အခန်း ၇၄
Vol. 8 Ch. 74
🍅Chapter 74
ဝူယွီလန်ကို မြင်လိုက်ရသောအခါ စုန့်ကျစ်ရှုသည် လက်ထဲမှ လက်ဖက်ရည်အိုးကို ပစ်ချမိမတတ် ဖြစ်သွားသည်။
ဘေးတွင် အိမ်တော်ထိန်းလု ရှိနေသည်ကို မြင်သောအခါ သူသည် အော်ဟစ်ချင်စိတ်များကို မနည်းမြိုသိပ်ထားကာ နီရဲနေသော မျက်လုံးများဖြင့် ဝူယွီလန်ကို သနားစဖွယ် ကြည့်နေရုံသာ တတ်နိုင်တော့၏။
အိမ်တော်ထိန်းလုက ရယ်ချင်စိတ်ကို အတင်းအောင့်ထားလိုက်ရသည်။
“အဟမ်း၊ သမားတော်ဝူ၊ ဒီမှာ ခဏလောက်အနားယူပါဦး၊ ကျွန်တော် တာဝန်ရှိတာလေးတွေ သွားလုပ်လိုက်ပါဦးမယ်”
အိမ်တော်ထိန်းလု ထွက်သွားသည်နှင့်တစ်ပြိုင်နက် စုန့်ကျစ်ရှုသည် စတင်ငိုယိုတော့သည်။
“အမေ... ဘာလို့ အခုမှ လာရတာလဲ”
“သားကို အိမ်မြန်မြန်ပြန်ခေါ်သွားပါတော့၊ သား မှားမှန်း သိပါပြီ”
ဝူယွီလန် စုန့်ကျစ်ရှု၏လက်ကို ခါထုတ်လိုက်သည်။
“အိမ်ပြန်မယ်တဲ့လား၊ အိမ်ပြန်ပြီး ဘာလုပ်မလို့လဲ၊ ချွမ်းနီတို့ကို ချမ်းသာတဲ့ မိသားစုကို ရောင်းလိုက်ရင် ကောင်းကောင်းစားပြီး ဇိမ်ကျကျနေရမယ်လို့ နင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား”
“အခု နင် ကောင်းကောင်းစားပြီး ဇိမ်ကျကျ နေနေရပြီပဲဟာ၊ ဘာလို့ အိမ်ပြန်ဖို့တွေးနေသေးတာလဲ”
ဝူယွီလန် လေသံကို နူးညံ့အောင်ပြောင်းလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“သားလေး၊ အမေက သားကောင်းဖို့အတွက် လုပ်ပေးနေတာပါ၊ အမေတို့မိသားစုက ရိုးရိုးလယ်သမား မိသားစုလေးဆိုတော့ တစ်နေ့လုံး ရိုးရိုးထမင်းဟင်းတွေပဲ စားနေရတာ၊ ဒီချမ်းသာတဲ့ မိသားစုဆီမှာကျတော့ သားက ကောင်းကောင်းစားပြီး ကောင်းကောင်း သောက်နေရတာ၊ အိမ်မှာထက် အများကြီး ပိုပြီး သက်သောင့်သက်သာ နေနေရမှာ သေချာတယ်၊ ပြဿနာမရှာနဲ့တော့၊ ဒီမှာနေတာပဲ ကောင်းပါတယ်”
စုန့်ကျစ်ရှုသည်လည်း အစောပိုင်းက ချမ်းသာသော မိသားစုတွင် အလုပ်လုပ်ခြင်းက သေချာပေါက် အကျိုးအမြတ်များ ခံစားရပြီး ဇိမ်ကျကျ နေထိုင်နိုင်မည်ဟု တွေးတောခဲ့ဖူးသည်။
သို့သော် ယခုရက်ပိုင်းအတွင်း အစေခံတစ်ဦးအဖြစ် သူတစ်ပါးအိမ်၌ ခိုကပ်နေရခြင်းမှာ မည်မျှ နာကျင်ရကြောင်းကို သူ နောက်ဆုံးတွင် နားလည်သဘော ပေါက်လာခဲ့၏။
သူသည် နေ့စဉ် မနက်ငါးနာရီဆယ့်ငါးမိနစ်တွင် အိပ်ရာမှ ထကာ သေးအိုးများသွန်ပြီး အိမ်သာများကို သန့်ရှင်းရေးလုပ်ရသည်။ မွန်းတည့်ချိန်အထိ သူ ဘာမှမစားရပေ။
မုန့်ပေါင်းများ စားရသည်မှာ မှန်သော်လည်း အားလုံးက အလုအယက် စားသောက်ကြရခြင်းဖြစ်သည်။
အကယ်၍ နောက်ကျသွားပါက မုန့်ပေါင်းဆိုသည်မှာ ဝေလာဝေး၊ ဆန်ပြုတ်ကျဲကျဲတစ်ငုံတောင် ရမည်မဟုတ်ပေ။
အကယ်၍ အလုပ်များကို သေသေချာချာ မလုပ်နိုင်ပါက ဆူပူကြိမ်းမောင်းခံရပြီး အရိုက်ခံရမည့်အပြင် တစ်ခါတစ်ရံတွင် ရက်အနည်းငယ်မျှ အစာငတ်ခံရတတ်သည်။
ဤအရာများမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်များပင် ဖြစ်သည်။
၎င်းတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အိမ်တွင် သူ လိုတရနေထိုင်ခဲ့ရသော ဘဝကြီးမှာ နတ်ပြည်တစ်ခွင်သို့ ရောက်ရှိနေသကဲ့သို့ဖြစ်သည်။
“ဝါး၊ အမေ၊ သား မှားမှန်းသိပါပြီ၊ နောင်ကျရင် တူမလေးတွေကို ရောင်းစားမယ်ဆိုတဲ့ စိတ်ကူးမျိုး ဘယ်တော့မှ မတွေးတော့ပါဘူး၊ ကျေးဇူးပြုပြီး သားကို ပြန်ရွေးပြီး အိမ်ပြန်ခေါ်သွားပါနော်”
ဝူယွီလန် ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်သည်။
‘ဟက်၊ သူများအိမ်မှာ ခိုကပ်နေရတာ မလွယ်ဘူးဆိုတာကို အခု သိပြီပေါ့လေ၊ ကိုယ့်တူမလေးတွေကို ရောင်းစားတုန်းကတော့ သူတို့လေးတွေကို ဘဝကောင်းလေး ရစေချင်လို့ပါဆိုပြီးတောင် အော်ဟစ်နေခဲ့သေးတာ မဟုတ်ဘူးလား'
သူမသည် စုန့်ကျစ်ရှု လက်ထဲမှ ရုန်းထွက်လိုက်ပြီး အခက်အခဲရှိနေသော မျက်နှာအမူအရာကို ဖန်တီးလိုက်သည်။
“သားလေး၊ လုမိသားစုက အနည်းဆုံးတော့ ချမ်းသာတဲ့မိသားစုပဲ၊ ဒီမှာ နင့်ရဲ့နေ့ရက်တွေက ဘယ်လောက်တောင် ဆိုးရွားနိုင်မှာမို့လို့လဲ”
“ဒီမှာဆိုရင် နင်တို့တွေ လစာအနေနဲ့ ပြားရာဂဏန်းလောက် ရနိုင်တယ်ဆိုတာ အမေကြားထားတယ်နော်”
လစာအကြောင်း ပြောလိုက်သောအခါ စုန့်ကျစ်ရှုမှာ ငိုလုနီးပါး ဖြစ်သွားတော့သည်။
“အမေ၊ အမေ မသိပါဘူး၊ ဒီလစာဆိုတာက ရဖို့ လွယ်တာမဟုတ်ဘူး၊ သတိလေး နည်းနည်းလွတ်ပြီး ပစ္စည်းတစ်ခုခု ခွဲမိတာနဲ့ လျော်ရတာ၊ အိမ်တော်ထိန်းလုက ပြောတယ်၊ အခု ကျွန်တော် လစာအနေနဲ့ အကြွေး ငွေသုံးဆယ်ကျော်တောင် တင်နေပြီတဲ့”
ဝူယွီလန် နှာမှုတ်သံတစ်ချက် ထွက်သွားပြီးနောက် အသံထွက်မရယ်မိစေရန် မနည်းအောင့်အည်းထားလိုက်ရသည်။
‘ဒီအိမ်တော်ထိန်းလုက တကယ့်ကို ပါရမီရှင်ပဲ’
“အဟမ်း၊ ကျစ်ရှု၊ ဒါဆိုရင် အမေ နင့်ကို ပြန်ရွေးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်၊ အမေ့ဆီရှိတဲ့ အရင်ကငွေတွေ အားလုံးက နင့်ရဲ့ ကျောင်းစရိတ်အတွက် ပေးလိုက်ရပြီလေ၊ အခု အမေ့ဆီမှာ ငွေတစ်ချောင်းကျော်ကျော်လေးပဲ ကျန်တော့တာ...”
“အမေ၊ ကျွန်တော့်ကို ရောင်းရတဲ့ငွေတွေကရော ဘယ်ရောက်သွားလို့လဲ”
“ကျေးဇူးပြုပြီး အဲဒီငွေတွေကိုထုတ်ပြီး ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပါနော်၊ နောက်ဆိုရင် ကျွန်တော် သေချာပေါက်လိမ္မာပါ့မယ်၊
စာမေးပွဲကိုလည်း ကြိုးစားဖြေပြီး အမေ့ကို ဂုဏ်တင်ပေးပါ့မယ်”
စုန့်ကျစ်ရှုသည် သူအမှားလုပ်မိကြောင်း တကယ်သိသွားခဲ့ပြီဖြစ်သည်။
လုမိသားစုအိမ်တော်တွင် နေထိုင်ရသော ဤရက်များအတွင်း သူသည် ကောင်းကောင်းလည်း မစားရ၊ ကောင်းကောင်းလည်း မဝတ်ရပေ။
အလုပ်လုပ်ရန် မိုးမလင်းခင်ကတည်းက ထရပြီး တစ်နေ့ကို သုံးကြိမ်လောက် အရိုက်ခံနေရရာ အလွန်ကို သနားစရာကောင်းလှပေသည်။
တစ်ခါတစ်ရံတွင် သူရောင်းစားခဲ့သော တူမလေးနှစ်ယောက်မှာလည်း ဤကဲ့သို့သော ဘဝမျိုးဖြင့် နေထိုင်နေရမည်ကို တွေးမိသောအခါ စုန့်ကျစ်ရှု၏ရင်ထဲတွင် သူတို့အပေါ် သနားစိတ်အနည်းငယ်ပင် ဖြစ်ပေါ်လာခဲ့သည်။
“ကျစ်ရှု၊ နင်မသိလို့ပါ၊ အရင်က နင့်ရဲ့ကျောင်းစရိတ်တွေပေးရလို့ မိသားစုက အကြွေးတွေ အတော်လေးတင်နေခဲ့တာ၊ နင့်ကို ရောင်းရတဲ့ ငွေတွေအကုန်လုံး အဲဒီအကြွေးတွေကိုဆပ်ဖို့ အမေ သုံးလိုက်ရတယ်”
“အမေလည်း နင့်ကို ပြန်ရွေးပြီး အိမ်ပြန်ခေါ်သွားချင်တာပေါ့၊ ဒါပေမဲ့ အမေ့လက်ထဲမှာ တကယ်ကို...လုမိသားစုမှာ လိမ်လိမ်မာမာနဲ့ အလုပ်ကောင်းကောင်း လုပ်ပါ၊ နင် ငွေလုံလုံလောက်လောက် စုမိတဲ့အခါကျရင် အမေလာပြီး နင့်ကို အိမ်ပြန်ခေါ်သွားပါ့မယ်”
စုန့်ကျစ်ရှု ဝူယွီလန်၏အဝတ်စွန်းကို ဆွဲကိုင်လိုက်သည်။
“ဒါပေမဲ့ အမေ...”
ထိုအချိန်တွင် အိမ်တော်ထိန်းလု ပြန်ရောက်လာသည်။
“မင်း ဘာလို့ အလုပ်ပြန်မလုပ်သေးတာလဲ၊ ဒီမှာ ဘာလို့အချိန်ဖြုန်းနေတာလဲ”
အိမ်တော်ထိန်းလုကို မြင်သောအခါ စုန့်ကျစ်ရှုမှာ အလိုအလျောက် ကျုံ့ဝင်သွားတော့သည်။ သူ အလျင်အမြန် ခေါင်းငုံ့လိုက်၏။
“ဟုတ်ကဲ့ပါ အိမ်တော်ထိန်းလု”
စုန့်ကျစ်ရှု ထွက်သွားစဉ် ဝူယွီလန်ကို နောက်ပြန်လှည့်ကြည့်လိုက်၏။
သူ့ မျက်ဝန်းများထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေလေသည်။
သို့သော် ဝူယွီလန်က သူမ မမြင်သကဲ့သို့သာ ဟန်ဆောင်နေလိုက်သည်။
“သမားတော်ဝူ၊ သခင်ကြီးက သူရဲ့အလုပ်တွေ ပြီးသွားပြီမို့လို့ သခင်မကြီးရဲ့အခန်းကိုလာပြီး ရောဂါစစ်ဆေးပေးဖို့ ကျွန်တော့်ကို အထူးတလည် လွှတ်လိုက်တာပါ”
ဝူယွီလန် ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်ပြီး အိမ်တော်ထိန်းလုနောက်မှ အတွင်းဆောင်သို့ လိုက်ပါသွားလေသည်။
“အိမ်တော်ထိန်းလု၊ ဒီရက်ပိုင်းအတွင်း အရာရာတိုင်းအတွက် အများကြီးကျေးဇူးတင်ပါတယ်”
ဝူယွီလန် ဘာကို ရည်ညွှန်းနေသည်ကို အိမ်တော်ထိန်းလု ကောင်းကောင်း သိရှိထားသည်။ သူက ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“သမားတော်ဝူ၊ ခင်ဗျားက သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ၊ ဒါက အသေးအဖွဲကိစ္စလေးပါ”
“ဒါပေမဲ့ သမားတော်ဝူ၊ ခင်ဗျားရဲ့ သားကို ဘယ်တော့လောက် အိမ်ပြန်ခေါ်သွားဖို့ စဉ်းစားထားလဲ”
ဝူယွီလန်သည် စုန့်ကျစ်ရှု၏ စိတ်နေသဘောထားကို အပြည့်အဝ ပြုပြင်ပေးလိုပြီး ယခုအချိန်က သေချာပေါက်အချိန်မကျသေးပေ။
“အိမ်တော်ထိန်းလုကို နောက်ထပ် ရက်နည်းနည်းလောက် ဆက်ပြီး စောင့်ရှောက်ပေးဖို့ ဒုက္ခပေးပါရစေဦး၊ သူ တကယ်နောင်တရတဲ့အခါမှ အိမ်ပြန်ခေါ်သွားလည်း နောက်မကျပါဘူး”
အိမ်တော်ထိန်းလု အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦးသည် စင်္ကြန်လမ်းကို ဖြတ်သန်းလာ၏။
အိမ်တော်ထိန်းလု အနောက်မှ လိုက်ပါလာပြီးနောက် ခဏအကြာတွင် သပ်ရပ်လှပသော ခြံဝင်းတစ်ခုအတွင်းသို့ ဝင်ရောက်လာကြသည်။
“သခင်ကြီး၊ သမားတော်ဝူ ရောက်ပါပြီ”
သူဌေးလု ခပ်သွက်သွက် လျှောက်ထွက်လာသည်။
“သမားတော်ဝူ၊ ဝင်ပါခင်ဗျာ”
ဝူယွီလန်သည် သူမ၏ဆေးသေတ္တာကို သယ်ဆောင်ကာ အခန်းအတွင်းသို့ ဝင်ရောက်လာရာ သခင်မကြီးလုက ကုတင်ပေါ်တွင်မှီလျက် ကလေးငယ်အား ချော့မြှူနေသည်ကို တွေ့လိုက်ရသည်။
သူမ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။
“အခု နေလို့ ဘယ်လိုနေသေးလဲ သခင်မကြီး”
သခင်မကြီးလုကမူ ဝူယွီလန်ကို ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြလိုက်ပြီး နို့ထိန်းကို ကလေးအား ဘေးသို့ခေါ်သွားကာ စောင့်ရှောက်စေလိုက်၏။
“သမားတော်ဝူရဲ့ကျေးဇူးကြောင့် အများကြီးသက်သာသွားပါပြီ”
“ဒါပေမဲ့... ကျွန်မရဲ့ဒဏ်ရာ အမာရွတ်က နည်းနည်း...”
သူဌေးလုက အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူမက သူမ၏အဝတ်အစားများကို မတင်လိုက်သည်။
သူမ၏ဝမ်းဗိုက်ပေါ်တွင် ပန်းရောင်သန်းနေသော အမာရွတ်ကြီးတစ်ခု ပေါ်လာလေသည်။
သခင်မကြီးလုက သူမ၏နှုတ်ခမ်းကို ကိုက်ကာ ဝမ်းဗိုက်ပေါ်ရှိ အမာရွတ်ကို ဖွဖွလေးထိကိုင်လိုက်သည်။
“သမားတော်ဝူ၊ ဒီအမာရွတ်ကိုဖျောက်ဖို့ နည်းလမ်းများ ရှိမလားလို့ပါ”