အခန်း ၂၁၉
Vol. 11 Ch. 219
အပိုင်း(၂၁၉) တကယ်လို့များ
ရွာသူကြီး၏ လက်ထောက် ရှောင်ကျန်းက ရွာထိပ်မှ ရွာအဆုံးအထိ အိမ်တစ်အိမ်ချင်းဆီသို့ သွားရောက်ကာ ရွာသားများ၏ ကာကွယ်ရေး အစီအမံများ ပြင်ဆင်ပြီးစီးခြင်း ရှိမရှိကို စစ်ဆေးနေ၏။
ထို့အပြင် အိမ်စောင့်အင်းစာရွက် တစ်ရွက်ကိုလည်း ထုတ်ပေးလေသည်။
"ဒါက တာအိုဆရာကျန့် လုပ်ထားတဲ့ အိမ်စောင့်အင်းပဲ... အရင် သင်တန်းပေးတုန်းက ဘယ်လိုသုံးရမလဲဆိုတာ ပြောပြထားဖူးတယ်... ခင်ဗျားတို့လည်း သိကြတယ် မဟုတ်လား"
"အင်းကို တံခါးမှာ ကပ်ထားပြီး အပြင်မထွက်ကြနဲ့"
"ပေါက်ကရတော့ မသုံးကြနဲ့... တစ်အိမ်ကို တစ်ရွက်ပဲ ရမှာ"
"ဒီပစ္စည်းက တာအိုဆရာဆီမှာတောင် အများကြီး မရှိဘူး"
"ခင်ဗျားတို့ သေသေချာချာ သိမ်းထားကြ... မခေါက်မိစေနဲ့... ဒါက ခင်ဗျားတို့ မိသားစုရဲ့ အသက်ကယ်အင်းပဲ"
"နောက်တစ်ရွက် ဟုတ်လား... ခင်ဗျား အချောင်လိုချင်နေတာလား"
"မိုးကြိုးငါးပါး အင်း... ခင်းဗျားက တော်တော် တွေးရဲတာပဲ... အဲဒီပစ္စည်းက ကျွန်တော့်ဆီမှာတောင် မရှိဘူး... ကျွန်တော်တို့လို သာမန်လူတွေ သုံးလို့မရဘူးဗျ"
"ဒီအတိုင်းပဲ လုပ်ကြ... ဒီရက်ပိုင်း ညဘက်ဆို တံခါးတွေ ပြတင်းပေါက်တွေ သေချာပိတ်ထား... ညဘက် အပြင်မထွက်နဲ့... ကလေးရှိတဲ့အိမ်တွေဆို သေချာ ကြည့်ထားကြ"
"မိသားစုဝင်တိုင်းကို သေသေချာချာ နားလည်အောင် ပြောပြထား"
လက်ထောက် ရှောင်ကျန်းက အိမ်တိုင်း၏ တံခါးဝတွင် ငြီးငွေ့ခြင်းမရှိဘဲ ထပ်ခါတလဲလဲ သတိပေး မှာကြားနေသည်။
သတိပေးခံရသူများထဲတွင် စိတ်မရှည်သူများ ရှိသလို အလေးအနက်ထား နားထောင်သူများလည်း ရှိကာ ခေါင်းတညိတ်ညိတ်ဖြင့် ရိုရိုကျိုးကျိုး လက်ခံသူများလည်း ရှိကြ၏။
နောက်ဆုံးတွင် လက်ထောက် ရှောင်ကျန်းသည် ခဲခြစ်ပန်းချီပုံ တစ်ပုံကို ထုတ်ယူလိုက်ပြီး ပုံထဲရှိ လှပသော မိန်းကလေးကို လက်ညှိုးထိုးကာ မေးလိုက်သည်။
"ခင်ဗျားတို့ ဒီကောင်မလေးကိုများ သိကြလား... နာမည်က ရွှီချင်းတဲ့... အသက်က ခန့်မှန်းခြေ..."
ငြင်းဆန်သော အဖြေကို ရရှိပြီးနောက်တွင်မူ။
ရှောင်ကျန်းသည် ရွာသားများကို တံခါးများ သေချာပိတ်ထားရန် ထပ်မံ သတိပေးလိုက်သေးသည်။
တံခါးခေါက်ခံရသော ရွာသားများကလည်း စိတ်အနှောင့်အယှက် မဖြစ်ကြဘဲ သိလိုသည်များကို အနည်းငယ် ထပ်မံ မေးမြန်းတတ်ကြသည်။
ရွာသားများ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ရှိနေသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။
ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်သူတိုင်းသည် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အချို့တော့ ရှိနေကြပြီ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရွာသူကြီးက အလွန် အလေးထားနေပုံရသဖြင့် လူတိုင်း အနည်းငယ် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
"မင်း ဒီလို အိမ်တိုင်းကို လိုက်ပြီး သတိပေးနေရတာ မပင်ပန်းဘူးလား"
ရွှီနန်က သူ့လက်ထဲရှိ အိမ်စောင့်အင်းစာရွက်ကို ဟိုဘက်ဒီဘက် လှန်ကြည့်ရင်း ခံစားချက်မဲ့စွာဖြင့် မေးလိုက်သည်။
လက်ထောက် ရှောင်ကျန်းက ရယ်မောလိုက်ပြီး...
"မတတ်နိုင်ဘူးလေ... တချို့လူတွေက တစ်ခါနှစ်ခါလောက် ပြောရုံနဲ့ အရေးမလုပ်ကြဘူး... ထပ်ခါတလဲလဲ သတိပေးနေမှ ရတာ"
"ဒါပေမဲ့ ဒီလို သတိပေးနေတာတောင် အရေးမလုပ်တဲ့သူတွေ ရှိနေသေးတာပဲ"
"ငါ ဒီလိုလုပ်လိုက်လို့ တစ်ယောက်လောက် အသက်မသေဘဲ ရှင်သွားရင်တောင် ကောင်းတာပဲ"
"ဟူး... ငါတို့မှာ လူအများကြီး မကျန်တော့ဘူးလေ"
ဤ "ငါတို့" ဆိုသည့် စကားလုံးက ရွာကို ရည်ညွှန်းသလို လူသားမျိုးနွယ်ကိုလည်း ရည်ညွှန်းနေခြင်း ဖြစ်သည်။
ရွှီနန်က နှုတ်ခမ်းကို တွန့်လိုက်ပြီး...
"ဒီလိုလူမျိုးတွေ ငါတို့ ယာဉ်တန်းထဲမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရှောင်ကျန်းက နှာတံပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ပြီး...
"ဟူး... တစ်ယောက်လောက် အသက်ရှင်ရင်လည်း ကောင်းတာပါပဲ"
"အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ... အဲဒီ အရူးတွေက တစ်ကြိမ် ရှောင်လွှဲနိုင်ရင်တောင် အကြိမ်တိုင်း ရှောင်လွှဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... မင်း ဒီလိုလုပ်နေတာက အချိန်ဖြုန်းနေတာပဲ"
ရွှီနန်၏ စကားလုံးများက အနည်းငယ် အေးစက်ခက်ထန်နေသော်လည်း အမှန်တရားက ထိုအတိုင်းပင် ဖြစ်နေသည်။
လက်ထောက် ရှောင်ကျန်းက ခါးသီးစွာ ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး နောက်ထပ် အိမ်တစ်အိမ်၏ တံခါးကို ဆက်လက် ခေါက်ရန် လှည့်ထွက်သွားသည်။
ရှောင်ကျန်းနှင့် ရွှီနန် နှစ်ဦးစလုံးမှာ လက်ထောက်များ ဖြစ်ကြသည်။
ဤကာလအတွင်း သူတို့နှစ်ဦးသည် အဆက်အသွယ် အများဆုံး ပြုလုပ်သူများ ဖြစ်ကြပြီး အစွမ်းပိုင်ရှင်များ၏ သဘောတူညီချက် အများစုတွင် အသေးစိတ် အချက်အလက်များနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို ရွှီနန်က တာဝန်ယူ ဖြေရှင်းပေးရသည်။
ထို့ကြောင့် အသွားအလာ များလာသည်နှင့်အမျှ သူတို့နှစ်ဦး၏ ဆက်ဆံရေးသည်လည်း လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
ရွှီနန်က ရှောင်ကျန်းကို လာရှာရခြင်းမှာလည်း ရည်ရွယ်ချက် ရှိနေသည်။
နတ်ဆင်ရွာတွင် လူတစ်ထောင်ခန့် ရှိသည်။
ထိုလူတစ်ထောင်ထဲတွင် သူ ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခု ပါဝင်နေခြင်း ရှိမရှိကို ရွှီနန် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုခြင်း ဖြစ်သည်။
ရင်းနှီးသော မျက်နှာကို မတွေ့ရလျှင်တောင် သတင်းအစအနလေး တစ်ခုလောက် သိရလျှင်ပင် ကောင်းလှပြီ ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ယခုအချိန်အထိ ညီမဖြစ်သူ၏ သတင်းကို မည်သူကမျှ မသိကြဘဲ စကားတစ်ခွန်း နှစ်ခွန်းမျှပင် မကြားရချေ။
သူတို့နှစ်ဦးသည် ညဉ့်နက်သည်အထိ အလုပ်လုပ်ကြပြီးနောက် လမ်းအဆုံးတွင် လမ်းခွဲခဲ့ကြသည်။
ထိုအချိန်တွင် သွေးရောင်လမင်းက ကောင်းကင်ယံရှိ တိမ်ဖြူများကို အနီရောင်အဖြစ် ဆိုးဆေးချယ်ထားပြီး ဖြစ်သည်။
ရွှီနန်သည် လက်ထောက် ရှောင်ကျန်းက သူ့ကို ပေးထားသော အိမ်စောင့်အင်းစာရွက်ကို ကြည့်လိုက်သည်။
ယခင်က ပြုလုပ်ခဲ့သော အရောင်းအဝယ်ပွဲများတွင် ဤကဲ့သို့သော အိမ်စောင့်အင်းမျိုးကို မတွေ့ခဲ့ရဖူးပေ။
ထိုတာအိုဆရာတွင်လည်း အများကြီး မရှိလောက်ဘဲ သူ့အတွက်ပင် မလောက်ငှသဖြင့် အရောင်းအဝယ်ပွဲသို့ မယူလာခြင်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းမိသည်။
သို့သော် ထိုအိမ်စောင့်အင်း၏ ထူးဆန်းသောအရာများအပေါ် သက်ရောက်နိုင်စွမ်းမှာ အလွန် အကန့်အသတ် ရှိလိမ့်မည်ဟု ရွှီနန် ခန့်မှန်းမိသည်။
နတ်ဆရာ လမ်းစဉ် အဆင့် (၂) မိစ္ဆာနှင် တာအိုဆရာ တစ်ယောက်က အမြောက်အမြား ထုတ်လုပ်ထားသော အင်းစာရွက်များက ထူးဆန်းသောအရာများကို အဝေးသို့ ထွက်ပြေးသွားစေနိုင်မည် မဟုတ်ပါချေ။
ယာဉ်တန်း၏ အတော်ဆုံးသူ ဖြစ်သော မမလေး စွန်းချန်းချန်း ပင်လျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ဟု သူ ထင်သည်။
သို့သော် ထိုတာအိုဆရာက အတော်လေး စွမ်းဆောင်နိုင်သူဟု ဆိုရမည်၊ သူက အိမ်စောင့်အင်း ရာပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့ပြီး အိမ်တိုင်းကို တစ်ရွက်စီ ပေးနိုင်ခဲ့သည် မဟုတ်ပါလော။
အတော်လေး တော်သည်ဟု ဆိုရမည်။
နတ်ဆင်ရွာ၏ "အိမ်" ဆိုသည်မှာ ခေါင်းဆောင်ချူ နားလည်ထားသော "အိမ်" နှင့် မတူညီပေ။
ဤနေရာသည် အဆောင်တစ်ခုနှင့် ပိုတူသည်။
အသက်ရှင် ကျန်ရစ်သူ အများအပြားမှာ မိသားစုများနှင့် ကွဲကွာသွားခဲ့ကြသဖြင့် နတ်ဆင်ရွာတွင် လူအများစုသည် အခန်းတစ်ခန်းထဲ၌ အတူတူ နေထိုင်ကြကာ ၎င်းကိုပင် "အိမ်" ဟု သတ်မှတ်ထားကြသည်။
သေချာပေါက် ၎င်းကို အဆောင်တစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။
အိမ်အကြောင်း တွေးမိသောအခါ ရွှီနန်သည် ညီမဖြစ်သူ ရွှီချင်းကို သတိရသွားသည်။
လက်ထဲရှိ ခဲခြစ်ပန်းချီပုံကို ကြည့်ရင်း...
ရွှီနန်က တီးတိုး ရေရွတ်လိုက်သည်။
"ညီမလေး... အစ်ကို နင့်ရဲ့ အသံကိုတောင် မေ့လုနီးပါး ဖြစ်နေပြီ"
ထိုအချိန်မှာပင် လမ်းထိပ်မှ ပင်ပန်းနွမ်းနယ်နေသော အရိပ်တစ်ခု လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုအရိပ်ကို မြင်လိုက်ရသော်လည်း ရွှီနန်က မျက်လုံး တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာမှ ဆက်မတွေးတော့ဘဲ ရှေ့သို့ တည့်တည့် ဆက်လျှောက်သွားသည်။
ထိုပင်ပန်းနွမ်းနယ်နေသော အရိပ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူ သိသည်။
ထိုသူမှာ တင်းတုံကို ဆရာအဖြစ် မကြာသေးမီကမှ အသိအမှတ်ပြုထားသော ကျိုးရှောင်ရှောင်ပင် ဖြစ်သည်။
ကျိုးရှောင်ရှောင်သည် မကြာသေးမီက ယာဉ်တန်းအတွင်း လူပြောအများဆုံး သတင်းခေါင်းစဉ် တစ်ခု ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးသည် လမ်း၏ ဘယ်ဘက်နှင့် ညာဘက်တွင် အသီးသီး လျှောက်နေကြပြီး မသက်ဆိုင်သော မျဉ်းပြိုင်နှစ်ကြောင်းနှင့် တူနေသည်။
သူတို့နှစ်ဦး ဖြတ်လျှောက်သွားမည့် အခိုက်အတန့်တွင် ရွှီနန်က မနေနိုင်ဘဲ ပြောလိုက်သည်။
"မင်း ဒီလို ဆက်ကျင့်နေရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလိုပဲ ဖြစ်သွားမှာ... အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ကျိုးရှောင်ရှောင်၏ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် အသံသြသြဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မမှာ လျှောက်စရာလမ်း ဒီတစ်လမ်းပဲ ရှိတယ်"
ရွှီနန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်...
ကျိုးရှောင်ရှောင်၏ အသံသြသြက ထွက်ပေါ်လာသည်။
"ရွှီချင်းရဲ့ သတင်း ရပြီလား"
"မရသေးဘူး"
ရွှီနန်၏ အသံတွင် ဖော်ပြ၍မရသော ဝမ်းနည်းမှုများ ပါဝင်နေသည်။
ကျိုးရှောင်ရှောင်က ခေတ္တ တုံ့ဆိုင်းသွားသော်လည်း ဆက်ပြောလိုက်သည်။
"မလောပါနဲ့... တစ်ချိန်ကျရင်တော့ တွေ့မှာပါ"
"အင်း... မင်းလည်း အတူတူပဲ"
ပြောပြီးနောက် သူတို့နှစ်ဦးသည် ဖြတ်ကျော်သွားကြပြီး အပိုစကား တစ်ခွန်းမျှ ထပ်မပြောဖြစ်ကြတော့ပေ။
တကယ်တော့ အားလုံး၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိနေကြသည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ပျောက်ဆုံးသွားသော ဆွေမျိုးများ သို့မဟုတ် ပစ္စည်းများကို ပြန်လည်ရှာဖွေရန်ဆိုတာ အလွန်တရာ ခက်ခဲလွန်းလှသည်။
သူတို့ နေ့စဉ် ညတိုင်း တွေးတောမျှော်လင့်နေသော အရာသည် ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ကြောင်းကို အားလုံး နားလည်ထားကြကောင်း နားလည်ထားကြပေလိမ့်မည်။
သို့သော် မည်သူကမျှ လက်မလျှော့ကြပေ။
တကယ်လို့များ အံ့ဖွယ်ကိစ္စ ရှိလာခဲ့ရင်ရော... ထိုအံ့ဖွယ်ကိစ္စသည် မျှော်လင့်ချက် အလွန် နည်းပါးလှလျှင်ပင်...
……
"ရွာသူကြီး... ဟို ချူ ဆိုတဲ့ကောင်ကတော့ လုံးဝ အရူးပဲလို့ ကျွန်တော် ထင်တယ်"
ရွာသူကြီး၏ အိမ်ထဲတွင်။
ပျင်းရိရိ တာအိုဆရာက ထိတ်လန့်နေဆဲ ပုံစံဖြင့် ပြောလိုက်ပြီး ရွာသူကြီး၏ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ခွက်ထဲတွင် ကျန်နေသော လက်ဖက်ခြောက်ဖတ်များကိုပင် အားနာခြင်းမရှိဘဲ ဝါးစားမြိုချလိုက်သေး၏။
"ဘာဖြစ်လို့လဲ... ခင်ဗျား ဘာတွေများ မြင်ခဲ့လို့လဲ"
ခေါင်းကြီးရွာသူကြီးက တာအိုဆရာ၏ စကားကို ကြားသောအခါ စိတ်ဝင်စားသွားသည်။
တစ်ချိန်တည်းမှာပင် အခြားအခန်းတစ်ခုထဲ၌ ရွာသူကြီးအိမ်မှ စကားများကို ခိုးနားထောင်နေသော ခေါင်းဆောင်ချူ သည်လည်း စိတ်ဝင်စားသွားလေသည်။
ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် အသာစီးရယူနိုင်ခဲ့ပြီးနောက်ပိုင်း ချူချယ်သည် ရွာသူကြီး၏ စကားများကို ခိုးနားထောင်ရသည်ကို အလွန်အမင်း စိတ်ဝင်စားလာခဲ့သည်။
တစ်ရက်လောက် မနားထောင်ရလျှင်ပင် သူ၏ စိတ်ထဲတွင် ယားကျိကျိ ဖြစ်နေတတ်သည်။
ထို့အပြင် ဤရွာတွင် လျှို့ဝှက်ချက် အများအပြား ဖုံးကွယ်ထားကြောင်း သိသာထင်ရှားနေသည်။
သေချာပေါက် အပြင်လူများရှေ့တွင်တော့ ခေါင်းဆောင်ချူသည် တရားမျှတသော ခေါင်းဆောင်ချူ အဖြစ် ဆက်လက် ရပ်တည်နေဆဲပင်။
ခိုးနားထောင်သည့် ရေဒီယိုကိုပင် အပြင်ထုတ်သုံးသည့် အကြိမ်အရေအတွက် အလွန် နည်းပါးလှသည်။
ရေဒီယိုထဲမှ ပျင်းရိရိ တာအိုဆရာ၏ အသံစူးစူးက ထွက်ပေါ်လာသည်။
"ရွာသူကြီး... ခင်ဗျား မသိပါဘူး... အဲဒီကောင်က ဘယ်လောက်တောင် ရွံစရာကောင်းလဲ ဆိုတာ"
"ခုနက ကျွန်တော် အဲဒီဘက်က ဖြတ်သွားတော့... အဲဒီကောင်က နံရံထောင့်မှာ ဆောင့်ကြောင့်ထိုင်ပြီး မီးခြစ်တစ်လုံးကို ငါ နင့်ကို ချစ်တယ် လို့ ပြောနေတာဗျ"
"ဘုရားဘုရား... ဘယ်လောက်တောင် ကြက်သီးထစရာ ကောင်းလဲ ဆိုတာ"
"ပြီးတော့ ပြောသေးတယ်... နင့်ကို သတိရနေတဲ့ အချိန်တိုင်းက ငါ့အတွက်တော့ ငရဲကျနေသလိုပဲ တဲ့"
"နောက်ပြီး ဒီဘဝမှာ နင်တစ်ယောက်တည်းကိုပဲ ချစ်တယ် လို့လည်း ပြောသေးတယ်"
ဝေါ့...။
"ရွာသူကြီး... အဲဒီအချိန်က သူ့ရဲ့ ကြက်သီးထစရာ မျက်နှာပေးကို ခင်ဗျား မမြင်လိုက်ရလို့ပါ... မြင်သာ မြင်လိုက်ရရင် ခင်ဗျားလည်း အန်မှာ သေချာတယ်"
"အရမ်း ရွံစရာကောင်းတာပဲဗျာ... ကြည့်ရတာ ရိုးရိုးအေးအေးနဲ့ အဲဒီလိုကောင်မျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး"
ဝေါ့...။
ထိုအချိန်တွင် ရေဒီယိုရှေ့၌ ခိုးနားထောင်နေသော ခေါင်းဆောင်ချူမှာ ကျောက်ရုပ်တစ်ရုပ်အလား အံ့သြမှင်သက်စွာဖြင့် နေရာမှာတင် ရပ်တန့်သွားတော့သည်။
မဟုတ်ဘူးလေ...။
မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး...။
ခုနက ငါ တော်တော်လေးကို သတိထားခဲ့တာပါ... သူက ဘယ်လိုလုပ်ပြီး မြင်သွားရတာလဲ။
သေလိုက်ပါတော့။
ဆက်ရန်...