အခန်း ၂၁၂
Vol. 11 Ch. 212
အပိုင်း (၂၁၂) အကြိတ်အနယ်
ချူချယ်၏ မျက်လုံးများက မီးဟပ်မတတ် တောက်လောင်နေပြီး သူ့ရှေ့မှ လူပုလေးကို စိုက်ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် ထိုလူကို အရှင်လတ်လတ် မျိုချပစ်တော့မည့်အလား ပင်။
သို့သော် တကယ်တမ်းတွင်မူ ချူချယ်၏ စိတ်ထဲ၌ ထိုမျှလောက်အထိ ဒေါသထွက်နေခြင်း မဟုတ်ချေ။
ဤသည်မှာ စကားအလျှော့အတင်းလုပ်ရသည့် ဈေးဆစ်ခြင်းမျိုးသာ ဖြစ်သည်။
ထို့အပြင် နှစ်ဖက်စလုံးက တစ်ဦးတည်းသော ဖောက်သည်များဖြစ်နေကြပြီး သူကိုယ်တိုင်ကလည်း တစ်ဖက်လူ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်သေးရာ ဤကိစ္စကို ဆွေးနွေး၍ ရနိုင်သေးသည်။
ခေါင်းကြီးရွာသူကြီး၏ ပါးစပ်မှ ထွက်ကျလာသော စည်းကမ်းချက် တစ်ခုချင်းစီကို နားထောင်ရင်း လုံးဝကို အဓိပ္ပာယ်မရှိဘဲ စည်းကမ်းချက်တိုင်းက အလွန်အမင်း ချဲ့ကားလွန်းနေသည်။
တကယ်လို့သာ ထိုစည်းကမ်းချက်များအတိုင်း သဘောတူလိုက်ရပါက ယာဉ်တန်းအတွက် ရိက္ခာပစ္စည်း ဘယ်လောက်မှ ကျန်တော့မည် မဟုတ်ပေ။
ခေါင်းကြီးရွာသူကြီးက ချူချယ်၏ မျက်နှာပေါ်မှ အမူအရာကို ကြည့်ပြီးနောက် သူကိုယ်တိုင်လည်း အနည်းငယ် လွန်လွန်းနေသည်ဟု ခံစားလိုက်ရကာ အနေခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။
"အဟမ်း... အဟမ်း... လောလောဆယ်တော့ ဒီလောက်ပါပဲ"
"ဒါနဲ့... သဘာဝလွန်ပစ္စည်း သုံးခုနဲ့ သဘာဝလွန်ပစ္စည်း ကုန်ကြမ်း နှစ်ခုလည်း လိုသေးတယ်"
"အင်း... ဒီလောက်ဆို ရပါပြီ"
တစ်ဖက်လူ၏ တောင်းဆိုချက်များကို ကြားလိုက်ရသောအခါ ချူချယ်၏ မျက်နှာက အချိန်ကိုက်ပင် နီရဲသွားပြီး မျက်နှာပေါ်မှ အမူအရာကလည်း ဒေါသထွက်နေသည့်ပုံစံ အတိအကျပင် ဖြစ်နေသည်။
ဘေးဘက်မှ ရပ်ကြည့်နေသော ချန်းရီက ခေါင်းဆောင်ဖြစ်သူအတွက် မနေနိုင်ဘဲ စိတ်ထဲမှ အကြိမ်ကြိမ် ချီးကျူးလိုက်မိသည်။
ဒီလို သရုပ်ဆောင်စွမ်းရည်မျိုးက တကယ်ကို လန်ထွက်နေတာပဲ။
သူ့ကိုယ်သူသာ နေရာချိန်းပြီး သရုပ်ဆောင်ရမည်ဆိုပါက ဤမျှလောက် သဘာဝကျကျ လုပ်နိုင်မည် မဟုတ်တာ သေချာသည်။
"ရွာသူကြီး... ခင်ဗျား အရမ်း လောဘကြီးလွန်းနေပြီ"
"ခုနလေးတင် လူသားတွေ သိပ်မကျန်တော့လို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကူညီရိုင်းပင်းကြရမယ်ဆိုပြီး... အခုကျတော့ ဒါက ခင်ဗျားရဲ့ ကူညီရိုင်းပင်းတဲ့ပုံစံလား"
"ရွာသူကြီး... ခင်ဗျားက ကျွန်တော့်ကို တကယ်ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ"
"ဟုတ်တယ်... ရွာသူကြီး... ရှင် ခုနက ပြောတဲ့စကားတောင် အောက်မကျသေးဘူး ကျွန်မတို့ကို ဒီလိုမျိုး လည်ပင်းညှစ်တာ အရမ်းလွန်လွန်းတယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေသည့်ပုံစံမျိုးကို ပြသလိုက်သည်။
ချန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
နေပါဦး... ဒီကောင်မလေးက ချူချယ်တစ်ယောက် တကယ် ဒေါသထွက်နေတယ်လို့များ ထင်နေတာလား။
ဒါမှမဟုတ် သူကလည်း ဝင်ပြီး သရုပ်ဆောင်ပေးနေတာများလား။
ငါက ဘာလို့ နည်းနည်းမှ မရိပ်မိရတာလဲ။
ထယ်ရှီးကလည်း ဩရှရှအသံကြီးဖြင့် ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... ရွာသူကြီး... ခင်ဗျား အရမ်းလွန်လွန်းတယ်... အကုန်လုံးကို ခင်ဗျားတို့ကို ပေးလိုက်ရင် ကျွန်တော်တို့ဆီမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"
တင်းတုံကတော့... အင်း... ဒီအမျိုးသမီးက ဒီအချိန်မှာ ပန်းအိုးနှစ်လုံးကို ပတ်ပြီး လှည့်ပတ်ကြည့်ရှုနေသည်။
ချူချယ်နှင့် ရွာသူကြီးတို့၏ စကားစစ်ထိုးပွဲကို သူမက စိတ်ထဲ၌ လုံးဝ ထည့်မထားချေ။
ရွာသူကြီးက ပေါ့တန်တန် နေတတ်သော တာအိုဘုန်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားတွင် တည်ကြည်ခန့်ညားသောပုံစံဖြင့် ဟန်လုပ်နေသည့် ဘုန်းကြီးကိုလည်း ထပ်မံ ကြည့်လိုက်သည်။
သူက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ခွေးမသားတွေ... ဒီကောင်နှစ်ကောင်က နည်းနည်းလေးတောင် အကူအညီမရဘူး... ကြည့်ရတာ ငါတစ်ယောက်တည်းနဲ့ သုံးယောက်ကို ရင်ဆိုင်ရတော့မယ့်ပုံပဲ။
"အဟမ်း... အဟမ်း... ခေါင်းဆောင်ချူ... ကျွန်တော်တို့ရဲ့ ဒီမျိုးစေ့နှစ်ခုရဲ့ ထူးခြားဆန်းကြယ်မှုကို ခင်ဗျားတို့လည်း မြင်တွေ့ပြီးပြီပဲ... ကမ္ဘာမပျက်ခင် အချိန်တုန်းကဆိုရင် ဒါက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် အောင်မြင်မှုရလဒ်ပဲ"
"ခဏနေပါဦး... ရွာသူကြီး... ခင်ဗျားလည်း ကမ္ဘာမပျက်ခင်တုန်းကလို့ သိနေတာပဲ... နောက်ပြီး ခင်ဗျားရဲ့ ဒီမျိုးစေ့တွေ အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းက အရမ်းကို နည်းလွန်းတယ်... ကျွန်တော်တို့ လက်ထဲရောက်လာရင်တောင် တစ်ဖွဲ့လုံးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"
"နည်းတာကတော့ နည်းနည်းလေးပါ... ဒါပေမဲ့ ခင်ဗျားတို့ ယာဉ်တန်းမှာ လူနည်းတယ်လေ"
"နည်းတာက နည်းနည်းလေး ဟုတ်လား... ရွာသူကြီး... ကျွန်တော် မသိဘူးလို့တော့ မထင်လိုက်နဲ့... မျိုးစေ့ အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းက အရမ်းနည်းလွန်းနေလို့ ခင်ဗျားတို့က ဒါတွေကို ထုတ်ပြီး လဲလှယ်ဖို့ ကြံစည်နေတာ မဟုတ်လား... ပါမောက္ခလျှို ကိုယ်တိုင်တောင် အောင်မြင်မှု ရာခိုင်နှုန်းကို အာမခံနိုင်မယ် မထင်ဘူး"
ချူချယ်က မနေ့ညက ကြားခဲ့ရသည့် ပထမဆုံးသော အားနည်းချက်ကို ထုတ်ယူကာ အသေးစိတ် ရှင်းပြလိုက်ရာ ခေါင်းကြီးရွာသူကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အမှန်တကယ်တော့ ယခင်က သူကိုယ်တိုင် မျိုးစေ့အောင်မြင်နှုန်း အလွန်နည်းပါးသည့် ပြဿနာကို ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
သို့သော် စကားတစ်ခွန်းသာ ဟပ်မိသွားခြင်းဖြစ်ပြီး တစ်ဖက်လူ၏ အာရုံစိုက်မှုကို ထိုမျှလောက် ရရှိသွားလိမ့်မည်ဟု မထင်ခဲ့ချေ။
ထိုအချိန်က ထိုသို့ ပြောခဲ့ခြင်းမှာလည်း တစ်ဖက်လူ နောင်တရမည်ကို ကြိုတင်ကာကွယ်ရန်အတွက်သာ ဖြစ်သည်။
အခုတော့... ဒီခေါင်းဆောင်ချူက ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ... သူ ချေပလိုက်တဲ့ အချက်တွေက ငါ့ကို လုံးဝ စကားပြန်ပြောစရာ မရှိအောင် ဖြစ်သွားစေတာပဲ။
"ရွာသူကြီး... ခင်ဗျားတို့နဲ့ ကျွန်တော်တို့ လဲလှယ်မယ် ဆိုရင်တောင် ခင်ဗျားက ကျွန်တော်တို့ကို ဘယ်လောက်များ ပေးနိုင်မှာမို့လို့လဲ... ခင်ဗျားတို့ဆီမှာတောင် သိပ်များများစားစား ရှိမှာ မဟုတ်ဘူး"
"အဲဒီအချိန်ကျရင် ကျွန်တော်တို့ ယာဉ်တန်းက အသက်ရှင်ကျန်ရစ်သူတွေကိုတောင် ကျွေးမွေးနိုင်မှာ မဟုတ်လို့... အပြင်ထွက်ပြီး ရိက္ခာတွေ ဆက်ရှာနေရဦးမှာပဲ"
"ခင်ဗျား"
ရွာသူကြီးက ချူချယ်ကို စကားနိုင် မလုနိုင်ခြင်းတော့ မဟုတ်ပေ။
ချူချယ်က တစ်ဖက်လူ၏ အားနည်းချက်ကို စောစီးစွာကတည်းက ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး စကားတစ်ခွန်းစီတိုင်းက ရွာသူကြီး၏ အားနည်းချက်ကိုသာ ဖိနှိပ်ပြောဆိုနေသဖြင့် ရွာသူကြီးမှာ ချက်ချင်း တုံ့ပြန်ရန် အခက်တွေ့သွားခြင်း ဖြစ်သည်။
စကားအလျှော့အတင်းလုပ်၍ ဆွေးနွေးရသည့် ကိစ္စမျိုးတွင် များသောအားဖြင့် တစ်ဖက်က အမြတ်ထွက်ပြီး တစ်ဖက်က အရှုံးခံရစမြဲ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသည် ဆိုခြင်းမှာလည်း အရှုံးပေါ်သည့်ဘက်က သူတို့ကိုယ်သူတို့ နှစ်သိမ့်သည့် စကားသာ ဖြစ်သည်။
ထို့ကြောင့် ချူချယ်က နတ်ဆင်ရွာသည် လက်ရှိအချိန်တွင် အလွန် ကြပ်တည်းနေကြောင်း သိထားသော်လည်း ဤအချိန်၌ လက်တစ်လုံးမျှပင် အလျှော့ပေးမည် မဟုတ်ပေ။
ခဏတာ ကရုဏာသက်မိခြင်းက ယာဉ်တန်းကိုသာ အထိနာစေလိမ့်မည် ဖြစ်သည်။
ရွာသူကြီးက အနောက်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာကိုမှ ဂရုမစိုက်သလို နေနေသော တာအိုဘုန်းကြီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
တာအိုဘုန်းကြီးသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ ဝင်ပါရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ယခုအချိန်တွင်သာ ဝင်မပါပါက နောက်ခဏနေလျှင် ရွာသူကြီးက ကျိန်းသေ ဆဲဆိုတော့မည် ဖြစ်သည်။
သို့သော် ကံကောင်းသည်မှာ တာအိုဘုန်းကြီးသည် ယနေ့တွင် ဘာမှ ပြင်ဆင်မထားခြင်းတော့ မဟုတ်ပေ။
သူ၏ လက်ထဲတွင်လည်း လျှို့ဝှက်လက်နက် ရှိနေသေးသည်။ ထိုလက်နက်ကိုသာ ထုတ်သုံးလိုက်ပါက တစ်ဖက်လူမှာ ကြောက်လန့်တကြားဖြစ်သွားပြီး သူတို့၏ အလိုကျ ခေါင်းငုံ့ခံလာရမည်မှာ သေချာသည်။
တာအိုဘုန်းကြီးက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင် တောင့်တင်းပြည့်ဖြိုးသော ကိုယ်လုံးလေးတစ်ခုက အနီးသို့ တဖြည်းဖြည်း လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုသူမှာ မနေ့က တွေ့ခဲ့ရသည့် ရင့်ကျက်သော အလှနှင့် အမျိုးသမီးပင် ဖြစ်သည်။
ထို့အပြင် ဤအမျိုးသမီးက ယနေ့တွင် ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေသော မီးခိုးရောင် လည်ပင်းရှည် တီရှပ်အကျပ်ကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်လည်း ခပ်ကျပ်ကျပ် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသေးသည်။
အမျိုးသမီးက ဗန်းတစ်ချပ်ကို ကိုင်ဆောင်လာပြီး ထိုဗန်းပေါ်တွင် မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် လက်ဖက်ရည်ခွက် အချို့ကို တင်ထားသည်။
အမျိုးသမီးက လူတိုင်း၏ အရှေ့တွင် လက်ဖက်ရည် တစ်ခွက်စီ ချပေးလိုက်သည်။
အထူးသဖြင့် တာအိုဘုန်းကြီး၏ ရှေ့သို့ ရောက်လာချိန်တွင် သူမက တာအိုဘုန်းကြီးကိုပင် တစ်ချက်ပို၍ ကြည့်သွားသေးသည်။
ထိုမျက်လုံးများက အနည်းငယ် နောက်ကျိနေပြီး မျက်လုံးထောင့်များတွင်လည်း တွန့်ခေါက်ရာများ အနည်းငယ် များနေသော်လည်း...
တာအိုဘုန်းကြီးကိုမူ နေရာမှာတင် အံ့သြမှင်သက်သွားစေခဲ့သည်။
တာအိုဘုန်းကြီးက ပါးစပ်ဟလိုက်သော်လည်း ဤအချိန်၌ သူ၏ ပါးစပ်ထဲတွင် ဂွမ်းဆို့ထားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။
ကျန်းယန်ဖင်းက လက်ဖက်ရည်ဗန်း ကိုင်ကာ လျှောက်လာချိန်ကတည်းက ရွာသူကြီးသည် အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်။
လမ်းစဉ်တိုင်းတွင် ကိုယ်ပိုင် ပေးဆပ်ရမှုများ ရှိကြသည်။
နတ်ဆရာ လမ်းစဉ်၏ ပေးဆပ်ရမှုမှာ အထူးသီးသန့် စွဲလမ်းမှု တစ်ခုကို ကျပန်း ဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။
အခြားသော နတ်ဆရာ လမ်းစဉ်မှ အစွမ်းပိုင်ရှင်များတွင် မည်သို့သော စွဲလမ်းမှုများ ရှိသည်ကို ရွာသူကြီး မသိပေ။
သို့သော် ဤတာအိုဘုန်းကြီး၏ စွဲလမ်းမှုမှာမူ မိန်းမလိုက်စားခြင်း ဖြစ်သည်။ ထို့အပြင် အသက်အရွယ် အနည်းငယ် ကြီးရင့်သော ရင့်ကျက်သည့် အမျိုးသမီးများကို အထူး နှစ်သက်တတ်ပြီး ပို၍ ပြည့်ဖြိုးလေ... ပို၍ ရင့်ကျက်လေ... သူက ပို၍ သဘောကျလေ ဖြစ်သည်။
ဥပမာအားဖြင့် အသက် (၄၀) အရွယ် ရင့်မှည့်နေသော ကျန်းယန်ဖင်းကဲ့သို့ အမျိုးသမီးမျိုးပင် ဖြစ်သည်။
တာအိုဘုန်းကြီး၏ မျက်လုံးထဲတွင်တော့ သူမသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ကမ္ဘာပေါ်တွင် အလှဆုံး မိန်းမချောလေး တစ်ဦး ဖြစ်နေတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ကျိုးရှောင်ရှောင် တို့ကဲ့သို့ ကောင်မလေးများမှာမူ သူ၏ မျက်လုံးထဲတွင် ရုပ်ရည် သာမန်မျှသာဖြစ်ပြီး တစ်ချက်ပို၍ပင် ကြည့်ချင်စိတ် မရှိလှပေ။
တာအိုဘုန်းကြီးမှာ သွားရည်များပင် ကျလာတော့မတတ် ဖြစ်နေသည်။
ရွာသူကြီးက သက်ပြင်းချလိုက်ပြီး တာအိုဘုန်းကြီးကို အားကိုး၍ မရနိုင်တော့ကြောင်း စိတ်ထဲမှ သိလိုက်သည်။
ချူချယ်ကမူ နှုတ်ခမ်းထောင့်တွင် အနည်းငယ် ပြုံးယောင်သန်းသွားသည်။
ဒုတိယမြောက် အားနည်းချက်က အလုပ်လုပ်နေပြီ ဖြစ်သည်။
"ခေါင်းဆောင်ချူ... စကားကို အဲဒီလို မပြောပါနဲ့... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပါမောက္ခလျှို ပျိုးထောင်ထားတဲ့ မျိုးစေ့တွေက ခင်ဗျားတို့သာ လဲလှယ်ပြီး ရသွားမယ်ဆိုရင် အနာဂတ်မှာ ခင်ဗျားတို့ရဲ့ ကြီးမားတဲ့ ရိက္ခာပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ"
"အနည်းဆုံးတော့ ခင်ဗျားတို့ အပြင်ထွက်ပြီး ရိက္ခာရှာရမယ့် အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်မှာပါ"
"ခင်ဗျားတို့အတွက်တော့ ဘယ်လိုပဲဖြစ်ဖြစ် အသုံးဝင်မှာပါ"
"အနည်းဆုံးတော့... ခင်ဗျားတို့က ကျွန်တော် ခုနက တောင်းဆိုထားတဲ့အထဲက ရှစ်ဆယ်ရာခိုင်နှုန်းတော့ ပေးရမယ်"
ရွာသူကြီးမှာ အနည်းငယ် တောင်းပန်တိုးလျှိုးသည့် အသံပေါက်လာသည်။
ဤသည်မှာ ရွာသူကြီး၏ ဆုတ်ခွာရင်း ရှေ့တိုးမည့် ဗျူဟာပင် ဖြစ်သည်။
ချူချယ်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ပြောလိုက်သည်။ "ရွာသူကြီး... ရှစ်ဆယ်ရာခိုင်နှုန်း ဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ တကယ်လို့သာ ရှစ်ဆယ်ရာခိုင်နှုန်း ပေးလိုက်ရမယ်ဆိုရင် နောက်တစ်ပတ်နေရင် ကျွန်တော်တို့ဆီက အကူအညီရဖို့တော့ မစဉ်းစားနဲ့တော့... အဲဒီအချိန်ကျရင် ခင်ဗျားတို့ နတ်ကွန်းထဲက ဘိုးဘေးဆယ့်ခုနစ်ယောက်ကိုပဲ သွားခေါ်ကြပေတော့"
ဤစကားကို ကြားလိုက်ရသောအခါ ရွာသူကြီးမှာ ချက်ချင်းပင် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ခင်... ခင်ဗျား ဘယ်လိုလုပ် သိနေတာလဲ"
ချူချယ်က ရယ်မောလိုက်ပြီး"ရွာသူကြီး... ခင်ဗျား မေ့နေပြီလား... ကျွန်တော်ကလည်း လမ်းပြသူလမ်းစဉ်ကပဲလေ... ကျွန်တော့်မှာလည်း ကိုယ်ပိုင် နည်းလမ်းတွေ ရှိတယ်"
"ခင်ဗျား... ချူချယ်... ခင်ဗျား ခုနကပဲ ကျွန်တော် စကားစလိုက်ရင် စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား"
"အခုတော့ ခင်ဗျားက ကျွန်တော့်ကို အရမ်း စိတ်ပျက်သွားစေပြီ"
ရွာသူကြီးမှာ အလွန် စိတ်ပျက်သွားသည့်ပုံစံ ပေါက်နေသည်။
"ရွာသူကြီးလည်း ခုနက အချင်းချင်း ကူညီရိုင်းပင်းရမယ်လို့ ပြောခဲ့တယ် မဟုတ်လား... ရွာသူကြီးက ဒီလောက် ရက်စက်နေတော့ ကျွန်တော်လည်း အရမ်း စိတ်ပျက်ရတာပေါ့"
ချူချယ်က အားကျမခံ ပြန်လည် တုံ့ပြန်လိုက်သည်။
ဆက်ရန်...