အခန်း ၂၂၀
Vol. 11 Ch. 220
အပိုင်း(၂၂၀) ကယ်တင်ရှင်
ခေါင်းကြီးရွာသူကြီးက နတ်ဆင်ရွာ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ရွာသူရွာသားများအား ဖုံးကွယ်ထားခြင်း မရှိပေ။
ရွာသားများက လာရောက်မေးမြန်းသည့်အခါ ခေါင်းကြီးရွာသူကြီးက သူသိထားသမျှကို ချင့်ချိန်ရွေးချယ်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့၏။
သေချာပေါက်ပင် ဤကိစ္စများက ရွာသားအချို့ကို ထိတ်လန့်သွားစေခဲ့သည်။
သို့သော် ၎င်းမှာ လူတစ်စုတည်းသာ ဖြစ်သည်။
ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူ ရွာသားများထဲတွင် လူမိုက်ဆို၍ သိပ်မရှိတော့ပေ။
နတ်ဆင်ရွာ တစ်ရွာလုံးသည် ရှေ့ဆက်ကြုံတွေ့ရမည့် ကပ်ဘေးနှင့် ပတ်သက်၍ ယခင်က မရှိခဲ့ဖူးသော စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြ၏။
လက်ထောက်ရှောင်ကျန်း၏ အစီအစဉ်ချမှတ်မှုများကိုလည်း အလွန် ပူးပေါင်းပါဝင်ခဲ့ကြသည်။
စိုက်ပျိုးရေးစခန်းဘက်တွင်မူ နေ့စဉ်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ (၁၀၀) ကျော် ပါဝင်သော ကင်းလှည့်အဖွဲ့ ရှိနေသည်။
နေ့တိုင်းလိုလိုပင် အသက်ရှင်ကျန်ရစ်သူများဖြင့် ဖွဲ့စည်းထားသော ကင်းလှည့်အဖွဲ့ကို ဘုန်းကြီးက ဦးဆောင်ကာ ကင်းလှည့်နေသည်ကို မြင်တွေ့နိုင်သည်။
ယာဉ်တန်းဘက်မှ အသက်ရှင်ကျန်ရစ်သူများပင်လျှင် အန္တရာယ်ကို ခံစားနေကြရ၏။
ဤကာလအတွင်း အပြင်ထွက်သူများလည်း သိသိသာသာ နည်းပါးသွားခဲ့သည်။
ချန်းရီက သူ့ရှေ့ရှိ ဟောင်းနွမ်းနေသော သစ်သားအိမ်လေးကို ကြည့်လိုက်ပြီး ရွှီနန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဒီအိမ်လား"
ရွှီနန်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်... ဒီနေရာပဲ"
ဆံပင်ပန်းရောင်နှင့်ကောင်မလေးက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ရှင်တို့က ယောက်ျားကြီးတွေ ဖြစ်ပြီး တံခါးခေါက်တာလေးကို အချိန်ဆွဲနေကြတယ်... ကျွန်မပဲ ခေါက်လိုက်ပါ့မယ်"
ကောင်မလေးသည် ခြံတံခါးကို တွန်းဖွင့်ကာ ဝင်သွားလေသည်။
ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
"တာအိုဆရာကျန့်... ကျွန်မတို့ လာကြည့်တာပါ"
ချန်းရီသည် စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။ ဤခပ်ကြမ်းကြမ်း ကောင်မလေးကို ဘာပြောရမှန်းပင် မသိတော့ပေ။
မနေ့ကတည်းက တာအိုဆရာကျန့် ဖျားနေသည်ဟု ကြားရသဖြင့် ယာဉ်တန်းထဲမှ အစွမ်းပိုင်ရှင် အချို့က လာရောက် ကြည့်ရှုရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မကြာမီ အတူတကွ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ရမည့် အသင်းဖော်များ ဖြစ်ကြသည် မဟုတ်ပါလော။
အစောကလည်း မဖျား၊ နောက်မှလည်း မဖျားဘဲ ယခုမှ ကွက်တိလာဖျားနေခြင်း ဖြစ်၏။
ဤကိစ္စ၏ နောက်ကွယ်တွင် တစ်ခုခုများ ဖုံးကွယ်ထားသလားဟု သံသယဝင်စရာပင်။
ထို့ကြောင့် ပျိုးပင်များကို ပြုစုနေသော တင်းတုံနှင့် တုံးအအဖြစ်နေသော ထယ်ရှီးတို့မှလွဲ၍...
တရားမျှတရေး ယာဉ်တန်း၏ ပါးနပ်သော သုံးယောက်သားအဖွဲ့က အတူတကွ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ဤခြံဝင်းလေးသည် သိပ်မကျယ်ဝန်းလှဘဲ တံခါးရှေ့တွင် ဟင်းသီးဟင်းရွက် အချို့ကို စိုက်ပျိုးထားကာ ရိုးရှင်းသော စားပွဲနှင့် ကုလားထိုင် အချို့လည်း ရှိနေသည်။
ခြံဝင်းလေးထဲသို့ ဖြတ်လျှောက်သွားပြီးနောက် ဆံပင်ပန်းရောင်နှင့်ကောင်မလေးက အိမ်တံခါးကို တွန်းဖွင့်လိုက်၏။
ထိုအခါ ကျန်းယန်ဖင်း တစ်ယောက် တာအိုဆရာအား ဘောင်းဘီဝတ်ပေးရန် ကမန်းကတန်း လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
တာအိုဆရာကမူ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဆံပင်ပန်းရောင်နှင့်ကောင်မလေးကို ကြောက်လန့်တကြား ကြည့်ကာ မေးလိုက်သည်။
"မင်း... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"
ဆံပင်ပန်းရောင်နှင့်ကောင်မလေးမှာ (၂) စက္ကန့်ခန့် ကြောင်အမ်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားမှုတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက်မှ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်၏။
"ဟမ့်... တာအိုဆရာရယ်... ရှင်နဲ့ အမကျန်းယန်ဖင်းတို့ရဲ့ ကိစ္စကို ကျွန်မတို့ အားလုံး သိနေကြတာပဲကို... ဖုံးကွယ်နေစရာ မလိုပါဘူး"
အသက်(၁၈)နှစ်သာ ရှိသေးသော ကောင်မလေး... မဟုတ်သေး... အသက်(၁၉)နှစ် အရွယ် ကောင်မလေး တစ်ယောက်အနေဖြင့် ရင့်ကျက်သူ တစ်ယောက်လို ဟန်ဆောင်ချင်နေလျှင်တောင်မှ နီရဲနေသော လည်ပင်းက သူမ၏ အဖြစ်မှန်ကို ဖော်ပြနေလေသည်။
ချန်းရီသည် ဆံပင်ပန်းရောင်နှင့်ကောင်မလေး၏ နောက်မှလိုက်ကာ တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ပြီး တာအိုဆရာ၏ ဘောင်းဘီနောက်ဘက်ရှိ သွေးကွက်ကို တစ်ချက်တည်းဖြင့် မြင်လိုက်ရသည်။
သူ့စိတ်ထဲတွင် ခိုးရယ်လိုက်မိ၏။ ဤတာအိုဆရာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းသည်။
လိပ်ခေါင်း စနိုက်ပါကို တကယ်ကြီး သုံးလိုက်တာပဲ။ ဒီနှစ်ရက်အတွင်း ဖျားနေတယ်ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။
"တာအိုဆရာ... နေမကောင်းဘူးဆိုလို့ ကျွန်တော်တို့ လာကြည့်ကြတာ... ခေါင်းဆောင်ချူတောင် ပါသေးတယ်"
တာအိုဆရာသည် ချူချယ် ဝင်လာသည်ကို မြင်သောအခါ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ ဤလူက ထိုအချစ်ရူး မီးခြစ်လေးကို အလွန်အမင်း စွဲလမ်းခဲ့ကြောင်းကို သူ သိထားသောကြောင့် ဖြစ်သည်။
ချူချယ်သည် တာအိုဆရာ၏ တင်ပါးနောက်ဘက်မှ အနီရောင်ကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
တကယ်ကြီးလား... ဒီကောင်က လိပ်ခေါင်း စနိုက်ပါကို တကယ်ကြီး သုံးလိုက်တာလား။
တင်ပါးပေါ်မှ သွေးများက အရာအားလုံးကို ရှင်းပြနေပြီ ဖြစ်သည်။
လူအနည်းငယ် နှုတ်ဆက်စကား ပြောဆိုလိုက်ကြ၏။
ချူချယ်သည် ကျန်းယန်ဖင်းကို တစ်ချက်ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက ခေါင်းဆောင်ဖြစ်သဖြင့် ဤကိစ္စကိုတော့ မေးမြန်းရပေမည်။
"မင်း တကယ်ပဲ တာအိုဆရာနဲ့ နေလိုက်တော့မှာလား"
အသက်(၄၀)အရွယ် မိန်းမတစ်ယောက်ဖြစ်သော ကျန်းယန်ဖင်း၏ ခံနိုင်ရည်က အသက်(၁၉)နှစ်အရွယ် ဆံပင်ပန်းရောင်နှင့်ကောင်မလေးထက် အများကြီး ပိုအားကောင်းလှသည်။
"ခေါင်းဆောင်ချူ... အစ်ကိုကျန့်က ကျွန်မအပေါ်မှာ ကောင်းပါတယ်... ကျွန်မလည်း နတ်ဆင်ရွာကို သဘောကျတယ်... ကျွန်မ... ကျွန်မ မသွားချင်တော့ဘူး"
တာအိုဆရာကလည်း ဝင်ပြောလိုက်သည်။
"ခေါင်းဆောင်ချူ သဘောတူပေးဖို့ မျှော်လင့်ပါတယ်"
ဤကဲ့သို့သော ကိစ္စရပ်မျိုးအတွက် ခေါင်းဆောင်ချူအနေဖြင့် သေချာပေါက် ငြင်းပယ်စရာ အကြောင်းမရှိပေ။
သူက ခေါင်းဆောင်တစ်ယောက်သာ ဖြစ်ပြီး ထိုနှစ်ယောက်၏ အဖေမှ မဟုတ်ဘဲ။
တာအိုဆရာက ဖျားချင်ယောင်ဆောင်နေခြင်း မဟုတ်ဘဲ မည်သည့် လျှို့ဝှက်ပရိယာယ်မှ မရှိကြောင်း သိလိုက်ရပြီးနောက် ပါးနပ်သော သုံးယောက်သားအဖွဲ့သည် တာအိုဆရာ၏ အိမ်ငယ်လေးမှ ထွက်ခွာလာခဲ့ကြသည်။
"ကြည့်ရတာ... ဒီတာအိုဆရာက အဲဒီ အသတ်နုတ် စနိုက်ပါကို သုံးဖို့ ဆုံးဖြတ်ချက် ခိုင်မာနေတဲ့ပုံပဲ"
ချူချယ်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
"ဒီတာအိုဆရာက နည်းနည်းတော့ သံသယဖြစ်စရာပဲ... အဲဒီ အသတ်နုတ် စနိုက်ပါရဲ့ အဆင့်က သိပ်မမြင့်ပေမယ့် ဒီတာအိုဆရာက ဆက်သုံးချင်နေတုန်းပဲ... ကျွတ် ကျွတ်... မသင်္ကာစရာပဲ"
ချန်းရီသည် မွေးရာပါ သံသယကြီးသူပီပီ တာအိုဆရာတွင် လူမသိသူမသိသော လျှို့ဝှက်နည်းလမ်းတစ်ခုခု ရှိနေမည်ကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။
"ရှင်တို့ နှစ်ယောက်ကလည်း အမြဲတမ်း ဟိုတွေးဒီတွေးနဲ့... အလုပ်ရှုပ်လိုက်တာ... ကျွန်မ အရင်သွားနှင့်ပြီ"
ပြောပြီးသည်နှင့် ဆံပင်ပန်းရောင်နှင့်ကောင်မလေးသည် ဆံပင်မြီးကို ရမ်းခါကာ ထွက်သွားလေတော့သည်။
လူကြီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။
"ငယ်ရွယ်တာ တကယ်ကောင်းတာပဲ"
"ငယ်ရွယ်တာ တကယ်ကောင်းတာပဲ"
"နေပါဦး... မင်းက ဘာလို့ ငါ့စကားကို လိုက်ပြောနေတာလဲ"
"နေပါဦး... မင်းက ဘာလို့ ငါ့စကားကို လိုက်ပြောနေတာလဲ"
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။
ချူချယ်က အရင် စတင် စကားပြောလိုက်၏။
"ဒီတစ်ကြိမ် နတ်ဆင်ရွာရဲ့ ပြဿနာက သေးမယ့်ပုံ မပေါ်ဘူး... မင်း ဖွက်ထားတဲ့ အစွမ်းတွေကို ထုတ်သုံးဖို့ အချိန်ရောက်ပြီ မဟုတ်လား"
"မင်းနဲ့ မဆိုင်ဘူးလို့တော့ မပြောနဲ့နော်... နတ်ဆင်ရွာမှာ လူ(၁၀၀၀)တောင် ရှိတယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့ မျိုးနွယ်တူ လူသားတွေချည်းပဲ"
"ဒီလူတွေ အကုန်လုံး သေသွားတာကို မင်း ဒီတိုင်း ကြည့်နေချင်လို့လား"
"ချန်းရီ... မင်းက သွေးအေးပြီး မျက်နှာပြောင်တိုက်တတ်တဲ့ ကောင်ဆိုတာကို ငါ သိပါတယ်"
"ဒါပေမဲ့ လူသားတွေ အကုန် သေကုန်တော့မယ့် အချိန်မှာ မင်းက တစ်ခါလေးတောင် ဝင်မကူချင်ဘူးလား... ဒါမှမဟုတ် ကမ္ဘာပေါ်က လူတွေအကုန် သေသွားပြီးမှ မင်းတစ်ယောက်တည်း အသက်ရှင်နေရတာက အဓိပ္ပာယ်ရှိမယ်လို့ ထင်နေတာလား"
"ဒီမှာ လူ(၁၀၀၀)တောင် ရှိနေတာနော်"
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး မီးခိုးငွေ့များကို တဖြည်းဖြည်း မှုတ်ထုတ်လိုက်သည်။
"ခေါင်းဆောင်ချူ... မင်းနဲ့ အဖွဲ့လာဖွဲ့မိတာက ငါ့ဘဝမှာ အမှားဆုံး ဆုံးဖြတ်ချက်တစ်ခုလို့တောင် စတင် ခံစားလာရပြီ"
"ငါက ဒီတိုင်းလေး အေးအေးချမ်းချမ်း ရှင်သန်ချင်ရုံတင်ပါ... ဒါပေမဲ့ မင်းက ငါ့ကို ကယ်တင်ရှင်ကြီး ဖြစ်စေချင်နေတယ်"
"ခေါင်းဆောင်ချူ... မင်း နည်းနည်း လွန်လွန်းနေတယ်လို့ မထင်ဘူးလား"
ချန်းရီက ဆေးလိပ်ကို အားပါးတရ ဖွာလိုက်ပြီး ချူချယ်ကို မျက်စိစွေ ကြည့်လိုက်သည်။
"ဟားဟားဟား... ချန်းရီရာ... ကယ်တင်ရှင်ဆိုတာ တစ်ယောက်ယောက်တော့ လုပ်ရမှာပဲလေ... မင်း မလုပ်ရင် ငါ လုပ်ရမှာပေါ့... ကိုယ်သေမယ့်အစား သူများသေတာက ပိုကောင်းပါတယ်... ငါ လုပ်ရတာထက်စာရင် မင်း လုပ်တာက ပိုကောင်းတယ်လေ"
"ပေါက်ကရတွေ... မင်းလည်း ပြောခဲ့သားပဲ... နတ်ဆင်ရွာရဲ့ ဒီတစ်ကြိမ် ပြဿနာက သေးတာမဟုတ်ဘူး... မင်းရဲ့ အစွမ်းတွေကိုရော ထုတ်သုံးဖို့ အချိန်မရောက်သေးဘူးလား"
"ဟာ... ငါ့အစွမ်း ဟုတ်လား... ငါ့မှာ ဘာအစွမ်းမှ မရှိပါဘူးကွာ... မင်း လျှောက်မပြောစမ်းပါနဲ့"
"ခေါင်းဆောင်ချူ... အဲဒီလိုပြောရင်တော့ စိတ်ဝင်စားစရာ မကောင်းတော့ဘူးနော်"
"မင်း ဘာတွေပြောနေတာလဲ... ငါ ဘာမှ နားမလည်ပါလား"
"ကျွတ် ကျွတ်... ခေါင်းဆောင်ချူ... မင်းက တကယ် မျက်နှာပြောင်တိုက်နိုင်တာပဲ"
...
ဆံပင်ပန်းရောင်နှင့်ကောင်မလေးသည် ယာဉ်တန်း စခန်းချရာနေရာသို့ ခုန်ဆွခုန်ဆွဖြင့် ပြန်လာခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် ဤတစ်ကြိမ် နတ်ဆင်ရွာအနေဖြင့် ယာဉ်တန်းမှ အစွမ်းပိုင်ရှင်များကို ဆက်လက် နေထိုင်စေရန်အတွက် ယခင်က သဘောတူညီချက် ရှိခဲ့သော်လည်း ဤရက်ပိုင်းအတွင်း သူတို့အပေါ် လစ်ဟင်းမှု မရှိခဲ့ပေ။
အားလုံး၏ စားရေးသောက်ရေးကို ကိုယ့်ဖာသာ တာဝန်ယူရသည် ဆိုသော်လည်း နေ့စဉ်နှင့်အမျှ လတ်ဆတ်သော ဟင်းသီးဟင်းရွက် အချို့ကို လာရောက် ပို့ဆောင်ပေးတတ်သည်။
အရေအတွက်က မများလှသော်လည်း နတ်ဆင်ရွာ၏ သဘောထားကိုမူ ထင်ဟပ်စေခဲ့၏။
ပုံမှန်အချိန်များတွင် အလွန် ရိုးရှင်းသော ဤဟင်းသီးဟင်းရွက်များသည် ယခုအခါ၌မူ ရွှေထက်ပင် တန်ဖိုးကြီးမားနေပြီ ဖြစ်သည်။
ဆံပင်ပန်းရောင်နှင့်ကောင်မလေး သူမ၏ အခန်းထဲသို့ ပြန်ရောက်သည်နှင့် ညီမဝမ်းကွဲဖြစ်သူ ရှောင်ယွီက သူမအား မျက်မှောင်ကြုတ်ကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ယွီသည် မပူမပင်နေတတ်သော အမဝမ်းကွဲဖြစ်သူကို ကြည့်ကာ သေးကွေးသော ခန္ဓာကိုယ်လေးကို မတ်မတ်ရပ်လိုက်ပြီး လက်ထဲတွင် ကိုယ်လက်သန့်စင် အင်းအချို့ကို ဆုပ်ကိုင်ထားရင်း ဒေါသကြောင့် မျက်နှာလေး နီရဲနေလေသည်။
"အမ... ဒီကိုယ်လက်သန့်စင် အင်းတွေကို အမ လဲလာတာလား"
လွန်ခဲ့သော ရက်အနည်းငယ်က ဆံပင်ပန်းရောင်နှင့်ကောင်မလေးသည် ကိုယ်လက်သန့်စင် အင်းအမြောက်အများကို ယူဆောင်လာခဲ့ပြီး တာအိုဆရာက လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ကိုယ်လက်သန့်စင် အင်း၏ အာနိသင်ကို သိရှိပြီးနောက် ရှောင်ယွီသည်လည်း အလွန် ဝမ်းသာသွားကာ ချက်ချင်းပင် တစ်ခုကို အသုံးပြုလိုက်၏။
ဤရက်ပိုင်းအတွင်းတွင်လည်း ထိုကိုယ်လက်သန့်စင် အင်းများကို အဖိုးတန် ရတနာတစ်ခုလို သိမ်းဆည်းထားခဲ့သည်။
ယနေ့ အပြင်ထွက်ပြီးနောက် ရွှီနန်တို့ထံမှ ကြားသိလိုက်ရသည်မှာ ဤကိုယ်လက်သန့်စင် အင်းတစ်ခုလျှင် ခေါက်ဆွဲခြောက် တစ်ထုပ် ကျသင့်သည် ဆိုခြင်းပင်။
၎င်းသည် မိုးပေါ်ထောင်နေသော ဈေးနှုန်းပင် ဖြစ်သည်။
ဆံပင်ပန်းရောင်နှင့်ကောင်မလေးက ပြဿနာ၏ ကြီးမားမှုကို သတိမထားမိသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
"အင်းလေ"
"ခေါက်ဆွဲခြောက် တစ်ထုပ်တည်းပါ... အရမ်း ဈေးပေါပါတယ်"
"ခေါက်ဆွဲခြောက် တစ်ထုပ်တည်း ဟုတ်လား... အမရယ်... အခုက ကမ္ဘာပျက်ကပ်ကြီးလေ... ခေါက်ဆွဲခြောက် တစ်ထုပ်က အရေးကြီးတဲ့ အချိန်ကျရင် အသက်တောင် ကယ်နိုင်တာကို... အမက... အမက သမီးကို ဒေါသထွက် သေအောင် လုပ်နေတာလား"
ရှောင်ယွီသည် ခါးထောက်လိုက်ပြီး အလွန်အမင်း ရင်နာနေသည့် အမူအရာဖြင့် မျက်နှာလေး ရှုံ့မဲ့သွားသည်။
ဆံပင်ပန်းရောင်နှင့်ကောင်မလေးက အနည်းငယ် မျက်နှာပူသွားကာ...
"တကယ် ဈေးမကြီးပါဘူး... ချန်းရီတောင် အများကြီး လဲထားသေးတာပဲ"
"အမက သူ့ကို သွားယှဉ်လို့ ရမလား... သူ့လို သွေးအေးရက်စက်ပြီး မျက်နှာပြောင်တိုက်တတ်တဲ့ လူတစ်ယောက်အတွက်တော့ ခေါက်ဆွဲခြောက် တစ်ထုပ်ဆိုတာ သေချာပေါက် ဈေးပေါမှာပေါ့"
"ဒါမှမဟုတ်... အစွမ်းပိုင်ရှင်တွေအတွက်တော့ ဈေးပေါတယ်လို့ ပြောရမှာပေါ့"
ဟုတ်ပေသည်။ အစွမ်းပိုင်ရှင်များအတွက် သူတို့၏ ရိက္ခာများက မပြည့်စုံလှသော်လည်း ခေါက်ဆွဲခြောက် တစ်ထုပ်ကိုတော့ သူတို့ တကယ်ပင် ပေးချေနိုင်စွမ်း ရှိကြသည်။
သို့သော် သာမန် အသက်ရှင်ကျန်ရစ်သူများအတွက်မူ ၎င်းသည် အလွန်တရာ ကြီးမားသော ဈေးနှုန်းပင် ဖြစ်သည်။
"အမ... အမက နတ်ဆင်ရွာကို သနားလို့ တမင်သက်သက် သွားလဲခဲ့တာ မဟုတ်လား"
ရှောင်ယွီက စကားလမ်းကြောင်း လွှဲလိုက်ပြီး အပြစ်မကင်းသလို ဖြစ်နေသော အမဖြစ်သူ၏ မျက်နှာကို မော့ကြည့်ကာ စိုက်ကြည့်နေသည်။
ဆံပင်ပန်းရောင်နှင့်ကောင်မလေးသည် ရှောင်ယွီက သူမ၏ စိတ်ကို ဖောက်ထွင်းသိမြင်သွားသဖြင့် အနည်းငယ် မျက်နှာပူသွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"အာ... သိပါပြီ... ငါ မှားမှန်း သိပါပြီ"
"သူတို့က... သူတို့က"
"သူတို့... သူတို့ဆီမှာ လူတွေ အများကြီးပဲလေ... ထမင်းဝအောင် မစားရတဲ့ လူတွေကလည်း အများကြီးပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူတို့ထက်စာရင် နည်းနည်းတော့ ပိုအဆင်ပြေနေသေးတာပဲလေ"
"စိတ်ချပါ... နောက်တစ်ခါ ရိက္ခာရှာထွက်ရင် ငါ သေချာပေါက် ကြိုးစားပါ့မယ်"
ရှောင်ယွီသည် လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်သည်။
အမဖြစ်သူက ဒီလိုလူမျိုးပင် ဖြစ်သည်။
မိမိတို့ကိုယ်တိုင်ပင် အနိုင်နိုင် ရပ်တည်နေရသော်လည်း အခြားသူများ၏ ဒုက္ခကို အမြဲတမ်း ဂရုစိုက်တတ်သည်။
ဤသည်မှာ ယာဉ်တန်း၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူ၏ အစစ်အမှန် စိတ်ထားပင် ဖြစ်သည်။
ယာဉ်တန်းသည်လည်း ဤကာလအတွင်းမှသာ ရိက္ခာ အနည်းငယ်မျှ ပြည့်စုံလာခဲ့ခြင်း ဖြစ်သည်။
သို့သော် အမဖြစ်သူက ကိုယ်လက်သန့်စင် အင်းလဲလှယ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အခြားသူများကို ရိက္ခာအချို့ ဝေမျှပေးချင်နေသေးသည်။
မများပြားလှသော်လည်း ရှောင်ယွီအတွက်မူ အတော်လေး နှမြောစရာ ကောင်းနေသည်။
အမဖြစ်သူက အပြင်လူများရှေ့တွင် အလွန် ခိုင်မာပြီး သွေးအေးရက်စက်ပုံပေါ်သော်လည်း...
သူမလို ညီမဖြစ်သူကသာ ထိုအရာများအားလုံးသည် ဟန်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သိရှိလေသည်။
အမဖြစ်သူကလည်း အသက်(၁၉)နှစ်ပဲ ရှိသေးတာလေ။
ငါကလည်း အသက်(၁၄)နှစ်ပဲ ရှိသေးတာကို။
ဖြစ်နိုင်သည်မှာ ယာဉ်တန်းထဲရှိ လူတိုင်းသည် ကိုယ်စီ မျက်နှာဖုံးများကို တပ်ဆင်ကာ ရှင်သန်နေကြခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဟေး... စွန်းချန်းချန်း... အိမ်မှာ ရှိလား"
ထိုအချိန်မှာပင် ချန်းရီ၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
စွန်းချန်းချန်းသည် ချန်းရီ၏ အသံကို ကြားလိုက်ရသောအခါ သေဒဏ်မှ လွတ်ငြိမ်းခွင့် ရလိုက်သကဲ့သို့ ဖြစ်သွားပြီး...
"ရှိတယ်... ရှိတယ်... ကျွန်မ အခုချက်ချင်း ထွက်လာခဲ့မယ်"
ဆက်ရန်...
နောက်အပိုင်းတွေမှာတော့... အခုဆိုရင် ချန်းရီတို့ယာဉ်တန်းက အကြီးမားဆုံးကပ်ဘေးကြီးရဲ့အလည်ကို ရောက်နေတာပါ၊ ဒီကပ်ဘေးကြီးကို ချန်းရီတို့ ကျော်ဖြတ်နိုင်ပါ့မလား၊ သူတို့ဆီကို လာနေတဲ့ ကပ်ဘေးကြီးကရော ဘယ်လို အထူးအဆန်းတွေဖြစ်နေမလဲ၊ ဘယ်လိုတိုက်ခိုက်မှုတွေ ကြုံရမလဲ၊ ချန်းရီရဲ့အစွမ်းကရော အဆင့်တက်သွားမှာလား၊ သူအသစ်တွေ့ရှိထားတဲ့ ဝိဉာဉ်သွင်းတဲ့နည်းလမ်းကရော တစ်ကယ်အလုပ်ဖြစ်မှာလား၊ ဒီနတ်ဆင်ကြီးမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ၊ ဘိုးဘေးဆယ့်ခုနှစ်ယောက်ဆိုတာကရော တကယ်တမ်း ဘာတွေလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။