အခန်း ၇၀
Vol. 7 Ch. 70
🍅 Chapter 70
“ပြီးတော့ စောင်စွပ် ရှစ်ထည်၊ တစ်ထည်ကို ပြားနှစ်ရာဆိုတော့ ရှစ်ထည်ကို ငွေတစ်ချောင်းနဲ့ ပြားခြောက်ရာပါ၊ ငွေတစ်ချောင်းနဲ့ ပြားငါးရာ့ခုနစ်ဆယ်ပဲ ယူပါ့မယ်”
“ချည်သားအချော လေးလိပ်အတွက်၊ ဒီအရောင်ရင့် နှစ်လိပ်က ပြားခုနစ်ရာ၊ ဒီအရောင်လွင် နှစ်လိပ်က ပြားခုနစ်ရာ့လေးဆယ့်ငါးပြား၊
စုစုပေါင်း ငွေနှစ်ချောင်းနဲ့ ပြားရှစ်ရာ့ကိုးဆယ်ပါ၊ ငွေနှစ်ချောင်းနဲ့ ပြားရှစ်ရာပဲ ယူပါ့မယ်”
“အားလုံးပေါင်းလိုက်ရင် စုစုပေါင်း ငွေကိုးချောင်းနဲ့ ပြားတစ်ရာ့နှစ်ဆယ် ကျသင့်ပါတယ်”
ဝူယွီလန် တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ တွေးတောမိသည်။
‘ဒီအိမ်ထောင်ကို ဦးစီးရတာ တကယ့်ကိုမလွယ်ဘူးပဲ’
‘ရွာထဲက လူတိုင်း လျှော်အဝတ်အစားတွေကိုပဲ ဝတ်ကြပြီး ဝါဂွမ်းစောင်တစ်ထည်တည်းကိုပဲ မိသားစုတစ်ခုလုံးဝေမျှခြုံကြတာ အံ့ဩစရာမဟုတ်တော့ဘူး၊
သာမန်လယ်သမား မိသားစုတွေက ဒီချည်သားအချောတွေကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ'
ကုန်ကျစရိတ်အတွက် သူမ ရင်ထဲတွင် နှမြောနေသော်လည်း ဝူယွီလန်သည် အပြင်ပန်းတွင်မူ အေးဆေးတည်ငြိမ်စွာပင် နေလိုက်သည်။
“ငါ ဒီလောက်အများကြီး ဝယ်တာပဲ၊ အကြွေလေးတွေကို လျှော့ပေးလိုက်ပါ”
ဆိုင်ရှင်က ခဏမျှစဉ်းစားလိုက်သည်။
“ကောင်းပါပြီ၊ ခင်ဗျားကလည်း ပွင့်လင်းတယ်၊ ကျွန်တော်ကလည်း ပွင့်လင်းပါတယ်၊ ငွေကိုးချောင်းပဲ ပေးပါတော့”
ဝူယွီလန်သည် ဘေးဘက်ရှိ အထည်စတချို့ကို တွေ့လိုက်ရသဖြင့် အထုပ်ငယ်တစ်ထုပ်ကို ကောက်ယူလိုက်၏။
“ဒီအထည်စလေးတွေကိုပါ အပိုထည့်ပေးပါလား”
‘မိသားစုကို ထောက်ပံ့ရတာ မလွယ်ဘူး၊ ချွေတာနိုင်တာလေး ချွေတာရတာပေါ့'
ဆိုင်ရှင်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဒါတွေကလည်း သိပ်အသုံးဝင်တာမှ မဟုတ်တာ၊ လိုချင်ရင် ယူသွားလိုက်ပါ”
“ပြီးတော့ ငါ လိပ်စာထားခဲ့မယ်၊ နောက်မှ အိမ်ကိုလာပို့ပေးပါဦး”
“ရပါတယ်၊ ရပါတယ်၊ စိတ်ချပါ အစ်မကြီး၊ အိမ်ကို သေချာပေါက်လာပို့ပေးပါ့မယ်”
အဝတ်အထည်ဆိုင်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ချွေးမသုံးယောက်သည် သူတို့၏ငွေများကို တပြိုင်နက်တည်း ထုတ်ပေးလာကြလေ၏။
ကျောက်လီကျွမ်က ငွေများကို တွန်းပေးလိုက်သည်။
“အမေ၊ မိသားစုကို ထောက်ပံ့ရတာက မလွယ်ဘူး၊ ဒီငွေတွေကို ယူထားလိုက်ပါ”
လီရှို့ယွင်လည်း ခေါင်းညိတ်ထောက်ခံသည်။
“ဟုတ်တယ်အမေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က အိမ်မှာ စားသောက်နေရတာပဲဟာ၊ ဒီငွေတွေက ကျွန်မတို့အတွက် သိပ်အသုံးမဝင်ပါဘူး”
ဝမ်ကွေ့ချင်လည်း ခေါင်းညိတ်ပြလိုက်သည်။
“အမေ၊ ကိုယ့်အတွက် ကိုယ်ပဲ သိမ်းထားလိုက်ပါ”
“နင်တို့အတွက် မုန့်ဖိုးအဖြစ် သိမ်းထားလိုက်ကြပါ၊ ငါ့မှာ ငွေတွေအများကြီး ရှိပါသေးတယ်”
ဝူယွီလန် အသံကို နှိမ့်ချကာ ဆက်ပြောလာသည်။
“ပြီးတော့ ခုနကလေးတင် ငါ ပိုက်ဆံတစ်ချီ ရလာတယ် မဟုတ်လား၊ ဒီလိုမတရားရလာတဲ့ ငွေတွေကို မြန်မြန်သုံးပစ်လိုက်တာက ကံကောင်းစေတယ်တဲ့”
ထိုသို့ပြောကာ သူတို့ကို ဖျောင်းဖျလိုက်ပြီးနောက် သူမ ကိုယ်တိုင်လည်း ပိုမိုသက်သောင့်သက်သာ ဖြစ်သွားသည်။
လူမိုက်နှစ်ယောက်ထံမှ ငွေချောင်း သုံးဆယ့်နှစ်ချောင်းကို လိမ်ယူခဲ့ပြီး ဆယ့်ခုနစ်ချောင်းကို သူမ ယူထားခဲ့သည်မဟုတ်ပါလား။
‘ဘယ်လောက်မှတောင် မသုံးရသေးဘူး၊ သုံးမယ်၊ လိုချင်တာမှန်သမျှ သုံးပစ်လိုက်မယ်'
ကလေးများ၏ ခြေထောက်ပေါ်ရှိ စုတ်ပြတ်ပေါက်ပြဲနေသော ဖိနပ်များကို မြင်သောအခါ ဝူယွီလန်က လက်ကာပြလိုက်သည်။
“သွားစို့၊ ဖိနပ်သွားဝယ်ကြမယ်”
ဖိနပ်ဆိုင်မှ ထွက်လာသောအခါ လူတိုင်း အနည်းဆုံး ဖိနပ်အသစ် နှစ်ရန်စီ သယ်လာကြလေသည်။
ကလေးများမှာ ပျော်ရွှင်လွန်း၍ ရူးမတတ်ပင် ဖြစ်နေကြ၏။
‘ဖိနပ်အသစ်တွေ၊ အဘွားက တစ်ခါတည်း နှစ်ရန်တောင် ဝယ်ပေးလိုက်တာ'
ကလေးများ ပျော်ရွှင်နေကြသော်လည်း လူကြီးသုံးယောက်မှာမူ ကုန်ကျစရိတ်အတွက် အနည်းငယ် နှမြောနေကြသည်။
ဝူယွီလန်ကမူ ဖိနပ်ဝယ်ခြင်းအတွက် သိပ်ပြီး မခံစားလိုက်ရပေ။ ကလေးဖိနပ်တစ်ရန်မှာ ပြားနှစ်ဆယ် သို့မဟုတ် သုံးဆယ်သာရှိပြီး လူကြီးဖိနပ်မှာလည်း ပြားသုံးဆယ် သို့မဟုတ် လေးဆယ်သာ ရှိသည်။
စုစုပေါင်း ကုန်ကျစရိတ်မှာ ပြားငါးရာ သို့မဟုတ် ခြောက်ရာခန့်သာ ရှိလေသည်။
‘ဟက်၊ စုစုပေါင်းမှ ဒီနေ့ ငွေဆယ့်တစ်ချောင်းလောက်ပဲ သုံးရသေးတာ၊ ဟိုဆယ့်ခုနစ်ချောင်းတောင် မကုန်သေးဘူး'
နေမဝင်သေးသည်ကို မြင်သောအခါ ဝူယွီလန်သည် လမ်းပေါ်တွင် ထပ်မံ၍ လှည့်လည်ကြည့်ရှုနေပြန်သည်။
ယောက္ခမဖြစ်သူက စိတ်အားထက်သန်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျောက်လီကျွမ် အလျင်အမြန် တားမြစ်လိုက်၏။
“အမေ၊ အချိန်လည်း လင့်နေပြီ၊ အိမ်ပြန်ကြရအောင်”
လီရှို့ယွင်လည်း အကြိမ်ကြိမ် ခေါင်းညိတ်ထောက်ခံလာသည်။
“ဟုတ်တယ် အမေ၊ အမေ ကျွန်မတို့ကို အဝတ်အစားသစ်တွေ ချုပ်ဖို့အတွက် အထည်တွေဝယ်ပေးတယ်၊ ဝါဂွမ်းစောင်အသစ်တွေ လုပ်ပေးတယ်၊ အခု ဖိနပ်အသစ်တွေပါ ဝယ်ပေးသေးတယ်၊ ဒါ အရမ်းကို ဖြုန်းတီးလွန်းရာကျနေပြီ”
ဝူယွီလန် လက်ဝှေ့ယမ်းပြလိုက်သည်။
“ဒါက အကြွေလေးတွေပါ”
နောက်ဆုံးတွင်တော့ သူမသည် အကြံပေးစကားကို လက်ခံရန် ဆုံးဖြတ်လိုက်၏။
ဈေးထဲသို့ ဝင်ကာ ဝက်ခြေထောက်ကြီး တစ်ချောင်းနှင့် အခြားဟင်းသီးဟင်းရွက်အချို့ကို ဝယ်ယူပြီးနောက် အိမ်ပြန်ဖို့ရာ နွားလှည်းငှားရန် မြို့တံခါးဆီသို့ ဦးတည်သွားလေသည်။
မိသားစုကြီးတစ်ခုလုံး နွားလှည်းတစ်စီးတည်းဖြင့် မဆံ့ပေ။
“အမေ၊ သမီး နွားလှည်း စီးစရာမလိုပါဘူး၊ လမ်းလျှောက်ပြန်လို့ ရပါတယ်”
ဝမ်ကွေ့ချင် ပြုံးလျက် ပြောလိုက်သည်။
ကျောက်လီကျွမ်ကလည်း မစီးတော့ဟု ပြောလာသည်။
“သမီး နွားလှည်းစီးရတာ အကျင့်မရှိလို့ပါ၊ အမေနဲ့ တတိယမရီးပဲ ကလေးတွေကို ခေါ်သွားလိုက်ပါ”
ဝူယွီလန် လက်ကာပြကာ ငြင်းပယ်လိုက်သည်။
“ဘာမှမဟုတ်တာလေးကို၊ နွားလှည်းနှစ်စီး ငှားလိုက်ရုံပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ပြားဆယ်ဂဏန်းလောက်ပဲ ကျမှာကို”
အချိန်သာ ကန့်သတ်မထားလျှင် သူမ ကိုယ်တိုင် နွားလှည်းတစ်စီးဝယ်ချင်နေသေးသည်။
ထင်ပေါ်လွန်းမည်ကို မကြောက်လျှင် မြင်းလှည်းတစ်စီး ဝယ်ချင်မိ၏။
မည်သို့ပင်ဆိုစေ မြင်းလှည်းက ပိုမြန်ပြီး ပိုသက်သောင့်သက်သာရှိသည်မဟုတ်ပါလား။
နေဝင်ဆည်းဆာနှင့်အတူ မိသားစုသည် နွားလှည်းစီးကာ အိမ်သို့ ဒယိမ်းဒယိုင် ပြန်လာကြသည်။
ရွာထိပ်ရှိ လမ်းသို့ ရောက်သောအခါ အတင်းအဖျင်းပြောတတ်သော မိန်းမကြီးများ၏ စကားသံများကို ရှောင်ရှားလိုသဖြင့် ဝူယွီလန်သည် လူတိုင်းကို ဘေးလမ်းမှတဆင့် အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
“အမေ၊ တစ်နေ့လုံး ပင်ပန်းနေပြီ၊ သွားနားလိုက်ပါ၊ သမီးတို့ ညစာ ချက်လိုက်ပါ့မယ်”
ဝမ်ကွေ့ချင် ပြောရင်း သူမကို အိပ်ခန်းဆီသို့ တွန်းပို့လိုက်၏။
ကျောက်လီကျွမ်မှာလည်း အလုပ်များနေပြီဖြစ်သည်။
“အမေ၊ သွားပြီး ခဏလောက်နားနေလိုက်ပါ”
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင်တို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ချွေးမနှစ်ယောက် စိတ်အားထက်သန်စွာဖြင့် အလုပ်လုပ်နေသည်ကို မြင်သောအခါ ဝူယွီလန်သည် မီးဖိုချောင်တွင် ဆက်မနေတော့ဘဲ သူမ၏အိပ်ခန်းဆီသို့ ပြန်လာခဲ့လိုက်၏။
အိပ်ခန်းထဲရောက်သောအခါ ဝူယွီလန်သည် သူမ၏ငွေများအားလုံးကို စားပွဲပေါ်တွင် ဖြန့်ချကာ တွက်ချက်ကြည့်လေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ငွေများ သုံးစွဲပြီးနောက် သူမ၏ငွေများမှာ လျော့ကျမသွားဘဲ တကယ်တမ်းတွင် ပို၍ပင်တိုးလာကြောင်း သူမ တွေ့ရှိလိုက်ရသည်။
သူဌေးလုနှင့် လီမိသားစုမှ အဘွားအိုတို့ကို ကုသပေးခြင်းမှ ငွေချောင်းနှစ်ရာ ရရှိခဲ့၏။
ယနေ့ ဂျင်ဆင်းနှင့် လင်းဇီး ရောင်းချခြင်းမှ ရရှိသော ငွေရှစ်ဆယ့်ငါးချောင်းနှင့် လူမိုက်များထံမှ ယူခဲ့သောငွေများထဲမှ ကျန်ရှိနေသေးသော ငွေငါးချောင်းခန့်ကို ထပ်ပေါင်းလိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ စုဆောင်းငွေ အနည်းငယ်ကိုပါ ထည့်သွင်းတွက်ချက်လိုက်သောအခါ သူမတွင် ယခုအခါ ငွေချောင်းသုံးရာနီးပါး ရှိနေပြီဖြစ်သည်။
‘ကျွတ်၊ ကျွတ်…..
အရမ်း သက်သောင့်သက်သာ ရှိတာပဲ'
ဝူယွီလန်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ ခြေချိတ်ထားလိုက်သည်။
ဤရက်ပိုင်းအတွင်း အတူတကွ နေထိုင်ပြီးနောက် သူမသည် ချွေးမများ၏ စိတ်နေသဘောထားများမှာ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိလာရသည်။
လိမ္မာရေးခြားရှိပြီး နားလည်မှုရှိရုံသာမက သူမ ညွှန်ကြားသည့်အတိုင်း အတိအကျ လုပ်ဆောင်ကြသည်။
အထူးသဖြင့် အကြီးဆုံးချွေးမ ဝမ်ကွေ့ချင်သည် အလွန်ကို အမိန့်နာခံလေ၏။
မိသားစုက သဟဇာတဖြစ်စွာ နေထိုင်ကြပြီး အချင်းချင်း ချစ်ခင်ကြမည်ဆိုပါက ဤကဲ့သို့သောဘဝမျိုးမှာ မဆိုးလှဘူးဟု ဝူယွီလန် တွေးတောနေမိသည်။
“ဟူး၊ အားလုံးက ကောင်းပါတယ်၊ ဒီအိမ်ကြီးက အရမ်းကို ယိုယွင်းပျက်စီးနေတာကလွဲရင်ပေါ့၊ တစ်နေ့နေ့ မိုးရွာပြီး အိမ်ပြိုကျသွားမှာကို ငါ တကယ်ကြောက်နေမိတယ်”
ဤအချိန်တွင် ဝူယွီလန်သည် သူမ၏စကားများက နောက်ပိုက်းတွင် တကယ်ဖြစ်လာမည့် နိမိတ်စကားများ ဖြစ်လာလိမ့်မည်ကို လုံးဝမသိခဲ့ချေ။
ခဏမျှ အနားယူပြီးနောက် သူမထလာကာ ဝိညာဉ်စမ်းရေတစ်ငုံ သောက်လိုက်ရာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားလေသည်။
ချွေးမတစ်ယောက်က ဟင်းချက်နေပြီဖြစ်ပြီး ကလေးများကလည်း ဝက်နှင့် ကြက်များကို အစာကျွေးရန် ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။
ဘာမှလုပ်စရာမရှိသဖြင့် ဝူယွီလန်သည် အိမ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့၏။
“အဘွား၊ ဘယ်သွားမလို့လဲ”