← Chapters

အခန်း ၂၁၃

Vol. 11 Ch. 213

အခန်း ၂၁၃

Vol. 11 Ch. 213

အပိုင်း (၂၁၃) ငါလည်း တတ်တယ်

"ဒါဆို ဘယ်လိုလုပ်သင့်တယ် ထင်လဲ"

ခေါင်းကြီးရွာသူကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤအန္တရာယ်မရှိပုံပေါ်သော လူငယ်လေးသည် ထင်ထားသလောက် အလွယ်တကူ လှည့်စား၍ရမည့်သူ မဟုတ်ကြောင်း ယခုအခါ သူ အကြမ်းဖျင်း သဘောပေါက်သွားပြီ ဖြစ်သည်။

အကြီးအကျယ် ခေါင်းပုံဖြတ်ရန် ရည်ရွယ်ထားခဲ့သော သူ၏ အစီအစဉ်မှာ ပျက်စီးသွားပြီ ဖြစ်သည်။

ရွာထဲရှိ အရိုးပေါ် အရေတင် ပိန်ချုံးနေကြသူများကို တွေးမိလိုက်ချိန်တွင် ရွာသူကြီး၏ မျက်နှာပေါ်၌ သနားကြင်နာမှုများ ပိုမို ပေါ်လွင်လာ၏။

ရွာထဲမှ မကြာသေးမီကမှ မွေးဖွားလာသော ကလေးငယ်အချို့သည် အာဟာရချို့တဲ့သည့် လက္ခဏာများပင် ပြသနေကြပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ခေါင်းကြီးရွာသူကြီးသည် ပုဂ္ဂလိက စက်ရုံလေးတစ်ခု၏ သူဌေးငယ်တစ်ဦးမျှသာ ဖြစ်ခဲ့သည်။ ထိုအချိန်က သူ၏ စက်ရုံတွင် အများအားဖြင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကိုသာ အလုပ်ခန့်ထားခဲ့သည်။

ကုမ္ပဏီ၏ အကျိုးအမြတ်မှာ သိပ်မကောင်းလှသော်လည်း ခေါင်းကြီးရွာသူကြီးကမူ စက်ရုံ ဆက်လက် လည်ပတ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရှာသည်။

သူ၏ စက်ရုံလေးက ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကို ပိုမို ဂုဏ်သိက္ခာရှိရှိ ရှင်သန်နိုင်စေရန် ဖန်တီးပေးခဲ့သည်။

သို့သော် မထင်မှတ်ထားဘဲ ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာပြီးနောက် စက်ရုံတွင် ထူးဆန်းသော ဘေးအန္တရာယ်ကြီး တစ်ခု ကျရောက်လာခဲ့သည်။

လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ကြသော အလုပ်သမားများ၏ အသက်စွန့် ကာကွယ်ပေးမှုကြောင့်သာ ခေါင်းကြီးရွာသူကြီး အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကံတရား၏ ဖန်တီးမှုအရ ခေါင်းကြီးရွာသူကြီးသည် နတ်ဆင်ရွာကို တည်ထောင်နိုင်ခဲ့သည်။

နတ်ဆင်ရွာကို တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်မှာ လူများစွာကို အသက်ရှင်သန်နိုင်စေရန် ဖြစ်သည်။

သို့သော် ဤတာဝန်က ကြီးမားလွန်းလှပေသည်။

သူ့ကို အသက်ရှူပင် ကြပ်လာစေသည်အထိ ဖိစီးနေခဲ့သည်။

ဤရွာထဲရှိ လူတိုင်းသည် အသက်ရှင်နိုင်ရန် ကြိုးစားရုန်းကန်နေကြရသည်။

စိုက်ပျိုးရေးစခန်းမှ ပါမောက္ခလျှိုသည် ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သော်လည်း လူတိုင်းကို အမှန်တကယ် ဝမ်းဝစေနိုင်မည့် ပြီးပြည့်စုံသော စိုက်ပျိုးရေးမျိုးစေ့များကို ဖန်တီးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ် ရိက္ခာရှာဖွေရေးတွင်လည်း ရွာထဲရှိ အသက်အကြီးဆုံးသူအချို့က ရှေ့ထွက်လာကာ ရိက္ခာရှာဖွေရေးသို့ ကိုယ်တိုင် သွားရောက်ရန် တောင်းဆိုခဲ့ကြသေးသည်။

သူတို့ ဘာတွေးနေကြသလဲ ဆိုသည်ကို ခေါင်းကြီးရွာသူကြီး ကောင်းကောင်း သိထားသည်။

မည်သို့ပင်ဖြစ်စေ အသက်လည်း ကြီးနေပြီမို့ နေရမည့်အချိန် လုံလောက်နေပြီဟု ခံစားနေကြသည်။

အကယ်၍ အသက်ရှင်လျက် ပြန်လာနိုင်လျှင် ရွာအတွက် ရိက္ခာများ ယူဆောင်လာနိုင်သဖြင့် ကောင်းမွန်ပေလိမ့်မည်။

အကယ်၍ ပြန်မလာနိုင်ခဲ့လျှင်လည်း ရွာအတွက် ရိက္ခာ အကုန်အကျ သက်သာသွားစေမည် မဟုတ်ပါလော။

အမှန်တကယ်တွင် သူတို့ထဲမှ အသက်အကြီးဆုံးသူသည်ပင် အသက် (၅၀) ကျော်မျှသာ ရှိသေးသဖြင့် သက်ကြီးရွယ်အိုဟု သတ်မှတ်၍ မရနိုင်သေးပေ။

သူ ယခုကဲ့သို့ အဆမတန် တောင်းဆိုနေရခြင်းမှာလည်း ရွာသူရွာသားများ ပိုမို ကောင်းမွန်စွာ အသက်ရှင်နိုင်ရန်အတွက်သာ ဖြစ်သည်။

သို့သော်...

သူ၏ အနောက်ဘက်ရှိ ဘုန်းကြီးသည်လည်း ခေါင်းငုံ့ကာ ဘုရားစာများကိုသာ တိတ်တဆိတ် ရွတ်ဆိုနေလေသည်။

ခေါင်းကြီးရွာသူကြီး ဘာတွေ တွေးနေသလဲ ဆိုတာကို ချူချယ် လုံးဝ မသိပေ။

သို့သော် ယာဉ်တန်းခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ ပထမဆုံး စဉ်းစားရမည်မှာ ယာဉ်တန်း၏ အကျိုးအမြတ်အတွက်ပင် ဖြစ်သည်။

ယာဉ်တန်းသည်လည်း အခက်အခဲများစွာ ရှိနေသည်။

လွန်ခဲ့သော အချိန်အတန်ကြာက ကံကောင်းထောက်မစွာဖြင့် နတ်သူငယ်ရေကန်ကို တွေ့ရှိခဲ့ပြီး ငါးများ အမြောက်အမြား မရရှိခဲ့ပါက သူတို့သည် အန္တရာယ်များလှသော လူသူကင်းမဲ့ တားမြစ်မြို့များအတွင်းသို့ ဝင်ရောက်ကာ ရိက္ခာရှာဖွေရဦးမည် ဖြစ်သည်။

ရိက္ခာရှာဖွေရေး ထွက်တိုင်းသည် အသက်နှင့် ရင်းရသော စွန့်စားမှုတစ်ခုပင် ဖြစ်သည်။

ထိုသို့ ထွက်တိုင်းလည်း ယာဉ်တန်းထဲမှ လူများစွာ သေဆုံးရစမြဲ ဖြစ်သည်။

လမ်းစဉ်အစွမ်းပိုင်ရှင်များပင်လျှင် ရိက္ခာရှာဖွေသည့် လုပ်ငန်းစဉ်များအတွင်း သေဆုံးသွားနိုင်ပေသည်။

ချူချယ် လုပ်ဆောင်နေခြင်းမှာ သူ့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ယာဉ်တန်းထဲမှ လူများ သေဆုံးမှု နည်းပါးစေရန်သာ ဖြစ်သည်။

"ဒီလိုလုပ်ကြတာပေါ့ ရွာသူကြီး... ခင်ဗျား တောင်းဆိုထားတဲ့ ရိက္ခာတွေထဲက အများဆုံး ၁၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်မယ်... သဘာဝလွန်ပစ္စည်းတွေ ဆိုတာကိုတော့ ထည့်မစဉ်းစားနဲ့တော့... ကျွန်တော်တို့ဆီမှာလည်း အများကြီး မရှိဘူး"

"ပြီးတော့... မျိုးစေ့တွေက အနည်းဆုံး တစ်မျိုးကို ပိဿာ (၉၀) စီ လိုချင်တယ်"

"ဒါပေါ့... အဲဒီအစား နောက်တစ်ပတ်နေရင် ရောက်လာမယ့် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ ကူညီပေးပါ့မယ်"

အဆမတန် တောင်းဆိုတာကို ငါလည်း လုပ်တတ်ပါတယ်။

ခေါင်းကြီးရွာသူကြီးက ချူချယ်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ပြီး "ခင်ဗျား... ခင်ဗျား ရူးနေတာလား... ပိဿာ (၃၀) ဟုတ်လား... ကျွန်တော်တို့ဆီမှာရှိတဲ့ အောင်မြင်တဲ့ မျိုးစေ့တွေ အကုန်ပေါင်းရင်တောင် ပိဿာ (၃၀) မရှိဘူး"

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

အမြဲတမ်း အေးအေးဆေးဆေး ရှိနေတတ်သည့် ဘုန်းကြီးပင် ဤအချိန်တွင် မျက်လုံးဖွင့်လာပြီး ချူချယ်ကို ခေါင်းပုံဖြတ်လွန်းသော မြေပိုင်ရှင်ကြီး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာလေသည်။

ဘုန်းကြီး၏ စိတ်ထဲတွင် စကားတစ်ခွန်း ဖြတ်ပြေးသွား၏။

"မျက်ခုံးထူထူ မျက်လုံးပြူးပြူးနဲ့ ဒီကောင်ကလည်း အတော်ကို နှလုံးသားမည်းတဲ့ကောင်ပဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ခေါင်းဆောင်ချူချယ်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အံ့သြတုန်လှုပ်စွာ ကြည့်နေသည်။

တင်းတုံသည်လည်း သူမ၏ အာရုံကို ထိုနုနယ်သော ပျိုးပင်လေး နှစ်ပင်ဆီမှ ခွာလိုက်ပြီး ချူချယ်အား အနည်းငယ် အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

ထယ်ရှီးမှာမူ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး ချူချယ်နှင့် မပတ်သက်ချင်သကဲ့သို့ မျက်နှာလွှဲကာ ကျောခိုင်းလိုက်၏။

ချန်းရီ တစ်ယောက်တည်းသာ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

"ဒါကမှ ခေါင်းဆောင်ချူချယ်ရဲ့ သရုပ်မှန်ပဲ... နှလုံးသားမည်းတဲ့ ခေါင်းဆောင်ဆိုတာ မင်းတို့က အခုမှ ပထမဆုံး သိကြတာကိုး"

ထို့နောက် ဆက်လက်ဖြစ်ပေါ်လာသော စေ့စပ်ဆွေးနွေးမှုမှာတော့ ပြောစရာပင် မလိုတော့ပေ။

နှစ်ဖက်စလုံးက ကိုယ်စီ အကျိုးအမြတ်များနှင့် မိမိတို့ နောက်ကွယ်မှ ကိုယ်စားပြုနေသော အကျိုးအမြတ်များအတွက် မျက်နှာတွေ နီရဲလာသည်အထိ အချေအတင် ငြင်းခုံကြလေသည်။

သို့သော် ဤတစ်ကြိမ်တွင် ရွာသူကြီးက နည်းဗျူဟာ ပြောင်းလဲလိုက်ပြီး ဉာဏ်နီဉာဏ်နက် မသုံးတော့ဘဲ အသနားခံသည့် အသွင်ကိုသာ အသုံးပြုလာသည်။

ချူချယ်က သိပ်မယုံကြည်ဟန် ပြနေသည်ကို မြင်သောအခါ...

ခေါင်းကြီးရွာသူကြီးက ချူချယ်၊ စွန်းချန်းချန်း၊ တင်းတုံ၊ ထယ်ရှီးတို့ကို ခေါ်ကာ ရွာထဲတွင် တစ်ပတ် လိုက်ပြလေသည်။

အမှန်တော့ ချန်းရီကိုလည်း ဖိတ်ခေါ်ခဲ့သေးသော်လည်း ချန်းရီက ရွာသူကြီး၏ စေတနာကို ငြင်းဆန်ခဲ့သည်။

ဤတစ်ကြိမ် လိုက်ပြမှုသည် နှစ်နာရီကျော်မျှ ကြာမြင့်ခဲ့၏။

ရွာသူကြီးက သူတို့အား ရွာသူရွာသားများ၏ အိမ်များအတွင်းသို့ပင် ခေါ်ဆောင်သွားပြီး လိုက်လံ ပြသခဲ့သေးသည်။

အချို့သော ရွာသားများ၏ အိမ်တွင်း အခြေအနေများမှာ ယုံနိုင်စရာ မရှိလောက်အောင် ဆိုးရွားလွန်းလှသည်။

အိမ်တစ်အိမ်လုံးတွင် ကုတင်တစ်လုံးနှင့် ကုလားထိုင် တစ်လုံးသာ ရှိပြီး မိသားစုဝင် တစ်ယောက်ချင်းစီ၏ မျက်နှာများမှာ အာဟာရပြတ်လပ်မှုကြောင့် အရောင်အဆင်း ကင်းမဲ့နေကြသည်။

ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေသော တစ်စုံတည်းသာ ရှိလေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ဖူးသူများအဖို့ ဤအရာမှာ လုံးဝ နားလည်ပေးနိုင်စရာ အကြောင်းမရှိသည့် ကိစ္စမျိုးပင် ဖြစ်သည်။

ထိုကဲ့သို့ဖြင့် သူတို့ ပြန်ရောက်လာချိန်တွင် တစ်ယောက်ချင်းစီမှာ တိတ်ဆိတ်ငြိမ်သက်နေကြတော့သည်။

ချန်းရီက ဤအခြေအနေကို မြင်သောအခါ သက်ပြင်းသဲ့သဲ့မျှသာ ချလိုက်မိ၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသာ ဝင်စွက်ဖက်လိုက်ပါက သေချာပေါက် အားလုံး၏ ပြစ်တင်ဝေဖန်မှုကို ခံရမည်ဖြစ်ပြီး စိတ်နှလုံးကင်းမဲ့သော ရက်စက်သူတစ်ယောက်အဖြစ် အဆဲဆိုခံရနိုင်ပေသည်။

အဆုံးတွင်မူ သဘောတူညီမှု ရရှိသွားခဲ့ပြီး ချူချယ်က ယခင် ရွာသူကြီး တောင်းဆိုထားသော ရိက္ခာ၏ ထက်ဝက်ကို လဲလှယ်မှု အခြေအနေအဖြစ် ပေးအပ်ခဲ့သည်။

သဘာဝလွန် ပစ္စည်းများနှင့် ပတ်သက်၍မူ လုံးဝ မဖြစ်နိုင်ပေ။

ရွာသူကြီးဘက်မှလည်း အာလူးနှင့် ဆလတ်ရွက် ပြီးပြည့်စုံသော မျိုးစေ့ တစ်မျိုးလျှင် ခြောက်ပိဿာစီ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

မတတ်နိုင်ပေ။ သူတို့ကိုယ်တိုင်ပင် ပြီးပြည့်စုံသော မျိုးစေ့ များများစားစား မရှိလှပေ။

အောင်မြင်မှုနှုန်းမှာ အလွန်တရာ နည်းပါးလွန်းလှပြီး ဤမျှလောက် အောင်မြင်မှုနှုန်းဖြင့် အားနည်းသော စိုက်ပျိုးရေး စက်ဝန်းကိုသာ မနည်း ထိန်းသိမ်းထားရခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက သူတို့သည် စားနပ်ရိက္ခာ ပြဿနာကို စောစောစီးစီးကပင် ဖြေရှင်းနိုင်ခဲ့မည် ဖြစ်သည်။

အခြားသော အပိုဆောင်း သတ်မှတ်ချက်တစ်ခုလည်း ရှိသေးသည်။

၎င်းမှာ ယာဉ်တန်းသည် ဤနေရာတွင် ဆက်နေပြီး နောက်တစ်ပတ်တွင် ကျရောက်လာမည့် နတ်ဆင်ရွာ၏ အန္တရာယ်ကို ကူညီဖြေရှင်းပေးရမည်ဟူ၍ ဖြစ်သည်။

"ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေမှတော့... ခင်ဗျားတို့ကို ကျွန်တော် မဖုံးကွယ်တော့ပါဘူး"

"လမ်းပြသူ လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် တစ်ယောက်တည်းနဲ့ ဒီလောက်များပြားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ပေးဖို့ဆိုတာ လုံးဝ မလုံလောက်ပါဘူး"

"နတ်ဆင်ကြီးသာ မရှိခဲ့ရင် ကျွန်တော်တို့ သေတာ ကြာလှပေါ့"

"နတ်ဆင်ကြီးရဲ့ အငွေ့အသက်က လူအများစုရဲ့ သက်ရှိ အငွေ့အသက်တွေကို ဖုံးကွယ်ပေးထားလို့သာ ကျွန်တော်တို့ ဒီလောက်အထိ အဆင်ပြေပြေ အသက်ရှင်နေနိုင်သလို ဖြစ်နေတာပါ"

"ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့ ထူးဆန်းတဲ့ အရာတွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပြီးပြီ"

"ဒီတစ်ကြိမ်တော့... ခင်ဗျားတို့ကိုပဲ အားကိုးပါရစေတော့"

ခေါင်းကြီးရွာသူကြီးက စကားပြောပြီးသည်နှင့် ချန်းရီတို့ လူစုကို အလွန် လေးစားစွာဖြင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။

အရောင်းအဝယ် သဘောတူညီမှု ရရှိသွားပြီးနောက် ခေါင်းကြီးရွာသူကြီးသည် တိုက်ခိုက်ခံရသည့် အဖြစ်မှန်ကိုပါ ဖွင့်ဟ ပြောပြခဲ့သည်။

ချန်းရီကမူ ဤကိစ္စများကို သိပ်ပြီး ဝင်မစွက်ဖက်ချင်ပေ။

အရောင်းအဝယ်ကို ချက်ချင်း အဆုံးသတ်ပြီး လှည့်ထွက်သွားချင်စိတ်ပင် ပေါ်လာမိသည်။

မည်သို့ပင်ဖြစ်စေ ထူးဆန်းသောအရာများနှင့် ထိတွေ့ဆက်ဆံရခြင်းသည် ဓားသွားပေါ်တွင် ကခုန်နေရသကဲ့သို့ အန္တရာယ်များလွန်းလှသည် မဟုတ်ပါလော။

သို့သော် အခြား ယာဉ်တန်းအဖွဲ့ဝင်များ၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ဤကိစ္စတွင် သူတို့ သေချာပေါက် ပါဝင်ပတ်သက်ကြမည်မှာ သေချာနေသည်။

ထို့ကြောင့် ချန်းရီလည်း ပါးစပ်ပိတ်ကာ ဘာမှ ဝင်မပြောတော့ပေ။

မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူများက စတင် လှုပ်ရှားလာကြသည်။

ရွှီနန်၏ ဦးဆောင်မှုအောက်တွင် ယာဉ်တန်းပေါ်မှ ငါးများ အတော်များများကို ချယူလိုက်ကြသည်။

ဆွေးနွေးခွဲဝေပြီးနောက် ရွာသူကြီး၏ လက်ထောက်ဖြစ်သူ ရှောင်ကျန်းက ထိုငါးများ၏ ထက်ဝက်ကို သယ်ဆောင်သွားခဲ့သည်။

ထို့ပြင် ဆန်နှင့် ဂျုံမှုန့်များလည်း ပါဝင်သေးသည်။

ချန်းရီနှင့် အခြားသူများ၏ ရိက္ခာပစ္စည်းများကိုလည်း ထက်ဝက်ခန့် ယူဆောင်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုတစ်ကြိမ် လဲလှယ်ရရှိလာသော မျိုးစေ့များသည် ယာဉ်တန်းနှင့် သက်ဆိုင်ပြီး ယာဉ်တန်းနှင့် သက်ဆိုင်သည် ဆိုသည်မှာ ချန်းရီနှင့်လည်း သက်ဆိုင်နေခြင်းပင် ဖြစ်သည်။

သဘောတူညီချက် ရရှိပြီးဖြစ်သဖြင့် ချန်းရီကလည်း မကျေနပ်သည့် အရိပ်အယောင်မျိုး မပြသခဲ့ပေ။

တစ်မျိုးလျှင် ခြောက်ပိဿာစီဖြင့် စုစုပေါင်း ဆယ့်နှစ်ပိဿာရှိသော ပြီးပြည့်စုံသည့် မျိုးစေ့များကို တစ်စုံတစ်ယောက်က လာပို့ပေးလေသည်။

ယခုတစ်ကြိမ် လာပို့ပေးသူမှာ ယခင်က အချောအလှ အစီအစဉ်မှူးလေးပင် ဖြစ်သည်။

ဆုမန်ရှန်းသည် အာလူးနှင့် ဆလတ်ရွက်များ အပြည့်ပါသော ခြင်းတောင်းကို ဆွဲလာပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုမျှ မရှိပေ။

ချန်းရီကို ကြည့်လိုက်သည့်အချိန်တွင်လည်း သူ့ကို လုံးဝ မသိကျွမ်းဖူးသကဲ့သို့ မျက်လုံးများပင် တစ်ချက် မတုန်လှုပ်ခဲ့ပေ။

တင်းတုံမှာ ယာဉ်တန်းထဲတွင် စိုက်ပျိုးရေးကို အစိတ်ဝင်စားဆုံးသူ ဖြစ်သည့်အတွက် ဤမျိုးစေ့များကို သူမကပင် တာဝန်ယူ စိုက်ပျိုးရမည် ဖြစ်သည်။

တင်းတုံသည် ယမန်နေ့ညကပင် ကား၏ ဘေးနှစ်ဖက်စလုံးကို စိုက်ပျိုးရေး နံရံများအဖြစ် ပြုပြင်မွမ်းမံထားခဲ့ပြီး နေရာလွတ်များကို အကျိုးရှိရှိ အသုံးချထားခဲ့သည်။

ယနေ့မှစတင်၍ ဤမျိုးစေ့များသည် တင်းတုံ၏ အသက်သွေးကြောများပင် ဖြစ်လာတော့မည်။

ဤအမျိုးသမီးမှာ ယခုအချိန်၌ ဆံပင်စမှ ခြေဖျားအထိ ပျော်ရွှင်ကြည်နူးနေသည့် အငွေ့အသက်များ ဖြာထွက်နေတော့သည်။

ခေါင်းကြီးရွာသူကြီး၏ အဆိုအရ ဤမျိုးစေ့များသည် သိပ်ပြီး ဂရုစိုက်စရာ မလိုဘဲ ပြီးပြည့်စုံသော မျိုးစေ့များ ဖြစ်နေသရွေ့ သူတို့ သင်ပေးသော နည်းလမ်းအတိုင်း မြေကြီးထဲတွင် စိုက်ပျိုးလိုက်ပါက အလွန်လျင်မြန်စွာ အပွင့်ပွင့်ကာ အသီးသီးလာမည် ဖြစ်သည်။

ခဏနေလျှင် တင်းတုံသည် စိုက်ပျိုးရေးစခန်းဘက်သို့ သွားရောက်ကာ ပါမောက္ခလျှိုထံမှ ဤမျိုးစေ့များကို စိုက်ပျိုးရာတွင် သတိထားရမည့် အချက်များကို သွားရောက် သင်ယူရဦးမည် ဖြစ်သည်။

ကျိုးရှောင်ရှောင်သည်လည်း တင်းတုံ၏ ဘေးတွင် အမြဲတမ်း အလုပ်များနေလေသည်။

ဤချစ်စဖွယ် မျက်နှာပိုင်ရှင် ဆံပင်တိုတိုနှင့် ကောင်မလေးသည် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဂျီးများသော မင်းသမီးလေး တစ်ပါး၏ အငွေ့အသက်များအားလုံး ကင်းစင်သွားခဲ့ပြီး တစ်နှစ်ပတ်လုံး လယ်လုပ်နေရသော တောသူမလေး တစ်ဦးနှင့်ပင် တူနေလေပြီ။

သေချာပေါက် သူမ၏ မျက်နှာပေါ်ရှိ အသားအရေကို သေချာ ကြည့်လိုက်လျှင် အနည်းငယ် နုနယ်မှုများ ကျန်ရှိနေသေးသည်မှလွဲ၍ ကျန်သည့် နေရာများတွင်မူ အခြား အသက်ရှင်ကျန်ရစ်သူများနှင့် မည်သည့် ကွာခြားမှုမျှ မရှိတော့ပေ။

ဤတစ်ကြိမ် အရောင်းအဝယ်၏ အဓိက အပိုင်းများ အတည်ပြုပြီးသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှသာလျှင် သူတို့ အဖွဲ့သည် အခြားသူများထံတွင် မိမိတို့ လိုအပ်သော ပစ္စည်းများ ရှိမရှိ လိုက်လံ ကြည့်ရှုရန် အသီးသီး လျှောက်သွားကြတော့သည်။

ဆက်ရန်...

All Chapters