ဒီအကြီးဆုံး စီနီယာ အစ်ကိုကတော့ ပြုပြင်ပေးလို့ မရတော့ဘူး
Vol. 1 Ch. 2
*ကျင့်စဉ် ချိုးဖျက်ခြင်း ဆေးလုံးတဲ့လား*
ကျန်းချန် အံ့အားသင့်သွားရသည်။
အတိတ်ဘဝများနှင့် ယှဉ်ပါက သူသည် စစ်မှန်သော ဗီလိန်တစ်ယောက်ဖြစ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ သူ၏ စိတ်အာရုံထဲတွင် စာတန်းတစ်ခု စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
[ပိုင်ရှင်၏ ပြုမူဆောင်ရွက်ချက်များသည် ဗီလိန်ဇာတ်ကောင်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသရွေ့ ဇာတ်သိမ်း ပိုင်းတွင် သေဆုံးပြီးသည်နှင့်တစ်ပြိုင်နက် အခြားကမ္ဘာတစ်ခုသို့ ချက်ချင်း တက်သွားနိုင်မည်ဖြ စ်သည်]
ဤသည်ကား သူ၏ စနစ်ပင် ဖြစ်ရမည်ဟု ကျန်းချန် ခံစားလိုက်ရသည်။
အကျဉ်းချုပ်ရလျှင် သူ၏ ဇာတ်ကောင်စရိုက်သည် မူလဇာတ်လမ်းနှင့် ကိုက်ညီနေပြီး အဆုံးသတ်တွင် အဓိက ဇာတ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံရသရွေ့ သူသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းတက်လှမ်းနိုင်မည်ဖြစ်ကာ ဤသံသရာမှ လုံးဝဥဿုံ လွတ်မြောက်သွားနိုင်မည် ဖြစ်၏။
ဗီလိန် တစ်ယောက်အဖြစ် သေဆုံးရခြင်းမှတစ်ပါး သူသည် လွန်ခဲ့သော ဘဝကိုးခုလုံးတွင်လည်း ဤကဲ့သို့ပင် သေဆုံး ခဲ့ရဖူးသည်။
ကျန်းချန်သည် ရယ်ချင်နေပြီး ထိုစနစ်၏ ဘိုးဘွားဘီဘင် တစ်ဆယ့်ရှစ်ဆက်လုံးကိုလည်း ဆဲရေး တိုင်းထွာ ပစ်ချင်စိတ် ပေါက်သွားရသည်။
ဘဝပေါင်း ကိုးဘဝတိုင်တိုင် လူတို့၏ ကဲ့ရဲ့ရှုတ်ချမှုကို အလူးအလဲ ခံစားရင်း သံသရာလည်ခဲ့စဉ်က ဤစနစ်သည် ပေါ်မလာခဲ့ချေ။ သို့သော် ဤဆယ်ကြိမ်မြောက်ဘဝတွင် သူသည် ဗီလိန်အစစ်အမှန်ဖြစ်ရန် ဆုံးဖြတ်လိုက်မှသာ စနစ်က ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။
ပေါ်လာရုံမျှနှင့်တင် မကသေးပေ။ စနစ်၏ တာဝန်များကလည်း အဆုံးသတ် ဇာတ်သိမ်းကို ပြောင်းလဲပစ်နိုင်ခြင်း မရှိသေးချေ။ ဤကမ္ဘာ လောကကြီးသည် သူ့အပေါ် မလိုမုန်းထားမှုများဖြင့်သာ တကယ်ပင် ပြည့်နှက်နေပေသည်။
အကယ်၍ ရွေးချယ်ခွင့်သာ ရှိခဲ့လျှင် ကျန်းချန်သည် ဤကဲ့သို့သော ဇာတ်သိမ်းမျိုးကို နောက်ထပ်တစ်ကြိမ် မဖြတ်သန်း ချင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဤသည်ကား သံသရာစက်ဝန်းမှ ရုန်းထွက်၍ ထိုနေရာ တွင် ချက်ချင်း အဆင့်မြင့် တက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသဖြင့် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ချေ။
သူ့အတွက်မူ ဤအောက်တန်းကျလှသော ကမ္ဘာကြီးမှ စွန့်ခွာသွားနိုင်သရွေ့ အရာရာက လုံလောက်လှပြီ ဖြစ်ပေသည်။
သူ့ကို စိတ်ဓာတ် တက်ကြွစေရန်အတွက် ဖြစ်စေ၊ သို့မဟုတ် ၎င်း၏ တည်ရှိမှုကို သက်သေပြလို၍ ဖြစ်စေ၊ မူလ ဇာတ်လမ်းရှိ ဗီလိန်၏ လုပ်ရပ်များနှင့် ကိုက်ညီသော အပြုအမူမျိုး ကျန်းချန် ပြုလုပ်မိတိုင်း စနစ်သည် သူ့ကို ဆုလာဘ်များ အမြဲ ပေးအပ်ပေမည်။
ယခုအကြိမ် ရရှိသော ကျင့်စဉ်ချိုးဖျက်ခြင်း ဆေးလုံးသည်လည်း ထိုသို့သော ဆုလာဘ်များထဲမှ တစ်ခုပင် ဖြစ်၏။
အခြားသူများ၏ အခြေအနေမှာမူ...
ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။
ကျန်းချန်တစ်ယောက် မိမိ၏လုပ်ရပ်များကို ဝန်ခံရုံတင်မကဘဲ ဤမျှအထိ ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ ဝန်ခံ လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ထို့အပြင် သူသည် ဤအခွင့်အရေးကို အသုံးချကာ ကျန်းလျန်ယွဲ့ကို နောက်ထပ် တစ်ကြိမ်ပင် ကျီစယ်သွားခဲ့သေးသည်။
ဤသည်ကား အလွန်အမင်း ရင့်သီးရိုင်းစိုင်းလှပေသည်။
တောင်ထိပ်သခင် ဒေါသ အမျက်ချောင်းချောင်း ထွက်ကာ သူ၏ကျင့်စဉ်များကို အမှန်တကယ် ဖျက်ဆီးပြီး ကျိုးယန်ဂိုဏ်းမှ မောင်းထုတ်ပစ်မည်ကို သူ အနည်းငယ်မျှပင် မကြောက်ရွံ့ပါသလော။
သို့သော် ဤသည်ကား မူလဇာတ်လမ်းထဲတွင် အတိအကျ ရေးသားထားသည့်အတိုင်း ဖြစ်နေကြောင်းကိုမူ လူအုပ်ကြီးက မသိရှိကြချေ။
မူလဇာတ်လမ်းအရ ကျန်းချန်သည် ရှောင်ဟုန်ယီ ပထမဦးဆုံး လက်ခံခဲ့သော တိုက်ရိုက်တပည့် ဖြစ်ရာ၊ သူမသည် သူ့ကို အမြဲတစေ ဂရုတစိုက် သွန်သင်ဆုံးမခဲ့ပြီး သူ့အပေါ်၌လည်း အတော်ပင် ဘက်လိုက် ကာကွယ်ပေးခဲ့ဖူးသည်။
ထို့ကြောင့်ပင် ကျန်းချန်သည် ဗီလိန်ဆန်သော အောက်တန်းကျသည့် လုပ်ရပ်များကို ပြုလုပ်သည့်တိုင်အောင် အကြောက်အလန့်မရှိ ရဲတင်းနေခြင်း ဖြစ်ပေသည်။
ဤစကားကို ကြားလိုက်ရသောအခါ ရှောင်ဟုန်ယီသည် အလွန်အမင်း ဒေါသထွက်သွားရလေသည်။
သူမ၏ သွယ်လျသော လက်ချောင်းလေးများသည် တင်းတင်းဆုပ်သွားပြီး ထွက်သက်ဝင်သက်များမှာလည်း ပြင်းထန်စွာ လှုပ်ခတ်လျက် အကျပ်အတည်းတစ်ခု အကြားတွင် ဗျာများနေသည်မှာ ထင်ရှားလှပေသည်။
ဤသည်ကို မြင်လျှင် တိမ်လွှာရောင် ဝတ်ရုံဖြူကို ဆင်ယင်ထားသည့် မိန်းကလေးတစ်ဦးသည် ရှေ့သို့တစ်လှမ်း တိုးထွက်လာကာ လျှောက်တင်လိုက်၏။
“ဆရာသခင်... ဒါ အကြီးဆုံးစီနီယာအစ်ကိုရဲ့ ပထမဆုံးအကြိမ် အမှားအယွင်း ဖြစ်တာရယ်၊ နောက်ပြီး သူက နဝမ တောင်ထိပ်ကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ပေးခဲ့တာရယ်ကြောင့် ဒီတစ်ကြိမ်တော့ ဒီအတိုင်းပဲ ထားလိုက် ပါတော့”
ထိုသို့ ဝင်ရောက် တောင်းပန်စကား ဆိုလိုက်သူမှာ အခြားသူမဟုတ်၊ ကျန်းလျန်ယွဲ့ ကိုယ်တိုင်ပင် ဖြစ်ပေသည်။
ဂိုဏ်းစည်းကမ်းများအရဆိုလျှင် ယနေ့တွင် ကျန်းချန်သည် ဂိုဏ်းမှ မောင်းထုတ်ခံရမည့် ဘေးမှ လွတ်မြောက် နိုင်စရာ အကြောင်း မရှိသော်လည်း ဆရာသခင် ရှောင်ဟုန်ယီအနေဖြင့် စိတ်မပြတ်နိုင်ဘဲ တွန့်ဆုတ်နေသည်ကို သူမ ရိပ်မိလိုက်ခြင်း ဖြစ်၏။
သူမသည် ကျိုးယန်ဂိုဏ်းသို့ ဝင်ရောက်ကာစသာ ရှိသေးသဖြင့် အလွန်အမင်း တင်းမာခက်ထန်ပြနေခြင်းသည် နောင်တစ်ချိန်တွင် ဆရာသခင်နှင့် ဆက်ဆံရေးကောင်းမွန်ရန်အတွက် အကျိုးမရှိနိုင်ဟု တွေးဆကာ သူ့အတွက် ကြားဝင်ညှိနှိုင်း ပေးလိုက်ရခြင်း ဖြစ်ပေသည်။
ဤသည်ကပင် ရှောင်ဟုန်ယီအား သက်ပြင်းချကာ စိတ်သက်သာရာ ရသွားစေခဲ့သည်။
သို့သော် သူမ ဘယ်လိုမှ နားမလည်နိုင်ပါချေ။
သူမသည် အစကတည်းက ဘာကြောင့်များ ဤမျှ ကျင့်ဝတ်သိက္ခာ ချို့တဲ့လှသော ကျန်းချန်ကဲ့သို့ တပည့်မျိုးကို လက်ခံမိခဲ့ပါသနည်း။
နှစ်ပေါင်းများစွာ သွန်သင်ဆုံးမခဲ့ပြီးနောက် ကျန်းချန်တစ်ယောက် လမ်းမှန်သို့ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သော်လည်း အဖတ်ဆယ်မရသည့်အပြင် ပို၍ပင် ဆိုးရွားလာခဲ့လေပြီ။
သူမကို စိတ်အပျက်ရဆုံး ဖြစ်စေသည့် အချက်မှာ
ကျန်းချန်သည် ဂျူနီယာ ညီမငယ်များကို လိုက်လံပိုးပန်းရုံ၊ ကျန်းလျန်ယွဲ့ကို ချောင်းကြည့်ရုံတင်မကဘဲ သူ၏ ဆရာသခင် ဖြစ်သော သူမကိုပင် ချန်လှပ်မထားခဲ့ခြင်းကြောင့် ဖြစ်သည်။
မကြာသေးမီကပင် ဤတပည့်ယုတ်၏ မျက်ဝန်းများထဲ၌ ရွှတ်နောက်နောက်နိုင်သော အရိပ်အယောင်အချို့ကို သူမ ရံဖန်ရံခါ သတိပြုမိနေခဲ့၏။
ဤတပည့်သည်ကား အမှန်တကယ်ပင် ကယ်တင်ရခက်လောက်အောင် ပျက်စီးနေပြီဟု ထင်ရလေသည်။
ရှောင်ဟုန်ယီသည် မျက်ဝန်းအစုံကို ပိတ်လိုက်ပြီး စိတ်ထဲမှနေ၍ လေးနက်စွာ သက်ပြင်းချလိုက်မိသည်။
သူမသည် ယခုအကြိမ်တွင်လည်း ကျန်းချန်ကို ကာကွယ်ပေးဦးမည် ဖြစ်သော်လည်း၊ ဤသည်ကား ဧကန်မုချ နောက်ဆုံး အကြိမ်ပင် ဖြစ်ပေတော့မည်။
အကယ်၍ ကျန်းချန်သာ ပြုပြင်ပြောင်းလဲခြင်း မရှိတော့ပါက၊သူတို့ကြားက ဆရာတပည့် သံယောဇဉ်သည်လည်း အမှန်တကယ်ပင် ကုန်ဆုံး ပြတ်တောက်သွားရတော့မည် ဖြစ်ချေသည်။
အတန်ကြာမှသာ ရှောင်ဟုန်ယီသည် သူမ၏ မျက်ဝန်းများကို ပြန်လည် ဖွင့်ဟလာခဲ့သည်။
သူမသည် ကျန်းချန်ကို တည့်တည့်စိုက်ကြည့်လျက် ယခင်ကထက် ပိုမိုတည်ကြည် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
“မင်းရဲ့ ကောင်းခဲ့တာတွေနဲ့ ပြစ်မှုတွေကို အပြန်အလှန် ခုနှိမ်ပြီးတဲ့နောက် ဂိုဏ်းကနေ မောင်းထုတ်မယ့် ဘေးကနေ ကင်းလွတ်ခွင့် ပေးမယ်၊ ဒါပေမဲ့ မင်းကို ပြစ်ဒဏ်တော့ ခတ်ရလိမ့်မယ်”
“ဝုန်း”
သူမ၏ စကားအဆုံးတွင် အလွန်တရာ ပြင်းထန်လှသော အရှိန်အဝါတစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ရုတ်ချည်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ထိုခန့်ညားထည်ဝါလှသော အရှိန်အဝါလှိုင်းများသည် ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
နောက်တစ်စက္ကန့်တွင်မူ ကျန်းချန်သည် တောင်ကြီးတစ်လုံးနှင့် ဆောင့်မိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သွေးလေများ ဆူဝေကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလအမြုတေသည်လည်း ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရတော့သည်။
“ဖူး”
သူသည် ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လျက် သွေးတစ်လုပ်ကို ဝေါခနဲ အန်ထုတ်လိုက်ရသည်။
“ဒီနေ့ ငါက မင်းရဲ့ မူလအမြုတေကို ဖျက်ဆီးပြီး ပြစ်ဒဏ်ခတ်လိုက်တယ်၊ အခုချိန်ကစပြီး မင်း...”
ရှောင်ဟုန်ယီသည် ထပ်မံ၍ စကားဆိုလာခဲ့သော်လည်း သူမ၏ အသံမှာ တုန်ရီရှိုက်မွန်းနေရှာသည်။
သိသိသာသာပင် ကျန်းချန်၏ မူလအမြုတေကို ဖျက်ဆီးပစ်လိုက်ခြင်းသည် သူမကိုယ်တိုင် အတွက်လည်း အလွန်အမင်း နာကျင်ရသော အလုပ်တစ်ခု ဖြစ်ပေသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ် လိုက်သည်။
“အခုချိန်ကစပြီး မင်းရဲ့ အပြောအဆို အပြုအမူတွေကို ဆင်ခြင်ရမယ်၊ ပြီးတော့ နဝမတောင်ထိပ်ရဲ့ အကြီးဆုံး စီနီယာ အစ်ကို တစ်ယောက်အနေနဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်ရမယ်။ အကယ်၍ မင်းသာ နောက်တစ်ကြိမ် ပြဿနာ ထပ်ရှာဦးမယ်ဆိုရင် ဂိုဏ်းရဲ့ စည်းကမ်း ထိန်းသိမ်းရေး ခန်းမဆီကို တိုက်ရိုက် လွှဲပြောင်း ပေးအပ်ပြီး အရေးယူစေမယ်”
စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ဆိုသည်မှာ ညှာတာ ထောက်ထားတတ်သည့် နေရာမျိုး မဟုတ်သည်ကို လူတိုင်း သိကြသည်။
ဤသည်ကား ကျန်းချန်အတွက် သတိပေးချက်တစ်ခုပင် ဖြစ်၏။ နောင်တစ်ကြိမ်တွင် သူမသည် ဆရာသခင်တစ်ဦး အနေဖြင့် သူ့ကို ထပ်မံ၍ ကာကွယ်ပေးတော့မည် မဟုတ်ချေ။
“ဆရာသခင်ကို ကျေးဇူးတင်ပါတယ်”
ကျန်းချန်သည် ယိမ်းယိုင်နေသော သူ၏ ကိုယ်ဟန်ကို မနည်း ပြန်လည် ထိန်းမတ်လိုက်ရင်း လက်ဝါးချင်းယှက်ကာ အရိုအသေပြု ဦးညွှတ်လိုက်လေတော့သည်။
သူသည် သူမအပေါ် အမှန်တကယ် ကျေးဇူးတင်ရှိမိပါသည်။
ရှောင်ဟုန်ယီသည် သူ၏ မူလအမြုတေကို ဖျက်ဆီးပစ်ခဲ့သော်လည်း သူမသည် ကိုးကြိမ်တိုင်တိုင် သံသရာ လည်ခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် သူ့ကို အမြဲတစေ ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် အနည်းငယ်မျှသော သူများထဲမှ တစ်ဦး ဖြစ်ပေသည်။
ဤအကြောင်းပြချက်ကြောင့်ပင် ကိုးဘဝလုံးလုံး၌ ကျန်းချန်သည် သူမအား ကယ်တင်ရန် အစဉ်တစိုက် ကြိုးပမ်း ခဲ့ခြင်း ဖြစ်၏။
ဤဘဝတွင် သူသည် အရာရာကို လုံးဝဥဿုံ လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း သူမအတွက်မူ နောက်ထပ် တစ်ကြိမ် ထပ်မံ ကြိုးစားကြည့်ချင်သေးသည်။
မူလဇာတ်လမ်းအရဆိုလျှင် ထိုတုံးအလှသော အဓိကဇာတ်ကောင်သည် ကျိုးယန်ဂိုဏ်းသို့ ဝင်ရောက် လာပြီးနောက် နေရာတကာတွင် ဆရာကြီးလုပ်ကာ လူအများအား ရိုက်နှက်ဆုံးမပြရင်းဖြင့် ရှောင်ဟုန်ယီ အပါအဝင် မိန်းမပျိုများစွာ၏ စိတ်နှလုံးကို သိမ်းပိုက်သွားခဲ့သည်။
သို့သော် ထိုမိန်းကလေးများထဲမှ တစ်ဦးတစ်ယောက်မျှ ကောင်းမွန်သော ဇာတ်သိမ်းမျိုးကို မပိုင်ဆိုင်ခဲ့ကြရချေ။
မူလဇာတ်လမ်း၏ ရလဒ်ဆိုးဝါးမှုများကြောင့် ဝတ္ထုရေးဆရာသည် ဇာတ်လမ်းအလယ်နှင့် အဆုံးပိုင်းများတွင် လက်လျှော့လိုက်ပြီး ဇာတ်ကြောင်းကို ကြုံသလို လျှောက်ရေးရန်အတွက် ရှဲဒိုးသမားတစ်ဦးကို ငှားရမ်းခဲ့လေသည်။
ထိုရှဲဒိုးသမားသည် ဦးနှောက်ထဲတွင် တစ်ခုခု ချို့ယွင်းနေ၍လားမသိ အဆုံးသတ်တွင် ရှောင်ဟုန်ယီအပါအဝင် အမျိုးသမီး ဇာတ်ဆောင်များနှင့် ဇာတ်ပို့ဇာတ်ရံအားလုံးကို သတ်ဖြတ်ပစ်ခဲ့တော့သည်။
ထိုသူများသည် အဓိကဇာတ်ကောင်နှင့် လက်ဖျားချင်းပင် မထိလိုက်ရဘဲ မိန်းမများကို သတ်ဖြတ်ခြင်းဖြင့် မိမိ၏ တာအို လမ်းစဉ်ကို သက်သေပြရသည့် အဓိကဇာတ်ကောင်၏ လမ်းခရီးထက်တွင် အသက်ပျောက်ခဲ့ကြရရှာသည်။
ပြန်လည် ဝင်စားရသည့် အကြိမ်တိုင်း၌ ကျန်းချန်သည် ထိုအမျိုးသမီးများ အဓိကဇာတ်ကောင်အပေါ် စိတ်မကစား မိစေရန်အတွက် မိမိ၏ အစွမ်းရှိသမျှ ကြိုးပမ်းတားဆီးခဲ့သော်လည်း အကြိမ်တိုင်းတွင် ကျရှုံးခြင်းဖြင့်သာ နိဂုံးချုပ်ခဲ့ရသည်။
အဓိကဇာတ်ကောင်၏ အရှိန်အဝါဟူသည်မှာ ဗီလိန်မျှသာဖြစ်သော သူ၏ အစွမ်းဖြင့် လှုပ်ခတ်နိုင်မည့် အရာမျိုး မဟုတ်ခဲ့ပေ။
ထို့အပြင် သူသည် အမျိုးသမီးဇာတ်ဆောင်များနှင့် ဇာတ်ရံများစွာ၏ မုန်းတီးရွံရှာခြင်းကို ခံရရုံတင်မကဘဲ မရည်ရွယ်ဘဲနှင့် အဓိက ဇာတ်ကောင်အတွက် ဆရာကြီးလုပ်ပြနိုင်မည့် အခွင့်အရေးများကိုပါ ပိုမို ဖန်တီးပေးမိ သကဲ့သို့ ဖြစ်သွားခဲ့ရသေးသည်။
*ဆရာ ... ဒီဘဝမှာလဲ ဒီတပည့်က ဆရာ့ကို ဘယ်လိုနည်းနဲ့မဆို ဆက်ပြီး ကယ်တင်သွားမှာပါ...*
စိတ်ထဲမှ အတွေးများကြောင့် ကျန်းချန်သည် ရှောင်ဟုန်ယီကို ရိုသေစွာဖြင့် အလေးအနက် ဦးညွှတ် လိုက်လေသည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ လောကဓံဒဏ်ချက်များကို အလူးအလဲ ခံစားထားရသကဲ့သို့ ပင်ပန်း နွမ်းနယ်နေဟန် ပေါက်နေ၏။
ဤဘဝတွင်မူ သူ့၌ စနစ် ရှိနေပြီ ဖြစ်သည်။
ဇာတ်သိမ်းပိုင်းက ပြောင်းလဲသွားမည် မဟုတ်သော်လည်း သူသည် ပိုမိုသန်မာလာနိုင်ပေသည်။ မိမိအပေါ် ထားရှိသော ရှောင်ဟုန်ယီ၏ အမြင်ကို ပြောင်းလဲပစ်ရန် သူ နောက်ထပ် မမျှော်လင့်တော့သော်လည်း သူသာ လုံလောက်အောင် သန်မာလာပါက သူမ သေဆုံးမည့်ဘေးမှ ကင်းဝေးစေရန် အခြားသော နည်းလမ်းများကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် လုံးဝဥဿုံ သာလွန်သော အင်အားကို အသုံးချ၍ ရှောင်ဟုန်ယီ၏ ရုပ်ကလာပ်ကို ဖျက်ဆီးကာ သူမ၏ ဝိညာဉ်ကို အရာဝတ္ထုတစ်ခုခုအတွင်း၌ နှစ်ပေါင်းတစ်ရာတိုင်တိုင် ပိတ်လှောင်ထားခြင်းမျိုးပင်။
ဤသို့ပြုလုပ်ခြင်းက ရှောင်ဟုန်ယီ၏ ပြင်းထန်လှသော မုန်းတီးမှုကို ခံရမည် ဖြစ်သော်လည်း အနည်းဆုံးတော့ သူမအနေဖြင့် မိန်းမများကို သတ်ဖြတ်၍ တာအိုကို သက်သေပြမည့် အဓိကဇာတ်ကောင်၏ လမ်းခရီးမှ ရှောင်လွှဲ နိုင်မည် ဖြစ်ပေသည်။
ဤသည်ကား ယခုအချိန်တွင် ကျန်းချန် တွေးတောနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
ကျန်တဲ့လူတွေလား။ သူတို့ဘာသာသူတို့ပဲ ကံစီမံရာ သွားကြပါစေတော့။
ဘဝပေါင်း ကိုးဘဝတိုင်တိုင် ဖြတ်သန်းခဲ့ပြီးနောက် သူသည် ထိုသူများ၏ သံသယအကြည့်များကို ရင်ဆိုင်ရ လွန်းသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရှောင်ဟုန်ယီသည် ကျန်းချန်၏ ပုံစံကို ကြည့်ရင်း သူမ၏ နှာခေါင်းဝယ် အလိုလို စပ်ဖျဉ်းဖျဉ်း ဖြစ်ကာ စိတ်မကောင်း ဖြစ်ရပြန်သည်။
သူမ၏ တပည့်ဖြစ်သူသည် ရင်ကွဲမတတ် ခံစားချက်မျိုးကို တစ်ခုခု ဖြတ်သန်းခဲ့ရသကဲ့သို့ သူမ အမြဲတစေ ခံစား နေရခြင်း ဖြစ်၏။
“တပည့်၊ နောင်တရဖို့ ဘယ်တော့မှ မနောက်ကျပါဘူး”
ရှောင်ဟုန်ယီသည် နေရာမှ မတ်တတ်ထရပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် အသံများ တုန်ရီလျက် ပြောလိုက်သည်။
“မင်းသာ လမ်းမှန်ကို ပြန်လျှောက်မယ်ဆိုရင် မင်းဟာ ငါ့အတွက် တပည့်ကောင်းတစ်ယောက် ဖြစ်နေဦးမှာပဲ၊ ပြီးတော့ ဂျူနီယာညီမလေး လျန်ယွဲ့ကိုလည်း ကျေးဇူးမတင်ရသေးဘူး မလား၊ သူမက မင်းကို ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲဖို့ အခွင့်အရေး ပေးခဲ့တာလေ”
“ဂျူနီယာညီမလေးကို ကျေးဇူးတင်ပါတယ်”
ကျန်းချန်သည် လိမ္မာသိတတ်စွာပင် ကျန်းလျန်ယွဲ့အား ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျန်းလျန်ယွဲ့သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှပင် ပြန်လည်၍ တုံ့ပြန်စကားဆို၏။
“မလိုပါဘူး၊ နောင်အနာဂတ်မှာ စီနီယာအစ်ကိုအနေနဲ့ ဆရာသခင်ရဲ့ စေတနာကောင်းတွေကို စိတ်ပျက်အောင် မလုပ်ဘဲ ပြုမူနေထိုင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒီတစ်ကြိမ် ဖြစ်ရပ်ကိုတော့ ကျွန်မ မေ့ပစ်လိုက်ပါ့မယ်၊ စီနီယာအစ်ကိုလဲ ဒါကို စိတ်ထဲမှာ ထားမနေပါနဲ့တော့”
“တကယ်လား...”
ကျန်းချန်က ပြုံးလိုက်သည်။
“အင်း”
ကျန်းလျန်ယွဲ့က ခေါင်းညိတ်ပြ၏။
“ဒါဆိုရင် ငါ ချောင်းကြည့်နေတုန်းက ဂျူနီယာညီမလေးရဲ့ ကိုယ်ရေးကိုယ်တာ အသုံးအဆောင်ပစ္စည်းတချို့ကို သာမန်ကာလျှံကာ ယူမိသွားတာကိုလဲ ဂျူနီယာညီမလေးအနေနဲ့ စိတ်ထဲထားမှာ မဟုတ်ဘူးမလား”
ကျန်းချန်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
ချက်ချင်းပင် ကျန်းလျန်ယွဲ့၏ မျက်နှာသည် မည်းမှောင်သွားခဲ့ရတော့သည်။
ရှောင်ဟုန်ယီသည်လည်း ထို့အတူပင် ဖြစ်ရာ သူ့အား ဒေါသတကြီး ကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း သူမ စကား မဆိုနိုင်သေးခင်မှာပင်။
“ဗုန်း”
ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများ ရုတ်ချည်း ထကြွလာသဖြင့် ကျန်းချန်သည် မျက်စိရှေ့၌ မှောင်အတိကျသွားကာ သတိလစ် မေ့မြောလျက် လဲပြိုသွားခဲ့ရလေပြီ။
ဤသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲများနှင့် တပည့်တစ်စုတို့သည် ဆွံ့အ သွားကြရတော့သည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့်တိုင်အောင်မှ ယုတ်ညံ့သော စကားကို ပြောရန် မေ့မေ့လျော့လျော့ မရှိသေး ပါတကား။
ဤအကြီးဆုံး စီနီယာအစ်ကိုကြီးသည်ကား အမှန်တကယ်ပင် ကယ်တင်ရခက်လောက်အောင် ပျက်စီးနေပြီ ထင်ပါရဲ့။