← Chapters

ကောင်းကင်ဘုံက ငါ့ကို ဗီလိန် ဖြစ်စေချင်နေမှတော့ ဘာလို့ ငါက ဆန့်ကျင်ရမှာလဲ

Vol. 1 Ch. 1

ကောင်းကင်ဘုံက ငါ့ကို ဗီလိန် ဖြစ်စေချင်နေမှတော့ ဘာလို့ ငါက ဆန့်ကျင်ရမှာလဲ

Vol. 1 Ch. 1

“ဒေါင်”

ကျိုးယန်ဂိုဏ်း၏ နဝမတောင်ထိပ်တွင် တောင်ထိပ်အထိမ်းအမှတ် ခေါင်းလောင်းသံသည် ကျယ်လောင်စွာ မြည်ဟည်း သွားခဲ့သည်။

ထိုအသံသည် စည်တော်ကြီးတစ်လုံးကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်လှပြီး အသံလှိုင်းများသည် ဝေးလံ ကျယ်ပြန့်စွာ ပျံ့လွင့်သွားလေသည်။

ဤသည်ကား တောင်ထိပ်သခင်၏ ဆင့်ခေါ်သံပေတည်း။

ထိုအသံကို ကြားရသည်နှင့်တစ်ပြိုင်နက် တောင်ထိပ်အတွင်းရှိ တပည့်များသည် မဆိုင်းမတွ နဝမ တောင်ထိပ်၏ ပင်မ ခန်းမဆီသို့ ချက်ချင်းပင် ဦးတည်ခဲ့ကြသည်။

ပင်မခန်းမသည် နဝမ တောင်ထိပ်၏ တိမ်လွှာများထက် မြင့်မားလှသော တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ၎င်း၏ ဗိသုကာ လက်ရာများမှာ ထည်ဝါလှပြီး မသေမျိုး အရှိန်အဝါများက ဝန်းရံ ရစ်သိုင်း လျက် ရှိနေ၏။

အဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် တပည့်များအားလုံး အံ့အားသင့်သွားကြရသည်။

ကျယ်ဝန်းလှသော ခန်းမကြီးအတွင်း၌ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရပ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုအမျိုးသား၏ ကိုယ်ဟန်အနေအထားမှာ ဓားတစ်လက်ကဲ့သို့ ဖြောင့်စင်းနေပြီး မျက်နှာသွင်ပြင်မှာ ပြတ်သား ထင်ရှားလှသည်။ သူ၏ မျက်ဝန်းများသည် တောက်ပသော ကြယ်တာရာများအလား လင်းလက်နေပြီး မျက်ခုံး များမှာ ကွေးညွှတ်လျက် ရှိ၏။ သူ၏ ရုပ်ရည်သွင်ပြင်မှာ အမှန်တကယ်ပင် ကျောက်စိမ်းရုပ်တု တစ်ခုကဲ့သို့ ခန့်ညား ချောမောလှပေသည်။

အနက်ရောင် ဝတ်စုံနှင့် ဆံပင် အနက်ရောင်တို့၏ စပ်ယှက်နေမှု၊ ထို့ပြင် ပြုံးယောင်သန်းရုံမျှသာ ကွေးညွှတ် နေသော နှုတ်ခမ်းအစုံတို့နှင့်အတူ သူသည် အထိန်းအကွပ်မဲ့သော ဆွဲဆောင်မှုတစ်ရပ်ကို ထုတ်လွှင့်နေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤမျှချောမောသော အမျိုးသားတစ်ဦးသည် လူတို့အား နွေးထွေးမှုတစ်မျိုးကို မလွဲမသွေ ပေးစွမ်းနိုင်ရမည် ဖြစ်သည်။

သို့သော်လည်း တပည့်များသည် ထိုအမျိုးသား၏ မျက်နှာကို မြင်လိုက်ရသောအခါတွင်မူ ခေါင်းကို ငုံ့ချလိုက်ကြပြီး ကြမ်းပြင်ကိုသာ ကြည့်လျက် သူ့အား ဘေးမှကွေ့ ကောက်ရှောင်ကွင်းကာ ခန်းမ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် သွားရောက် ရပ်တန့်လိုက်ကြလေသည်။

မကြာမီမှာပင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လွင့်မျော ဝင်ရောက်လာခဲ့ပြီး သူမ၏ မွှေးပျံ့သော ရနံ့က လေထုထဲတွင် ပျံ့လွင့်သွားသည်။

နဝမ တောင်ထိပ်၏ တောင်ထိပ်သခင် ရှောင်ဟုန်ယီ ရောက်ရှိလာပြီး ခန်းမ၏ မြင့်မားသော နေရာတွင် ထိုင်လိုက်သည်။ သူမ၏ မျက်နှာမှာ နတ်မိမယ်တစ်ပါးကဲ့သို့ လှပလွန်းသော်လည်း ဆီးနှင်းများအလား အေးစက်နေ၏။

*အကြီးဆုံး စီနီယာ အစ်ကိုကတော့ ဒုက္ခရှာပြန်ပြီ ထင်တယ်*

တပည့်များက ထိုအခြေအနေကို မြင်ပြီးနောက် စိတ်ထဲမှ တွေးတောလိုက်ကြသည်။

ထင်သည့်အတိုင်းပင် ဖြစ်လေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှောင်ဟုန်ယီ၏ နီမြန်းသော နှုတ်ခမ်းအစုံ ပွင့်ဟလာပြီး အေးစက်သော အသံသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

“ကျန်းချန်၊ မင်းက နဝမတောင်ထိပ်ရဲ့ အကြီးဆုံး စီနီယာအစ်ကို တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး”

“ဒုတိယ ဂျူနီယာညီလေးက မင်းကို သေချာနှုတ်မဆက်ရုံနဲ့တင် မင်းက သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ရသလား”

“တတိယ ဂျူနီယာညီမက ကံကောင်းထောက်မစွာနဲ့ ကျောက်စိမ်းဝိညာဉ်မြက်ကို ရှာဖွေတွေ့ရှိခဲ့တယ်၊ ဒါက သူမရဲ့ ကျင့်စဉ် အဟန့်အတားကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်မှာကို မင်းက တုံ့ဆိုင်းမှုမရှီဘဲ သူမဆီကနေ လုယူခဲ့တယ် ဟုတ်လား”

“စတုတ္ထ ဂျူနီယာ ညီလေးက ရိုးအတယ်၊ မင်းက အကြီးဆုံး စီနီယာအစ်ကို ဖြစ်ပြီးတော့ သူ့ကို မစောင့်ရှောက် ရင်တောင် မင်းရဲ့ပျော်ရွှင်မှုအတွက် လူပုံအလယ်မှာ ဘာလို့ လှောင်ပြောင်စရာ လုပ်ရတာလဲ”

“ဒီလို ယုတ်မာတဲ့ လုပ်ရပ်တွေဟာ မှတ်တမ်းတင်လို့ မကုန်နိုင်လောက်အောင် များပြားနေပြီ”

“ဒါတွေအားလုံးကို လျစ်လျူရှုပေးလို့ ရဦးမယ်၊ နဝမတောင်ထိပ်ရဲ့ အကြီးဆုံးစီနီယာအစ်ကို တစ်ယောက်အနေနဲ့ မင်းမှာ တချို့သော ပေးဆပ်မှုတွေ ရှိခဲ့တာ အမှန်ပဲ”

“ဒါပေမဲ့”

“ကျန်းလျန်ယွဲ့က အခုမှ ဂိုဏ်းကို ဝင်လာတာ ဖြစ်ပြီး သူမမှာ ဧကရီတစ်ပါးဖြစ်လာမယ့် ပါရမီထူးတွေ ရှိနေတယ်၊ သူမက နဝမ တောင်ထိပ်၊ ဒါမှမဟုတ် ကျိုးယန်ဂိုဏ်းတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ၊ အကြီးဆုံး စီနီယာအစ်ကို တစ်ယောက် အနေနဲ့ မင်းက သူမကို စောင့်ရှောက်ပေးရမှာ ဖြစ်ပါလျက်နဲ့ ... ဘယ်လိုလုပ်ပြီး ...”

“ဘယ်လိုလုပ်ပြီး ကျင့်ဝတ်သိက္ခာ၊ တရားမျှတမှုနဲ့ အရှက်တရားတွေကို လျစ်လျူရှုပြီး ဆေးလာပေးတယ်ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ချောင်းကြည့်တဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို ကျူးလွန်ရဲတာလဲ”

“ဟာ”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ အကြီးအကဲများနှင့် တပည့်များအားလုံး ရုတ်ချည်းပင် ဝုန်းဒိုင်းကြဲ ဆူညံသွားကြတော့သည်။

*ချောင်းကြည့်တာလား၊ တကယ့်ကို ချောင်းကြည့်တာပေါ့၊ ပြီးတော့ ပစ်မှတ်က ဧကရီတစ်ပါး ဖြစ်လာဖို့ အလားအလာရှိတဲ့ ကျန်းလျန်ယွဲ့ ဖြစ်နေသေးတာလား*

ထိုအချိန်တွင် လူတိုင်း၏ အကြည့်များသည် ကျန်းချန်ဟု ခေါ်သော အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားထံသို့ တညီတညွတ်တည်း ကျရောက်သွားကြပြီး အားကျမှုနှင့်အတူ ဆွံ့အနေကြလေသည်။

သူတို့က သူ့ကို အားကျမိကြသည်မှာ ကျန်းလျန်ယွဲ့သည် အသက် သုံးနှစ်အရွယ်တွင် ခန္ဓာကိုယ် သန့်စင်ခြင်းကို စတင်ခဲ့ပြီး ခုနစ်နှစ်အရွယ်တွင် ဝိညာဉ် အာရုံခံခြင်းသို့ ရောက်ရှိကာ၊ အသက် ဆယ့်ငါးနှစ်တွင် မူလ အမြုတေ အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ကျိုးယန်ဂိုဏ်းသို့ ဝင်ရောက်ပြီး တစ်လကျော်မျှ အကြာတွင်ပင် သူမသည် မူလအမြုတေကို ပြန်လည်သန့်စင်ပြီး၍ လူသား အမြုတေအဆင့်သို့ပင် တက်လှမ်း နိုင်ခဲ့ပြီး ဖြစ်၏။

ဤမျှလောက်သော ပါရမီမျိုးနှင့်ဆိုလျှင် အထူးချွန်ဆုံးဆိုသူများပင် သူမကို မမှီနိုင်ကြချေ။ သူမသည် အမှန် တကယ်ပင် ဧကရီတစ်ပါး ဖြစ်လာမည့် ပါရမီထူးကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

ထို့အပြင် ကျန်းလျန်ယွဲ့၏ အလှအပမှာလည်း အနှိုင်းမဲ့လှပြီး လောကရှိ အရာအားလုံးကို မှေးမှိန်သွားစေနိုင်ကာ ပန်းမာလာ အပေါင်းကိုပင် အဆင်းလျော့သွားစေနိုင်လောက်သည်။ အထူးသဖြင့် သူမ၏ သွယ်လျ ရှည်လျားသော ခြေတံအစုံမှာ မြင်ဖူးသူတိုင်း ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်သော အလှတရားမျိုး ဖြစ်၏။

သူတို့ နဝမ တောင်ထိပ်၏ အကြီးဆုံး စီနီယာအစ်ကို ကျန်းချန်သည်ကား အမျိုးသား တပည့်အားလုံး စိတ်ကူး ထဲတွင်သာ တွေးဝံ့ပြီး တကယ် မလုပ်ဝံ့ကြသည့် အရာကို အမှန်တကယ်ပင် လုပ်ဆောင်သွားခဲ့လေပြီ။

ကျန်းလျန်ယွဲ့ကို ကျိုးယန်ဂိုဏ်းတစ်ခုလုံးက ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားကြပြီး သူမကို ပြစ်မှား စော်ကား မိပါက မည်သို့သော အကျိုးဆက်မျိုး ကြုံရမည်ကိုလည်း လူတိုင်း သိထားကြသည်။

ဤသည်ကို တွေးမိကြရင်း အကြီးအကဲများနှင့် တပည့်တစ်စုတို့သည် သူတစ်ပါး ပျက်စီးခြင်းအပေါ် ဝမ်းသာအားရ ဖြစ်မိသော အမူအရာများကို မလွဲမသွေ ပြသလာကြတော့သည်။

*နည်းတောင် နည်းသေးတယ်*

ကျန်းချန်၏ ဂျူနီယာ ညီလေးများအပေါ် ရက်ရက်စက်စက် ဆက်ဆံမှုများ၊ ဂျူနီယာ ညီမလေးများကို လိုက်လံ ပိုးပန်း နှောင့်ယှက်မှုများ၊ ထို့ပြင် သူ၏ ကြမ်းတမ်းခက်ထန်၍ ဗိုလ်ကျ စိုးမိုးတတ်သော အပြုအမူများသည် ကောင်းကင်ဘုံနှင့် လူအများကို စိတ်နာကြည်းစေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

နဝမ တောင်ထိပ်သခင် ရှောင်ဟုန်ယီ၏ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်ကာကွယ်ပေးမှုသာ မရှိခဲ့လျှင် သူသည် ကျင့်စဉ်များ ဖျက်ဆီးခံရပြီး ဂိုဏ်းမှ မောင်းထုတ်ခံရသည်မှာ ကြာလှပေပြီ။

“ကျန်းချန်... ဒီလောက် များပြားတဲ့ ပြစ်မှုတွေကို မင်း ဝန်ခံသလား”

သက်ပြင်း ဖွဖွတစ်ချက် ချလိုက်ပြီးနောက် ရှောင်ဟုန်ယီသည် သူ့ကို တည်ကြည်သော မျက်ဝန်းများဖြင့် စိုက်ကြည့် လိုက်သည်။

သူမ၏ မျက်နှာအမူအရာက တင်းမာခက်ထန်နေပြီး အသံမှာလည်း အေးစက်လှ၏။

သို့သော် သူမ၏ အကြည့်ထဲတွင်မှ စိတ်ပျက်အားလျော့မှုနှင့် ရင်ကွဲနာကျမှုတို့ကို ကျန်းချန် မြင်တွေ့ နေရသည်။

“ဟူး...”

ကျန်းချန်သည် စိတ်ထဲမှနေ၍ ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်မိသည်။

အမှန်ပင် ဤအရာများသည် သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ရှောင်ဟုန်ယီအား တကယ်ပင် စိတ်ပျက်စေခဲ့ပြီ။

သို့သော် ဤအရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအပြင်ဘက်တွင် ရှိနေခဲ့သည်။

ယင်းမှာ ဆယ်ကြိမ်မြောက် ဘဝပင်။ ဤသည်ကား သူ၏ ဆယ်ကြိမ်မြောက် ဝင်စားခြင်း ဖြစ်သည်။ တူညီသော ဆယ်ကြိမ်မြောက် ဘဝကိုပင် ထပ်ခါတလဲလဲ ဖြတ်သန်းနေရခြင်း ဖြစ်၏။

ကျန်းချန် ဤကမ္ဘာသို့ စတင်ကူးပြောင်းရောက်ရှိလာစဉ်က သူသည် စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်၏ ကမ္ဘာထဲသို့ ရောက်ရှိ နေပြီး ၎င်းဝတ္ထုထဲမှ ဗီလိန်ဖြစ်သူ အကြီးဆုံး စီနီယာအစ်ကို ဖြစ်နေကြောင်း သိရှိခဲ့ရသည်။

မည်သည့် စနစ် သို့မဟုတ် ရွှေလက်ချောင်းမျှ မရှိဘဲနှင့် ဗီလိန်တစ်ယောက် ဆိုသည်မှာ အဓိကဇာတ်ကောင်၏ ရိုက်နှက်ဆုံးမခြင်းကို ခံရန်အတွက်သာ တည်ရှိသည့် အမြောက်စာ ဇာတ်ကောင် မျှသာ မဟုတ်ပါလား။

သဘာဝကျစွာပင် ကျန်းချန်သည် ဤကဲ့သို့သော ဇာတ်သိမ်းမျိုးကို လက်ခံရန် အလျဉ်းမရှိခဲ့ပေ။

ထို့ကြောင့် သူသည် ဇာတ်ကွက်ကို ပြောင်းလဲပစ်ကာ လူအများ ကြည်ညိုလေးစားကြသော ဖြောင့်မတ် မှန်ကန်သည့် အကြီးဆုံး စီနီယာအစ်ကိုတစ်ဦး ဖြစ်လာရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေက သူ ဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။

သူသည် ဂျူနီယာ ညီလေးများကို မည်မျှပင် ကာကွယ်စောင့်ရှောက်ခဲ့ပါစေ၊ ဂျူနီယာညီမလေးများကို မည်မျှပင် ဂရုစိုက်ခဲ့ပါစေ။

ကျင့်စဉ်များကို မည်မျှပင် ကြိုးစားအားထုတ်၍ တရားမျှတမှုကို မည်မျှပင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါစေ။

ဇာတ်သိမ်းပိုင်းတွင်မူ သူသည် အမြဲတမ်း “ဗီလိန်” အဖြစ်သာ သမုတ်ခြင်း ခံခဲ့ရမြဲ ဖြစ်သည်။

ကျန်းချန် ဤအရာများကို ကောင်းကောင်းမှတ်မိနေသေး၏။

ပထမမြောက်ဘဝတွင်။

ရိုးအအ ရှိလှသော စတုတ္ထ ဂျူနီယာ ညီလေးသည် ကျင့်စဉ် ချိုးဖျက်ဝင်ရောက်ရာတွင် အဟန့်အတားနှင့် ကြုံတွေ့ ရပြီး မိစ္ဆာစိတ် ဝင်ပူးကပ်လုနီးပါး ဖြစ်ခဲ့ရသည်။ ထိုစဉ်က ကျန်းချန်သည် ညီလေးကို ကူညီနိုင်မည့် ကောင်းကင်ဘုံ ရတနာကို ရှာဖွေရန်အတွက် လျှို့ဝှက်နယ်မြေတစ်ခုဆီသို့ အသက်နှင့်လဲ၍ တစ်ကိုယ်တော် စွန့်စားသွားခဲ့သည်။

သို့သော် သူသည် လျှို့ဝှက်နယ်မြေမှ အထွက်တွင်ပင် ရန်သူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရပြီး သတိလစ် မေ့မြော သွားခဲ့ရ၏။

ထိုအတောအတွင်း ဝတ္ထု၏ အဓိကဇာတ်ကောင် ရောက်ရှိလာပြီး ရန်သူများကို အလွယ်တကူ နှိမ်နင်းကာ ထိုရတနာကို ယူဆောင်၍ စတုတ္ထ ဂျူနီယာညီလေးအား ကျင့်စဉ် ချိုးဖျက်နိုင်ရန် ကူညီပေးခဲ့လေသည်။

ရလဒ်အနေဖြင့် စတုတ္ထ ဂျူနီယာညီလေးသည် အဓိက ဇာတ်ကောင်အပေါ် အလွန်အမင်း ကျေးဇူးတင်ရှိသွားခဲ့ပြီး ကျန်းချန်ကိုမူ ညီငယ်အပေါ် ပစ်ပယ်ထားတတ်သည့် အလေးမထားသော စီနီယာအစ်ကိုကြီးအဖြစ်သာ မြင်သွား ကြတော့သည်။

ဒုတိယမြောက်ဘဝတွင်။

ဒုတိယ ဂျူနီယာညီလေး၏ မိမိအပေါ်ထားရှိသော အာဃာတများကို ပြောင်းလဲပစ်ရန်အတွက် သူသည် လူတိုင်း အပေါ် ကြင်နာစွာ ဆက်ဆံခဲ့ပြီး ထိုညီလေးကိုလည်း အထူးတလည် ဂရုစိုက်ပေးခဲ့သည်။

ဒုတိယ ဂျူနီယာညီလေး ရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရစဉ်က ကာကွယ်ပေးခဲ့သည်မှာ သူပင် ဖြစ်သည်။

ဓားတစ်လက်ကို ကိုင်စွဲကာ တစ်ကိုယ်တည်းဖြင့် သူ့ကို ရက်ပေါင်း တစ်ရာတိုင်တိုင် ကာကွယ် စောင့်ရှောက် ပေးခဲ့၏။

ဒုတိယဂျူနီယာညီလေး အချစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရနေစဉ်က ဘေးတွင်ရှိနေပေးခဲ့သည်မှာလည်း သူပင် ဖြစ်သည်။

သူနှင့်အတူ လူ့လောကထဲတွင် လှည့်လည်သွားလာရင်း ရက်ပေါင်းတစ်ထောင်တိုင်တိုင် သေရည်အတူသောက်ကာ သီချင်းဆို၍ စိတ်ဖြေဖျောက်ပေးခဲ့၏။

ဒုတိယ ဂျူနီယာညီလေး၏ မူလအမြုတေ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးပြီး ကျင့်စဉ်အခြေခံ အုတ်မြစ် ပြိုလဲ သွားခဲ့စဉ်ကလည်း အနားမှာ ရှိနေပေးခဲ့သည်မှာ အခြားသူမဟုတ်၊ သူပင် ဖြစ်ပေသည်။

သူသည် ဒုတိယ ဂျူနီယာညီလေး၏ အခြေခံကို ပြန်လည် တည်ဆောက်ပေးနိုင်ရန်အတွက် မိမိ၏ ကိုယ်ပိုင် အမြုတေကိုပင် စတေးခဲ့ပြီး အဆုံးသတ်တွင်မူ သူကိုယ်တိုင်၏ ကျင့်စဉ်အခြေခံအုတ်မြစ် အက်ကွဲ ပျက်စီး သွားခဲ့ရပြီး နောင်တစ်ချိန် ကျင့်စဉ်တက်လှမ်းနိုင်မည့် အခွင့်အရေးကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။

သို့သော် ဤမျှပေးဆပ်ခဲ့ရသည့် ကြိုးပမ်းမှုအားလုံးသည် အဓိကဇာတ်ကောင်၏ “အကြီးဆုံးစီနီယာအစ်ကိုက မင်းအပေါ် ဒီလောက်ကောင်းပြနေတာ မင်းရဲ့ခန္ဓာကိုယ်ထဲက မွေးရာပါ တာအိုအရိုးကို မက်မောလို့ပဲ ဖြစ်ရမယ်” ဟူသော စကားတစ်ခွန်းအောက်တွင် လောင်းရိပ်မိသွားလေသည်။

တတိယမြောက်ဘဝတွင်။

တတိယ ဂျူနီယာညီမလေးသည် ပါရမီ ထူးထူးခြားခြားမရှိသော်လည်း အလွန်တရာ ကံကောင်းလှသူဖြစ်ရာ ရှားပါး ရတနာများနှင့် ကံကောင်းခြင်း အခွင့်အလမ်းများကို အမြဲမပြတ် ကြုံတွေ့ရတတ်သည်။

သူမသည် စိတ်သဘောထား နုနယ်ပြီး ရိုးအလွန်းလှသဖြင့် သူတစ်ပါး၏ လှည့်ဖြားခြင်းကို မကြာခဏ ခံရတတ် လေသည်။

ထို့ကြောင့် ကျန်းချန်သည် သူမ၏နောက်သို့ အမြဲမပြတ် လိုက်ပါစောင့်ရှောက်ပေးခဲ့ရပြီး မကောင်းကြံစည်မှု အပေါင်းမှ ကာကွယ်ပေးခဲ့ရသည်။

သို့သော် ငြားလည်း အဓိကဇာတ်ကောင် ရောက်ရှိလာပြီး “အကြီးဆုံး စီနီယာအစ်ကိုက နင့်ကို ကာကွယ်ပေးချင် ယောင်ဆောင်နေတာ၊ တကယ်တော့ နင့်ဆီက အခွင့်အရေးတွေကို လုယူဖို့ အကွက်ချနေတာပဲ” ဟူသော စကား တစ်ခွန်းဖြင့် သူတို့ကြားက ယုံကြည်မှုအားလုံးကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲပစ်လိုက်ပြန်သည်။

စတုတ္ထမြောက်ဘဝတွင်။

ပဉ္စမ ဂျူနီယာ ညီမဖြစ်သူ ကျန်းလျန်ယွဲ့သည် ဂိုဏ်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ သူမ ကျင့်ကြံသော ကျင့်စဉ်၏ သက်ရောက်မှုကြောင့် သူမသည် ရံဖန်ရံခါတွင် အရိုးကွဲမတတ် အေးစက်သော အဆိပ်ဒဏ်ကို ခံစားရတတ်ပြီး ဝေဒနာကို အလူးအလဲ ခံရရှာသည်။

သူမ ဤမျှလောက် ဝေဒနာခံစားနေရသည်ကို မကြည့်ရက်သဖြင့် ကျန်းချန်သည် သူ၏ နိမ့်ပါးလှသော ကျင့်စဉ် အဆင့်ဖြင့်ပင် ဆေးလုံးတောင်ထိပ်တွင် ထိုအေးစက်သော အဆိပ်ဒဏ်ကို နှိပ်နင်းပေးနိုင်မည့် ဆေးလုံးတစ်လုံးကို ရက်ပေါင်း တစ်ရာတိုင်တိုင် ပင်ပန်းကြီးစွာ ဖော်စပ်ခဲ့ရသည်။

သူသည် ကျန်းလျန်ယွဲ့ထံသို့ ထိုဆေးကို အမြန်ဆုံး သွားရောက်ပေးအပ်ရန် ရည်ရွယ်ခဲ့သော်လည်း အဆောင် တွင်းသို့ ဝင်လိုက်မိချိန်တွင် သူမ ရေချိုးနေသည်နှင့် တိုက်ဆိုင်သွားခဲ့ပြီး အဆုံးသတ်တွင်မူ ချောင်းကြည့် သမားအဖြစ် သမုတ်ခြင်း ခံလိုက်ရလေတော့သည်။

သူ ဘည်မျှပင် ဆင်ခြေပေး ရှင်းလင်းခဲ့ပါစေ၊ မည်သူ တစ်ဦးတစ်ယောက်မျှ သူ့ကို မယုံကြည်ခဲ့ကြချေ။

ပဉ္စမမြောက်ဘဝ။

ဆဋ္ဌမမြောက်ဘဝ။

……

နဝမမြောက်ဘဝ။

ဤကဲ့သို့သော အခြေအနေမျိုးသည် ဘဝတစ်ခုတည်းတွင်သာ ကြုံတွေ့ခဲ့ရခြင်း မဟုတ်ပေ။ သူ ဖြတ်သန်းခဲ့ရသည့် ဘဝတိုင်း ဘဝတိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

အများနှင့် တစ်ယောက် အထင်လွဲမှားခြင်း ခံရပြီး ကဲ့ရဲ့ရှုတ်ချခြင်း ခံရသည့်တိုင်အောင် သူသည် ဇွဲမလျှော့ဘဲ ခံနိုင်ရည်ရှိရှိ ကျော်ဖြတ်ခဲ့သည်။

သို့သော်လည်း သံသရာတစ်ကွေ့ ပြန်လည်ဝင်စားရသည့် အကြိမ်တိုင်းတွင်မူ ကျန်းချန်သည် စတင်၍ စိတ်ပျက် အားလျော့ လာခဲ့ရလေသည်။

ဆယ်ကြိမ်မြောက် ဘဝ ဖြစ်သော လက်ရှိဘဝသို့ ရောက်ရှိလာသည့်တိုင်အောင်မှ ဤကမ္ဘာလောကကြီးသည် သူ့အပေါ် မလိုမုန်းထားမှုများဖြင့်သာ ပြည့်နှက်နေကြောင်းကို သူ နောက်ဆုံးတွင် သဘောပေါက် နားလ ည်သွားခဲ့ရတော့သည်။

ကံကြမ္မာ၏ သားတော် ဖြစ်သော အဓိကဇာတ်ကောင်နှင့် နှိုင်းယှဉ်ပါက ဗီလိန် အရှိန်အဝါ ကပ်ငြိနေသည့် အကြီးဆုံး စီနီယာအစ်ကို ဖြစ်သူ သူ့ကို မည်သူကမျှ အယုံအကြည် မရှိကြသည်မှာ ဓမ္မတာပင် ဖြစ်ချေတော့မည်။

ထို့အပြင် အရာအားလုံးက ဤမျှတင် ရပ်တန့်သွားခဲ့သည် မဟုတ်သေးချေ။

သူသည် ဂျူနီယာ ညီလေးများနှင့် ဂျူနီယာ ညီမလေးများကို မည်မျှပင် ဂရုစိုက်ယုယပါစေ၊ သူတို့အတွက် မည်မျှပင် အနစ်နာခံပေးဆပ်ခဲ့ပါစေ အဆုံးသတ်တွင်မူ အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့် သူသည် အထင်လွဲမှားခြင်း ကိုသာ ခံရမြဲ ဖြစ်ပြီး သူ၏ ကြိုးပမ်းအားထုတ်မှု အသီးအပွင့်များကိုလည်း အဓိက ဇာတ်ကောင်ကသာ အမြဲတစေ လုယူသွားခဲ့သည်။

ဤဘဝတွင်မူ ကျန်းချန်တစ်ယောက် လက်လျှော့လိုက်လေပြီ။ သူ၏ စိတ်နှလုံးသည် အေးစက်သွားခဲ့ပြီး မိမိ ကိုယ်ကိုယ်လည်း အလိုလိုက်ကာ လွှတ်ပေးထားလိုက်တော့သည်။

ကောင်းကင်ဘုံက သူ့ကို ဗီလိန်တစ်ယောက် ဖြစ်စေချင်မှတော့ သူက ဘာကြောင့်များ ဆန့်ကျင် တွန်းလှန် နေရဦးမည်နည်း။

ထို့ကြောင့်ပင် သူသည် ဂျူနီယာညီလေးများကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး ဂျူနီယာညီမလေးများကို ကျီစယ် နှောင့်ယှက်ခဲ့ကာ နောက်ဆုံးတွင် ကျန်းလျန်ယွဲ့ ရေချိုးနေသည်ကိုပါ အမှန်တကယ် ချောင်းကြည့် ပစ်လိုက် တော့သည်။

“ဟုတ်တယ်၊ အဲဒါတွေ အကုန်လုံး ကျွန်တော် လုပ်ခဲ့တာ။ ကျွန်တော် မငြင်းပါဘူး၊ ဂျူနီယာညီမလေး ကျန်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က တကယ့်ကို အမိုက်စားလေးပဲ”

လူအပေါင်း၏ စိုက်ကြည့်နေမှုအောက်တွင် ကျန်းချန်က ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် ရဲရဲဝံ့ဝံ့ပင် ပြောချ လိုက်သည်။

“ဟာ”

သူ၏ စကားအဆုံးတွင် လူအုပ်ကြီးသည် ပြန်၍ ဝုန်းဒိုင်းကြဲ ဆူညံသွားကြတော့သည်။ ထိုအချိန်တွင်ပင် ကျန်းချန်၏ စိတ်အာရုံထဲ၌ စာတန်းတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာခဲ့၏။

[ပိုင်ရှင်၏ ပြုမူဆောင်ရွက်ချက်များသည် ဗီလိန် ဇာတ်ကောင်၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိပါသည်။ ဆုလာဘ် - ကျင့်စဉ် ချိုးဖျက်ခြင်း ဆေးလုံး တစ်လုံး]

Note:

ဒီစာစဉ်ကို ဖတ်ဖူးတဲ့သူ ရှိရင် ပြောပေးပါဦးဗျ၊ တခြား စာရေးဆရာ ယူထားတဲ့ စာစဉ်ကို ရေးမိတာမျိုး ဖြစ်နေမှာစိုးလို့ပါ။

All Chapters