← Chapters

အခန်း ၂၁၁

Vol. 11 Ch. 211

အခန်း ၂၁၁

Vol. 11 Ch. 211

အပိုင်း(၂၁၁) လောဘတကြီး တောင်းဆိုခြင်း

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များတွင် လူတိုင်း ရင်းနှီးကျွမ်းဝင်သည့် ဇာတ်ကွက်တစ်ခု ရှိတတ်သည်။

ဥပမာအားဖြင့် ဇာတ်လိုက်အဖွဲ့သည် လုံးဝ သူစိမ်းဆန်သော နေရာတစ်ခုသို့ ရောက်ရှိသွားခြင်းမျိုး ဖြစ်သည်။ ထိုနေရာမှ အိမ်ရှင်က ဇာတ်လိုက်အဖွဲ့ကို အနားယူပြီးပါက အမြန်ဆုံး ထွက်ခွာသွားရန် သတိပေးသော်လည်း ဇာတ်လိုက်အဖွဲ့ကမူ အငြိမ်မနေဘဲ ထိုနေရာ၏ လျှို့ဝှက်ချက်များကို စပ်စုချင်ကြသည်။

ထိုအခါ နောက်ဆုံးတွင် ဇာတ်လိုက်အဖွဲ့ တစ်ဖွဲ့လုံး အသတ်ခံလိုက်ရတော့သည်။

ချန်းရီကမူ လျှို့ဝှက်ချက်ဆိုသည်များကို အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိသလို သူ့ရှေ့ရှိ အလှလေးအပေါ်တွင်လည်း မည်သည့်ခံစားချက်မျှ မရှိပေ။

ထို့ကြောင့် ချန်းရီက ရှင်းရှင်းလင်းလင်းပင် ခေါင်းခါယမ်းကာ ပြောလိုက်၏။ "နတ်ဆင်ရွာရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ငါတို့ ဘာမှ စိတ်မဝင်စားပါဘူး... ဆုမန်ရှန်းအနေနဲ့လည်း ဘာမှ ဆက်ပြောနေစရာ မလိုပါဘူး... ငါတို့လည်း မကြာခင် ထွက်သွားတော့မှာပါ"

"ရှင်..."

"သခင်ကြီး... အချိန်လည်း မစောတော့ဘူး... ပြန်နားသင့်ပြီ"

ဆုမန်ရှန်းက ချန်းရီ၏ ငြင်းဆန်မှုကြောင့် အနည်းငယ် ဒေါသထွက်သွားချိန်မှာပင် သူတို့နှစ်ဦး၏ အနောက်မှ အိုမင်းရင့်ရော်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဆုမန်ရှန်းမှာ လန့်ဖျပ်သွားသည်။

ချန်းရီကမူ အလွန် တည်ငြိမ်နေ၏။ သူသည် အနောက်ဘက်ဆီမှ ခြေသံများကို စောစောကတည်းက ကြားထားပြီး ဖြစ်ကာ လူကို မမြင်ရလျှင်ပင် ခြေသံကို နားထောင်ရုံဖြင့် ထိုသူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ကြောင်း ခန့်မှန်းမိပြီး ဖြစ်သည်။

သို့သော် ထို "သခင်ကြီး" ဟူသော အခေါ်အဝေါ်ကြောင့် ချန်းရီက ဆုမန်ရှန်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိသည်။

ဆုမန်ရှန်း၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားပြီး ချန်းရီကို တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။ "အစ်ကိုချန်း... ဒါဆိုလည်း ကျွန်မ အရင်သွားလိုက်ပါဦးမယ်"

ပြောပြီးသည်နှင့် ဆုမန်ရှန်းက လှည့်ထွက်သွားလေသည်။

ချန်းရီက လှမ်းကြည့်လိုက်ရာ ဆုမန်ရှန်း၏ ဘေးတွင် အိုမင်းနေသော ကျောပြင်တစ်ခုကို တွေ့လိုက်ရသည်။

တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားသော အဘွားအိုတစ်ဦး ဖြစ်၏။

သို့သော် ချန်းရီသည် ထိုအဘွားအိုထံမှ မည်သည့် ထူးဆန်းသော အငွေ့အသက်ကိုမျှ မခံစားရပေ။

သူမသည် သာမန် အဘွားအို တစ်ယောက်မျှသာ ဖြစ်သည်။

ဆုမန်ရှန်း ထွက်သွားလေပြီ။

ချန်းရီသည် တောင်စွန်းတွင် တစ်ယောက်တည်း ရပ်နေရင်း အနည်းငယ် အေးစိမ့်နေသော ညနေခင်း လေပြေကို ခံစားနေသည်။

ဤနတ်ဆင်ရွာတွင်လည်း လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။ အရာအားလုံး အဆင်ပြေချောမွေ့ပါစေဟုသာ မျှော်လင့်ရမည်။

ခေါင်းဆောင်ချူ ပြောသည်မှာ မှန်ပါသည်။ လူသားများ သိပ်မကျန်တော့ပေ။

အကယ်၍သာ စည်းလုံးညီညွတ်ကြမည် ဆိုပါက မျှော်လင့်ချက် အနည်းငယ်တော့ ရှိနိုင်သေးသည်။

သို့သော်လည်း ပကတိအခြေအနေမှာကား။

အချိန်များက အလွန် လျင်မြန်စွာ ကုန်ဆုံးသွား၏။

ဤမျှ ကြာမြင့်သော အချိန်ကာလအတွင်း ဤအကြိမ်သည် ချန်းရီအတွက် ကုတင်ပေါ်တွင် ပထမဆုံးအကြိမ် အိပ်စက်ရခြင်း ဖြစ်သည်။

ဤကုတင်သည် အလွန် မာကျောပြီး နူးညံ့သော အရာမျိုး လုံးဝ မရှိသော်လည်း ချန်းရီကို ကမ္ဘာပျက်ကပ် မတိုင်မီကာလသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

ခြံဝင်းထဲတွင် ရပ်ကာ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရသဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်းသွားသကဲ့သို့ ခံစားရ၏။

ယနေ့သည် ရာသီဥတု သာယာသော နေ့တစ်နေ့ ဖြစ်ပြီး ကောင်းကင်ယံမှ တိမ်တိုက်များသည် လက်လှမ်းမီလောက်အောင်ပင် နီးကပ်နေသကဲ့သို့ ထင်ရသည်။

အသက်ရှင်ကျန်ရစ်သူများလည်း အသီးသီး အိပ်ရာမှ ထလာကြသည်။ သူတို့ကို မနေ့ညက မလှမ်းမကမ်းရှိ ခြံဝင်းကြီးတစ်ခုအတွင်း နေရာချပေးထားခဲ့သည်။

မနေ့ညက အားလုံး ကြမ်းပြင်ပေါ်တွင် စုပေါင်း အိပ်စက်ခဲ့ရသော်လည်း လူအများအပြားအတွက်မူ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။

ယာဉ်တန်းနှင့်အတူ ဖြတ်သန်းခဲ့ရသော နေ့ရက်များတွင် လူအများစုသည် ညဘက် အနားယူချိန်၌ ကားထိုင်ခုံများပေါ်တွင် လှဲအိပ်ခြင်း သို့မဟုတ် ထောင့်တစ်နေရာတွင် ကွေးကွေးလေး အိပ်လိုက်ရုံဖြင့် ကျေနပ်ခဲ့ရသည်ကို သိထားရမည်။

အခြေအနေ အနည်းငယ် ကောင်းသူများပင်လျှင် အလွန်ဆုံး အစွမ်းပိုင်ရှင်များကဲ့သို့ တဲလေးတစ်လုံးသာ ရှိကြသည်။

ယခုကဲ့သို့ ကုတင်ပေါ်တွင် အမှန်တကယ် အိပ်စက်ရပြီး အချိန်မရွေး နေရာမရွေး ပေါ်လာတတ်သော ထူးဆန်းသည့် အရာများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာ မလိုခြင်းက အလွန် ကောင်းမွန်လှသည်။

လူအတော်များများမှာ မနက်အိပ်ရာထချိန်တွင် မျက်လုံးများ နီရဲနေကြသည်။ အချို့သူများက နတ်ဆင်ရွာတွင် အပြီးအပိုင် နေထိုင်သွားမည်ဟုပင် တိတ်တဆိတ် သန္နိဋ္ဌာန် ချထားကြသေးသည်။

ယခင် မရဏနတ် ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက နတ်ဆင်ရွာသည် ရှင်သန်ရန်အတွက် ပိုမို သင့်တော်ကြောင်း သိသာထင်ရှားလှသည်။ သို့သော် နတ်ဆင်ရွာက ဤလူများကို လက်ခံလိမ့်မည် မဟုတ်ဟု ခန့်မှန်းရသည်။

နတ်ဆင်ရွာသည် လူတစ်ထောင်ခန့် နေထိုင်နိုင်ပြီး ယခုပင်လျှင် ဝန်ပိနေပြီ ဖြစ်ရာ လူပိုများလာပါက ပြဿနာများ ဖြစ်လာနိုင်ချေ ရှိသည်။

အစွမ်းပိုင်ရှင်များ၏ နံနက်စာကို နတ်ဆင်ရွာက တာဝန်ယူ စီစဉ်ပေးသည်။

သူတို့၏ နံနက်စာမှာ ခေါက်ဆွဲပြုတ် တစ်ပန်းကန်မျှသာ ဖြစ်ပြီး ၎င်းထဲတွင် စိမ်းလန်းသော ဆလတ်ရွက် အချို့ကို ထည့်ပေးထားသည်။

သို့တိုင်အောင် ချန်းရီတို့သည် အလွန် ကျေနပ်စွာ စားသောက်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မစားရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သောကြောင့်တည်း။

အခြားသော အသက်ရှင်ကျန်ရစ်သူ သုံးဆယ်ကျော်၏ နံနက်စာကိုမူ ယာဉ်တန်းက ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရသည်။

လူသုံးဆယ်ကျော်၏ စားစရိတ်ကို အချိန်ကြာမြင့်စွာ တာဝန်ယူရန်ဆိုသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။

နတ်ဆင်ရွာ၏ လက်ရှိ ရိက္ခာအခြေအနေအရ အချိန်ကြာရှည်စွာ ထောက်ပံ့နိုင်မည် မဟုတ်ဟု ခန့်မှန်းရသည်။

ခေါင်းဆောင်ချူကလည်း သူတို့၏ ရိက္ခာရှားပါးမှုကို ကောင်းစွာ နားလည်သဖြင့် အများကြီး အပြစ်မတင်ခဲ့ပေ။

ကျန်းယန်ဖင်းဟု ခေါ်သော တောင့်တင်းပြည့်ဖြိုးသည့် အမျိုးသမီးက အသက်ရှင်ကျန်ရစ်သူ အချို့ကို ဦးဆောင်ကာ နံနက်စာ ချက်ပြုတ်ခဲ့သည်။

သို့သော် နံနက်စာ စားပြီးနောက် ထိုအမျိုးသမီးကို ရွှီနန်က ဘေးသို့ ဆွဲခေါ်သွားကာ အချိန်အတော်ကြာအောင် တတွတ်တွတ် ပြောဆိုနေခဲ့သည်။

အမျိုးသမီး၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် ထူးဆန်းနေပြီး ဝမ်းသာနေသလိုလို၊ ကြောက်ရွံ့နေသလိုလိုနှင့် မျှော်လင့်နေသလိုလို ဖြစ်နေသည်။

ထိုမြင်ကွင်းကို ကြည့်နေသော အခြား အသက်ရှင်ကျန်ရစ်သူများမှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်နေကြသည်။

"အဟမ်း... အဟမ်း... ခဏနေရင် ရွာသူကြီးက ငါတို့နဲ့ ရိက္ခာ လာလဲလှယ်တော့မယ်... မင်းတို့ ဘာပြောချင်တာ ရှိသေးလဲ"

ခေါင်းဆောင်ချူက လည်ချောင်းဟန့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ရှိနေသော အမူအရာက ပေါ်လွင်နေသည်။

"အရမ်းကြီး အလိမ်မခံရဖို့ပဲ ဆုတောင်းပါတယ်... ခေါင်းဆောင်... တကယ်လို့ ပေးရမယ့် တန်ဖိုးက အရမ်းများနေရင်လည်း ထားလိုက်ပါတော့" တင်းတုံက အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။

မနေ့က ခွဲခြမ်းစိတ်ဖြာမှုများအရ တင်းတုံသည် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ကာ ထိုမျိုးစေ့ နှစ်မျိုးကို လဲလှယ်ရယူရန်မှာ မလွယ်ကူနိုင်ကြောင်း သိထားသည်။ ထယ်ရှီးကမူ ဘာမျှမသိသော အမူအရာဖြင့် အားလုံး ဘာတွေ ပြောနေကြသည်ကို ကောင်းကောင်း နားမလည်ပေ။

"အဟမ်း... အဟမ်း... စိတ်ချပါ... ဒီနေ့ ငါတို့ အရှုံးမခံပါဘူး"

ချန်းရီက ခေါင်းဆောင်ချူကို သံသယဖြင့် ကြည့်လိုက်သည်။ "ခေါင်းဆောင်ချူ... မနေ့ညက မင်း ခိုးနားထောင်နေတာတော့ မဟုတ်ပါဘူးနော်"

ခေါင်းဆောင်ချူ၏ မျက်နှာမှာ တောင့်တင်းသွားပြီး ထိုစကားကို လုံးဝ မကြားလိုက်သကဲ့သို့ ဟန်ဆောင်နေလေသည်။

"ခေါင်းဆောင်ချူ... ရွာသူကြီးက ဧည့်သည်တော်တွေကို လာခဲ့ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

ထိုအချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ လာသူမှာ ရွာသူကြီး၏ လက်ထောက် ရှောင်ကျန် ဖြစ်သည်။

ဤတစ်ကြိမ် အရောင်းအဝယ်ကို ရွာအပြင်ဘက်ရှိ ကားပါကင်တွင် ပြုလုပ်မည်ဖြစ်ပြီး ကားပါကင်အနီးတွင် ရိုးရှင်းသော မဏ္ဍပ်တစ်ခု ရှိသည်။

ချန်းရီတို့ဘက်မှ ကားငါးစီးအပါအဝင် ရွာတွင်လည်း ကိုယ်ပိုင်ကား ငါးစီး၊ ခြောက်စီးခန့် ရှိပြီး အများစုမှာ လမ်းကြမ်းမောင်းကားများ ဖြစ်ကြသည်။

ဆိုင်ကယ် ခုနစ်စီး၊ ရှစ်စီးခန့်လည်း ရှိပုံရသည်။

ရွာသူကြီးက အခြားသော သာမန် ရွာသားများကို အိမ်ပြန်ခိုင်းထားပြီး ဖြစ်သည်။

ကားပါကင်ရှိ မြေကွက်လပ်တစ်ခုပေါ်တွင် ပစ္စည်းများစွာကို ခင်းကျင်းထားသည်။

ချန်းရီတို့ဘက်ကလည်း ကားတံခါးများအားလုံးကို ဖွင့်ကာ အသက်ရှင်ကျန်ရစ်သူ အချို့ကို အကူအညီတောင်း၍ မိမိတို့၏ ပစ္စည်းများကို အကုန် ထုတ်ယူလာကြသည်။

လူတိုင်းတွင် ရှိသော ရိက္ခာအမျိုးအစားများမှာ အတော်အတန် များပြားသဖြင့် ဤကဲ့သို့သော အရောင်းအဝယ် နည်းလမ်းမှာ သိသာထင်ရှားပြီး အလွန် အဆင်ပြေလှသည်။

နှစ်ဖက်တွေ့ဆုံပြီးနောက် ရိုးရှင်းစွာ နှုတ်ဆက်ကြပြီး အရောင်းအဝယ်ကို စတင်လိုက်ကြသည်။

ပထမဆုံး အရောင်းအဝယ် ပြုလုပ်မည့် အရာမှာ သဘာဝကျစွာပင် မနေ့က မြင်တွေ့ခဲ့ရသော အကောင်းဆုံး မျိုးစေ့များ ဖြစ်သည်။

အမှန်တကယ်တော့ ၎င်းသည် ယနေ့၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။

ရွာသူကြီးက မနေ့ညက စိုက်ပျိုးထားသော ပန်းအိုးများကို သယ်ဆောင်လာရန် လူလွှတ်လိုက်သည်။

တစ်ညတာ ကြီးထွားလာပြီးနောက် အာလူးနှင့် ဆလတ်ပင်များ စိုက်ပျိုးထားသော ထိုပန်းအိုးနှစ်လုံးအတွင်းမှ စိမ်းလန်းသော ပျိုးပင်ငယ်လေးများ ထွက်ပေါ်နေပြီ ဖြစ်သည်။

နေရောင်ခြည်အောက်တွင် ထိုအပင်လေးများမှာ အလွန် မျက်စိပသာဒ ဖြစ်နေသည်။

"မိတ်ဆွေတို့လည်း မြင်တဲ့အတိုင်းပါပဲ... ဒါက မနေ့ကမှ စိုက်ထားတာ... ဒီနေ့တော့ ဒီအခြေအနေကို ရောက်နေပြီ... နောက်ရက်အနည်းငယ်လောက် ကြာရင် မိတ်ဆွေတို့အနေနဲ့ အံ့ဖွယ်ရာကို မျက်မြင်ကိုယ်တွေ့ မြင်ရပါလိမ့်မယ်"

"ဒီနေ့ အရောင်းအဝယ်သာ အောင်မြင်သွားရင် မိတ်ဆွေတို့က ဒီပန်းအိုးနှစ်လုံးကိုတောင် ယူသွားပြီး မျိုးစေ့တွေ အစစ်ဟုတ်မဟုတ် စမ်းသပ်နိုင်ပါတယ်... စိတ်ချပါ... နတ်ဆင်ရွာက လူတွေကို ဘယ်တော့မှ မလိမ်ပါဘူး... ဒါ့အပြင် အခုချိန်မှာ လူသားတွေလည်း ပိုပိုပြီး နည်းပါးလာပြီဆိုတော့ ကျွန်တော်တို့ အချင်းချင်း စည်းလုံးညီညွတ်ပြီး ကူညီသင့်တာပေါ့"

ရွာသူကြီး၏ စကားများမှာ အလွန် အပြောကောင်းလှသော်လည်း ခေါင်းဆောင်ချူက ခေါင်းညိတ်လိုက်သည်။

"ဒီလိုပါ ရွာသူကြီး... ကျွန်တော်တို့ ယာဉ်တန်းကလည်း ရွာသူကြီးနဲ့ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ချင်ပါတယ်... ကျွန်တော်တို့ဆီမှာ ရှိတာဆိုရင် ရွာသူကြီးက ပါးစပ်ဟလိုက်တာနဲ့ ရွာသူကြီးကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျွန်တော် ချူချယ် အာမခံပါတယ်"

တကယ်ကို တစ်ယောက်က ခေါင်းဆောင်၊ တစ်ယောက်က ရွာသူကြီး ပီပီ ထိုစကား နှစ်ခွန်းတည်းဖြင့်ပင် ကြားရသူကို အလွန် နားဝင်ချိုစေသည်။

ခေါင်းကြီးရွာသူကြီးက ပြုံးရွှင်နေပြီး ခေါင်းဆောင်ချူ၏ စကားကို အမှန်တကယ် ယုံကြည်သွားသည့်ဟန် ပေါက်နေသည်။

"ဒီလိုဆိုမှတော့ ခေါင်းဆောင်ချူ... ကျွန်တော်တို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့... ဒီမျိုးစေ့နှစ်မျိုးရဲ့ တန်ဖိုးကို ခင်ဗျားတို့လည်း သိပါတယ်... ဒီလိုလုပ်ပါ... မနေ့ညက ငါးမျိုးကို ခင်ဗျားတို့ဆီမှာ ရှိတဲ့အထဲက ၉၀ ရာခိုင်နှုန်းလောက် ကျွန်တော်တို့ လိုချင်တယ်... ပြီးတော့ တခြား ဆန်နဲ့ ဂျုံမှုန့် အိတ်သုံးဆယ်စီ အနည်းဆုံး လိုချင်သေးတယ်... ပြီးတော့..."

ဤအရပ်ပုပု ရွာသူကြီး၏ ပါးစပ်မှ ထွက်လာသော စကားများကြောင့် စွန်းချန်းချန်းနှင့် ထယ်ရှီးတို့၏ မျက်နှာများပေါ်တွင် ဒေါသအနည်းငယ် ထွက်သွားကြသည်။

ယာဉ်တန်း၏ ရိက္ခာများကို အတော်အသင့် စုံစမ်းထားပြီးဖြစ်ကြောင်း သိသာနေကာ ပါးစပ်ဟလိုက်သည်နှင့် ယာဉ်တန်း၏ ရိက္ခာ ၉၀ ရာခိုင်နှုန်းကို ထုတ်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။

တင်းတုံ၏ မျက်နှာပေါ်တွင်မူ မည်သည့် အပြောင်းအလဲမျှ မရှိသော်လည်း ဤလက်တစ်ဖက်ပြတ် လက်ဝှေ့သမားကို သိသူတိုင်းက သူ၏ မျက်နှာ အေးဆေးနေလေလေ၊ သူ၏ စိတ်ထဲတွင် ပို၍ မကျေမနပ် ဖြစ်နေလေလေ ဆိုသည်ကို သိကြသည်။

ချန်းရီ တစ်ယောက်သာလျှင် အလွန် တည်ငြိမ်နေသည်။

ဤရွာသူကြီးမှာ ကောက်ကျစ်စဉ်းလဲပုံ ပေါက်သော်လည်း ခေါင်းဆောင်ချူကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းကမူ စောလွန်းနေသေးသည်ဟု ထင်ရသည်။

ချန်းရီက ထိုသူနှစ်ဦး၏ အားပြိုင်မှုကို လုံးဝ ဂရုမစိုက်ဘဲ မျက်လုံးများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေသည်။

ယနေ့ အရောင်းအဝယ်မှာ မျိုးစေ့များသာမက အခြားသော ပစ္စည်းများစွာလည်း ရှိနေသည်။

ဥပမာအားဖြင့် ချန်းရီက သူ၏ "အသတ်နုတ် စနိုက်ပါ" သေနတ်ကို ထုတ်ယူလာခဲ့သည်။

သူ သိပ်မနှစ်သက်သော တိပ်ခွေ အချို့ကိုလည်း ထုတ်လာသလို အစောဆုံးကတည်းက ကြိုးပြတ်သွားခဲ့သော လက်ကိုင်ဒူးလေးကိုပင် ထုတ်ယူလာခဲ့သည်။

ထို့အပြင် ယခင်က ဝေစုရထားသော အရက်ဖြူ တစ်ပုလင်း၊ ယခင် ရုံမြို့မှ ရှာဖွေစုဆောင်းထားသော အနွေးထည်များနှင့် ဖိနပ်များလည်း ပါဝင်သည်။

ချန်းရီ၏ ကားဘေးရှိ ခင်းကျင်းထားသော နေရာမှာ ကြီးမားသော ကုန်စုံဆိုင်ကြီး တစ်ဆိုင်နှင့် တူနေသည်။

ထယ်ရှီး၏ နေရာမှာ ပို၍ပင် အံ့သြစရာ ကောင်းနေသည်။

သူတို့အဖွဲ့တွင် လူအများဆုံး ဖြစ်သောကြောင့် သူတို့၏ ရိက္ခာများမှာ အများဆုံး ဖြစ်ပြီး အမျိုးသမီး လစဉ်သုံး ပစ္စည်းများကိုပင် တင့်တင့်တယ်တယ် ထုတ်ခင်းထားသေးသည်။

အခြားသူများလည်း အတူတူပင် ဖြစ်သည်။

နတ်ဆင်ရွာဘက်မှ ပစ္စည်းများလည်း မနည်းလှပေ။

ထိုပွယောင်းယောင်း တာအိုဘုန်းကြီး၏ ရှေ့တွင် အင်းစာရွက်များနှင့် မက်မွန်သစ်သားဓား ကဲ့သို့သော အရာများစွာ ရှိနေသည်။

ဆက်ရန်...

All Chapters