အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) အံ့အားသင့်ကာ မှင်သက်သွားခြင်း
ထိုသို့ ပြောဆိုပြီးနောက် သူမသည် ထျန်ရှောင်ယာအား ငြိမ်ငြိမ်လေး လှဲနေရန်နှင့် လျှောက်မသွားရန် မှာကြားလိုက်ပြီးနောက် ဒုတိယချွေးမအား မီးဖိုချောင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့လေတော့သည် ။
ထိုအရာကို မြင်တွေ့လိုက်ရသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းမှာလည်း ကူညီပေးလိုသဖြင့် ထရပ် လိုက်လေသည် ။ သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီမှာပင် သူ၏မိခင်က သူ့အား မြင်တွေ့သွားခဲ့ပြီး နှိမ်ချလိုသော လေသံဖြင့် ပြောလိုက်လေသည်...။
"မင်းကတော့ ရှုပ်အောင် လာမလုပ်ပါနဲ့ဦး... လက်ကလည်း တုန်ယင်နေတာပဲ... အသီးအရွက်တောင် ညီအောင် မလှီးနိုင်တဲ့ဟာကို... ရေအိုးထဲမှာ ရေပဲ သွားဖြည့်ထားလိုက်ချေ..."
"ဟဲဟဲ... ကောင်းပါပြီ... အမေ့စကားအတိုင်းပဲ လုပ်ပါ့မယ်..."
ထျန်ချင်းလင်းမှာ စိတ်ဆိုးခြင်း မရှိဘဲ တဟဲဟဲနှင့် ရယ်မောလျက် ပြန်လည်ဖြေကြားလိုက်လေသည် ။ ထို့နောက် သူသည် နံရံထောင့်ရှိ ထမ်းပိုးကို ယူကာ သစ်သားရေပုံး နှစ်လုံးကို ဆွဲလျက် ခြံဝင်းအတွင်းရှိ ရေတွင်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့လေတော့သည် ။
ဒုတိယမရီး ကျောက်ရှောက်ထင်သည် အမေထျန်အား တွဲဖက်လျက် မီးဖိုချောင်ထဲသို့ တစ်ဦးပြီး တစ်ဦး ဝင်ရောက်လာခဲ့ကြလေသည် ။
အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့နှစ်ဦးစလုံးမှာ နေရာ၌ပင် တစ်ပြိုင်နက်တည်း ရပ်တန့် သွားခဲ့ကြလေသည်။
ဒုတိယမရီး၏ အကြည့်များမှာ မီးဖိုချောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ချက်ချင်းပင် မှင်သက်သွားခဲ့ရလေ သည်...။
"အမေ... ကြည့်ပါဦး... ဒီမီးဖိုချောင်က တကယ်ကို သန့်ရှင်းတာပဲနော်..."
"ဘုရားရေ... ဒီမီးဖိုချောင်က ကျွန်မတို့ မြို့ပေါ်က အစိုးရပိုင် စားသောက်ဆိုင်က မီးဖိုချောင်ထက်တောင် ပိုပြီး စနစ်ကျနေသေးတယ်..."
ဒုတိယမရီးသည် ပြောင်လက်နေသော မီးဖိုကို သူမ၏လက်ဖြင့် မကိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ လေသည် ။
သူမ၏ အကြည့်များနောက်သို့ လိုက်ပါကြည့်ရှုရင်း အမေထျန်သည် မီးဖိုမှာ ပြောင်လက်နေအောင် တိုက်ချွတ်ထားသည်ကို မြင်တွေ့လိုက်ရလေသည် ။ အုတ်ခဲကြားလေးများတွင်ပင် ဆီစေးတစ်စမျှ ရှိမနေခဲ့ချေ ။
အိုးများ၊ ပန်းကန်များနှင့် အသုံးအဆောင် ပစ္စည်းများ အားလုံးမှာလည်း သပ်သပ်ရပ်ရပ် ခွဲခြားလျက် ဗီရို အတွင်း သိမ်းဆည်းထားလေသည် ။
ထောင့်တစ်နေရာရှိ မီးသွေးခဲများပင်လျှင် စီတန်းလျက် သပ်သပ်ရပ်ရပ် ရှိနေခဲ့ပြီး မည်သည့် ရှုပ်ထွေး မှုမျှ ရှိမနေခဲ့ချေ ။
ကြမ်းပြင်မှာလည်း ပြောင်စင်နေအောင် လှည်းကျင်းထားခဲ့ရာ အရာအားလုံးမှာ စနစ်တကျ ရှိမှုနှင့် ချွေတာတတ်မှုတို့ကို ဖော်ပြနေခဲ့လေသည် ။
အမေထျန်မှာ စိတ်ထဲမှ ခေါင်းညိတ်မိသော်လည်း ပြုံးလျက် ပြောလိုက်လေသည်...။
"လျှောက်ပြီး အံ့ဩမနေနဲ့ဦး... ဒီကလေး နှစ်ယောက်က တကယ်ကို သန့်ရှင်းတာကိုး..."
သူမသည် နံရံဘေးရှိ အိုးကြီး အချို့ကို ညွှန်ပြလျက် ဆက်ပြောလိုက်လေသည်...။
"မြန်မြန်... ပြောင်းဖူးမှုန့် နည်းနည်း ခပ်ပြီး ခေါက်ဆွဲလုပ်ကြရအောင်... လမ်းလျှောက်လာရတာ ဗိုက်ဆာနေကြပြီ မဟုတ်လား..."
ဒုတိယမရီးသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်လိုက်ပြီး ပထမဆုံး အိုး၏ သစ်သားအဖုံးကို မလိုက် လေသည် ။ ထိုအခါ ဖြူဖွေးနေသော ဆန်များမှာ အိုးနှုတ်ခမ်းအထိ အပြည့်အနှက် ရှိနေသည်ကို မြင် တွေ့လိုက်ရလေသည်။
သူမက ချက်ချင်းပင် အော်ဟစ်လိုက်လေသည်...။
"အမေ... ဆန်တွေ အများကြီးပဲ... လျှံတောင် ထွက်တော့မယ်... ဒါတွေဆိုရင် ကျွန်မတို့ မိသားစု နှစ်တစ်ဝက်လောက်တောင် ဝဝလင်လင် စားလို့ရတယ်..."
အမေထျန်မှာ အလျင်စလိုပင် လာရောက်ကြည့်ရှုလိုက်ပြီးနောက် အခြားသော အိုးများကိုပါ တစ်ခုပြီး တစ်ခု ဖွင့်ကြည့်လိုက်လေသည် ။
နူးညံ့သော ဂျုံမှုန့်ဖြူများမှာ အိုးတစ်လုံးလုံး ပြည့်နေခဲ့ပြီး အပေါ်မှလည်း စိုထိုင်းမှု မရှိစေရန် ဆီစိမ်စက္ကူ ဖြင့် ဖုံးအုပ်ထားသဖြင့် မည်သည့် ခဲခြင်းမျှ ရှိမနေခဲ့ချေ ။
ရွှေဝါရောင် ပြောင်းဖူးမှုန့်များမှာလည်း သေသေချာချာ စစ်ထုတ်ထားပြီး အိုးနှုတ်ခမ်းအထိ အပြည့် ရှိနေခဲ့လေသည် ။
ထို့နောက် သူမသည် ဘေးရှိ မြေအိုးငယ်လေးရှိရာသို့ လျှောက်သွားကာ အဖုံးကို မကြည့်လိုက်လေသည် ။ လတ်ဆတ်သော ကြက်ဥများမှာ သပ်သပ်ရပ်ရပ် စီထားပြီး တစ်လုံးချင်းစီမှာလည်း လုံးဝန်းကာ ထွား ကြိုင်းလှပေသည် ။
ဘေးရှိ အခြားမြေအိုးတစ်လုံးကိုမူ အမေထျန်က အနည်းငယ် ဟကြည့်လိုက်ရာ ငန်ကျိကျိ မွှေးရနံ့ တစ်ခုမှာ ချက်ချင်းပင် ပျံ့လွင့်လာခဲ့လေ၏ ။
မြေအိုးအတွင်း အချဉ်တည်ထားသော ဘဲဥငန်များမှာ ဆားရည်များအတွင်း စိမ်ထားလေသည် ။ ၎င်းတို့ ၏ အခွံများမှာ ပြောင်လက်ကာ အပြာရောင်သန်းနေခဲ့ရာ တကယ်ကို စားချင်စဖွယ် ကောင်းလှပေသည် ။
"အမေ... ဒီအိုးကလည်း အပြည့်ပဲနော်... ရှောင်ယာကတော့ အိမ်ထောင်မှုကို တကယ်ပဲ ကျွမ်းကျင် တာပဲ..."
ဒုတိယမရီးက ပြုံးလျက် ပြောလိုက်လေသည် ။
အမေထျန်မှာလည်း အကြိမ်ကြိမ် ခေါင်းညိတ်မိလေသည် ။ သူမသည် ဤကလေး နှစ်ယောက်မှာ ငွေကြေး အခက်အခဲ ရှိနေမည်ကိုလည်းကောင်း၊ ထို့ကြောင့်ပင် သူမ၏သမီးဖြစ်သူမှာ ဆင်းရဲဒုက္ခ ခံစားနေရမည်ကိုလည်းကောင်း စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေ၏ ။
သို့သော် သူမ အိမ်ထဲသို့ ဝင်လာကတည်းက သမီးဖြစ်သူ၏ အသားအရေ၊ စကားပြောဆိုပုံနှင့် အပြုအ မူများကို ကြည့်ရှုခြင်းဖြင့် သူမသည် မြို့ပြမှ မိန်းကလေးတစ်ဦးထက်ပင် အလှအပ မလျော့နည်းသည် ကို မြင်တွေ့လိုက်ရလေသည် ။ သူမမှာ အထူးတလည် ပြုစုယုယ ခံထားရသည်မှာ သိသာလှပေ၏ ။
ယခုအခါတွင် အိမ်အတွင်း၌ အစားအသောက်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏ စိတ်နှလုံးအတွင်း လေးလံနေခဲ့သော စိုးရိမ်စိတ်များမှာ နောက်ဆုံးတွင် ကွယ်ပျောက်သွားခဲ့ လေပြီဖြစ်ချေ၏။
"အမေ... အပေါ်ကို မော့ကြည့်လိုက်ပါဦး... ဘုရားရေ..."
ဒုတိယမရီးမှာ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်ရာ သူမ၏ လက်ညှိုးမှာလည်း မျက်နှာကြက်ရှိရာ သို့ တန်းတန်းမတ်မတ် ညွှန်ပြနေခဲ့လေသည် ။ သူမ၏ အသံမှာလည်း စိတ်လှုပ်ရှားမှုများကြောင့် သိသိ သာသာပင် ကျယ်လောင်နေခဲ့ပေတော့၏။
သူမ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အမေထျန်မှာ အလျင်စလိုပင် မော့ကြည့်လိုက်ရာ သူမ ကိုယ်သူမ အရာအားလုံးကို သိရှိထားသူဟု ယူဆထားသော်လည်း မြင်တွေ့လိုက်ရသော မြင်ကွင်း ကြောင့် မှင်သက်သွားကာ အသက်ရှူပင် မှားသွားခဲ့ရလေသည် ။
မီးဖိုချောင် အမိုးတန်းပေါ်တွင် ထူထဲသော လျှော်ကြိုး လေး၊ ငါးချောင်းမှာ ကန့်လန့်ဖြတ် ချိတ်ဆွဲထားပြီး ကြိုးတစ်ချောင်းစီတွင်လည်း ဝက်သားခြောက် အချပ်ပေါင်းများစွာမှာ လေးလံစွာဖြင့် တွဲလွဲဆွဲထား သည်ကို မြင်တွေ့လိုက်ရခြင်းဖြစ်လေသည်။
အမေထျန်မှာ စိတ်ထဲမှ အာမေဍိတ်သံ ထွက်ပေါ်လာခဲ့လေသည်...။
*ဘုရားရေ... ဝက်သားခြောက်တွေ ဒီလောက်တောင် များတာလား... ကျိုးချန်ယဲ့ကတော့ တစ်နှစ်စာ လောက်အထိ အသားတွေကို ပြင်ဆင်ထားတာ ဖြစ်ရမယ်...*
သို့သော် သူမသည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ခပ်တိုးတိုး ချောင်းဟန့်ကာ ကြိမ်းမောင်းလိုက် လေသည်...။
"ဒီကလေးမလေးကတော့ဖြင့်... ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ... ဝက်သားခြောက် တစ်ခါမှ မမြင်ဖူးဘူးလား..."
ဒုတိယမရီးမှာမူ အမေထျန်၏ ကြိမ်းမောင်းမှုကို လုံးဝ ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် ပြောဆိုနေခဲ့လေသည်...။
"အမေ... ဒါက မမြင်ဖူးတာ မဟုတ်ဘူးလေ... တကယ်ကို များလွန်းလို့ပါ... အချပ်ပေါင်း ဆယ်ချပ်မက ရှိတာနော်... ဒါတွေ ဖြစ်လာဖို့ဆိုရင် ဝက်သားတွေ ဘယ်လောက်တောင် အသုံးပြုရမလဲဆိုတာ စဉ်းစား ကြည့်ပါဦး..."
"ကဲပါ... ကဲပါ... အပိုတွေ ပြောမနေဘဲ မြန်မြန် ထမင်းချက်ကြရအောင်... တစ်နေ့လုံး သွားလာနေရတာ ဗိုက်မဆာကြဘူးလား..."
အမေထျန်မှာ ပြုံးလျက်ပင် လက်ယမ်းပြကာ စကားလမ်းကြောင်းကို လွှဲလိုက်လေသည် ။
"ဟုတ်ကဲ့ပါ အမေ... အခုပဲ အမြန်လုပ်လိုက်ပါ့မယ်..."
ဒုတိယမရီးက ရွှင်ပျစွာ ပြန်လည်ပြောလိုက်လေသည် ။
ဒုတိယမရီးမှာ အလွန်ပင် သွက်လက်သူ ဖြစ်ပေသည် ။ သူမသည် ပြောပြောဆိုဆိုဖြင့် အင်္ကျီလက်ကို မကာ အလုပ်စတင်တော့လေ၏ ။ အမေထျန်မှာလည်း မီးဖိုဘေးတွင် ဝင်ရောက် ကူညီပေးခဲ့လေသည် ။ ထင်းထည့်ခြင်း၊ မီးမွှေးခြင်း၊ အသီးအရွက်များ ရွေးချယ်ခြင်းနှင့် အသားများကို လှီးဖြတ်ခြင်း စသည် ဖြင့် ၎င်းတို့နှစ်ဦးမှာ အပေးအယူ မျှတစွာဖြင့် လုပ်ဆောင်နေခဲ့ကြလေသည် ။
မကြာမီမှာပင် မီးဖိုချောင်အတွင်း၌ အသားနှင့် ဆော့စ်တို့၏ မွှေးကြိုင်လှသော ရနံ့များဖြင့် ပြည့်နှက် သွားခဲ့လေသည် ။ သံအိုးအတွင်းရှိ အသားဆော့စ်မှာ တစီစီနှင့် ပွက်ပွက်ဆူနေခဲ့ပြီး ထိုရနံ့မှာ ခြံဝင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ တံတွေးပင် မျိုချမိစေလေ၏ ။
လူတိုင်းသည် အိမ်မကြီးရှိ နတ်ဘုရားရှစ်ပါး လေးထောင့်စားပွဲကြီးတွင် ဝိုင်းထိုင်လိုက်ကြလေသည်။ ပူပူနွေးနွေး ခေါက်ဆွဲပန်းကန်များကို တည်ခင်းလိုက်ကြပြီး မွှေးကြိုင်လှသော အသားဆော့စ်များနှင့် အတူ အားရပါးရ စားသောက်ကြရာ ချွေးများပင် ရွှဲရွှဲစိုနေခဲ့သလို ချီးကျူးစကားများလည်း မပြတ် ရှိနေခဲ့လေသည် ။
"အမေ... ဒီအသားဆော့စ်က တကယ်ကို အရသာရှိတာပဲ... နောက်ထပ် နှစ်ပန်းကန်လောက်တောင် စားနိုင်သေးတယ်..."
ဒုတိယအစ်ကို ထျန်ချင်းလင်းက ခေါက်ဆွဲများကို အားရပါးရ စားရင်း ကျယ်လောင်စွာ ပြောလိုက်လေ သည် ။
"ဟုတ်တာပေါ့... ဒီလက်ရာက အစိုးရပိုင် စားသောက်ဆိုင်က အရာတွေထက်တောင် အများကြီး ပိုကောင်းနေသေးတယ်..."
ကျိုးချန်ယဲ့ကလည်း ပါးစပ်တွင် ဆီများ ပေကျံနေလျက် ဝင်ရောက် ပြောလိုက်လေ၏ ။
ထျန်ရှောင်ယာမှာမူ ကလေးမွေးပြီးကာစ ဖြစ်သဖြင့် အစာသိပ်မစားနိုင်သေးသော်လည်း နွေးထွေးသော ခေါက်ဆွဲဟင်းရည် တစ်ပန်းကန်ကို သောက်လိုက်ရသဖြင့် တစ်ကိုယ်လုံး နွေးထွေးသွားခဲ့လေသည် ။
နေ့လယ်စာ စားသောက်ပြီးနောက် ကျိုးချန်ယဲ့သည် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ အဆောင်ခန်းများ ကို စောစောစီးစီးပင် သန့်ရှင်းရေး လုပ်ထားလိုက်လေသည် ။ သူသည် အပူပေးအုတ်ကုတင်ပေါ်ရှိ ဗီရိုထဲမှ အိပ်ရာခင်း အသစ်များကို ထုတ်ယူကာ ဂရုတစိုက် ခင်းကျင်းပေးလိုက်လေ၏ ။
သူသည် အပူပေးအုတ်ကုတင်၏ ဘေးကို ပုတ်ပြကာ မှာလိုက်လေသည်...။
"အမေ... ဒုတိယအစ်ကိုနဲ့ မရီးတို့... လမ်းခရီးမှာ ပင်ပန်းလာကြပြီ မဟုတ်လား... အရင်ဆုံး အိပ်ပြီး နားလိုက်ကြပါဦး... တခြား ဘာကိုမှ စိတ်မပူပါနဲ့... အိပ်ရေးဝဝ အိပ်ပြီး နားနားနေနေ ရှိမှ စကားပြောကြ တာပေါ့..."
အမေထျန်မှာ သူမ၏ နာကျင်နေသော ခါးကို ပွတ်သပ်လိုက်လေသည် ။ အခြားသူများမှာလည်း တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီ ဖြစ်ပေရာ ထျန်ရှောင်ယာအား သေသေချာချာ အနားယူရန် မှာကြားပြီးနောက်တွင်မူ ငြင်းဆန်ခြင်း မပြုတော့ဘဲ မိမိတို့၏ အခန်းများဆီသို့ သွားရောက် နားနေကြ လေတော့သည် ။
ယခင်က စည်ကားနေခဲ့သော ခြံဝင်းအတွင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့လေ၏ ။
ပုခက်အတွင်းရှိ ကျောက်ခဲလေးမှာမူ တစ်ခါတစ်ရံတွင် တိုးညှင်းကာ ချိုမြိန်သော အသံလေးများ ထွက် ပေါ်နေခဲ့ပြီး ထျန်ရှောင်ယာနှင့် ကျိုးချန်ယဲ့တို့၏ တိုးညှင်းကာ နူးညံ့သော စကားပြောသံလေးများနှင့် အတူ ဘဝမှာ ငြိမ်သက်အေးချမ်းကာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
————————————
နေမင်းမှာ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ပြီး ခြံဝင်းနံရံများ၏ အခြေကို နွေးထွေးသော လိမ္မော်နီရောင် များဖြင့် ဆိုးလိုက်လေသည် ။
ဝမ်တာ့ကျွမ်း၏ ဇနီး လီကျောက်တီသည် ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်လျက် ခြံဝင်းအတွင်းသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝင်ရောက်လာခဲ့လေ၏ ။
သူမ မော့ကြည့်လိုက်သောအခါ အိမ်မကြီးထဲတွင် ထိုင်နေသော အမေထျန်အား မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာခဲ့လေသည် ။ သူမ၏ အသံမှာလည်း ကျယ်လောင်ကာ ရိုးသားလှပေသည်... ။
"အန်တီ... နောက်ဆုံးတော့ ရောက်လာပြီပဲ... ဒီနေ့ ခြံထဲမှာ စည်ကားနေတာ မြင်ကတည်းက ရှောင်ယာ့ ရဲ့ မိသားစုဝင်တွေ ရောက်လာပြီဆိုတာ အစ်မ သိနေတာ..."
သူမသည် သူမ၏ လက်ထဲမှ ခြင်းတောင်းကို ကမ်းပေးလိုက်လေသည်...။
"ဒါတွေက အစ်မတို့ အိမ်က ငန်းတွေ ဥတဲ့ ငန်းဥတွေပါ... ရှောင်ယာ အာဟာရ ဖြစ်အောင်လို့ ယူလာ ပေးတာလေ..."
အမေထျန်သည် အိမ်နီးချင်းတစ်ဦး လာရောက် လည်ပတ်သည်ကို မြင်တွေ့လိုက်ရသောအခါ အလျင် စလိုပင် ထ၍ ကြိုဆိုလိုက်လေသည် ။ သူမသည် တစ်ဖက်လူ၏ လက်များကို လက်နှစ်ဖက်ဖြင့် တင်း ကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်ရှိလှသော လေသံဖြင့် ပြောလိုက်လေသည်...။
"အို... ညီမလေးက ရှောင်ယာ ပြောပြောနေတဲ့ အစ်မဝမ် ဖြစ်ရမယ်... ဒီရက်ပိုင်းအတွင်းမှာရှောင်ယာ့ကို ကူညီ စောင့်ရှောက်ပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်..."
"ကြည့်ပါဦး... ညီမလေးကလည်း အများကြီး အကုန်အကျ ခံလိုက်ရပြန်ပြီ... ဒီငန်းဥတွေက ဒီလောက် တန်ဖိုးကြီးတာကို... ညီမလေးရဲ့ ကလေးအတွက်ပဲ အိမ်ကို ပြန်ယူသွားလိုက်ပါ..."
"... ဒါက ဘာမှ မဟုတ်ပါဘူး... ကျွန်မတို့က အိမ်နီးချင်းတွေပဲဥစ္စာ... တစ်ယောက်ကိုတစ်ယောက် ကူညီ ရမှာက သဘာဝပဲ မဟုတ်လား..."