အခန်း ၆၂
Vol. 7 Ch. 62
🍅 Chapter 62
“နင်…”
သူမ ခြေစောင့်ကာ ဒေါသတကြီး ပြန်အော်လိုက်သည်။
“ငါဆိုလိုတာက အဲဒီသဘောဟုတ်လို့လား”
သူမသည် ရင်ထဲမှ ဒေါသမီးတောက်များကို မနည်းဖိနှိပ်ချုပ်တည်းထားလိုက်ရသည်။
“ငါက စေတနာနဲ့ သတိပေးနေတာပါ၊ သူတို့က ကောင်မလေးတွေပဲလေ၊ အနှေးနဲ့အမြန် သူစိမ်းအိမ်ကို သွားရမှာပဲလေ”
“အခု သူတို့ကို ပြန်ရွေးဖို့ ငွေတွေအများကြီး အကုန်ခံလိုက်တာ နောက်ကျရင် နင် အများကြီးနောင်တရလိမ့်မယ်”
ဝူယွီလန်၏အသံမှာ အေးစက်စူးရှသွားသည်။
“ငါ တကယ်နောင်တရတယ်၊ ငါ့ကလေးတွေကို ဒီနေရာမှာ လာပြီး ကဲ့ရဲ့ပြောဆိုဖို့ မျက်နှာမပြရဲအောင် နင့်ရဲ့ မျက်နှာအိုကြီးကို ကုတ်ခြစ်မပစ်လိုက်ရတာကို ငါ နောင်တရနေတာ”
“နင်”
“ဝူယွီလန်၊ နင်က တကယ့်ကို မလွယ်တဲ့မိန်းမပဲ၊ နောက်နောင် ကိစ္စတစ်ခုခုရှိရင် ငါ့ကို လာမရှာနဲ့”
ဝူယွီလန်ကို ယှဥ်မပြောနိုင်တော့သဖြင့် ဟောင်ချန်သည် ဒေါသတကြီး ခြေဆောင့်ကာ ပြဇာတ်ကြည့်နေကြသော ရွာသားများအား မကျေမနပ် မျက်စောင်းထိုးပြီးနောက် လှည့်ထွက်သွားလေတော့သည်။
ဝူယွီလန် ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
ဤအဘွားကြီးသည်လည်း စေတနာကောင်းရှိသူမဟုတ်ပေ။ အတိတ်က မူလခန္ဓာကိုယ်ပိုင်ရှင်ထံမှ အကျိုးအမြတ် အတော်များများ ရယူခဲ့လေ၏။
သူမသည် ထပ်မံအချိန်ဆွဲမနေတော့ဘဲ ရွာသားများကို နှုတ်ဆက်ကာ ဖျန်းကျန်းမြို့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့တစ်အုပ်စုလုံး မြို့သို့ ရောက်ရှိလာကြသည်။
ဝူယွီလန်သည် အရင်ဦးဆုံး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် နာမည်ကောင်းရှိသော ဆေးဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိသွား၏။
သူမက ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
“တောင်းပန်ပါတယ်၊ ဒီမှာ တောတွင်းဆေးပင်တွေ လက်ခံဝယ်ယူပါသလား”
ဆေးဖော်စပ်နေသော ဆေးဆိုင်လက်ထောက်သည် ထိုအသံကို ကြားသောအခါ ကောင်တာဆီသို့ ထွက်လာခဲ့သည်။
“ဝယ်ပါတယ်၊ ဒါပေမဲ့ အရည်အသွေးကောင်းတဲ့ ဆေးပင်တွေကိုပဲ လက်ခံတာပါ”
ဝူယွီလန်သည် ဂျင်ဆင်းနှင့် လင်းဇီးတို့ကို ထုတ်ပြရန် အလျင်စလိုမလုပ်သေးဘဲ လတ်ဆတ်သော ပိုင်ကျူးပင်များ ပါရှိသည့် ခြင်းတောင်းကိုသာ အရင်ထုတ်လိုက်သည်။
သူမက ခြင်းတောင်းကို ကောင်တာပေါ်သို့ တင်လိုက်သည်။
“ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါ၊ ဒီပိုင်ကျူးဆေးမြစ်တွေကိုရော ဝယ်ပါသလား”
ဆေးဆိုင်လက်ထောက်က ခြင်းတောင်းထဲရှိ ပိုင်ကျူးဆေးမြစ်များကို တစ်ချက်မျှ ကြည့်လိုက်သည်။
“ကျွန်တော် သေချာတော့ မပြောတတ်ဘူး၊ ခဏလောက် စောင့်ပေးပါ၊ ကျွန်တော်တို့ရဲ့ သမားတော်ကို ထွက်ကြည့်ခိုင်းပါ့မယ်”
သူသည် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နောက်သို့လှည့်ကာ အတွင်းခန်းဆီသို့ ဝင်သွားလေသည်။
ခဏအကြာတွင် ဆံပင်များ ဖြူဖွေးဆွတ်နေပြီဖြစ်သော သက်ကြီးသမားတော်တစ်ဦး ထွက်ပေါ်လာ၏။
ထိုသူကို မြင်လိုက်ရသောအခါ ဝူယွီလန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်မိသည်။ ၎င်းမှာ လူဟောင်းတစ်ဦး ဖြစ်နေလေသည်။
ထိုအချိန်တွင် သက်ကြီးသမားတော်ကြီးကလည်း ဝူယွီလန်ကို မှတ်မိသွားသည်။
သူ့မျက်လုံးများ ပြူးကျယ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် နှုတ်ဆက်လာသည်။
“သမားတော်၊ သမားတော်ဝူ”
ဝူယွီလန် ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်သည်။
“ကျန်းမာရေး ကောင်းတယ်မလား၊ သမားတော်လီ”
ဝူယွီလန်၏ရင်ထဲတွင် ဤသူနှင့်ပတ်သက်၍ နက်ရှိုင်းသောမှတ်ဉာဏ်များ ရှိနေသည်။
ယခင်က သူမသည် သူဌေးလုဇနီးအား ဗိုက်ခွဲမွေးဖွားပေးခဲ့စဉ်က ဤသမားတော်လီမှာ သူမကို အကျယ်လောင်ဆုံး မေးခွန်းထုတ် ကန့်ကွက်ခဲ့သူပင်။
သမားတော်လီသည် ဝူယွီလန်၏အဓိပ္ပာယ်ပါသောအကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ ကသိကအောက်ဖြင့် ပြုံးပြလိုက်ရသည်။
“သမားတော်ဝူ၊ မတွေ့ရတာကြာပြီပဲ၊ ဒီရက်ပိုင်း ဘယ်တွေများ ရောက်နေတာလဲ”
“ကျွန်တော် ခင်ဗျားဆီကနေ အကြံဉာဏ်တောင်းချင်တဲ့ မေးခွန်းတချို့ ရှိနေတာ၊ ဒါပေမဲ့ ခင်ဗျားကို လုံး၀ရှာမတွေ့ခဲ့ဘူး”
ယခုရက်ပိုင်းအတွင်း သူသည် သူဌေးလု၏အိမ်သို့ ဆေးစစ်ရန် ရံဖန်ရံခါ ဖိတ်ကြားခံရလေ့ရှိပြီး သူဌေးလုဇနီးမှာ တစ်နေ့ထက်တစ်နေ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်ကို သူ့မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသောအခါ သူ့ရင်ထဲရှိ အံ့အားသင့်မှုမှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ဝူယွီလန်သည် သူ မည်သည့်အရာအား မေးချင်သည်ကို သဘာဝကျကျပင် သိနေသော်လည်း ယခုအချိန်တွင် သူမသည် စိတ်အခြေအနေ သိပ်မကောင်းလှသဖြင့် ထိုအကြောင်းကို ဆွေးနွေးပြောဆိုလိုခြင်းမရှိပေ။
သူမ ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။
“ကျွန်မ ကိစ္စတချို့ရှိလို့ အပြင်သွားနေတာ”
“သမားတော်လီ၊ ဒီမှာ ဆေးပင်တွေ၀ယ်ရဲ့လား၊ မဝယ်ဘူးဆိုရင်လည်း ကျွန်မ တခြားဆိုင် သွားလိုက်ပါ့မယ်”
ဝူယွီလန် ထွက်သွားတော့မည်ကို မြင်သောအခါ သမားတော်လီက အလျင်စလို တားမြစ်လိုက်သည်။
“ဝယ်ပါတယ်၊ ဝယ်ပါတယ်၊ ခင်ဗျားဆီမှာ ဆေးပင်ဘယ်လောက်ရှိရှိ ကျွန်တော် အကုန်ဝယ်ပါ့မယ်”
သမားတော်လီသည် ခြင်းတောင်းထဲရှိ ပိုင်ကျူးဆေးမြစ်များကို မြင်သောအခါ အပင်တစ်ပင်အား ကောက်ယူကာ သေချာစစ်ဆေးကြည့်လိုက်သည်။
“ဒါက ပိုင်ကျူးဆေးမြစ်တွေ မဟုတ်လား၊ အရည်အသွေး တော်တော်လေးကောင်းပါတယ်၊ အစိမ်းအတိုင်းဆိုရင် တစ်ကတ်တီကို ပြားတစ်ရာ့နှစ်ဆယ်နဲ့ တွက်ပေးမယ်၊ ဘယ်လိုလဲ”
ဤကဲ့သို့သော နေရာငယ်လေးတွင် တစ်ကတ်တီလျှင် ပြားတစ်ရာ့နှစ်ဆယ်ဖြင့် ရောင်းချနိုင်ခြင်းမှာ အလွန်ကောင်းမွန်သောဈေးနှုန်းတစ်ခု ဖြစ်နေပြီဖြစ်သည်။
ဝူယွီလန် ကျေနပ်စွာ သဘောတူလိုက်သည်။
“ကောင်းပြီလေ၊ တစ်ကတ်တီကို ပြားတစ်ရာ့နှစ်ဆယ်နဲ့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့”
အတူလိုက်ပါလာကြသော စုန့်မိသားစုဝင်များမှာ ထိုပိုင်ကျူးဆေးမြစ်ပင်များက ဤမျှလောက်အထိ တန်ဖိုးရှိကြောင်း ကြားလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြလေသည်။
၎င်းမှာ ဂျင်ဆင်း သို့မဟုတ် လင်းဇီးကဲ့သို့ ရှားပါးလှသော ရာစုနှစ်ချီသက်တမ်းရှိ ဆေးပင်များ မဟုတ်ဘဲ တောင်ပေါ်တွင် ဤပိုင်ကျူးဆေးမြစ်ပင်များက အမြောက်အမြား ပေါက်ရောက်နေသည်မဟုတ်ပါလား။
အထူးသဖြင့် တောင်ပေါ်သို့ တောဟင်းရွက်ခူးရန် မကြာခဏ သွားလေ့ရှိကြသော ညီအစ်မများဖြစ်သည့် စုန့်ကျင်းဟွာ၊ စုန့်ယင်ဟွာနှင့် စုန့်ချန်းဟွာတို့မှာ ဤရင်းနှီးကျွမ်းဝင်နေသော ဆေးပင်ကို ကြည့်ကာ ငွေချောင်း သောင်းပေါင်းများစွာကို လက်လွတ်ဆုံးရှုံးခဲ့ရသကဲ့သို့ ခံစားနေကြရသည်။
နောင်တွင် တောဟင်းရွက်များကို ထပ်မံမခူးတော့ဘဲ ဝူယွီလန်နောက်သို့လိုက်ကာ ဤပိုင်ကျူးဆေးမြစ်ပင်များကိုသာ တူးဖော်တော့မည်ဟု သူတို့အားလုံး ရင်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
သမားတော်လီ ကတိုက်ကရိုက် ပြင်ဆင်လိုက်၏။
“ကျွန်တော် ချိန်တွယ်ပေးပါ့မယ်”
သမားတော်လီသည် ချိန်ခွင်ကြီးတစ်ခုကို ထုတ်ယူကာ ခြင်းတောင်းကို ချိတ်ဆွဲ၍ အလေးချိန် ချိန်တွယ်လိုက်သည်။
သူက အလေးချိန်ကို ဖတ်ပြလိုက်သည်။
“နှစ်ဆယ့်ခုနစ်ကတ်တီ ရှိတယ်”
ထို့နောက် သူသည် ပိုင်ကျူးဆေးမြစ်များအားလုံးကို အခြားခြင်းတောင်းတစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး ဝူယွီလန်ယူဆောင်လာသော ခြင်းတောင်းအလွတ်ကို ဆက်လက်ချိန်တွယ်လေသည်။
“ခြင်းတောင်းအလေးချိန်က သုံးကတ်တီနဲ့ တစ်၀က် ရှိတယ်၊ သုံးကတ်တီလို့ပဲ မှတ်လိုက်မယ်”
“ဒီပိုင်ကျူးဆေးမြစ်တွေ စုစုပေါင်း နှစ်ဆယ့်လေးကတ်တီ ရှိတယ်၊ တစ်ကတ်တီကို ပြားတစ်ရာ့နှစ်ဆယ်ဆိုတော့ ငွေနှစ်ချောင်းနဲ့ ပြားရှစ်ရာ့ရှစ်ဆယ် ကျသင့်တယ်”
သူက သဘောကောင်းစွာဖြင့် ကမ်းလှမ်းလာသည်။
“ခင်ဗျားရဲ့ ပိုင်ကျူးဆေးမြစ်တွေက တကယ့်ကို အရည်အသွေး ကောင်းလွန်းပါတယ်၊ ကျွန်တော် အပြည့်တွက်ပေးလိုက်ပြီး ငွေသုံးချောင်းပဲ ပေးလိုက်ပါ့မယ်၊ ဘယ်လိုသဘောရလဲ”
ဤအဘိုးအိုလေးသည် သူမ၏ မျက်နှာသာပေးမှုကို လိုချင်ရုံသက်သက်သာ ဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်း သိရှိထားသဖြင့် သူမ ငြင်းဆန်ခြင်းမပြုခဲ့ပေ။
သူမ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ၊ ဒါဆိုရင် ဒီဂျင်ဆင်းနဲ့ လင်းဇီးကိုပါ တစ်ချက်လောက် ကြည့်ပေးပါဦး၊ ငွေဘယ်လောက် တန်ဖိုးရှိမလဲဆိုတာကိုပါ တစ်ခါတည်း တွက်ပေးနိုင်မလား”
ဝူယွီလန်သည် အဖြူရောင်အဝတ်စကို ဖယ်ရှားလိုက်ရာ အတွင်း၌ရှိနေသော ဖြူဖွေးဝဖြိုးသည့် ဂျင်ဆင်းကြီးနှင့် ခိုင်ခံ့တုတ်ခိုင်လှသော လင်းဇီးတို့ ထွက်ပေါ်လာလေသည်။
သမားတော်လီ ဂရုတစိုက် လှမ်းယူလိုက်၏။
“ဒီဂျင်ဆင်းနဲ့ လင်းဇီးက အခုလေးတင် ခူးလာတာမဟုတ်လား၊ နှစ်ခုလုံးက တော်တော်လေး အကောင်းပကတိအတိုင်း ရှိနေတာပဲ”
“ဒီဂျင်ဆင်းက အနှစ်ငါးဆယ်ကျော် သက်တမ်းရှိပုံရတယ်၊
ပြီးခဲ့တဲ့လက ဆိုင်ကနေ အနှစ်လေးဆယ်သက်တမ်းရှိတဲ့ ဂျင်ဆင်းတစ်မြစ်ကို ငွေချောင်း လေးဆယ့်ခြောက်ချောင်းနဲ့ ဝယ်ခဲ့တယ်၊
ဒီတစ်ခုက သက်တမ်းပိုရင့်တော့ ခင်ဗျားကို ခြောက်ဆယ့်နှစ်ချောင်းပေးမယ်၊ ဘယ်လိုလဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူယွီလန်၏နောက်ကျောဘက်မှ အံ့ဩမှင်တက်သံများ ထွက်ပေါ်လာလေသည်။
ဝမ်ကွေ့ချင်သည် ထိုနေရာတွင် မှင်သက်စွာ ရပ်နေမိသည်။
အံ့အားသင့်မှုများ ပြီးဆုံးသွားပြီးနောက် သူမ အကြည့်များသည် ဝူယွီလန်၏ခြေထောက်များဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားလေသည်။
“အမေ၊ အခုမှ အမေ့ခြေထောက်ကို လာဖက်ထားရင် နောက်ကျသွားပြီလား”