အခန်း ၇၃
Vol. 8 Ch. 73
🍅Chapter 73
ဝမ်ကွေ့ချင်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။
“အားလုံး အမေဝယ်လာတာလေ၊ ဒီနေ့ ဂျင်ဆင်းနဲ့ လင်းဇီး ရောင်းလိုက်ရတာ ငွေဘယ်လောက်ရလဲ ရှင်သိလား”
“ငွေချောင်း ရှစ်ဆယ့်ငါးချောင်းတောင် ရတာ၊ အမေက တကယ့်ကို အံ့ဩစရာပဲ”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံလည်း အတော်လေး အံ့အားသင့်သွားသည်။
“ကျွန်မတို့ ဒီနေ့ ဆေးပင်ရောင်းလို့ ငွေရရုံတင်မကဘူး၊ အမေက မမျှော်လင့်ထားတဲ့ ဆုလာဘ်ကြီး တစ်ခုရအောင်လည်း ဦးဆောင်ပေးခဲ့သေးတယ်”
“မမျှော်လင့်ထားတဲ့ ဆုလာဘ်ကြီး”
“အဲဒါက ဒီလို...”
ဇနီးဖြစ်သူ၏ စကားများကို ကြားပြီးနောက် စုန့်ကျစ်ယုံတစ်ယောက် လုံးဝ ဆွံ့အသွားလေတော့၏။
‘ဒါ... တကယ်ပဲ ငါ့အမေ ဟုတ်ရဲ့လား< ဘယ်လိုလုပ်ပြီး ဓားပြတစ်ယောက်လို ပြုမူနေရတာလဲ'
ယခင်က အမေဖြစ်သူသည် အနိုင်ကျင့်တတ်သော်လည်း ဤမျှလောက်အထိ အနိုင်မကျင့်ဖူးခဲ့ပေ။
အံ့အားသင့်နေစဉ်မှာပင် စုန့်ကျစ်ယုံ၏ရင်ထဲ၌ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက် အနည်းငယ်လည်း ဖြစ်ပေါ်လာသည်။
သူ့ခြေထောက်သာ ကောင်းမွန်နေပြီး သူပါ လိုက်သွားနိုင်ခဲ့မည်ဆိုပါက သူတို့အားလုံး လူမိုက်များနှင့် တွေ့ကြုံရမည်မဟုတ်ပေ။
သူသည် ဝူယွီလန်ကို ရှုပ်ထွေးသောအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ဝူယွီလန်ကမူ ပစ္စည်းများလာပို့စဉ် မည်သူတစ်ဦးတစ်ယောက်က တွေ့မြင်သွားခြင်း ရှိ၊ မရှိကိုသာ စိုးရိမ်ပူပန်နေလေသည်။
“လူလေး၊ မင်း လာပို့တုန်းက တစ်ယောက်ယောက်များ မြင်သွားသေးလား”
နွားလှည်းမောင်းလာသော လူငယ်လေးက ခေါင်းယမ်းပြလေ၏။
“မမြင်ပါဘူးဗျာ၊ မှောင်နေပြီဆိုတော့ ဘယ်သူမှ မမြင်လိုက်ပါဘူး”
ထိုစကားကို ကြားသောအခါ ဝူယွီလန်က ကြေးပြားငါးပြား ထုတ်ပေးလိုက်သည်။
“မင်းလည်း ပင်ပန်းသွားပြီ လူလေး၊ ကျေးဇူးပဲကွယ်”
…
ပစ္စည်းများအားလုံး နေရာချထားပြီး ကိုယ်လက်သန့်စင်ပြီးနောက် ဝူယွီလန်သည် အိပ်ခန်းတံခါးကို သော့ခတ်ကာ ဝိညာဉ်စမ်းရေသိုလှောင်ရုံအတွင်းသို့ ဝင်ရောက်သွားလေသည်။
သူမသည် သိုလှောင်ရုံအတွင်း၌ အမာရွတ်ပျောက်ဆေး တစ်ဗူးကို ဖော်စပ်ရန် တစ်နာရီနီးပါးခန့် အလုပ်ရှုပ်နေပြီးနောက် အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်ကာ အနားယူလိုက်သည်။
နောက်တစ်နေ့တွင်
မနက်စာစားပြီးနောက် ဝူယွီလန်သည် စုန့်ကျစ်ယုံ၏ခြေထောက်ကို ကုသရန်အတွက် ပစ္စည်းများ ပြင်ဆင်လိုက်၏။
“နင် တကယ် အဆင်သင့်ဖြစ်ပြီလား၊ အရိုးပြန်ဆက်ဖို့ နင့်ခြေထောက်ကို ငါ တကယ်ပြန်ချိုးပစ်ရမှာနော်”
စုန့်ကျစ်ယုံသည် မျက်လုံးများကို မှိတ်ထားပြီး သူမ မည်သို့ပင်လုပ်လုပ် လက်ခံမည့်ပုံ ပေါက်နေလေသည်။
“ချိုးသာ ချိုးပါ၊ အသက်ရှင်အောင်သာထားပေးရင် ရပါပြီ”
သူ သဘောတူကြောင်း မြင်သောအခါ ဝူယွီလန်သည် ကြိုတင်ပြင်ဆင်ထားသော ပတ်တီးများဖြင့် စုန့်ကျစ်ယုံကို မလှုပ်ရှားနိုင်အောင် ချည်နှောင်လိုက်၏။
၎င်းကိုမြင်သောအခါ ဝမ်ကွေ့ချင်မှာ ခင်ပွန်းဖြစ်သူအတွက် ရင်နာနေမိသော်လည်း သူ့ခြေထောက် အချိုးခံရမည့် မြင်ကွင်းကိုတော့ သူမ မကြည့်ရက်နိုင်ချေ။
“ကွေ့ချင်၊ နင် အပြင်ထွက်နေလိုက်၊ လိုအပ်တာရှိရင် ငါခေါ်လိုက်မယ်”
ဝမ်ကွေ့ချင်က စုန့်ကျစ်ယုံကို လှမ်းကြည့်လိုက်သည်။
“ကလေးတို့အဖေ”
“မင်း အပြင်ထွက်နေလိုက်ပါ၊ စိတ်မပူပါနဲ့ ငါအဆင်ပြေမှာပါ”
သူ မကြောက်ဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။ သို့သော် ကြောက်နေ၍ရော ဘာထူးမည်နည်း။
မည်သို့ပင်ဖြစ်စေ သည်းခံရမည်ဟုသာ တွေးကာ စုန့်ကျစ်ယုံ အံတင်းတင်းကြိတ်ထားလိုက်ရသည်။
ဝမ်ကွေ့ချင်သည် ခြေတစ်လှမ်း လှမ်းတိုင်း နောက်သို့ ပြန်လှည့်ကြည့်နေခဲ့၏။
အခန်းထဲမှ ထွက်သွားပြီးနောက် သူမသည် အခြားသူများနှင့်အတူ တံခါးဝတွင် စောင့်ဆိုင်းနေလေသည်။
“ငါ အဆင်သင့်ဖြစ်ပြီ၊ အခုချိုးတော့မယ်”
စုန့်ကျစ်ယုံက ‘အင်း’ဟု တစ်ချက်အသံပြုလိုက်ပြီး နာကျင်မှုရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူ့ခြေထောက်တွင် အပ်ဖြင့်ထိုးလိုက်သကဲ့သို့ တစ်ချက်သာ ခံစားလိုက်ရ၏။
ထို့နောက် ခြေထောက်တစ်ချောင်းလုံး ထုံကျင်သွားလေတော့သည်။
အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှမကြားရသဖြင့် တံခါးပြင်ပတွင် စောင့်ဆိုင်းနေသူများမှာ ဇဝေဇဝါဖြစ်လာကြသည်။
“ဘာတွေဖြစ်နေတာလဲ၊ အဘွားက အဖေ့ခြေထောက်ကို ပြန်ဆက်ဖို့ ချိုးရမှာလို့ ပြောထားတာမဟုတ်ဘူးလား၊ ဘာလို့ ဘာအသံမှ မကြားရတာလဲ”
စုန့်အာ့လန်က သူ့နားကို တံခါးနှင့် ကပ်ထားလိုက်သည်။
“အမေ၊ အဖေက နာလွန်းလို့ မခံနိုင်ဘဲ သေသွားတာများလား”
“ဖြန်း”
ပြင်းထန်သော ရိုက်ချက်တစ်ခု သူ့အပေါ်ကျရောက်လာသည်။
ဝမ်ကွေ့ချင်သည် ရိုက်ချက်တစ်ချက်တည်းဖြင့် အားမရသေးဘဲ စုန့်အာ့လန်၏နားရွက်ကို ဆွဲလိမ်လိုက်သေး၏။
“နင်က အရူးလား၊ ကျိန်ဆဲစရာလူရှားလို့ ကိုယ့်အဖေကိုများ ကျိန်ဆဲနေရတယ်လို့”
“စိတ်မပူပါနဲ့အဒေါ်၊ အဘွားရဲ့ ဆေးပညာက အရမ်းကောင်းပါတယ်၊ ဦးလေး အဆင်ပြေမှာပါ”
စုန့်ထုန်ဟွာက ဝင်ရောက်နှစ်သိမ့်ပေးလိုက်သည်။
သူမသည် ဝူယွီလန်၏ဆေးပညာကို အရင်က မြင်တွေ့ခဲ့ဖူးလေ၏။
သခင်မကြီး၏ ရောဂါကို မြို့တော်မှ နာမည်ကြီး သမားတော်များပင် မကုသနိုင်ခဲ့သော်လည်း အဘွားကိုယ်တိုင် ကုသပေးလိုက်သောအခါ ရက်အနည်းငယ်အတွင်း ရောဂါပျောက်ကင်းသွားခဲ့သည်မဟုတ်ပါလား။
ထိုဖြစ်ရပ်ကိုကြည့်လျှင် သူမ၏ဆေးပညာစွမ်းရည် မည်မျှထက်မြက်ကြောင်း သိသာထင်ရှားလှပေသည်။
စုန့်ထုန်ဟွာ၏ စကားကို ကြားသောအခါ ဝမ်ကွေ့ချင်၏ စိုးရိမ်ပူပန်မှုများမှာ သိသိသာသာ လျော့ကျသွားလေသည်။
အခန်းထဲတွင်မူ...
စုန့်ကျစ်ယုံသည် ဇဝေဇဝါဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ခြေထောက်မှာ မည်သည့်အချိန်က အချိုးခံလိုက်ရမှန်း မသိ။
ယခုအခါ မိခင်ဖြစ်သူက ကိရိယာတချို့ကို အသုံးပြုကာ သူ့အရိုးများကို ပြန်ဆက်ပေးနေကြောင်း တွေ့လိုက်ရသည်။
‘ထူးဆန်းလိုက်တာ၊ ငါ့ခြေထောက် ဘယ်တုန်းက အချိုးခံလိုက်ရတာလဲ၊ ဘာလို့ ဘာနာကျင်မှုကိုမှ မခံစားရတာလဲ'
ဝူယွီလန် ထုံဆေးအသုံးပြုထားသောကြောင့်ဖြစ်ကြောင်း သူ မသိရှိခဲ့ဘဲ သူ့ခြေထောက်မှာ လုံးဝအာရုံခံစားမှု ကင်းမဲ့သွားပြီဟုသာ တွေးတောမိလိုက်သည်။
‘အာရုံခံစားမှု မရှိတော့တဲ့ ခြေထောက်က ပြန်ဆက်လိုက်နိုင်ရင်တောင် ဘာအသုံးဝင်တော့မှာလဲ'
စုန့်ကျစ်ယုံ၏မျက်ဝန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ သူသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သတိလစ်မေ့မြောကာ အိပ်ပျော်သွားလေတော့သည်။
သို့သော် မကြာမီမှာပင် စုန့်ကျစ်ယုံသည် နာကျင်မှုကြောင့် လန့်နိုးလာခဲ့၏။
“ကလေးတို့အဖေ၊ ရှင် နိုးလာပြီပဲ၊ အဆင်ပြေလား၊ ဘယ်လိုနေသေးလဲ”
ဝမ်ကွေ့ချင် စိုးရိမ်တကြီးဖြင့် အနားသို့တိုးကပ်လာသည်။
စုန့်ကျစ်ယုံ သူ့ခြေထောက်ကိုသူ ပြန်ကြည့်ရန် အတင်းကြိုးစားလိုက်သည်။
“ငါ့ခြေထောက်၊ ဘာလို့ ဒီလောက်တောင်နာနေရတာလဲ”
“ရှင် ဘာတွေပြောနေတာလဲ၊ အမေက ရှင့်ခြေထောက်ကိုချိုးပြီး ပြန်ဆက်ပေးထားတာလေ၊ နာမှာပေါ့”
ဝမ်ကွေ့ချင် ခင်ပွန်းဖြစ်သူကို နားမလည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်သည်။
“ဒါပေမဲ့... စောစောက သူ ငါ့ခြေထောက်ကိုချိုးတုန်းက ငါ ဘာနာကျင်မှုကိုမှ မခံစားခဲ့ရဘူး”
စုန့်ထုန်ဟွာသည် ကျိုထားသောဆေးခွက်ကို ကိုင်ဆောင်ကာ ဝင်လာခဲ့သည်။
“အဲဒါက အဘွားက စောစောက ဦးလေးကို ထုံဆေးသုံးပေးထားလို့လေ၊ အဲဒီဆေးကို သုံးလိုက်ရင် လူတစ်ယောက်ကို အချိန်တိုအတွင်းမှာ နာကျင်မှုမခံစားရအောင် လုပ်ပေးနိုင်တယ်”
“ထုံဆေးလား”
စုန့်ကျစ်ယုံသည် ဤအရာအကြောင်းကို ကြားဖူးသော်လည်း ၎င်းမှာ မြင့်မြတ်ပြီး နာမည်ကြီးသော သမားတော်များသာ ပိုင်ဆိုင်သည့်အရာမဟုတ်ပါလား။
မိခင်ဖြစ်သူ၏ဆေးပညာက တကယ်ကြီး အဲဒီလောက်အထိ ကောင်းမွန်နေခြင်းလော။
ထိုသို့တွေးမိသောအခါ စုန့်ကျစ်ယုံ ရင်ထဲတွင် သူ့ခြေထောက်အတွက် မျှော်လင့်ချက်များ ပိုမိုရှင်သန်တောက်ပလာခဲ့သည်။
‘ငါ့ခြေထောက် တကယ်ပဲ ပြန်ကောင်းလာနိုင်လောက်တယ်'
…
နေ့လယ်စာစားပြီးနောက် ဝူယွီလန်သည် ဆေးပို့ရန် သူဌေးလု၏အိမ်သို့ သွားရောက်ခဲ့၏။
ဝူယွီလန် ရောက်လာကြောင်း ကြားသောအခါ အိမ်တော်ထိန်းလုက အလျင်အမြန် ကိုယ်တိုင်ထွက်ကြိုကာ သူမကို လက်ဖက်ရည်သောက်ခန်းသို့ ခေါ်ဆောင်ပြီး ဧည့်ခံပြုစုလေ၏။
“သမားတော်ဝူ၊ ခဏလောက် ထိုင်ပါဦးခင်ဗျာ၊ သခင်ကြီးက စာကြည့်ခန်းထဲမှာ ဆွေးနွေးစရာကိစ္စလေးတွေ ရှိနေလို့ပါ၊ မကြာခင် ရောက်လာပါလိမ့်မယ်”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်သည်။
“အလျင်မလိုပါဘူး”
သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
“အိမ်တော်ထိန်းလု၊ အသုံးမကျတဲ့ ငါ့သား ဒီရက်ပိုင်း ဘယ်လိုနေလဲ၊ သူ့ကို သိပ်သက်သောင့်သက်သာ မနေရစေနဲ့နော်”
အိမ်တော်ထိန်းလုက ပြုံးလိုက်သည်။
“ခဏလောက်စောင့်ပါဦး၊ ခင်ဗျား သူ့ကို မကြာခင် တွေ့ရပါလိမ့်မယ်”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အစေခံတစ်ဦးသည် လက်ဖက်ရည်ကို ကိုင်ဆောင်လျက် ဝင်လာလေသည်။
သူ့မျက်လုံးများမှာ ညိုမည်းနေပြီး ခြေလှမ်းများမှာလည်း ယိမ်းယိုင်နေကာ တစ်ချက်ကြည့်ရုံဖြင့် နေ့စဉ် အစားအသောက် လုံလောက်စွာမစားရကြောင်း သိသာထင်ရှားလှသည်။
ဝူယွီလန် မျက်လုံးကိုမှေးကျဉ်းကာ ကြည့်လိုက်သည်။
‘ဟင်၊ ဒါ လက်ဖျားနဲ့တောင် အထိမခံတဲ့ အရမ်းကို မောက်မာလွန်းတဲ့ ငါ့ရဲ့ အငယ်ဆုံးသားလေးမဟုတ်လား၊ သူ တော်တော်လေး ပိန်သွားပါလား၊ တကယ်ကို ကောင်းကောင်းမွန်မွန် ကြိုးစားနေရတာပဲ'