အခန်း ၇၂
Vol. 8 Ch. 72
🍅Chapter 72
“ငွေလေးချောင်းနဲ့ ပြားခုနစ်ရာ...”
“ထားလိုက်ပါတော့လေ”
ရွာလူကြီး စုန့်ကျန်းရှုသည် နံရံအချို့ ပြိုကျနေသော ဘိုးဘွားစံကျောင်းကို တွေးမိကာ အံကြိတ်လိုက်၏။
“ဒီလိုလုပ်၊ နင် အကုန်လုံးယူမယ်ဆိုရင် ငါ တစ်မူကို ငွေလေးချောင်း၊ ပြားငါးရာနဲ့ ပေးမယ်၊ ဖြစ်နိုင်လား”
တစ်မူကို ငွေလေးချောင်းနှင့် ပြားငါးရာ၊ ရှစ်မူဆိုလျှင် ငွေသုံးဆယ့်ခြောက်ချောင်း ဖြစ်သည်။
တောင်ပေါ်ရွာလေးတစ်ရွာတွင် ငွေငါးချောင်းဆိုလျှင် မိသားစုတစ်ခုလုံး တစ်နှစ်စာစားဝတ်နေရေးအတွက် လုံလောက်ပြီး၊ ငွေအချောင်းနှစ်ဆယ်ဆိုလျှင် အုတ်ကြွတ်အိမ်ကောင်းကောင်း ဆောက်လုပ်နိုင်ရာ ငွေသုံးဆယ့်ခြောက်ချောင်း ဆိုသည်မှာ သေချာပေါက် နည်းပါးသောပမာဏ မဟုတ်ပေ။
“သဘောတူတယ်၊ ကျွန်မ အိမ်ပြန်ပြီး ငွေစုလိုက်ဦးမယ်၊ လောက်ပြီဆိုတာနဲ့ မြေကို ပြန်တိုင်းဖို့ အစ်ကိုကြီးဆီ ပြန်လာခဲ့ပါ့မယ်”
အရောင်းအဝယ်ဖြစ်သွားပြီဟု ကြားလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားလေသည်။
“ကောင်းပြီ”
သူကိုယ်တိုင် ဝူယွီလန်ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့၏။
“အဘိုးကြီး၊ ဒီအဘွားကြီးဝူက အခုတလော နည်းနည်းပြောင်းလဲသွားသလိုပဲနော်”
“သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေက အများကြီးပိုပြီးချင့်ချိန်တတ်လာသလိုပဲ၊ ခုနက ငါ လက်ဖက်ရည်ငဲ့ပေးတုန်းက သူ ငါ့ကို ဘာပြောသွားလဲ သိလား၊ ‘ကျေးဇူးတင်ပါတယ် အစ်မကြီးဝမ်’ တဲ့လေ၊ ကျွတ်ကျွတ်၊ သူ အရင်က ဘယ်တုန်းကမှ ကျေးဇူးတင်စကားမပြောဖူးဘူး”
အဒေါ်ဝမ် စားပွဲပေါ်ရှိ မုန့်များကို ကြည့်လိုက်လေသည်။
“ပြီးတော့ သူ့ရဲ့ ကပ်စေးနှဲတဲ့ စိတ်ထားနဲ့ မုန့်နှစ်ဗူး ယူလာပေးဖို့တောင် ဝန်မလေးတော့ဘူး”
“ငါ ကြည့်လိုက်တာ ကွေ့ဟွာမုန့်နဲ့ သစ်အယ်သီးမုန့်အသစ်တွေပဲ၊ တစ်ဗူးကို ပြားဆယ်ဂဏန်းလောက် ပေးရတယ်”
ရွာလူကြီး စုန့်ကျန်းရှုက အောက်သို့ငုံ့ကြည့်လိုက်၏။
“ဒီရက်ပိုင်း သူတို့မိသားစု ဆူဆူပူပူ မဖြစ်ကြတော့ဘူး၊ အသက်ကြီးလာလို့ သူ့ အိုမင်းမစွမ်းဖြစ်တဲ့အခါ လုပ်ကျွေးမယ့်သူမရှိမှာ ကြောက်လို့ ပြဿနာမရှာရဲတော့တာလည်း ဖြစ်နိုင်တာပဲ”
အဒေါ်ဝမ် ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ၊ သူသာ ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင် သူ့မိသားစုတစ်ခုလုံး သူကြောင့် ပျက်စီးသွားတော့မှာ”
…
ညစာစားချိန်တွင် ဝူယွီလန် မြေဝယ်မည့်ကိစ္စကို ပြောပြလိုက်၏။
“ငါတို့အိမ်နားက မြေကိုဝယ်ပြီး အုတ်ကြွတ်အိမ်အသစ်ဆောက်ဖို့ ရည်ရွယ်ထားတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း သူမကို လှမ်းကြည့်လာကြသည်။
“ကျွန်မ ထောက်ခံတယ်”
ဝမ်ကွေ့ချင် အရင်ဆုံး လက်မြှောက်ကာ သဘောတူကြောင်း ပြသလိုက်၏။ ကျောက်လီကျွမ်ကလည်း ခေါင်းညိတ်ပြလေသည်။
“အမေ၊ ဝယ်ချင်ရင်လည်း ဝယ်လိုက်ပါ၊ သမီးတို့က အမေ့သဘောပါပဲ”
လီရှို့ယွင် ကလေးကိုတိုက်ရန် နို့ဖျော်နေရင်းမှ ဝင်ပြောလာသည်။
“ဒုတိယယောင်းမ ပြောတာ မှန်တယ်”
ဘေးတွင်ရှိနေသော စုန့်ကျစ်ယုံမှာမူ တိတ်တဆိတ်သာနေပြီး မည်သည့်သဘောထားမှ မထုတ်ဖော်ခဲ့ချေ။
သူ့အမြင်အရ မိခင်ဖြစ်သူက ပြဿနာမရှာသရွေ့ ဘာပဲလုပ်လုပ် ရသည်ဟု တွေးတောနေပုံရသည်။
ဝူယွီလန်ကမူ သူတို့ကို အသိပေးရုံသာဖြစ်ပြီး သူတို့ မလိုချင်လျှင်ပင် သူမ ဝယ်မည်သာဖြစ်သည်။
“ကောင်းပြီ၊ ဒီနှစ်ရက်အတွင်း ငါ ဒီကိစ္စကို အပြီးသတ်လိုက်မယ်”
“ကျစ်ယုံ၊ မနက်ဖြန် နင့်ခြေထောက်ကို ငါ စကုပေးမယ်၊ နင် အဆင်သင့်ဖြစ်ပြီလား”
တူကိုင်ထားသော စုန့်ကျစ်ယုံ၏လက်ကလေးမှာ အနည်းငယ် ရပ်တန့်သွားလေ၏။
သူ စားပွဲအောက်ရှိ အာရုံခံစားမှု ကင်းမဲ့နေသော သူ့ခြေထောက်ကို စမ်းသပ်ကြည့်လိုက်သည်။
“ဟုတ်ကဲ့”
စုန့်အာ့လန်က ပါးစပ်ထဲမှ ထမင်းများကို အလျင်အမြန် မျိုချလိုက်သည်။
“အဘွား၊ မနက်ဖြန် ဆေးပင်သွားရှာဦးမှာလား”
ငွေတွေ၊ အားလုံးက ငွေတွေချည်းပဲ မဟုတ်ပါလား။
သူ ရက်တိုင်း မလွတ်တမ်း သွားချင်နေသည်။
“မနက်ဖြန်တော့ ငါ မသွားတော့ဘူး၊ နင်တို့တွေ သွားချင်တယ်ဆိုရင် တောင်အောက်ခြေလောက်မှာပဲ ပိုင်ကျူးအမြစ်နဲ့ တခြားဆေးပင်တွေ သွားတူးကြလေ”
ဝူယွီလန် စကားပြောရင်းမှ စုန့်ထုန်ဟွာကို လှမ်းကြည့်လိုက်သည်။
“ထုန်ဟွာ၊ ပိုင်ကျူးအမြစ်က ဘယ်လိုပုံစံလဲဆိုတာ နင် မှတ်မိသေးလား”
စုန့်ထုန်ဟွာ ခေါင်းညိတ်ပြလိုက်သည်။
“မှတ်မိတယ်၊ ဒီနေ့ အဘွားသင်ပေးခဲ့တဲ့ ဆေးပင်တွေအားလုံးကို သမီး မှတ်မိပါတယ်”
သူမလို မိန်းကလေးတစ်ယောက်အတွက် ပညာရပ်တစ်ခုခု သင်ယူခွင့်ရရန်ဆိုသည်မှာ ကောင်းကင်ဘုံ တက်ရသကဲ့သို့ ခက်ခဲကြောင်း သူမ ကောင်းကောင်း သိရှိထားသည်။
အဘွားဖြစ်သူက သူမအား ဆေးပညာများ သင်ပေးလိုနေသည်ဖြစ်ရာ သူမသည်လည်း ကြိုးစားအားထုတ်ပြီး ဤအခွင့်အရေးကို အရယူရမည်မဟုတ်ပါလား။
“အင်း၊ မဆိုးဘူး”
“မနက်ဖြန် ဆေးပင်သွားရှာချင်ရင်လည်း သွားကြပေါ့”
ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ဝူယွီလန်က ဆက်ပြောလိုက်၏။
“ဒီရာသီပြီးသွားရင် မြေရှင်ကျန်းရဲ့ လယ်တွေကိုပြန်ပေးလိုက်ကြမယ်၊ ငါတို့ ဆက်မလုပ်တော့ဘူး”
ကျောက်လီကျွမ်မှာ အနည်းငယ်စိုးရိမ်သွားသည်။
လယ်ယာအလုပ်အများစုကို သူမက တာဝန်ယူလုပ်ကိုင်နေရသဖြင့် မိသားစုအခြေအနေကို သူမ သဘာဝကျကျပင် သိရှိနေ၏။
“ဒါပေမဲ့ အမေ၊ ကျွန်မတို့ မိသားစုမှာ လယ်ငါးမူပဲ ရှိတာလေ၊ အဲဒီလယ်တွေကို မလုပ်တော့ဘူးဆိုရင် အခွန်ဆောင်ပြီးရင် စားဖို့တောင်လောက်ပါ့မလား၊ စိုးရိမ်လို့ပါ”
ဝူယွီလန် ဤကိစ္စကို စဉ်းစားပြီးဖြစ်သည်။ မြေရှင်၏ လယ်များကို သီးစားလုပ်ရသည်မှာ သီးစားခရော၊ အခွန်ပါ ဆောင်ရ၏။
ဟိုနုတ်ဒီနုတ်ဖြင့် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် ဆန်စပါးသိပ်မကျန်တော့ချေ။
ထိုအချိန်များကို အခြားအရာများအတွက် အသုံးပြုခြင်းက ပို၍ အကျိုးရှိမည်ဖြစ်သည်။
“အဲဒါအတွက် စိတ်မပူပါနဲ့၊ ငါတို့အိမ်နောက်ကမြေကို ဝယ်ပြီးသွားရင် မြေလွတ်မြေရိုင်းတချို့ကို ရှင်းလင်းပြီး ဆေးပင်တွေစိုက်ကြတာပေါ့”
“ဆေးပင်စိုက်တာက စပါးစိုက်တာထက် အများကြီး ပိုမြတ်တယ်”
ကျောက်လီကျွမ်က ပါးစပ်ကိုဟကာ တစ်ခုခုပြောချင်သော်လည်း ပြန်လည်ထိန်းချုပ်လိုက်လေ၏။
သူမ ထင်ထားသည်မှာ ဝူယွီလန်သည် အများဆုံးရှိမှ အိမ်နောက်ဖေးရှိ လယ်နှစ်မူ၊ သုံးမူခန့်ကိုသာ ဝယ်ယူမည်ဟု တွေးတောထားခဲ့သည်။
မည်သို့ပင်ဆိုစေ ယခုအခါ လယ်မြေကောင်းတစ်မူလျှင် ငွေခုနစ်ချောင်း သို့မဟုတ် ရှစ်ချောင်းခန့် ပေါက်ဈေးရှိသည်မဟုတ်ပါလား။
လယ်နှစ်မူ၊ သုံးမူခန့်က ဘာများလုပ်နိုင်မည်နည်း။
သို့သော် ဝူယွီလန်သည် ထိုလယ်မြေအနည်းငယ်ကိုသာ ဝယ်ယူလိုခြင်းမဟုတ်ပေ။
ငွေမလောက်မည်ကိုသာ မစိုးရိမ်ရပါက အိမ်နောက်ဖေးရှိ တောင်ကုန်းငယ်လေးကိုပါ ဝယ်ယူပစ်ချင်နေသေးသည်။
“ကဲ၊ ဒါဆိုရင်လည်း အဲဒီအတိုင်းပဲ သတ်မှတ်လိုက်ပြီ”
လီရှို့ယွင်ကမူ ကလေးအား ပွေ့ချီကာ ထမင်းစားနေရသည်ကို မြင်သောအခါ ဝူယွီလန် လက်လှမ်းကာ ကလေးကိုယူလိုက်သည်။
“တတိယချွေးမ၊ ငါ ကလေးကို ခဏချီထားပေးမယ်၊ နင်မြန်မြန်စားလိုက်”
“ကျေးဇူးတင်ပါတယ် အမေ”
ဝူယွီလန်သည် ကလေးကိုပွေ့ချီကာ ခြံဝင်းအတွင်း လမ်းလျှောက်နေလိုက်၏။
ရင်ခွင်ထဲရှိ ဝတုတ်တုတ် ကလေးမလေးကို ကြည့်ရင်း သူမရင်ထဲတွင် အတော်လေး နူးညံ့သွားလေသည်။
“ရှို့ယွင်၊ ဒီကောင်မလေးကို နာမည်ပေးပြီးပြီလား”
“အိမ်နာမည်ကတော့ ဆုံးဖြတ်ပြီးသွားပါပြီ၊ အားနန်ပါ၊ ဒါပေမဲ့ နာမည်ရင်းကိုတော့ မရွေးရသေးပါဘူး”
မိသားစုအတွင်းရှိ ကလေးအများစု၏ နာမည်များကို စုန့်ကျစ်ရှုကသာ ပေးလေ့ရှိသည်။ သို့သော် ထိုကောင်သည် ဦးနှောက်တစ်စက်မှ မရှိသဖြင့် ကလေးများ၏ နာမည်များမှာ တစ်နေ့ထက်တစ်နေ့ ပို၍ပင်တောဆန်လာလေသည်။
“အားနန်၊ အေးချမ်းပြီး အဆင်ပြေချောမွေ့ပါစေဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မဆိုးပါဘူး”
ဤနာမည်ကို ရွေးချယ်ရခြင်းနောက်ကွယ်ရှိ တတိယချွေးမ၏ရည်ရွယ်ချက်ကို ဝူယွီလန် ခန့်မှန်းမိလိုက်သည်။
သူမသည် ခင်ပွန်းဖြစ်သူ စစ်မြေပြင်မှ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာစေရန် ဆုတောင်းနေခြင်းဖြစ်ပေမည်။
“ဒါဆိုရင်လည်း ကျစ်ခန်းပြန်လာမှ နာမည်ရင်းကို ပေးခိုင်းလိုက်ကြတာပေါ့”
လီရှို့ယွင် အံ့အားသင့်သွား၏။
“အမေ၊ ကလေးရဲ့ ဦးလေးကို နာမည်ပေးခိုင်းမှာ မဟုတ်ဘူးလား”
ပုံမှန်အားဖြင့် မိသားစုအတွင်း ကျောင်းတက်ဖူးသူဆို၍ သူတစ်ယောက်တည်းသာ ရှိသဖြင့် စုန့်ကျစ်ရှုကသာ ကလေးများကို နာမည်မျာပေးလေ့ရှိသည်။
“သူ့မှာရှိတဲ့ အဲဒီစာပေအသိပညာ နည်းနည်းလေးနဲ့ သူပေးတဲ့ နာမည်တွေက ဘာကဗျာဆန်တဲ့အငွေ့အသက်မှ မပါဘူး၊ နင်တို့လင်မယား နှစ်ယောက်ပဲ တိုင်ပင်ပြီး နာမည်တစ်ခု ရွေးလိုက်တာက ပိုကောင်းပါတယ်”
စတုတ္ထသားအကြောင်း ပြောရင်းဖြင့် ယခုအခါ ထိုကောင်လေး မည်သို့နေထိုင်နေမည်ကို ဝူယွီလန် အနည်းငယ်သိချင်လာသည်။
သူမသည် သူဌေးလု၏ဇနီးထံသို့ အမာရွတ်ပျောက်ဆေးပို့ပေးမည်ဟု ကတိပေးထားခဲ့ကြောင်း သတိရသွားကာ ဆေးသွားပို့ရင်း တစ်ချက်လောက်ဝင်ကြည့်ရန် ဝူယွီလန် ရည်ရွယ်လိုက်လေ၏။
‘သူ သက်တောင့်သက်သာ နေနေရရင်ရော….. လုံးဝ မဖြစ်ဘူး'
ညနေစောင်းသောအခါ အိုး၊ ခွက်၊ ပန်းကန်၊ ယောက်ချို၊ ဝါဂွမ်းနှင့် အထည်အလိပ်များ အားလုံး အိမ်သို့ ရောက်ရှိလာကြသည်။
မိသားစုတစ်ခုလုံး ပျော်ရွှင်စွာဖြင့် ဤပစ္စည်းများကို အိမ်ထဲသို့ သယ်ယူကာ တစ်ခုချင်းစီ နေရာချထားလိုက်ကြသည်။
အိမ်တွင်းသို့ ရုတ်တရက် ပစ္စည်းများစွာ ရောက်ရှိလာသည်ကို မြင်သောအခါ စုန့်ကျစ်ယုံမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွား၏။
“ဒီပစ္စည်းတွေက... ဘယ်ကရောက်လာတာလဲ”