← Chapters

အခန်း ၂၁၄

Vol. 11 Ch. 214

အခန်း ၂၁၄

Vol. 11 Ch. 214

အပိုင်း(၂၁၄) လွတ်လပ်စွာ အရောင်းအဝယ်ပြုခြင်း

ထို့နောက်တွင်တော့ လွတ်လပ်စွာ အရောင်းအဝယ်ပြုလုပ်သည့် အချိန်ပင် ဖြစ်လာ၏။

ချန်းရီက ဆေးလိပ်မှလွဲ၍ သူ လဲလှယ်နိုင်သမျှ ပစ္စည်းများကို အကုန်ထုတ်ယူလိုက်ရာ ထိုအထဲတွင် စားစရာများလည်း မနည်းမနော ပါဝင်နေသည်။

အခြားသူများကလည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော် လူတိုင်းက မိမိတို့ ယာဉ်တန်းအဖွဲ့သားများ၏ ပစ္စည်းများအပေါ်တွင်တော့ သိပ်ပြီး စိတ်ဝင်စားမှု မရှိကြချေ။

အဘယ်ကြောင့်ဆိုသော် မည်သူ့ထံတွင် မည်သည့်ပစ္စည်းများ ရှိနေသနည်းဆိုသည်ကို အဖွဲ့သားအချင်းချင်း အသိဆုံးပင် ဖြစ်သောကြောင့်တည်း။

ထို့ထက်စာလျှင် နတ်ဆင်ရွာမှ အစွမ်းပိုင်ရှင် နှစ်ဦးထံ၌ ရှိနေသော ပစ္စည်းများအပေါ်တွင် ပို၍ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

ပွယောင်းယောင်း တာအိုဆရာ၏ ရှေ့တွင်တော့ အင်းစက္ကူများ အများအပြား ရှိနေသည်။

ထို့ပြင် မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်သည့် မက်မွန်သစ်သားဓား ကဲ့သို့သော ပစ္စည်းအချို့လည်း ပါရှိသေး၏။

မြင်ရသည်မှာ အယူသည်းမှုများကို လိုက်လံဖြန့်ဝေနေသည့် ပုံစံမျိုးနှင့်ပင် တူနေတော့သည်။

သာမန် ကမ္ဘာမပျက်မီ အချိန်ကသာဆိုလျှင် ဤကဲ့သို့ လုပ်ရပ်မျိုးမှာ သေချာပေါက် အဖမ်းခံရမည့် ကိစ္စမျိုးပင်။

ချန်းရီက ပွယောင်းယောင်း တာအိုဆရာ၏ ဆိုင်တွင် ခင်းကျင်းထားသော ပစ္စည်းများကို ကြည့်ရင်း အနည်းငယ်တော့ စိတ်ဝင်စားသွားမိသည်။

အစောပိုင်းအချိန်များက ချန်းရီကိုယ်တိုင်လည်း ထူးဆန်းသောအရာများကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု စနစ်ထံတွင် မေးမြန်းခဲ့ဖူးသည်။

ထိုစဉ်က စနစ်ပေးခဲ့သော နည်းလမ်းမှာ ခွေးနက်သွေး ပင် ဖြစ်၏။

ချူချယ်က အသက်ရှင်ကျန်ရစ်သူများ မွေးမြူထားသည့် ခွေးနှစ်ကောင်ကိုပင် အထူးတလည် မွေးစားထားခဲ့သေးသည်။ ရည်ရွယ်ချက်မှာ ခွေးနက်သွေးများကို စုဆောင်းနိုင်ရန်အတွက်သာ ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ခဲ့ရသည့် ခရီးစဉ်များအတွင်း ထိုခွေးနက်နှစ်ကောင်လည်း ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိအောင် ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ခွေးနက်သွေး၏ မကောင်းဆိုးဝါးနှင်ထုတ်နိုင်သော အစွမ်းအနည်းငယ်မှာလည်း အသုံးမဝင်တော့ဘဲ ဖယ်ရှားခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

ယခု သူ၏ရှေ့ရှိ ဆိုင်တွင် ခွေးနက်သွေးသာမက ဆား၊ ကြက်သွန်ဖြူနှင့် လက်ဝါးကပ်တိုင်များပင် ရှိနေသေးသည်။

တွေးကြည့်၍ ရနိုင်သမျှ ပစ္စည်းအားလုံးသည် ဤဆိုင်တွင် အကုန်ရှိနေ၏။

ဘေးနားတွင် ရပ်နေသူမှာ ပန်းရောင်ဆံပင် ကောင်မလေးပင် ဖြစ်သည်။

ထိုကောင်မလေးကလည်း ဆိုင်ပေါ်ရှိ ပစ္စည်းများကို အလွန် စိတ်ဝင်စားနေပုံရသည်။

သူတို့နှစ်ဦး ရပ်နေသည်မှာ အနည်းငယ် နီးကပ်နေသောကြောင့် ချန်းရီက ပန်းရောင်ဆံပင် ကောင်မလေးထံမှ မိန်းမပျိုလေးများ၏ ကိုယ်သင်းနံ့ကိုပင် ရနေသည်။

နေပါဦး... ဒီလောက် ရေမချိုးရတာ ကြာနေပြီဖြစ်တဲ့ အချိန်ကြီးမှာ ငါက ဒီကိုယ်သင်းနံ့ကို ရနေသေးတာလား...

ဖြစ်နိုင်တာကတော့။

အဟမ်း... အဟမ်း။

အခြားကိစ္စတွေကိုပဲ တွေးတာ ကောင်းမယ်။

"ကိုယ်လက်သန့်စင် အင်းစက္ကူ... ဒီဟာက တကယ် အသုံးဝင်လို့လား"

ချန်းရီက အင်းစက္ကူတစ်ရွက်ကို ကောက်ယူလိုက်ပြီး စက္ကူပေါ်ရှိ ကောက်ကွေ့နေသော စာလုံးအချို့ကို ကြည့်ကာ တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားသည်။

"ကိုယ်လက်သန့်စင် အင်းစက္ကူဆိုတာ... နာမည်အတိုင်း သန့်စင်ပေးတာပဲ"

"ရေချိုးတာနဲ့ အတူတူပဲ... ဒါပေမဲ့ ရေချိုးတာထက် သန့်စင်တဲ့ အာနိသင်က အများကြီး ပိုအားကောင်းတယ်"

ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိသော ပွယောင်းယောင်း တာအိုဆရာက မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

သို့သော် တာအိုဆရာ၏ မျက်နှာနှင့် ခေါင်းပေါ်တွင် နှုတ်ခမ်းနီရာ အများအပြား ရှိနေ၏။

ပန်းရောင်ဆံပင် ကောင်မလေးက ရွံရှာနေသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

တာအိုဆရာကလည်း သူမကို မြင်သောအခါ ထိုနည်းတူပင် ရွံရှာနေသည့် အမူအရာကို ပြသလာမည်ဟု မည်သူက ထင်ထားမည်နည်း။

"ခင်ဗျားရဲ့ ဒီပစ္စည်းက... "

ချန်းရီသည် ကိုယ်လက်သန့်စင် အင်းစက္ကူ၏ အသုံးဝင်ပုံကို နားလည်သွားပြီးနောက် တစ်ကိုယ်လုံး ယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။

လူတစ်ယောက်အနေဖြင့် အချိန်ကြာမြင့်စွာ ရေမချိုးရပါက အစပိုင်းတွင် အဆင်မပြေမှုများကို ခံစားရမည်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် နေသားကျသွားတတ်စမြဲပင်။

ထိုအချိန်မျိုးသို့ ရောက်သွားလျှင် ရေချိုးခြင်း၊ မချိုးခြင်းက သိပ်ပြီး ကွာခြားမှု မရှိတော့သလို ခံစားရပေလိမ့်မည်။

သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်ယောက်ယောက်က သင့်နားနား ကပ်၍ 'ရေချိုးခြင်း' သို့မဟုတ် 'ကိုယ်လက်သန့်စင်' ဟူသော စကားလုံးများကို လာရောက် ပြောဆိုခဲ့မည် ဆိုပါက...

ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်လာပြီး ချက်ချင်းပင် ရေတစ်ခါလောက် သေချာ ချိုးပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာမည်မှာ သေချာသည်။

ယခုအချိန်တွင် ချန်းရီက ထိုအခြေအနေမျိုးသို့ ရောက်ရှိနေခြင်းပင်။

အကယ်၍ ဤကိုယ်လက်သန့်စင် အင်းစက္ကူကိုသာ မမြင်ခဲ့ရပါက ချန်းရီအနေဖြင့် သူကိုယ်သူ အနည်းဆုံး နောက်ထပ် ခြောက်လခန့်အထိ အောင့်အည်း သည်းခံနိုင်သေးသည်ဟု ထင်မှတ်ထားခဲ့မိသည်။

မည်သို့ပင်ဆိုစေကာမူ မကြာမီကမှ နတ်သူငယ်ရေကန်တွင် ရေခပ်၍ တစ်ခါ ချိုးထားခဲ့သေးသည် မဟုတ်ပါလော။

ဘေးနားရှိ ပန်းရောင်ဆံပင် ကောင်မလေးမှာမူ ပို၍ပင် အခြေအနေ ဆိုးနေသေးသည်။

ပန်းရောင်ဆံပင် ကောင်မလေးသည် ကိုယ်လက်သန့်စင် အင်းစက္ကူ၏ အာနိသင်ကို သိရှိသွားပြီးနောက် ချန်းရီ၏ လက်ထဲတွင် ရှိနေသော အင်းစက္ကူဆီမှ မျက်လုံးကို တစ်ချက်မျှ မခွာတော့ချေ။

မည်သည့် မိန်းကလေးမှ ဤကဲ့သို့သော ကိုယ်လက်သန့်စင် အင်းစက္ကူ၏ အာနိသင်ကို ဂရုမစိုက်ဘဲ နေနိုင်မည် မဟုတ်ပေ။

"ဆရာ... ဒီပစ္စည်းကို ဘယ်လို လဲလှယ်ရမလဲ"

တာအိုဆရာက ပန်းရောင်ဆံပင် ကောင်မလေးကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဈေးမကြီးပါဘူး... ဆန် ဒါမှမဟုတ် ဂျုံမှုန့် တစ်ပြည်လောက်ဆို ရပါပြီ"

"ဆန်တစ်ပြည် ဟုတ်လား... ရှင် ဓားပြသွားတိုက်ပါလား"

ပန်းရောင်ဆံပင် ကောင်မလေးက ဒေါသတကြီး အော်ပြောလိုက်သည်။

ထို့နောက်တွင်တော့ ပန်းရောင်ဆံပင် ကောင်မလေးနှင့် ပွယောင်းယောင်း တာအိုဆရာတို့ အကြား ဈေးဆစ်သည့် လုပ်ငန်းစဉ်များ စတင်လာတော့၏။

နောက်ဆုံး ဈေးနှုန်းမှာတော့ သက်တမ်းလွန်နေသော မုန်ညင်းချဉ် တစ်ထုပ်လျှင် ကိုယ်လက်သန့်စင် အင်းစက္ကူ တစ်ရွက်နှင့် လဲလှယ်ရန် သဘောတူညီသွားကြသည်။

သေချာသည်ကတော့ အကယ်၍ သက်တမ်း မလွန်သေးသော ပစ္စည်းဆိုလျှင် အင်းစက္ကူ နှစ်ရွက်အထိ လဲလှယ်နိုင်မည် ဖြစ်သည်။

ပန်းရောင်ဆံပင် ကောင်မလေး ဘယ်နှရွက် လဲလှယ်သွားသနည်း ဆိုသည်ကို ချန်းရီ မသိလိုက်ပေ။

သို့သော် ချန်းရီကတော့ နှစ်ရွက် လဲလှယ်လိုက်သည်။

တာအိုဆရာ၏ ပြောပြချက်အရ သဘာဝလွန် အစွမ်းအနည်းငယ်ကို စီးဆင်းစေလိုက်ရုံဖြင့် ကိုယ်လက်သန့်စင် အင်းစက္ကူ၏ အာနိသင်ကို အသက်သွင်းနိုင်မည် ဖြစ်သည်။

ကိုယ်လက်သန့်စင် အင်းစက္ကူသည် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ရုံသာမက ဝတ်ဆင်ထားသော အဝတ်အစားများကိုပါ သန့်ရှင်းသွားစေနိုင်စွမ်း ရှိသည်။

ထို့ကြောင့်ပင် ချန်းရီက ရုံမြို့ တွင် ဝတ်ဆင်ခဲ့သော အနွေးထည်အထူကြီးကိုပါ ကိုယ်ပေါ်တွင် ထပ်မံ ဝတ်ဆင်လိုက်သည်။

စဉ်းစားကြည့်လျှင် ရုံမြို့တွင် ထိုမျှလောက် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့စဉ်က ဤအနွေးထည်ကြီးမှာ အညစ်အကြေးများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။

ခြေထောက်တွင်လည်း ခြေအိတ် အထပ်ထပ်ကို စွပ်ထားပြီး အနံ့အသက်ဆိုးများ ထွက်နေသည့် နှင်းတောစီးဖိနပ်ကြီးကိုပါ စီးထားလိုက်သေး၏။

ကိုယ်လက်သန့်စင် အင်းစက္ကူမှာ လတ်ဆတ်သော လေပြေလေညင်း တစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ချန်းရီ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။

ချန်းရီသည် နွေဦးလေပြေက မျက်နှာကို လာရောက် ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ နေရာတိုင်းကို အလွန် နူးညံ့သိမ်မွေ့သော စွမ်းအင်တစ်ရပ်က လွှမ်းခြုံ ဖြတ်သန်းသွားသည်ကို သတိထားမိလိုက်သည်။

ဆံပင်ကြားထဲမှ အညစ်အကြေးများ၊ လက်သည်းခွံကြားမှ အမည်းရောင် ဂျီးများအပြင် မျက်နှာပေါ်ရှိ အဆီပြန်နေမှုများပါမကျန် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနူးညံ့သော စွမ်းအင်၏ ဖြတ်သန်းသွားခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

အချိန်အားဖြင့် တိုတောင်းလှသော စက္ကန့်သုံးဆယ်ခန့်သာ ကြာမြင့်ခဲ့၏။

ချန်းရီသည် သူကိုယ်သူ နေရာအနှံ့အပြား ဘက်စုံ သန့်စင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဝတ်ဆင်ထားသော အဝတ်အစားများဆီမှပင် မွှေးပျံ့သော ရနံ့သင်းသင်းလေး တစ်ခု ထွက်ပေါ်နေသေးသည်။

ချန်းရီက သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်အထိ သန့်ရှင်းဖူးခြင်း မရှိခဲ့ဟုပင် ထင်မှတ်မိသွားသည်။

ဘေးနားမှနေ၍ ဤဖြစ်စဉ်အလုံးစုံကို စောင့်ကြည့်နေခဲ့သော ပန်းရောင်ဆံပင် ကောင်မလေးသည် ချန်းရီ၏ သန့်စင်သွားသော မျက်နှာကို ကြည့်ရင်း ချန်းရီက ကြည့်ကောင်းသားပဲဟု ရုတ်တရက် တွေးလိုက်မိသည်။

ချန်းရီက စမ်းသပ်ခံအဖြစ် လုပ်ပြလိုက်သောကြောင့်...

ပန်းရောင်ဆံပင် ကောင်မလေးက ကိုယ်လက်သန့်စင် အင်းစက္ကူများကို နောက်ထပ် အရွက်ပေါင်းများစွာ ထပ်မံ လဲလှယ်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ တင်းတုံ ပင်လျှင် ဆွဲဆောင်ခံလိုက်ရပြီး ရောက်ရှိလာခဲ့လေသည်။

တာအိုဆရာ၏ ကိုယ်လက်သန့်စင် အင်းစက္ကူများမှာ တစ်ခဏအတွင်းမှာပင် အရောင်းသွက်သွားပြီး ရိက္ခာပစ္စည်း အများအပြားကို လဲလှယ်ရရှိလိုက်သည်။

တာအိုဆရာသည် ပန်းရောင်ဆံပင် ကောင်မလေးကို အမြင်မကြည်သေးသော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာကတော့ များစွာ ကြည်လင်လာခဲ့ပြီ ဖြစ်သည်။

မလှမ်းမကမ်းမှနေ၍ ဤဖြစ်ရပ်ကို မြင်တွေ့နေရသော ရွှီနန်နှင့် ကျိုးရှောင်ရှောင် တို့ကဲ့သို့သော သာမန်လူများမှာလည်း တစ်ခဏအတွင်း မနာလိုဖြစ်ကာ မျက်စိကျလာကြသည်။

ချန်းရီကိုယ်တိုင်ပင် နောက်ထပ် အရွက်အနည်းငယ် ထပ်မံ လဲလှယ်လိုက်သေး၏။

ဤပစ္စည်းက မိမိကိုယ်တိုင် မသုံးလျှင်တောင်မှ နောက်ပိုင်းတွင် အခြားသော ယာဉ်တန်းများနှင့် ရိက္ခာများ လဲလှယ်ရာ၌ အလွန်ကောင်းမွန်သော ငွေကြေးတစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

နောက်တစ်ကြိမ် အခြားယာဉ်တန်းများနှင့် ဆုံတွေ့ရသည့်အခါ သန့်ရှင်းရေးကို ကြိုက်နှစ်သက်သော လမ်းစဉ် အစွမ်းပိုင်ရှင်များကို သီးသန့် ရောင်းချမည်ဆိုပါက ကိုယ်လက်သန့်စင် အင်းစက္ကူ တစ်ရွက်လျှင် ခေါက်ဆွဲခြောက် ဆယ်ထုပ်အထိ လဲလှယ်နိုင်မည်မှာ မဖြစ်နိုင်သည့် ကိစ္စမျိုးတော့ မဟုတ်ပေ။

မကြာမီမှာပင် တာအိုဆရာ၏ ရှေ့တွင် အမျိုးအစား စုံလင်လှသော စားစရာများ ပုံလာတော့သည်။

သက်တမ်းလွန် ခေါက်ဆွဲခြောက်ထုပ်များ၊ သက်တမ်းလွန် ပေါင်မုန့်လေးများ၊ သက်တမ်းလွန် ဘီစကွတ်မုန့်များနှင့် သက်တမ်းလွန် စနီကာချောကလက်များ အားလုံး ပါဝင်လေသည်။

တာအိုဆရာမှာ မျက်လုံးများပင် ပျောက်သွားသည်အထိ ပြုံးရွှင်နေတော့၏။

လူငယ်တစ်ယောက်က အလျင်အမြန် ရောက်လာပြီး ထိုပစ္စည်းများကို သိမ်းဆည်းသွားသည်။

ချန်းရီကလည်း စောစောကမှ သန့်စင်ထားသော အဝတ်အစားများကို ကားထဲသို့ ပစ်ထည့်လိုက်သည်။ ယခုကဲ့သို့သော ရာသီဥတုမျိုးတွင် ဤမျှ အများကြီး ဝတ်ဆင်ထားရန် မလိုအပ်ချေ။

"မိတ်ဆွေတို့... ကျုပ်ဆီမှာ တခြား အင်းစက္ကူတွေလည်း ရှိသေးတယ်... မိုးကြိုးခေါ် အင်းစက္ကူ... ဝိညာဉ်ပုံစံ ထူးဆန်းတဲ့ အရာတွေကို နှိမ်နင်းဖို့ သီးသန့်ထုတ်ထားတာ... ဝိညာဉ်ပုံစံ ထူးဆန်းတဲ့ အရာတွေကို ခင်ဗျားတို့ ကြုံဖူးကြမှာပဲ... အတော်လေးကို ဒုက္ခပေးနိုင်တာနော်"

"ခေါက်ဆွဲခြောက် သုံးထုပ်ဆိုရင် ရပြီ... ဒါမှမဟုတ် ချီဝေ ဘီစကွတ်မုန့်ဆိုရင်လည်း ရတယ်... ယုန်ဖြူလေး နို့သကြားလုံးနဲ့ဆိုရင်လည်း လဲလှယ်ပေးလို့ရတယ်"

"မိုးကြိုးငါးပါး အင်းစက္ကူလည်း ရှိသေးတယ်... ဒီ မိုးကြိုးငါးပါး အင်းစက္ကူသာ မရှိရင် ကျုပ် မြူခိုးမြို့တော်မှာတုန်းက အပြင်တောင် ထွက်လာနိုင်မှာ မဟုတ်ဘူး"

"မိုးကြိုးခေါ် အင်းစက္ကူရဲ့ အဆင့်မြင့် ပုံစံပဲ... ထူးဆန်းတဲ့ အရာတွေ အပေါ်မှာ သတ်ဖြတ်နိုင်စွမ်း အတော်လေး ပြင်းထန်တယ်"

မိုးကြိုးခေါ် အင်းစက္ကူနှင့် မိုးကြိုးငါးပါး အင်းစက္ကူ နှစ်ခုလုံးက ထိုလူစု၏ ဝယ်ယူချင်စိတ်ကို မနှိုးဆွနိုင်ခဲ့ပေ။

ချန်းရီဖြစ်စေ၊ ပန်းရောင်ဆံပင် ကောင်မလေးဖြစ်စေ၊ သို့မဟုတ် ထယ်ရှီးပင် ဖြစ်စေ လူတိုင်းတွင် မိမိတို့ပိုင်ဆိုင်ထားသော ကိုယ်ပိုင် အစွမ်းများ ရှိနေကြသည်။

မိုးကြိုးငါးပါး အင်းစက္ကူက အရေးပေါ် လိုအပ်နေသော အရာမျိုး မဟုတ်ချေ။

ထို့ပြင် ဤတာအိုဆရာက အစားအစာကိုသာ လဲလှယ်ချင်နေခြင်း ဖြစ်သည်။

အကယ်၍ အခြားပစ္စည်းများနှင့်သာ လဲလှယ်မည်ဆိုပါက လူတိုင်းက အနည်းငယ်တော့ လဲလှယ်ကောင်း လဲလှယ်ကြပေလိမ့်မည်။

သို့သော် အစားအစာဖြင့် လဲလှယ်ရမည်ဆိုလျှင်တော့ ထားလိုက်ပါတော့ဟုသာ တွေးမိကြသည်။

"ဟောဒီမှာ... ဟောဒီမှာ... ဒီ မိစ္ဆာနိုင် အင်းစက္ကူလည်း ရှိသေးတယ်... သာမန်လက်နက်တွေက ထူးဆန်းတဲ့ အရာတွေ အပေါ်ကို ထိခိုက်မှု မဖြစ်စေနိုင်ဘူးလေ... ဒါပေမဲ့ မိစ္ဆာနိုင် အင်းစက္ကူ ရှိရင်တော့ မတူတော့ဘူး... မိစ္ဆာနိုင် အင်းစက္ကူကို လက်နက်ပေါ်မှာ ကပ်လိုက်ရုံနဲ့ နှစ်နာရီတိတိ ထူးဆန်းတဲ့ အရာတွေကို သတ်ဖြတ်နိုင်စွမ်း ရရှိသွားမယ်... သာမန်လူတွေတောင် အသုံးပြုလို့ ရတယ်"

လူအချို့က တာအိုဆရာ၏ ဆိုင်ပေါ်ရှိ အင်းစက္ကူများကို ကြည့်လိုက်ကြသည်။

သို့သော် တစ်ခဏအတွင်းမှာပင် စိတ်ဝင်စားမှု လျော့ကျသွားကြပြန်သည်။

ဒီ မိစ္ဆာနိုင် အင်းစက္ကူက အနည်းနှင့်အများတော့ သိပ်ပြီး အသုံးမဝင်လှချေ။

"မက်မွန်သစ်သားဓား... နတ်သမီး လမ်းစဉ်ရဲ့ အထူးထုတ်ကုန်တွေထဲက တစ်ခုပဲ... မကောင်းဆိုးဝါးတွေကို ရှောင်ရှားနိုင်ပြီး မိစ္ဆာတွေကို နှိမ်နင်းနိုင်တယ်... ဘယ်လိုလဲ... ဆရာချန်း... ခင်ဗျားမှာ သဘောကျနေတဲ့ ကောင်မလေး ရှိနေရင် တစ်လက်လောက် ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါလား... အနည်းဆုံးတော့ ကိုယ်ခံပညာအတွက် အသုံးဝင်တယ် မဟုတ်လား"

ပွယောင်းယောင်း တာအိုဆရာက သူ၏ ကုန်ပစ္စည်းများကို ဆက်လက် အရောင်းမြှင့်တင်နေဆဲ ဖြစ်သည်။

တာအိုဆရာ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ပန်းရောင်ဆံပင် ကောင်မလေးက ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ချန်းရီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အခြားပစ္စည်းများဆီသို့ အကြည့်လွှဲသွားသည်။

"ခင်ဗျားဆီမှာ ဒီပစ္စည်းတွေပဲ ရှိတာလား"

ချန်းရီက တာအိုဆရာ၏ "သဘောကျနေတဲ့ အမျိုးသမီးများ ရှိနေသလား" ဟူသော မေးခွန်းကို ပြန်လည် မဖြေကြားခဲ့ဘဲ သူ၏ အကြည့်များကို အခြားပစ္စည်းများဆီသို့သာ ရွှေ့လိုက်သည်။

"ဒါဆိုရင်... ဒီ ရှစ်ထောင့်မှန်ဆိုရင်ရော ဘယ်လိုလဲ... ထူးဆန်းတဲ့ ပစ္စည်းတစ်ခုလို့ မဆိုနိုင်ပေမဲ့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်နိုင်တယ်... ပြီးတော့... "

ချန်းရီက ခေါင်းခါယမ်းလိုက်ပြီး ဘုန်းကြီး ရှိရာဘက်သို့ လှည့်ထွက်သွားသည်။

ပန်းရောင်ဆံပင် ကောင်မလေးက ထို မက်မွန်သစ်သားဓားကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ "ဆရာ့ရဲ့ ဒီ မက်မွန်သစ်သားဓားက ထူးဆန်းတဲ့ အရာတွေကို ထိခိုက်စေနိုင်တာလား"

ချန်းရီ ထွက်သွားပြီးနောက် တာအိုဆရာမှာလည်း တစ်ခဏအတွင်း စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားပြီး ဆိုင်နောက်ဘက်ရှိ ထိုင်ခုံပေါ်တွင် မှီထိုင်ချလိုက်ကာ အားမလိုအားမရ လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ရတော့ ရတယ်... ဒါပေမဲ့ အကန့်အသတ်တော့ အများကြီးရှိတယ်"

"ဒီ မက်မွန်သစ်သားဓား... ယူမယ်"

ပန်းရောင်ဆံပင် ကောင်မလေးက ပြတ်သားစွာပင် ပြောလိုက်လေသည်။

ဆက်ရန်...

All Chapters