အခန်း ၇၁
Vol. 8 Ch. 71
🍅Chapter 71
စုန့်အာ့လန် ထင်းများပိုက်လျက် ဘေးဘက်ရှိ ထင်းတဲထဲမှ ထွက်လာလေ၏။
“ဒီအတိုင်း လမ်းလျှောက်ထွက်မလို့”
“ကျွန်တော်လည်း လိုက်မယ်”
စုန့်အာ့လန်သည် ထင်းများကို မီးဖိုချောင်ထဲသို့ သယ်သွားပြီးနောက် ဝူယွီလန်ကိုမီအောင် ခပ်သွက်သွက် ပြေးလိုက်လာခဲ့သည်။
“အာ့လန်၊ ငါတို့အိမ်နားက ဒီမြေက ဘယ်သူ့ဟာလဲ”
ဝူယွီလန်သည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီးနောက် သူတို့၏ခြံဝင်းငယ်လေးမှာ အလွန်သေးငယ်လွန်းသည်ဟု ခံစားလိုက်ရ၏။
အကယ်၍ အိမ်သစ်ဆောက်မည်ဆိုပါက ခြံဝင်းချဲ့ထွင်ရန်အတွက် ခြံပြင်ပရှိ ဤမြေကွက်ကို ဝယ်ယူရန် လိုအပ်မည်ဟု သူမ တွေးတောနေမိသည်။
“ဒီမြေက ကျွန်တော်တို့ရွာရဲ့ အများပိုင်မြေပါ”
စုန့်အာ့လန်၏မျက်လုံးများက တောက်ပသွားသည်။
“အဘွား၊ အဘွားက ဒီမြေကိုဝယ်ဖို့ စဉ်းစားနေတာလား”
ဤကောင်လေးက ဉာဏ်ကောင်းကြောင်း သိထားသဖြင့် ဝူယွီလန်က မဖုံးကွယ်တော့ပေ။
“အင်း၊ ဝယ်တော့ ဝယ်ချင်တယ်၊ ဒါပေမဲ့ ဒီမြေက ဈေးကြီးမလားမသိဘူး”
“မကြီးပါဘူးအဘွား၊ ပြီးခဲ့တဲ့တစ်ခေါက် ရွာလူကြီး စုန့်ကျန်းရှုအိမ်မှာ ကစားနေတုန်းက သူက ဒီမြေကိုရောင်းချင်တယ်လို့ ပြောသံကြားလိုက်တယ်၊ ဒါပေမဲ့ ဘယ်သူမှ မဝယ်ချင်ကြဘူးတဲ့”
ရွာလူကြီး စုန့်ကျန်းရှုသည် စုန့်မိသားစုရွာ၏ ရွာလူကြီးဟောင်းဖြစ်ပြီး ပုံမှန်အားဖြင့် ရွာ၏ အသေးအဖွဲကိစ္စရပ်များကို စီမံခန့်ခွဲလေ့ရှိသည်။
သူသည် ရိုးသားဖြောင့်မတ်ပြီး ကြင်နာတတ်သူတစ်ဦးဖြစ်ကာ ရွာတွင် အတော်လေး ဩဇာတိက္ကမရှိသူဖြစ်သည်။
“ဘာလို့ ဘယ်သူမှ မဝယ်ချင်ကြတာလဲ”
စုန့်အာ့လန် မျက်တောင်လေးခတ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မပြောပြလိုဟန် ပြသလာလေသည်။
“ဘာလို့လဲဆိုတော့...”
ဝူယွီလန်က မျက်ခုံးတစ်ဖက်ပင့်ကာ စုန့်အာ့လန် ရှင်းပြမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။
“ဘာလို့လဲဆိုတော့ လူတိုင်းက အဘွားကို ကြောက်ကြလို့လေ၊ တကယ်လို့ သူတို့က ကျွန်တော်တို့အိမ်နားက ဒီမြေကို ဝယ်လိုက်ပြီး အဘွားက ပြဿနာရှာလာရင်......သူတို့အတွက် ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ရှိမှာမဟုတ်တော့ဘူးလေ”
နောက်ဆုံးစကားကို စုန့်အာ့လန် ခပ်တိုးတိုးလေးသာ ပြောလိုက်၏။
ဝူယွီလန် : “...........”
သေချာတွေးကြည့်တော့လည်း အဓိပ္ပာယ်ရှိပေသည်။ ရက်စက်ယုတ်မာသော အဘွားအိုကြီးနှင့် မည်သူက အိမ်နီးချင်း လုပ်ချင်ပါမည်နည်း။
သို့သော် ဤသည်ကလည်း ကောင်းပေသည်။ ဤမြေကို သူမကိုယ်တိုင်ပိုင်ဆိုင်သွားပါက ငြိမ်းချမ်းသွားမည်မဟုတ်ပါလား။
ဝူယွီလန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“သွားစို့၊ မုန့်နှစ်ဗူးလောက်ယူပြီး ရွာလူကြီး စုန့်ကျန်းရှုအိမ်ကို သွားမေးကြည့်ရအောင်”
“ချက်ချင်းကြီးလား”
စုန့်အာ့လန်သည် မုန့်များကိုယူကာ ဝူယွီလန်နောက်မှ ပျော်ရွှင်စွာ ပြေးလိုက်လာခဲ့သည်။
……
“ဆန်ကွေ့”
စုန့်ဆန်ကွေ့က ခြံဝင်းအတွင်း၌ ကစားနေလေ၏။
စုန့်အာ့လန်ကို မြင်သောအခါ သူ ဝမ်းသာအားရဖြင့် လျှောက်လာခဲ့သည်။
“အာ့လန်၊ မင်းက ဘယ်လိုလုပ်ပြီး ဒီကိုလာဖို့ အချိန်ရတာလဲ၊ မင်းအိမ်က အဲဒီအဘွားကြီးက မင်းကို အပြင်ထွက်ကစားဖို့ ခွင့်ပြုလို့လား”
စုန့်အာ့လန်သည် မျက်စပစ်ကာ စုန့်ဆန်ကွေ့ကို လက်ဟန်ခြေဟန်ပြရန် အပြင်းအထန် ကြိုးစားသော်လည်း စုန့်ဆန်ကွေ့က လုံးဝနားမလည်ဘဲ ဆက်လက် ပြောဆိုနေလေတော့၏။
“အဲဒီအဘွားကြီးက မင်းကို ထပ်ရိုက်ပြန်ပြီလား၊ တကယ့်ကို စိတ်နာစရာပဲ၊ ငါ နည်းနည်းလောက် ကြီးလာရင် မင်းနဲ့အတူ အဲဒီအဘွားကြီးကို သေအောင်ရိုက်ပစ်မယ်”
စုန့်ဆန်ကွေ့ လက်သီးဆုပ်လေးကို ဝှေ့ယမ်းကာ တရားမျှတမှုအတွက် ရပ်တည်ပေးလိုက်သည်။
သူမအား သေအောင် ရိုက်ပစ်မည်ဟု တစ်စုံတစ်ယောက်က ပြောနေသည်ကို ကြားလိုက်ရသဖြင့် မည်သို့မျှ ငြိမ်မနေနိုင်တော့ပေ။ ဝူယွီလန်က ချောင်းဟန့်လိုက်သည်။
“အဟမ်း”
စုန့်ဆန်ကွေ့က နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“အာ့လန်၊ မင်း ဘယ်သူနဲ့အတူလာတာလဲ”
သူက တံခါးဝသို့ လျှောက်သွားလိုက်ရာ စုန့်အာ့လန် အနောက်တွင် ရပ်နေသော ဝူယွီလန်ကို တွေ့လိုက်ရပြီး ထိုနေရာတွင်ပင် အေးခဲသွားလေတော့သည်။
“အ… အဘွားဝူ”
စုန့်ဆန်ကွေ့သည် မျက်နှာရှုံ့မဲ့သွားပြီးနောက် စုန့်အာ့လန်ကို လှည့်ကာ မျက်စပစ်ပြပြီး အသည်းအသန် လက်ဟန်ခြေဟန် ပြလေတော့သည်။
“မင်း အဘွားလည်း အတူပါလာတယ်ဆိုတာကို ဘာလို့မပြောရတာလဲ”
စုန့်အာ့လန် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
“မင်းမှ မမေးတာ”
စုန့်ဆန်ကွေ့က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လှည့်ကာ အတင်းအကျပ် ပြုံးပြလိုက်၏။
“ဟီးဟီး၊ အဘွားဝူ၊ ဘာ၊ ဘာကိစ္စများရှိလို့ ဒီကို ရောက်လာတာလဲ”
“ငါ နင့်အဘိုးနဲ့ ကိစ္စတစ်ခုလောက် ဆွေးနွေးချင်လို့လာတာ”
ထိုစကားကို ကြားသောအခါ စုန့်ဆန်ကွေ့က အလျင်အမြန်လှည့်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။
“အဘိုး၊ မြန်မြန်ထွက်ခဲ့၊ အာ့လန်ရဲ့အဘွား ရောက်နေတယ်”
အိမ်ထဲတွင် ရေနွေးကြမ်းသောက်နေသော ရွာလူကြီး စုန့်ကျန်းရှုသည် ချစ်လှစွာသော မြေးဖြစ်သူ၏အော်ဟစ်သံကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
“ဆန်ကွေ့ ဘာတွေပြောနေတာလဲ၊ ဘယ်ကဝံပုလွေ လာနေလို့လဲ”
“အဘိုး၊ မြန်မြန်ထွက်ကြည့်ပါဦး”
ရွာလူကြီးစုန့်ကျန်းရှု မတ်တတ်ရပ်လိုက်သည်။
“ဘယ်က ဝံပုလွေလာလို့ ငါ့မြေးကို ဒီလောက်တောင် လန့်သွားစေရတာလဲ”
သူ အပြင်သို့ ထွက်ကြည့်လိုက်ရာ ဝူယွီလန်ဖြစ်နေသည်ကို မြင်သောအခါ ပြဿနာလာရှာသည်ဟု ထင်မှတ်ပြီး မျက်မှောင်များ တင်းကျပ်စွာ တွန့်ကွေးသွားလေ၏။
“အဘွားကြီးဝူ၊ ဒီကို ဘာကိစ္စနဲ့လာတာလဲ”
ဝူယွီလန် မုန့်နှစ်ဗူးကို ကမ်းပေးလိုက်သည်။
“အစ်ကိုကြီးကျန်းရှု၊ ကျွန်မ အိမ်နားက မြေကွက်ကို ဘယ်လိုရောင်းမလဲလို့ လာမေးတာပါ”
အနည်းငယ် စိတ်မရှည်ဖြစ်နေခဲ့သော ရွာလူကြီးစုန့်ကျန်းရှုသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင်တက်ကြွသွားလေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရွာ၏ဘိုးဘွားစံကျောင်းအများစု ပြိုကျသွားခဲ့ရာ ပြုပြင်ရန် ငွေမရှိသဖြင့် သူ ပူပန်နေခဲ့ရသည်မဟုတ်ပါလား။
“နင် မြေဝယ်ချင်လို့လား”
“ဟုတ်တယ်၊ ဆေးပင်တချို့ရောင်းလိုက်ရလို့ ငွေနည်းနည်းရလာတယ်၊ အဲဒါ ကျွန်မအိမ်နားက မြေကွက်ကို ဝယ်ဖို့ရည်ရွယ်ထားလို့”
“ကောင်းပြီ၊ အထဲဝင်ပြီးထိုင်ပါဦး”
စုန့်ဆန်ကွေ့မှာ ရွာလူကြီးစုန့်ကျန်းရှု၏အနောက်တွင် ဝင်ပုန်းနေပြီး ခေါင်းပင်မပြရဲချေ။
ဝူယွီလန်က မုန့်များကို စုန့်အာ့လန်ထံ ကမ်းပေးလိုက်ပြီး စုန့်ဆန်ကွေ့ကိုပေးရန် အချက်ပြလိုက်သည်။
စုန့်အာ့လန် သဘောပေါက်သွားကာ မုန့်များကို ယူပြီး စုန့်ဆန်ကွေ့လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
“မြန်မြန်ယူထားလိုက်၊ ငါ ခုနက အိမ်မှာ တစ်ခုစားလာတယ်၊ အရမ်းကောင်းတာ”
စုန့်ဆန်ကွေ့က သူ့အဘိုးကို တစ်ချက်လှမ်းကြည့်လိုက်ရာ ကန့်ကွက်ဟန်မပြသဖြင့် နောက်ဆုံးတွင် မုန့်များကို ယူလိုက်သည်။
ဝူယွီလန်သည် အိမ်မကြီးခန်းထဲသို့ ဝင်သွားလေသည်။ ရွာလူကြီး စုန့်ကျန်းရှု၏ ဇနီး၊ အဒေါ်ဝမ်က ဝူယွီလန်အတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်၏။
“လက်ဖက်ရည်သောက်ပါဦး”
“ကျေးဇူးတင်ပါတယ်၊ အစ်မကြီးဝမ်”
အဒေါ်ဝမ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏ကိုယ်ပိုင်အလုပ်များ ဆက်လုပ်ရန် လှည့်ထွက်သွားလေ၏။
“နင့်အိမ်နားက အဲဒီမြေကွက်က သေးတာမဟုတ်ဘူး၊ ငါ အရင်ကတိုင်းဖူးတယ်၊ အရှေ့၊ အနောက်၊ ဘယ်၊ ညာ အားလုံးပေါင်းလိုက်ရင် ရှစ်မူလောက်ရှိတယ်”
ရွာလူကြီးစုန့်ကျန်းရှုက ဝူယွီလန်၏မျက်နှာအမူအရာကို အကဲခတ်ရင်း ပြောလိုက်သည်။
“ရှစ်မူ၊ ဒါ နည်းနည်းတော့များတယ်နော်”
သူမက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
“ဒါပေမဲ့ ဈေးနှုန်းသင့်တော်မယ်ဆိုရင်တော့ ငွေလေးဘာလေးစုဆောင်းပြီး ဝယ်လို့ရပါတယ်”
ဝူယွီလန် အမှန်တကယ် ဝယ်ယူရန်ရည်ရွယ်ထားကြောင်း မြင်သောအခါ ရွာလူကြီးစုန့်ကျန်းရှုက တက်ကြွစွာဖြင့် ဆက်ပြောလာသည်။
“အဲဒီမြေအားလုံး လူနေထိုင်ဖို့ သတ်မှတ်ထားတဲ့ မြေတွေချည်းပဲ၊ တစ်မူကို ငွေခြောက်ချောင်းကျတယ်၊ နင် တကယ်ဝယ်မယ်ဆိုရင် ငါ တစ်မူကို ငွေငါးချောင်းနဲ့ လျှော့ပေးပါ့မယ်”
“လူနေထိုင်ဖို့ မြေလို့သာခေါ်တာ၊ ဒီလောက်ကြီးတဲ့ အိမ်ကို ဆောက်ဖို့ ဘယ်မိသားစုမှာ ငွေရှိလို့လဲ၊ ကျွန်မတွေးထားတာက လူနေထိုင်ဖို့မြေဆိုပေမဲ့ ရှင်းလင်းလိုက်ရင် မြေပဲဖြစ်ဖြစ် တစ်ခုခုစိုက်လို့ရမယ်ထင်လို့ပါ၊ ငွေငါးချောင်းကတော့ အရမ်းဈေးကြီးလွန်းတယ်”
ဝူယွီလန် သက်ပြင်းချလိုက်သည်။
“တကယ်ကြီး အဲဒီလောက် ဈေးကြီးတယ်ဆိုရင်လည်း ကျွန်မ လောလောဆယ် မဝယ်တော့ပါဘူး”
ထိုမြေသည် အမြဲတမ်း မြေလွတ်မြေရိုင်းအဖြစ် ရှိနေခဲ့ပြီး သီးနှံများစိုက်ပျိုးရန်အတွက် ပြန်လည်ရှင်းလင်း တူးဆွရမည်ဖြစ်သည်။
ရွာလူကြီး စုန့်ကျန်းရှုက ဤအတိုင်း အလဟဿထားမည့်အစား ဈေးလျှော့ကာ ရောင်းချလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးတောလိုက်၏။
“ဒါဆို နင်က အဲဒါကို ယာမြေအဖြစ် စိုက်ပျိုးချင်တာပေါ့၊ ဒါဆိုရင်တော့ ငါ ဈေးလျှော့ပေးလို့ရပါတယ်”
“တစ်မူကို ငွေလေးချောင်းနဲ့ ပြားခုနစ်ရာ ဆိုရင်ကော ဘယ်လိုလဲ”
“လယ်မြေဆိုရင် တစ်မူကို ငွေရှစ်ချောင်းကျတယ်၊ ယာမြေကောင်းဆိုရင် တစ်မူကို ငွေငါးချောင်းတန်တယ်၊ ဒီဈေးက သိပ်မကြီးပါဘူး”
ဝူယွီလန် ခေါင်းခါယမ်းပြလိုက်သည်။
“နည်းနည်းလောက် ထပ်လျှော့ပေးမယ်ဆိုရင်တော့ ကျွန်မ ငွေနည်းနည်း စုဆောင်းပြီး အဲဒီမြေကို အံကြိတ်ဝယ်လိုက်ပါ့မယ်”