← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) သူမ ကလေးမွေးတော့မည်

ဆောင်းဦးလယ်ပွဲတော်၏ အကြွင်းအကျန် နွေးထွေးမှုမှာ ပီကင်း၏ ရှေးဟောင်း လမ်းကြားလေးများ အတွင်းရှိ နံရံများတွင် ကပ်ညှိနေဆဲ ဖြစ်သော်လည်း နေ့ခင်းဘက် နေရောင်ခြည်မှာမူ အနည်းငယ် မှေး မှိန်စပြုလာခဲ့လေပြီဖြစ်လေ၏။

လေညင်းသည် ပိုးစာပင်ရွက်များကို ဝေ့ဝဲစေလျက် ကျိုးမိသားစု ခြံဝင်းအတွင်းရှိ အပြာရောင် အုတ်ခဲ ကြားလေးများကို ပွတ်တိုက်သွားခဲ့လေသည်။

ထျန်ရှောင်ယာသည် အိမ်မကြီးထဲရှိ ကုလားထိုင်လေးပေါ်တွင် ထိုင်လျက် ကလေးအတွက် ဖိနပ် အတွင်းခံများကို ချုပ်လုပ်နေခဲ့လေ၏။ အပ်က အကြမ်းထည် ပိတ်စကို ထိုးဖောက်လိုက်ချိန်မှာပင် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ရုတ်တရက် စူးအောင့်သော နာကျင်မှုတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွားခဲ့ လေတော့သည်။

သူမ၏ လက်များမှာ တုန်ယင်သွားခဲ့ပြီး အပ်မှာလည်း သူမ၏ လက်ချောင်းထိပ်ကို စူးဝင်သွားခဲ့လေ၏။ သူမသည် ထွက်ပေါ်လာသော သွေးစများကိုပင် သုတ်ရန် သတိမရတော့ဘဲ တိုးညှင်းစွာ ညည်းတွား လိုက်မိလေတော့သည်။

"ဘာဖြစ်လို့လဲ မိန်းမရေ..."

ကျိုးချန်ယဲ့သည် ကျောင်းမှ ပြန်ရောက်လာချိန်တွင် ဇနီးသည်၏ မျက်နှာမှာ ဖြူလျော့နေပြီး ခန္ဓာကိုယ် မှာလည်း အနည်းငယ် တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

သူ၏ နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွားခဲ့ပြီး နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ ထွက်ပေါ်လာ ခဲ့လေသည်။ သူသည် စက်ဘီးကိုပင် သေသေချာချာ ရပ်နားရန် အချိန်မရတော့ဘဲ သူမ၏ အနီးသို့ အပြေးအလွှား သွားရောက်ကာ သူမ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်လေသည်။ သူ၏ အသံမှာလည်း အနည်းငယ် တုန်ယင်လျက်ရှိနေခဲ့ပေသည်...။

"ကလေးမွေးတော့မှာလားဟင်..."

ထျန်ရှောင်ယာသည် သူမ၏ နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားမိပြီး နာကျင်မှုကြောင့် အသက်ရှူသံများ မှာလည်း တုန်ယင်နေခဲ့လေသည်။ သူမသည် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည်၍ ခေါင်းခါပြလိုက် လေသည်...။

"အခုလေးတင်ပဲ... လှိုင်းတစ်ခုလိုမျိုး စပြီး နာလာတာ... မကြာခင်တော့ ပြီးသွားမှာပါ..."

"ငါ လူသွားခေါ်လိုက်ဦးမယ်... လှည်းတစ်စီး သွားငှားလိုက်ဦးမယ်လေ..."

ကျိုးချန်ယဲ့မှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အရာအားလုံးမှာ ရှုပ်ထွေးကုန်လေတော့သည်။

သူသည် ဘဝနှစ်ခုစာ ရှင်သန်ခဲ့သူ ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးနှင့် ပတ်သက်လာလျှင်မူ အတွေ့အကြုံ မရှိသေးသော လူငယ်လေးတစ်ဦးသာ ဖြစ်ပေရာ နောက်သို့ လှည့်ကာ အပြင်သို့ ပြေး ထွက်ရန် ပြင်လိုက်လေတော့သည်။

ထျန်ရှောင်ယာသည် နာကျင်မှုကြောင့် နဖူးပြင်ပေါ်တွင် ချွေးစက်လေးများ စို့နေသော်လည်း သူ၏ လက်မောင်းကို လှမ်း၍ ဆွဲကိုင်လိုက်လေသည်...။

"စိတ်မလောပါနဲ့ဦး... ဘေးအိမ်က မရီးဝမ်ကို သွားခေါ်ပေးပါဦး... သူက ကလေးမွေးဖူးတော့ အများကြီး ပိုသိတာပေါ့... ပြီးတော့... ကျွန်မ ကြိုပြင်ထားတဲ့ ဆေးရုံသုံး ပစ္စည်းအိတ်ကိုလည်း ယူခဲ့ဦးနော်..."

"ကောင်းပါပြီ... ကောင်းပါပြီ... အစ်ကို မှတ်ထားပါ့မယ်..."

ကျိုးချန်ယဲ့က ထပ်ခါတလဲလဲ သဘောတူလိုက်ပြီး စိုးရိမ်ထိတ်လန့်နေသော်လည်း သူ၏ ဇနီးအား အရင် ဆုံး ကုတင်ပေါ်သို့ ပွေ့ချီသွားခဲ့လေသည်။

သူသည် အိမ်နီးချင်း၏ ခြံဝင်းဆီသို့ အပြေးအလွှား သွားရောက်ကာ ခြံတံခါးကို အားရပါးရ ထုရိုက် လျက် အော်ဟစ်လိုက်လေသည်...။

"အစ်ကိုကြီး ကျွမ်း... မရီး... အိမ်မှာ ရှိကြလား... ရှောင်ယာ ကလေးမွေးတော့မယ်ဗျို့..."

ဝမ်တာ့ကျွမ်း၏ ဇနီး လီကျောက်တီသည် မီးဖိုရှေ့တွင် ညစာ ပြင်ဆင်ရန် အလုပ်များနေခဲ့လေ၏။ ဟင်း များ ကျက်ခါနီး အချိန်မှာပင် ခြံဝင်းတံခါးပြင်ပမှ အလျင်စလို တံခါးထုသံများကို ကြားလိုက်ရလေတော့ သည်။

သူမ ကိုယ်ကိုပင် ပြန်လည် မတ်လိုက်ရန် အချိန်မရသေးမီမှာပင် သူမ၏ ခင်ပွန်းဖြစ်သူ၏ အော်ဟစ်သံ ကို ကြားလိုက်ရလေသည်... ။

"မိန်းမရေ... မြန်မြန် လာပါဦးဟ... ရှောင်ယာ ကလေးမွေးတော့မယ်တဲ့..."

ရှောင်ယာ ကလေးမွေးတော့မည်ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် လီကျောက်တီသည် သူမ၏ ခါးစည်းပုဆိုးကိုပင် ချွတ်ရန် သတိမရတော့ဘဲ မီးဖိုချောင်ထဲမှ အလျင်အစလို ပြေးထွက်လာခဲ့လေ တော့သည်။

"အစ်ကိုကျိုး... ရှောင်ယာ တကယ်ပဲ မွေးတော့မှာလား..."

ဝမ်တာ့ကျွမ်း၏ ဇနီးက စိုးရိမ်တကြီး မေးလိုက်လေ၏။

"မရီး... ရှောင်ယာ ကလေးမွေးတော့မယ်ဗျ... သူမကို သွားပြီး ကြည့်ပေးပါဦးနော်..."

သူ၏ စကားပင် မဆုံးသေးမီမှာပင် ဝမ်တာ့ကျွမ်းအား စိုးရိမ်စိတ်များနှင့် တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် ကြည့်လိုက်လေသည်...။

"အစ်ကိုကြီး ကျွမ်း... အစ်ကို့ရဲ့ လှည်းလေး ခဏလောက် ငှားလို့ ရမလားဟင်... ကျွန်တော် ရှောင်ယာ့ကို ဆေးရုံ ပို့ပေးချင်လို့ပါ..."

"ရတာပေါ့... အခုပဲ သွားယူပေးမယ်..."

ထိုသို့ ပြောဆိုပြီးနောက် ဝမ်တာ့ကျွမ်းသည် သူ၏ ထင်းတဲလေးဆီသို့ အပြေးအလွှား သွားရောက်လေ တော့သည်။

ဝမ်တာ့ကျွမ်း၏ ဇနီးသည် ကျိုးမိသားစု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ထျန်ရှောင်ယာမှာ ကုတင်ပေါ်တွင် ကွေးနေလျက် နာကျင်မှုကြောင့် တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူမသည် ကုတင်ဘေးတွင် ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူမ၏ ဗိုက်ကို ညင်သာစွာ ထိတွေ့လိုက်ကာ တည်ကြည်သော အသံဖြင့် ပြောလိုက်လေသည်...။

"ရှောင်ယာ... သားအိမ်ဝ စပွင့်နေပြီ... အခုချက်ချင်း ဆေးရုံကို သွားမှ ဖြစ်မယ်..."

ထိုသို့ ပြောဆိုပြီးနောက် ထျန်ရှောင်ယာ ကြောက်ရွံ့သွားမည်ကို စိုးရိမ်သဖြင့် သူမက နှစ်သိမ့်ပေးလိုက် လေသည်...။

"မကြောက်နဲ့နော်... ကလေးမွေးတယ်ဆိုတာ ဒီလိုပါပဲ... ညီမလေးက ကျန်းမာရေး ကောင်းတော့ သေချာပေါက် ချောချောမွေ့မွေ့ မွေးမှာပါ... နာလာတဲ့ အခါကျရင် အသက်ကို ဝဝရှူလိုက်... အသက်ကို အောင့်မထားနဲ့နော်... ဟုတ်ပြီလား..."

ထျန်ရှောင်ယာသည် ဝမ်တာ့ကျွမ်း၏ ဇနီး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရာ သူမ၏ လက် ဆစ်များပင် ဖြူလျော့နေခဲ့ပြီး နာကျင်မှုကြောင့် မျက်ရည်များမှာလည်း မျက်နှာတစ်ပြင်လုံး စီးကျနေခဲ့ လေ၏။ သို့သော်လည်း သူမက အံကြိတ်လျက်ပင် ပြန်လည်ပြောလိုက်လေသည်...။

"မရီး... ကျွန်မ သိပါတယ်... ဒါပေမဲ့ အရမ်းနာလွန်းလို့ပါ..."

"နာရင် အော်လိုက်လေ... အောင့်မထားနဲ့..."

ဝမ်တာ့ကျွမ်း၏ ဇနီးက သူမ၏ ကျောကို ပုတ်ပေးလိုက်ပြီးနောက် နောက်သို့ လှည့်ကာ အော်ဟစ်လိုက် လေသည်...။

"အစ်ကိုကျိုး... မြန်မြန် လှည်းယူလာခဲ့လေ... ရှောင်ယာ ပိုပြီး နာလာပြီ..."

မိနစ်အနည်းငယ်အတွင်းမှာပင် ကျိုးချန်ယဲ့သည် သူ၏ အိမ်မှ သယ်ဆောင်လာသော ထူထဲသည့် ဂွမ်းစောင်များ ခင်းထားသည့် လှည်းကို ဆွဲ၍ ပြန်ရောက်လာခဲ့လေသည်။

ဝမ်တာ့ကျွမ်း၏ ဇနီးနှင့် ကျိုးချန်ယဲ့တို့သည် ထျန်ရှောင်ယာအား တစ်ဖက်တစ်ချက်စီမှ တွဲဖက်လျက် လှည်းပေါ်သို့ တင်ပေးလိုက်ကြလေသည်။

ကျိုးချန်ယဲ့သည် လှည်းလက်ကိုင်ကို မကာ ဆေးရုံရှိရာသို့ လျင်မြန်ပြီး တည်ငြိမ်စွာ ဆွဲယူသွားခဲ့လေ တော့သည်။ ဝမ်တာ့ကျွမ်း၏ ဇနီးသည်လည်း သူ၏ ဘေးမှ လိုက်ပါလာခဲ့ပြီး လမ်းတစ်လျှောက်လုံး ထျန်ရှောင်ယာအား ကာကွယ်ပေးလျက် သူမအား စိတ်ဓာတ်ခွန်အားများ ဆက်တိုက် ပေးနေခဲ့လေ၏။

"အစ်ကိုကျိုး... သတိထားဦးနော်... ရှောင်ယာ့ကို မလှုပ်စေနဲ့ဦး..."

ဝမ်တာ့ကျွမ်း၏ ဇနီးက လမ်းလျှောက်ရင်း သတိပေးလိုက်လေသည်။

"စိတ်မပူပါနဲ့ မရီး... ကျွန်တော် သေသေချာချာ ကြည့်နေပါတယ်..."

ကျိုးချန်ယဲ့သည် အံကြိတ်လျက် လှည်းလက်ကိုင်ကို တည်ငြိမ်အောင် ထိန်းထားမိရာ သူ၏ မေးစေ့မှ ချွေးစက်များမှာလည်း တစတစ စီးကျနေခဲ့လေသည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေခဲ့ပေသည်... သူ၏ ဇနီးသည်အား ဘေးကင်းလုံခြုံစွာ ရှိနေစေရန်သာ ဖြစ်လေတော့သည်။

ဆေးရုံသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့သည် သူ၏ ဇနီးအား ပွေ့ချီလျက် မွေးဖွားခန်းရှိရာသို့ အပြေး အလွှား သွားရောက်ကာ အော်ဟစ်လိုက်လေသည်...။

"ဆရာမ... ဆရာမ... ကျွန်တော့်ဇနီး မွေးတော့မယ်ဗျို့..."

တာဝန်ကျ ဆရာဝန်ဖြစ်သော ဒေါက်တာလီမှာ အသက် ငါးဆယ်အရွယ်ခန့်ရှိသော အမျိုးသမီးကြီး တစ်ဦး ဖြစ်လေသည်။ သူမသည် ဆေးပညာလောကတွင် နှစ်ရှည်လများ ကျင်လည်ခဲ့သူ ဖြစ်ပေရာ အတွေ့အကြုံ အလွန်ပင် ရင့်ကျက်လှပေ၏။

ထိုအရာကို မြင်တွေ့လိုက်ရသောအခါ သူမသည် ရှေ့သို့ ချက်ချင်း လှမ်းတက်လိုက်ပြီး သူမ၏ ဘေးရှိ သူနာပြုအား ကျွမ်းကျင်စွာ ညွှန်ကြားလိုက်ကာ ထျန်ရှောင်ယာအား မီးဖွားခန်းအတွင်းသို့ ဂရုတစိုက် တွန်းဝင်သွားခဲ့လေတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ဆရာဝန်လီသည် မွေးဖွားခန်းအတွင်းမှ ပြန်လည် ထွက်လာခဲ့ပြီး စင်္ကြံ လမ်းအတွင်း စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသော ကျိုးချန်ယဲ့အား ကြည့်လိုက်လေ၏။

သူမ၏ လေသံမှာ တည်ငြိမ်ကာ စိတ်အေးစေနိုင်လှပေသည်...။

"ကောင်လေး... မင်းဇနီးက သားအိမ်ဝ သုံးစင်တီမီတာလောက် ပွင့်နေပြီ... ဒီမှာ ဟိုဟိုဒီဒီ လျှောက်မ နေပါနဲ့ဦး... အရင်ဆုံး ဆေးရုံတက်ဖို့ စာရွက်စာတမ်းတွေကို သွားလုပ်လိုက်... ပြီးမှ အပြင်ကနေ စိတ်ရှည်လက်ရှည် စောင့်နေပေါ့..."

ကျိုးချန်ယဲ့သည် ထိုစကားကို ကြားလိုက်ရသောအခါ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်မိပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူသည် ဘေးတွင် ရှိနေသော ဝမ်တာ့ကျွမ်း၏ ဇနီးအား လှည့် ကြည့်လိုက်ရာ သူ၏ အသံမှာ ထိတ်လန့်မှုများ မပြယ်သေးဘဲ ရှိနေခဲ့ပေသည်...။

"မရီး..."

"အစ်ကိုကျိုး... အစ်ကိုပဲ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်လိုက်ပါ... ကျွန်မ ဒီမှာပဲ စောင့်ကြည့်နေပါ့ မယ်... စိတ်ချလက်ချ သွားပါနော်..."

ဝမ်တာ့ကျွမ်း၏ ဇနီးသည် ရှေ့သို့ အမြန်လှမ်းတက်လိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်ပြကာ ကျယ် လောင်စွာပင် ကတိပေးလိုက်လေသည်... သူမ၏ လေသံမှာ စိတ်ရင်းမှန်ကာ ပြတ်သားနေခဲ့ပေ၏။

"ကျေးဇူးအများကြီး တင်ပါတယ် မရီး... ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါ့မယ်..."

ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျိုးချန်ယဲ့သည် အလျင်စလိုပင် လှည့်ထွက်သွားခဲ့ပြီး ဆေးရုံ တက်ရန် ကိစ္စရပ်များကို သွားရောက် ဆောင်ရွက်လေတော့သည်။ ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူ၏ လက်များမှာလည်း အနည်းငယ် တုန်ယင်နေခဲ့ပေသည်။

သူသည် ငွေပေးချေပြီးနောက် ပြေစာကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်မှသာ စိတ်အနည်း ငယ် ငြိမ်သက်သွားခဲ့လေသည်။ သူသည် ခေတ္တမျှပင် မနှောင့်နှေးဝံ့တော့ဘဲ မီးဖွားခန်းရှိရာသို့ ချက် ချင်းပင် ပြေးသွားခဲ့လေတော့သည်။

မီးဖွားခန်း အပြင်ဘက်တွင် စောင့်ကြပ်နေရင်း တံခါးကို နားကပ်ကာ အတွင်းမှ သူ၏ ဇနီးသည်၏ နာကျင်စွာ အော်ဟစ်သံများကို နားထောင်နေရသဖြင့် သူ၏ နှလုံးသားမှာ ဆွဲဆုတ်ခံလိုက်ရသလို ခံစား နေရလေသည်။ သူသည် စင်္ကြံလမ်းအတွင်း ဟိုဘက်သည်ဘက် လျှောက်လှမ်းနေမိပြီး သူ့ဘာသာ တိုးညှင်းစွာ ရေရွတ်နေမိလေသည်...။

"ရှောင်ယာ... မကြောက်နဲ့နော်... မကြာခင် ပြီးသွားမှာပါ... မကြာခင် ပြီးသွားမှာပါ..."

သူ၏ ဘေးတွင်လည်း သူ၏ ဇနီးသည်အား စောင့်ဆိုင်းနေသော အဖိုးအိုတစ်ဦး ရှိနေခဲ့လေသည်။ သူ သည် ကျိုးချန်ယဲ့၏ စိုးရိမ်ပူပန်မှုများကို မြင်တွေ့လိုက်ရသဖြင့် သူ၏ ပုခုံးကို ပုတ်ပေးလိုက်လေသည်..။

"ကောင်လေး... စိတ်မလောပါနဲ့ဦး... အမျိုးသမီးတိုင်း ကလေးမွေးတဲ့အခါ ဒီလိုပဲ ဖြတ်သန်းရတာပေါ့... မင်းဇနီးက ကြည့်ရတာ သန်မာတဲ့ပုံပဲဆိုတော့ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ..."

ကျိုးချန်ယဲ့သည် အနိုင်နိုင် ပြုံးပြလိုက်ပြီး ၎င်းတို့အား ကျေးဇူးတင်လိုက်သော်လည်း သူသည် ငြိမ်ငြိမ် လေး ထိုင်နေနိုင်ခြင်း မရှိခဲ့ချေ။

သူသည် ထလိုက်၊ ပြန်ထိုင်လိုက်နှင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေမိပြီး မသိမသာပင် မီးဖွားခန်း တံခါးရှိရာ သို့ လှမ်းကြည့်နေမိလေရာ သူ၏ စိတ်ထဲတွင် အတွင်းရှိ သူ၏ ဇနီးသည်အကြောင်းကိုသာ တွေးတော နေမိလေတော့သည်။

————————————

မီးဖွားခန်းအတွင်း၌ ထျန်ရှောင်ယာသည် မွေးဖွားခန်းခုတင်ပေါ်တွင် လှဲလျောင်းနေလျက်ရှိပြီး သူမ၏ ဆံနွယ်စများမှာ ချွေးများကြောင့် ပါးပြင်တွင် ကပ်ညှိနေခဲ့လေ၏။ ဒေါက်တာလီနှင့် သူနာပြုများမှာ သူမ၏ ဘေးတွင် ရပ်နေကြပြီး ညွှန်ကြားချက်များဆက်တိုက် ပေးနေခဲ့ကြလေသည်...။

"ညှစ်လိုက်ဦး... ဟုတ်ပြီ... သားအိမ် ညှစ်တဲ့ အရှိန်နဲ့အတူ လိုက်ပြီး ညှစ်လိုက်စမ်း... မအော်နဲ့ဦး... အားတွေကို သိမ်းထားဦး..."

"ဆရာမ... ကျွန်မ... ကျွန်မမှာ အား မရှိတော့ဘူး..."

ထျန်ရှောင်ယာက ငိုယိုကာ ပြောလိုက်ရာ သူမ၏ အသံမှာလည်း ကွဲအက်အက် ဖြစ်နေခဲ့လေ၏။

"မိုက်မိုက်မဲမဲတွေ မပြောပါနဲ့... မင်းမှာ အား ရှိပါသေးတယ်... နောက်ထပ် နည်းနည်းလေးပဲ ကြိုးစား လိုက်... ကလေးရဲ့ ခေါင်းလေးတောင် ထွက်လာတော့မှာပဲကို..."

ဒေါက်တာလီက သူမ၏ ခြေထောက်ကို ပုတ်ပေးလိုက်လေသည်...။

"ကလေးအတွက် တွေးပြီးတော့ပဲ တောင့်ခံထားလိုက်စမ်းပါ..."

ထျန်ရှောင်ယာသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဆရာဝန်၏ စကားကို နားထောင်ကာ သူမ၏ နောက်ဆုံးသော အင်အားများကို စုစည်းလိုက်လေတော့ သည်။ နာကျင်မှု လှိုင်းတစ်ခု ထပ်မံ၍ တိုက်ခိုက်လာချိန်တွင် သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက် လေ၏။ ထိုအရာနှင့်အတူ မွေးဖွားခန်းအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ရှင်းလင်းကာ အားရှိ လှသော ကလေးငိုသံလေး တစ်ခုမှာ ပဲ့တင်ထပ်သွားခဲ့လေတော့သည်။

"အူဝဲ…အူဝဲ…"

ဒေါက်တာလီက ပြုံးလျက် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်... ။

"ယောက်ျားလေးဟေ့... ခုနစ်ပေါင်နဲ့ နှစ်အောင်စတောင် ရှိတယ်... တကယ်ကို သန်မာထွားကြိုင်းတဲ့ ကလေးလေးပဲ..."

All Chapters