်တဲ့ ထူးဆန်းတဲ့ အရာတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တစ်ယာဉ်တန်းလုံး ပျက်စီးသွားခဲ့တာ"

"ပျံသန်းနိုင်တဲ့ ထူးဆန်းတဲ့ အရာတွေရဲ့ တိုက်ခိုက်မှု ဟုတ်လား"

ဆရာတော်၏ တည်ငြိမ်အေးချမ်းသော အသံက ထွက်ပေါ်လာပြီး ခဏတာမျှ စိုးရိမ်တကြီး ဖြစ်သွားပုံရသည်။

"ရွာသူကြီး... ခင်ဗျား ဘာတွေများ မြင်တွေ့ခဲ့ရလို့လဲ"

"ငါ မမြင်ခဲ့ရဘူး... အဲဒီလူရဲ့ မှတ်ဉာဏ်တွေက အရမ်း ရှုပ်ထွေးနေပြီ... ငါ မြင်ခဲ့ရတာလည်း သိပ်မများဘူး... ဒါပေမဲ့ အန္တရာယ်ရှိနေတယ် ဆိုတာကိုတော့ ငါ ခံစားသိရှိလိုက်ရတယ်"

အန္တရာယ်ကို ခံစားသိရှိလိုက်ရတယ် ဟုတ်လား။

လမ်းစဉ် (၁) အန္တရာယ်အာရုံခံနိုင်သူ ရဲ့ အစွမ်းများလား။

သို့သော် ဤကဲ့သို့ ရှင်းပြနေခြင်းက ပြဿနာ တစ်ခုခုများ ရှိနေသလား။

ချူချယ်က မျက်မှောင်ကြုတ်လိုက်သည်။

ရွာသူကြီး၏ အသံက ဆက်လက် ထွက်ပေါ်လာ၏။

"လမ်းပြသူ လမ်းစဉ် အဆင့် (၃) မှာ အန္တရာယ် အာရုံခံနိုင်စွမ်း လို့ခေါ်တဲ့ အစွမ်းတစ်မျိုး ရှိတယ်... ဒီအစွမ်းက တစ်ခါတလေ မှန်ပေမဲ့ တစ်ခါတလေကျတော့လည်း မမှန်ဘူး... တချို့ အခြေအနေတွေမှာသာ ကိုယ်နဲ့ သက်ဆိုင်တဲ့ အန္တရာယ်တွေကို ခံစားသိရှိနိုင်တာ"

"တိုက်ဆိုင်စွာနဲ့ပဲ... အဲဒီအပြင်လူရဲ့ သေခါနီး မှတ်ဉာဏ်ကို ငါ မြင်လိုက်ရချိန်မှာ အန္တရာယ် အာရုံခံနိုင်စွမ်းက နိုးထလာခဲ့တယ်... နောက်တစ်ပတ်အကြာမှာ ငါတို့လည်း အဲဒီအပြင်လူ ကြုံတွေ့ခဲ့ရသလို အန္တရာယ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း ခံစားသိရှိနေရတယ်"

"အဲဒီ ပျံသန်းနိုင်တဲ့ ထူးဆန်းတဲ့ အရာတွေရဲ့ တိုက်ခိုက်တာကိုပဲ"

ဤစကားကို ကြားလိုက်ရချိန်တွင် ချူချယ်၏ မျက်မှောင်များမှာ တင်းကြပ်စွာ စုကျုံ့သွားတော့သည်။

နောက်တစ်ပတ်အကြာ ဟုတ်လား။

ယခင်က ရွာသူကြီး ပြောခဲ့သည်မှာ သူတို့ကို ရွာထဲတွင် တစ်ပတ်ခန့် နေထိုင်ပြီး အနားယူရန် ပြောခဲ့ခြင်း မဟုတ်ပါလော။

တကယ်တော့... ဒီနေရာမှာ ငါတို့ကို စောင့်နေခဲ့တာကိုး။

ဒါကြောင့်လည်း ငါတို့ကို ရွာပေါ် တက်လာဖို့ ဖိတ်ခေါ်ခဲ့တာပဲ ဖြစ်ရမယ်။

"ရွာသူကြီး... ကြိုတင်ပြီး ရှောင်တိမ်းလို့ မရနိုင်ဘူးလား... လမ်းပြသူဆိုတာက... "

"ရှောင်တိမ်းလို့ မရဘူး... လမ်းပြသူ ဖြစ်နေရင်တောင် အရာအားလုံးကို တတ်စွမ်းနိုင်တာ မှ မဟုတ်တာ"

ရွာသူကြီး၏ အသံက အနည်းငယ် ဩရှလေးနက်နေသည်။

"ဒါဆို ဘိုးဘေးဆယ့်ခုနစ်ယောက်ကို ဝင်ပါခိုင်းရင်ရော မရဘူးလား... "

"ဘိုးဘေးဆယ့်ခုနစ်ယောက် ဝင်ပါရင်တော့ ဆိုးရွားတဲ့ အခြေအနေကနေ ကောင်းမွန်တဲ့ အခြေအနေကို ပြောင်းလဲသွားစေနိုင်တာ အမှန်ပဲ... ဒါပေမဲ့ ဘိုးဘေးဆယ့်ခုနစ်ယောက်ကို အသုံးမပြုဘဲ နေလို့ရရင် အသုံးမပြုတာ အကောင်းဆုံးပဲ... ဘိုးဘေးဆယ့်ခုနစ်ယောက်ကို ခဏခဏ အသုံးပြုတာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး"

"ငါ သူတို့ကို ရွာပေါ် တက်လာခိုင်းတာကလည်း သူတို့ရဲ့ အင်အားကို ငှားရမ်းပြီး ဒီအကြိမ် အကျပ်အတည်းကို ဖြေရှင်းချင်လို့ပဲ... သူတို့ ရှိနေရင် ဘိုးဘေးဆယ့်ခုနစ်ယောက်ကို အသုံးပြုရမယ့် အကြိမ်ရေ တစ်ကြိမ် လျော့သွားနိုင်တာပဲလေ"

ချူချယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

ဒီည ရေဒီယိုကနေ တစ်ဆင့် ခိုးနားထောင်လိုက်ရုံဖြင့် ဤမျှလောက်များပြားသော လျှို့ဝှက်ချက်များကို ကြားသိရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

တတိယမြောက် အားနည်းချက်ကို ရရှိသွားပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters