← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) မင်္ဂလာပွဲ တက်ရောက်ခြင်း

ဝမ်အိုက်တန့်နှင့် ထျန်လီလီတို့၏ မင်္ဂလာပွဲကို ဤပိတ်ရက်တွင် ကျင်းပရန် သတ်မှတ်ထားခဲ့လေသည်။ ထိုနေ့ရက်မှာ အပူအအေး မျှတလှသဖြင့် မင်္ဂလာအခါတော်အတွက် အလွန်ပင် သင့်တော်လှပေ၏။

မင်္ဂလာပွဲ မကျင်းပမီ ရက်အနည်းငယ်အလိုတွင် ကျိုးချန်ယဲ့သည် သူ၏ စနစ်နေရာလွတ်အတွင်းမှ မန်ဒရင်ဘဲပုံ ပန်းထိုးထားသော တောက်ပသည့် အနီရောင် အိပ်ယာခင်း လေးစုံကို ရှာဖွေတွေ့ရှိခဲ့လေ သည်။ အိပ်ယာခင်းပေါ်ရှိ မန်ဒရင်ဘဲပုံများမှာ တကယ်ပင် သက်ဝင်လှုပ်ရှားနေပြီး မင်္ဂလာရနံ့များဖြင့် သက်ဝင်နေခဲ့ပေသည်။

ထို့နောက် သူသည် အနီရောင် "နှစ်ထပ်ကွမ်းမင်္ဂလာ" စာသားများ ရိုက်နှိပ်ထားသော ကြွေရည်သုတ် ဇလုံနှစ်လုံးကိုလည်း ထုတ်ယူလိုက်လေသည်။ ထိုအရာများမှာ ဤခေတ်ကာလတွင် မင်္ဂလာပွဲများ အတွက် အခေတ်အမီဆုံး ပစ္စည်းများပင် ဖြစ်လေသည်။ ၎င်းတို့မှာ လက်တွေ့အသုံးဝင်ရုံတင်မကဘဲ ပေးသူ၏ စေတနာကိုလည်း ဖော်ပြနေသဖြင့် ဝမ်အိုက်တန့် ဇနီးမောင်နှံအတွက် အကောင်းဆုံးသော မင်္ဂလာလက်ဆောင်များ ဖြစ်ပေလိမ့်မည်။

မင်္ဂလာလက်ဆောင်များကို ရွေးချယ်ပြီးနောက် ကျိုးချန်ယဲ့သည် သူ၏ မိသားစုအတွက်လည်း တစ်ခုခု ဖြည့်တင်းပေးရန် စဉ်းစားမိပြန်လေသည်။ ထို့ကြောင့် သူသည် စနစ်နေရာလွတ်အတွင်းမှ ကိုယ်ဝန် ဆောင် နို့မှုန့် နှစ်ဗူးကို ထုတ်ယူလိုက်လေ၏။ သူ၏ ဇနီးသည်မှာ ကိုယ်ဝန်ဆောင်ထားရသူ ဖြစ်သဖြင့် အာဟာရ ဖြည့်တင်းရန် လိုအပ်သည် မဟုတ်ပါလော။

ထို့နောက် သူသည် ထျန်ရှောင်ယာအတွက် အပြာနုရောင် ချည်ထည် ပိတ်စတစ်ဝက်၊ အမျိုးသမီးဝတ် ဘောင်းဘီအနက် နှစ်ထည်၊ သိုးမွေး အပေါ်အင်္ကျီ အနုစားတစ်ထည်နှင့် အနေတော်ဖြစ်သော ပိတ်စဖိနပ် နှစ်ရံတို့ကိုပါ ယူဆောင်ခဲ့လေသည်။

ထို့အပြင် သူ၏ သားလေး မွေးဖွားလာချိန်တွင် ရာသီဥတုမှာ အေးမြလာတော့မည် ဖြစ်သဖြင့် ကလေး အတွက် စောင်ငယ်လေးများ ချုပ်လုပ်ရန်အတွက် လတ်ဆတ်သော ဂွမ်း (၁၀) ကျင်းကိုလည်း အထူး တလည် ပြင်ဆင်ထားခဲ့လေသည်။

နောက်ဆုံးတွင်မူ သူသည် အရောင်အသွေး စုံလင်လှသော ပိတ်စအပိုင်းအစ (၁၀) ကျင်းခန့်ကိုပါ ထုတ် ယူလိုက်လေသည်။ ဤခေတ်ကာလတွင် ပိတ်စလက်မှတ်များမှာ အလွန်ပင် အဖိုးတန်လှပေရာ ရှောင်ယာ နှင့် သူမ၏ အိမ်နီးချင်းများသည် ပိတ်စအပိုင်းအစလေးများကို အသုံးပြု၍ အဝတ်အစားများ ဖာထေး ခြင်း သို့မဟုတ် ဖိနပ်အတွင်းခံများ ပြုလုပ်ခြင်းတို့ကို အလွန်ပင် ပြုလုပ်လိုကြလေသည်။

အချိန်တန်လျှင် ထိုအကျိုးအမြတ်များကို အိမ်နီးချင်းများနှင့် ခွဲဝေခံစားခြင်းဖြင့် ၎င်းတို့အား ကူညီရာ ရောက်ရုံတင်မကဘဲ ၎င်းတို့နှင့် ပတ်သက်မှုများကိုလည်း ပိုမို ခိုင်မြဲစေနိုင်မည် ဖြစ်ပေသည်။

သူ၏ ဇနီးသည် ဆေးရုံတက်ခဲ့ရသော ဖြစ်ရပ်မှတစ်ဆင့် သူတို့အနေဖြင့် (၂၁) ရာစု၏ ဓလေ့ထုံးတမ်း များအတိုင်း ပေါင်းသင်း၍ မရနိုင်ကြောင်း သူ သင်ခန်းစာ ရရှိခဲ့လေသည်။

ဤခေတ် ဤကာလတွင် "နီးစပ်ရာ အိမ်နီးချင်းက ဝေးကွာသော ဆွေမျိုးထက် ပိုအားကိုးရသည်" ဟူ သော စကားမှာ အလွန်ပင် တန်ဖိုးရှိနေဆဲ ဖြစ်လေ၏။

"ဤလောကရှိ ဆူညံသံအားလုံးမှာ အကျိုးအမြတ်အတွက်သာ ဖြစ်ပြီး၊ ဤလောကရှိ ရှုပ်ထွေးမှု အားလုံးမှာလည်း ရရှိမည့် အခွင့်အရေးအတွက်သာ ဖြစ်သည်" ဟူသော လောကီပညာရပ်များကိုလည်း သူ ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်ပေသည်။

ထျန်ရှောင်ယာသည် လွန်ခဲ့သော နှစ်ရက်အတွင်း သူ ပစ္စည်းများကို တစ်ခုပြီးတစ်ခု အိမ်သို့ သယ်ဆောင် လာသည်ကို မည်သည့် သံသယမျှ မရှိဘဲ ကြည့်နေခဲ့လေသည်။

သူမ၏ ခင်ပွန်းတွင် အခြားသူများ မရှိနိုင်သော ပတ်သက်မှုများ ရှိနေပြီး ဤကဲ့သို့ ရှားပါးကာ အသုံးဝင် သော အရာများကို အမြဲတစေ ရှာဖွေနိုင်သည်ကို သူမ သိထားသဖြင့် နောက်ပြောင်လျက် ပြောလိုက် လေသည်...။

"ရှင် ထောက်ပံ့ရေးနဲ့ သမဝါယမအရောင်းဆိုင် တစ်ဆိုင်လုံးကိုများ သိမ်းကျုံးဝယ်လာတာလား..."

ကျိုးချန်ယဲ့က အိပ်ယာခင်း အစုံကို မကာ သူ၏ ဇနီးအား ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက် လေသည်...။

"ကြည့်ပါဦး... ဒါက တကယ်ကို မင်္ဂလာရှိတာပဲ... အိုက်တန့်တို့ ဇနီးမောင်နှံကတော့ သေချာပေါက် ကြိုက်မှာပဲ..."

ထို့နောက် သူသည် သူမထံသို့ နို့မှုန့် နှစ်ဗူးကို ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်... ။

"ဩော်... ဒါနဲ့... ဒီနို့မှုန့် နှစ်ဗူးကိုတော့ သိမ်းထားပြီး နေ့တိုင်း တစ်ပန်းကန်စီ ဖျော်သောက်နော်..."

ထျန်ရှောင်ယာသည် နို့မှုန့်ဗူးများကို ကိုင်ဆောင်လျက် တုံ့ဆိုင်းစွာ ပြောလိုက်လေသည်...။

"ကလေးအတွက် ချန်ထားလိုက်ရင် မကောင်းဘူးလား... နောက် နှစ်လဆိုရင် ကလေးက မွေးတော့မှာပဲ ကို..."

"ဒါက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့မှုန့်ပါ... အဲဒါကြောင့် မင်းရဲ့ ခန္ဓာကိုယ် အားရှိဖို့ကိုပဲ အာရုံစိုက်နော်... ကလေးမွေးပြီးရင်တော့ သူ့အတွက် လိုအပ်တာတွေကို ကိုယ် ထပ်ပြီးပြင်ဆင်ပေးမှာပေါ့... ကိုယ်တို့ရဲ့ ကလေးကိုတော့ ဘယ်လို ဆင်းရဲဒုက္ခမျိုးမှ မခံစားစေရဘူးလို့ ကိုယ် ကတိပေးပါတယ်..."

ကျိုးချန်ယဲ့က နူးညံ့စွာ ပြန်လည်ဖြေကြားလိုက်လေသည်။

မင်္ဂလာပွဲမှာ အလွန်တရာ ခမ်းနားကြီးကျယ်လှသည်တော့ မဟုတ်သော်လည်း ဆွေမျိုးများနှင့် သူငယ် ချင်းများ တက်ရောက်ခဲ့ကြသဖြင့် အိမ်အတွင်းနှင့် ပတ်ဝန်းကျင်မှာ လူအုပ်ကြီးဖြင့် စည်ကားနေခဲ့လေ သည်။

ကျိုးချန်ယဲ့နှင့် သူ၏ ဇနီးသည်တို့က မင်္ဂလာလက်ဆောင်ကို ပေးအပ်လိုက်ကြလေသည်။ ထျန်လီလီ သည် မန်ဒရင်ဘဲပုံ ပန်းထိုးထားသော အိပ်ယာခင်း အစုံကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်း များမှာ ချက်ချင်းပင် တောက်ပသွားခဲ့လေတော့သည်။ သူမသည် ထျန်ရှောင်ယာ၏ လက်ကို ဆုပ်ကိုင် လျက် ထပ်ခါတလဲလဲ ပြောဆိုနေခဲ့လေတော့သည်...။

"ဒါက တကယ်ကို လှတာပဲ... ကျွန်မ အရမ်းကြိုက်တယ်... ကျေးဇူးတင်ပါတယ် ရှောင်ယာရယ်..."

လျူကျန့်ကော်နှင့် လီဝေကျွင်းတို့မှာလည်း စောစောစီးစီး ရောက်ရှိလာခဲ့ကြလေ၏။ ၎င်းတို့ ယူဆောင် လာသော လက်ဆောင်များမှာလည်း အလွန်ပင် လက်တွေ့ဘဝအတွက်အသုံးဝင်လှပေသည်။

၎င်းတို့ တစ်ဦးချင်းစီက မင်္ဂလာစုံတွဲသစ်အတွက် အနီရောင် ရေနွေးအိုး တစ်လုံးစီနှင့် "နှစ်ထပ်ကွမ်း မင်္ဂလာ" စာသားပါသော အနီရောင် ကြွေရည်သုတ် ဇလုံတစ်လုံးစီကို ယူဆောင်လာခဲ့ကြရာ အလွန်ပင် မင်္ဂလာရှိလှပေသည်။

ထိုခေတ်ကာလ၏ မင်္ဂလာပွဲများမှာ ရိုးရှင်းလှပြီး ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ မရှိခဲ့ချေ။ သတို့ သားနှင့် သတို့သမီးတို့မှာ မော်စီတုံး၏ ပုံတူရှေ့တွင် ရပ်ကာ သူ၏ ကိုးကားချက်များကို တည်ကြည် လေးနက်စွာ ဖတ်ကြားကြလေသည်။ ၎င်းတို့၏ အသံများမှာ ကျယ်လောင်ကာ ပြတ်သားနေခဲ့ပြီး အောက်ရှိ လူများကလည်း လက်ခုပ်တီး၍ ဂုဏ်ပြုခဲ့ကြလေသည်။

ကြေညာချက် ပြီးဆုံးသွားသောအခါ လူတိုင်းက တစ်ပြိုင်နက်တည်း "ဂုဏ်ယူပါတယ်" ဟု ပြောလိုက် ကြလေသည်။ ၎င်းတို့ နှစ်ဦးမှာ တရားဝင် ဇနီးမောင်နှံ ဖြစ်သွားခဲ့ကြလေပြီ။ ဝမ်အိုက်တန့်၏ မျက်နှာ ထက်မှ အပြုံးမှာမူ မင်္ဂလာပွဲ တစ်လျှောက်လုံးတွင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။

ကျိုးချန်ယဲ့သည် ဘေးတွင် ရပ်နေသော လျူကျန့်ကော်အား မသိမသာ လှမ်းကြည့်လိုက်မိလေသည်။ သူသည် စင်ပေါ်မှ အသစ်စက်စက်ဇနီးမောင်နှံကို စူးစိုက်ကြည့်နေသော်လည်း သူ၏ အကြည့်များမှာမူ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး စိတ်မအေးနိုင်ဘဲ ရှိနေကာ ပြောမထွက်နိုင်သော စိုးရိမ်ပူပန်မှု အချို့ကို ဖော်ပြနေလျက်ရှိလေသည်။

ကျိုးချန်ယဲ့သည် ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး သူ၏ တံတောင်ဖြင့် သူ့အား အသာအယာ တို့ ကာ ပြုံးလျက် မေးလိုက်လေသည်...။

"အစ်ကိုကြီး ကျန့်ကော်... ဘာတွေကို အဲဒီလောက်အထိ အာရုံစိုက်ပြီး ကြည့်နေတာလဲ... စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လား..."

လျူကျန့်ကော်သည် ငေးမောနေရာမှ သတိဝင်လာခဲ့ပြီး သူ၏ စိတ်ကို အမြန်ပင် ပြန်လည် စုစည်းလိုက် ကာ တိုးညှင်းစွာ ဖြေလိုက်လေသည်...။

"ဘာမှ မဟုတ်ပါဘူးကွာ... ငါ နည်းနည်း စိတ်လွင့်သွားလို့ပါ..."

ကျိုးချန်ယဲ့က ထပ်မံ၍ အတင်းအကျပ် မမေးတော့ဘဲ သူ၏ ပုခုံးကို ပုတ်ပေးလိုက်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်...။

"ဟုတ်ပြီလေ... ငါတို့တွေက ညီအစ်ကိုတွေပဲဥစ္စာ... တကယ်လို့အကူအညီ လိုအပ်ရင်လည်း အားမနာဘဲ ငါ့ကို ပြောနော်..."

————————————

ဝမ်အိုက်တန့်နှင့် ထျန်လီလီတို့ လက်ထပ်ပြီးနောက်တွင် ဘဝမှာမူ ပုံမှန်အတိုင်းပင် တည်ငြိမ်အေးချမ်း စွာ ဆက်လက် လည်ပတ်နေခဲ့လေသည်။

လက်ထပ်ပြီးနောက်တွင် ထျန်လီလီသည် အိမ်၌ အချောင်မနေဘဲ ရပ်ကွက်ကော်မတီရုံးတွင် ယာယီ အလုပ်တစ်ခုကို ရှာဖွေလုပ်ကိုင်ခဲ့လေသည်။

သူမသည် နေ့စဉ် အန်တီဆွန်းနှင့်အတူ အလုပ်သွား၊ အလုပ်ပြန် လုပ်ကိုင်ခဲ့လေသည်။ ၎င်းတို့နှစ်ဦး အတူ တူ ဖြတ်သန်းရသော အချိန်များမှာ ပိုမို များပြားလာလေသည်နှင့်အမျှ ယောက္ခမနှင့် ချွေးမအကြား ပတ်သက်မှုမှာလည်း ပိုမို ခိုင်မြဲလာခဲ့ပြီး မိခင်နှင့် ၏ သမီးအရင်းများကဲ့သို့ပင် သင့်တင့်အောင် နေထိုင် ခဲ့ကြလေသည်။

ထို့ကြောင့်ပင် ဝမ်အိုက်တန့်မှာ ကျိုးချန်ယဲ့နှင့် အခြားသူများကို တွေ့တိုင်း ညည်းတွားလေ့ ရှိလေသည်... ။ သူ၏ မင်္ဂလာပွဲမှာ သူ၏ မိခင်အတွက် ဇနီးသည် ရှာပေးသလိုပင် ဖြစ်နေကြောင်း ပြောဆိုခဲ့သဖြင့် လူတိုင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့ကြရလေသည်။

အောက်တိုဘာလ၏ လေညင်းများမှာ ဆောင်းဦး၏ အေးမြသော အငွေ့အသက်များကို ယူဆောင်လာခဲ့ ချိန်တွင် ဆောင်းဦးလယ်ပွဲတော်မှာလည်း နီးကပ်လာခဲ့လေပြီဖြစ်လေ၏။

ထျန်ရှောင်ယာသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူမ၏ လက်မှာမူ ဖောင်းကားနေသော သူမ ၏ ဗိုက်ပေါ်သို့ ညင်သာစွာ တင်ထားခဲ့လေသည်။ ကိုယ်ဝန် ရှစ်လ ရှိနေပြီဖြစ်သော သူမ၏ လှုပ်ရှားမှု များမှာ တစ်စထက်တစ်စ ပိုမို နှေးကွေးလာခဲ့ပြီး ထိုင်ရာမှ ထသည့် အခါတိုင်းတွင်လည်း သူမ၏ ခါးကို အမြဲတမ်း ထိန်းထားနေခဲ့ရလေသည်။

ကျိုးချန်ယဲ့သည် ကျောင်းမှ အခုလေးတင် ပြန်ရောက်လာခဲ့ပြီး သူ၏ လက်ထဲတွင်လည်း လုံးဝန်းလှ သော ဟွမ်ကွမ် သစ်သီးများ အပြည့်ပါသော ဂုန်နီအိတ်တစ်လုံးကို ကိုင်ဆောင်ထားခဲ့လေသည်။ ထို အရာများကို သူသည် လမ်းတွင် သူ၏ စနစ်နေရာလွတ်အတွင်းမှ တိတ်တဆိတ် ထုတ်ယူလာခဲ့ခြင်း ဖြစ်ပေ၏။

၎င်းတို့ အားလုံးမှာ စနစ်နေရာလွတ်ရှိ သစ်သီးခြံအတွင်း၌ သဘာဝအတိုင်း ကြီးထွားလာခဲ့သော သစ်သီး များပင် ဖြစ်လေသည်။ တစ်လုံးချင်းစီမှာ ရွှေဝါရောင် သန်းနေပြီး လုံးဝန်းကာ မျက်စိပသာဒ ဖြစ်နေခဲ့ပေ ၏။ သစ်သီး၏ အခွံပေါ်တွင်လည်း လတ်ဆတ်သော အမျှင်လေးများ ပါရှိနေခဲ့သဖြင့် တကယ်ကို ဆွဲ ဆောင်မှု ရှိလှပေသည်။

"မိန်းမ... မြည်းကြည့်ပါဦး..."

သူသည် သူ၏ လက်ထဲမှ ဂုန်နီအိတ်ကို မြှောက်ပြကာ ပေါ့ပါးရွှင်ပျသော လေသံဖြင့် ပြောလိုက်လေ သည်...။

"ဒီနေ့ ထောက်ပံ့ရေးနဲ့ သမဝါယမအရောင်းဆိုင်ကို ဖြတ်လာတော့ သစ်သီးတွေ ရောင်းနေတာတွေ့လို့ လေ... ကြည့်ရတာ တော်တော်လေး လတ်ဆတ်တာနဲ့ ဝယ်လာခဲ့လိုက်တာ..."

ကျိုးချန်ယဲ့သည် ဂုန်နီအိတ်ကို ကြိမ်ကုလားထိုင်ဘေးရှိ စားပွဲလေးပေါ်သို့ တင်လိုက်ပြီး သစ်သီးတစ်လုံး ကို ယူကာ ရေတွင်းရှိရာသို့ အမြန်လျှောက်သွားလျက် ကြည်လင်သော ရေဖြင့် သေသေချာချာ ဆေး ကြောလိုက်လေသည်။ ထို့နောက် သူသည် နောက်သို့ လှည့်ကာ ဇနီးဖြစ်သူ၏ နှုတ်ခမ်းထံသို့ ကမ်းပေး လိုက်လေရာ သူ၏ မျက်ဝန်းများအတွင်း၌လည်း ကြင်နာမှုများ ပြည့်နှက်နေခဲ့ပေတော့သည်။

ထျန်ရှောင်ယာက တစ်လုပ် မြည်းစမ်းကြည့်လိုက်ရာ သစ်သီး၏ ချိုမြိန်ကာ လန်းဆန်းစေသော အရသာ မှာ သူမ၏ လည်ချောင်းတစ်လျှောက် စီးဆင်းသွားခဲ့ပြီး သူမ၏ ခြောက်ကပ်နေသော လည်ချောင်းကို လည်း အတော်ပင် စိုပြေသွားစေခဲ့လေသည်။

သူမသည် သစ်သီးကို ငုံထားလျက် တိုးညှင်းစွာ ပြောလိုက်လေသည်...။

"တကယ်ကို ချိုတာပဲ... အာယဲ့... ဆောင်းဦးလယ်ပွဲတော် ရောက်ဖို့ တစ်ပတ်ကျော်လောက်ပဲ ကျန်တော့ တယ်လို့ အစ်ကို ပြောတယ်လေ... တို့တွေ အရင်က တိုင်ပင်ထားသလိုပဲ ရှန်ဟိုင်း ဒါမှမဟုတ် လျောင်နင် ပြည်နယ်ကို မပြန်ဖြစ်တော့ဘူးဆိုတာ သေချာပြီလားဟင်..."

ကျိုးချန်ယဲ့သည် ကုလားထိုင်လေး တစ်လုံးကို ဆွဲယူကာ သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး လေနှင့်အတူ လွင့်ပါနေသော သူမ၏ ဆံနွယ်စလေး အနည်းငယ်ကို နားနောက်သို့ ညင်သာစွာ သပ်တင်ပေးလိုက်လေ သည်...။

"တခြား ဘာလုပ်လို့ ရဦးမှာလဲ... မင်းရဲ့ ကိုယ်ဝန်ကလည်းရင့်နေပြီလေ... ပြီးတော့ ရထားစီးရင်လည်း (၁၀) နာရီကျော်လောက် ကြာမှာဆိုတော့... လမ်းမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် အစ်ကိုပဲ ရင်ကြိုးရမှာ လေ..."

"ကိုယ်တို့ရဲ့ ယောက္ခမတွေက လျောင်နင်ပြည်နယ်မှာ နေကြတာလေ... ပြီးတော့ ကိုယ့်မိဘတွေက လည်း ရှန်ဟိုင်းမှာ နေတာဆိုတော့... ဒီလိုမျိုး ဟိုဘက်ဒီဘက် သွားလာနေရတာက တကယ်ကို ဒုက္ခများ လွန်းပါတယ်..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ အနည်းငယ် ဝမ်းနည်းမှုကို မဖုံး ကွယ်နိုင်ဘဲ ရှိနေခဲ့လေသည်။

ဒါဟာ ကျွန်မရဲ့ ဘဝမှာ မိဘတွေနဲ့အတူ ဆောင်းဦးလယ်ပွဲတော်ကို အတူတူ မကုန်ဆုံးရတဲ့ ပထမဆုံး အကြိမ်ပဲ...။

သူမသည် သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း တိုးညှင်းစွာ ပြောလိုက်လေသည်...။

"နှစ်ဖက်မိဘတွေအတွက် စိတ်မကောင်းဖြစ်မိလို့ပါ... ဆောင်းဦးလယ်ပွဲတော်ဆိုတာ မိသားစုတွေ ပြန် လည် တွေ့ဆုံကြရတဲ့ ပွဲတော်ပဲလေ... အခုတော့ တို့တွေက အတူတူ မရှိနိုင်ကြဘူး..."

"မင်းက တကယ်ကို သိတတ်တဲ့သူပါ..."

ကျိုးချန်ယဲ့က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ချောင်းထိပ်လေးများမှာ အနည်းငယ် အေးစိမ့်နေခဲ့လေသည်...။

"အဲဒါကြောင့်ပဲ... ကိုယ်တို့ အရင်က သဘောတူထားသလိုမျိုး နှစ်ဖက်မိဘတွေဆီကို ပီကင်း အထူး ထုတ် ပစ္စည်းလေးတွေ ပို့ပေးကြမယ်လေ... ဒါကလည်း ကိုယ်တို့ရဲ့ မိဘတွေအပေါ် ထားရှိတဲ့ သိတတ် မှုကို ပြသရာ ရောက်တာပေါ့..."

"ပြီးတော့ မင်းကိုယ်တိုင်လည်း သူတို့အတွက် အထုပ်အပိုးတွေ ပြင်ထားသေးတာပဲ... သူတို့ကတော့ သေချာပေါက် ကြိုက်ကြမှာပါ..."

ထျန်ရှောင်ယာက ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းများအတွင်းရှိ စိုးရိမ်စိတ်များမှာ အနည်းငယ် ပြေလျော့ သွားခဲ့လေသည်...။

"ဩော်... ဒါနဲ့... အစ်ကို အခုတလော ယူလာပေးတဲ့ သစ်သီးတွေက တကယ်ကို အရသာ ရှိတာပဲ... သူတို့ လည်း သေချာပေါက် ကြိုက်မှာပဲနော်... မိဘ နှစ်ဖက်စလုံးဆီကိုလည်း အဲဒါလေးတွေ နည်းနည်းစီ ပို့ ပေးကြရအောင်လေ... ဒါကလည်း ကျွန်မတို့ရဲ့ စေတနာပေါ့..."

"မင်း ပြောသမျှ အကုန်လုံးကို အစ်ကို လုပ်ပေးမှာပေါ့..."

ကျိုးချန်ယဲ့က သူမ၏ ဆံနွယ်များကို ပွတ်သပ်ပေးလိုက်လေသည်...။

"ဒီနေ့ပဲ စာကို အပြီးရေးလိုက်ကြမယ်လေ... ဒါမှ မနက်ဖြန်ကျရင် စာတိုက်ကို သွားပြီး အကုန်လုံးကို တစ်ခါတည်း ပို့လို့ ရမှာပေါ့..."

နောက်တစ်နေ့တွင် ကျိုးချန်ယဲ့သည် ကျောင်းမှ နေ့တစ်ဝက် ခွင့်ယူလိုက်ပြီး နှစ်ဖက်မိဘများဆီ ပို့ ဆောင်မည့် လက်ဆောင်များကို ကြိုတင် ပြင်ဆင်ရန်အတွက် စနစ်နေရာလွတ်အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး တစ်ခုကို ရှာဖွေခဲ့လေသည်။

သူ၏ မိသားစုတွင် လူ ခြောက်ဦး ရှိလေသည်...။သူ၏ ဖခင် ကျိုးပေါင်ကော်မှာ အထည်စက်ရုံ၏ ညွှန်ကြားရေးမှူး ဖြစ်ပြီး၊ သူ၏ မိခင် ဝူချူးဟုန်မှာမူ ထိုစက်ရုံ၌ပင် အလုပ်ရုံ အကြီးအကဲ တစ်ဦး ဖြစ်လေသည်။

ထို့အပြင် အိမ်ထောင်ကျပြီးသား ဖြစ်သော အစ်မကြီး ကျိုးချန်ရွှယ်လည်း ရှိသေးပြီး သူမတွင် အသက် (၅) နှစ်အရွယ် သားလေး တစ်ဦးလည်း ရှိလေ၏။

ထို့အပြင် အလယ်တန်းကျောင်း တက်နေကြသော အမွှာ မောင်နှမ နှစ်ဦးလည်း ရှိသေးလေသည်။

သူ၏ ဇနီးသည်က ယောက္ခမများအတွက် ချုပ်လုပ်ပေးထားသော အဝတ်အစားများအပြင်၊ သူသည် စီးကရက် နှစ်ထုပ်နှင့် အရည်အသွေးမြင့် လက်ဖက်ရည် နှစ်ဗူးကိုလည်း ဝယ်ယူခဲ့လေတော့သည်။

All Chapters