← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

🍅Chapter75

ဝူယွီလန် သူမ၏ဆေးသေတ္တာကို ဖွင့်ကာ ဖော်စပ်ထားသောဆေးဗူးကို ထုတ်ယူလိုက်၏။

“ကျွန်မ ဒီနေ့လာတာက အဲဒီကိစ္စအတွက်ပဲ”

“ဒါက အမာရွတ်ပျောက်ဆေး၊ ယူထားလိုက်ပါ၊ တစ်နေ့ကို သုံးကြိမ်လိမ်းပေးပါ၊ ဆယ်ရက်လောက်ဆိုရင် သိသာလာပါလိမ့်မယ်”

သခင်မကြီးလုသည် အမာရွတ်ပျောက်ဆေးကို အဖိုးတန်ရတနာတစ်ခု ရလိုက်သကဲ့သို့ တယုတယ ကိုင်ဆောင်ထားလေ၏။

“သမားတော်ဝူ၊ သမားတော်ဝူက ဒီကိစ္စကို အခုထိ မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ကျွန်မ ကတိပေးထားတဲ့ ကိစ္စတွေပဲဟာကို သဘာဝကျကျပဲ မှတ်မိနေရမှာပေါ့”

တကယ်တမ်းတွင်မူ ဤလင်မယားနှစ်ယောက်က လက်ဖွာကြောင်းကို သူမ ပိုမှတ်မိနေခြင်းဖြစ်သည်။

အကယ်၍ ဤအမာရွတ်ပျောက်ဆေးသာ နာမည်ရသွားပါက သူမ သေချာပေါက် ငွေအများကြီး ရှာနိုင်မည်မဟုတ်ပါလား။

“သမားတော်ဝူ၊ အရင်က ကျွန်မတို့သဘောတူထားတဲ့အတိုင်း ဒီအမာရွတ်ပျောက်ဆေးအတွက် ပိုက်ဆံယူကိုယူရမယ်၊ ကျေးဇူးပြုပြီး ဈေးနှုန်းတစ်ခု သတ်မှတ်ပေးပါ”

ဝူယွီလန်လည်း အခမဲ့ပေးရန် ရည်ရွယ်မထားခဲ့ပေ။

ဤအမာရွတ်ပျောက်ဆေးကို ဖော်စပ်ရန်အတွက် ဆေးပင်အများအပြားလိုအပ်ပြီး အချိန်နှင့် လုပ်အားလည်း အတော်လေး ကုန်ကျခဲ့သည်မဟုတ်ပါလား။

“ဈေးနှုန်းက ငွေငါးချောင်းပါ၊ အမာရွတ် မပျောက်ဘူးဆိုရင် ငွေပြန်အမ်းပေးပါ့မယ်”

သခင်မကြီးလု ဘာစကားမှ မပြောတော့ဘဲ ဝူယွီလန်ထံသို့ ငွေများယူဆောင်လာစေရန် လူတစ်ယောက်ကို စေခိုင်းလိုက်သည်။

သူမက ဝူယွီလန်ကို နေ့လယ်စာစားရန် ဆက်လက်ခေါ်ထားပြီး အချိန်အတော်ကြာ စကားစမြည်ပြောဆိုပြီးနောက်မှ ပြန်ခွင့်ပြုလိုက်၏။

လုမိသားစုအိမ်မှ ထွက်လာပြီးနောက် ဝူယွီလန်သည် မြို့ထဲသို့သွားကာ လက်ဖက်ခြောက်အချို့နှင့် အရက်ပုလင်းအနည်းငယ်ကို ဝယ်ယူပြီး နောက်ပိုင်းတွင် အသုံးပြုရန် သူမ၏သိုလှောင်ရုံအတွင်းသို့ သိမ်းဆည်းလိုက်သည်။

…

အိမ်သို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီဖြစ်သည်။

သူမ အိမ်ပြန်ရောက်သောအခါ ကလေးများအားလုံး အိမ်ပြန်ရောက်နေပြီဖြစ်ပြီး ခြံဝင်းအတွင်း၌ ညှိုးနွမ်းစွာ ထိုင်နေကြသည်ကို သူမ တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ၊ ဘာလို့ အားလုံးက မပျော်မရွှင်နဲ့ ငိုင်တိုင်တိုင် ဖြစ်နေကြတာလဲ”

“ဆေးပင်သွားရှာတာ အဆင်မပြေခဲ့လို့လား”

စုန့်အာ့လန်က ခေါင်းမော့လိုက်ရာ သွေးများခဲနေပြီဖြစ်သော သူ့နဖူးကို မြင်လိုက်ရသည်။

ဝူယွီလန်ကို မြင်သောအခါ သူ့နှာခေါင်းဝတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားလေ၏။

“အဘွား….”

ဝူယွီလန်က သေချာကြည့်လိုက်ရာ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့၏ ခန္ဓာကိုယ်များတွင် ခြစ်ရာ၊ ပွန်းရာများ အသီးသီး ရှိနေကြပြီး စုန့်ကျင်းဟွာနှင့် အခြားမိန်းကလေး လေးယောက်မှာလည်း ပိုကောင်းမွန်သည့် အခြေအနေတွင် မရှိကြောင်း တွေ့လိုက်ရသည်။

သူမ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေ၏။

“ဘာတွေဖြစ်ခဲ့တာလဲ”

ဝမ်ကွေ့ချင် အခန်းထဲမှ ထွက်လာကာ အတင်းအကျပ် ပြုံးပြလိုက်သည်။

“အမေ၊ သူတို့ ဘာမှမဖြစ်ပါဘူး၊ အဘွားကြီးဟောင်မိသားစုက ကလေးတချို့နဲ့ ပြဿနာနည်းနည်း ဖြစ်ခဲ့တာပါ၊ သူတို့ကို သွားပြီးတောင်းပန်ဖို့ သမီး ပြောထားပြီးပါပြီ”

ယောက္ခမဖြစ်သူသည် အဘွားကြီးဟောင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။

ယခင်က မိသားစုနှစ်ခုမှ ကလေးများကြားတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာတိုင်း ယောက္ခမဖြစ်သူက ကလေးများကိုသာ အတင်းအကျပ် တောင်းပန်ခိုင်းလေ့ရှိသည်။

ဝမ်ကွေ့ချင်သည် သူတို့၏လက်ရှိဘဝက သူမ အမြဲတမ်း အိပ်မက်မက်ခဲ့ရသော ဘဝမျိုးဖြစ်သည်ဟု ခံစားရ၏။

‘ယောက္ခမဖြစ်သူ ပျော်ရွှင်နေသရွေ့ အရင်တုန်းကလို အနည်းငယ် မတရားခံရရင်တောင် ကိစ္စမရှိပါဘူး’ ဟု သူမ တွေးတောနေမိသည်။

“အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ”

ဝူယွီလန် ဒေါသအနည်းငယ်ထွက်သွားသည်။

ဤကလေးများက သူမ၏မြေးငယ်လေးများ ဖြစ်သည်။

‘ငါ အိမ်မှာမရှိတုန်း ငါ့မြေးငယ်လေးတွေကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ’

“အာ့လန်၊ နင် ငါ့ကိုပြောစမ်း”

စုန့်အာ့လန်က ဝူယွီလန်၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

“အဘွား၊ ကျွန်တော်ပြောပြရင် အဘွားက ကျွန်တော်တို့ဘက်ကနေ ရပ်တည်ပေးမှာလား”

“နင်တို့ကို ဘယ်သူရိုက်တာလဲ၊ နင်တို့ကို ငါကိုယ်တိုင်ခေါ်သွားပြီး ပြန်ရိုက်မယ်”

ဝူယွီလန်၏ထိုစကားများကြောင့် စုန့်အာ့လန် ဇက်လေးပုသွားသည်။

“ဒီနေ့ ကျွန်တော်တို့ တောင်ပေါ်ကို ဆေးပင်သွားရှာတုန်းက ဟောင်ဆိုတဲ့ အဲဒီအဘွားကြီးက သူ့ရဲ့မြေးသုံးယောက်နဲ့အတူ ကျွန်တော်တို့နောက်ကို လိုက်လာတာ တွေ့လိုက်ရတယ်”

“ပထမတော့ ကျွန်တော်တို့က သူတို့ကိုဂရုမစိုက်ဘူး၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့နောက်ကို အတင်းလိုက်လာပြီး ကျွန်တော်တို့ ဆေးပင်တူးတာကို လိုက်သင်တယ်၊ နောက်ဆုံးကျတော့ ကျွန်တော်တို့ဆီက ဆေးပင်တွေကိုပါ လုယူလာကြတယ်”

“ကျွန်တော် သည်းမခံနိုင်တော့လို့ သူ့ရဲ့မြေးအကြီးဆုံး စုန့်ဝမ်ချိုက်နဲ့ ရန်ဖြစ်ခဲ့တာ၊ အဲဒီနောက်မှာ အုပ်စုဖွဲ့ပြီး ရန်ဖြစ်ကြတော့တာပဲ၊ အဲ့ဒီအဘွားကြီးက ကျွန်တော်တို့ကို ရိုက်ရုံတင်မကဘူး၊ ကျွန်တော်တို့ရဲ့ ဆေးပင်တွေကိုပါ လုယူသွားတယ်”

ဝမ်းနည်းစရာကောင်းသော အပိုင်းသို့ ရောက်သောအခါ စုန့်အာ့လန်၏မျက်လုံးများက နီရဲလာလေသည်။

တစ်စုံတစ်ယောက်က ဆေးပင်ရှာဖွေသည့်လမ်းကြောင်းသို့ လိုက်ပါလာမည်ကို ဝူယွီလန် ကြိုတင်မျှော်လင့်ထားခဲ့သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ပိုမထင်မှတ်ထားခဲ့သည့် အရာမှာ ခွေးလိုယုတ်မာသည့် အဘွားကြီးဟောင်က ကလေးများထံမှ ဆေးပင်များကို လုယူလောက်သည်အထိ အရှက်မရှိ ပြုမူလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ခြင်းပင်။

သူမက ကျောက်စားပွဲကိုလက်ဖြင့် ခပ်ပြင်းပြင်း တစ်ချက်ရိုက်ချလိုက်သည်။

ဘုန်း~

“အားလုံးပဲ၊ လက်နက်တွေယူလိုက်ကြစမ်း”

ထိုအသံကြောင့် စုန့်အာ့လန်၏မျက်လုံးများ တောက်ပလာတော့သည်။

“အဘွား၊ ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ”

“ဘယ်သွားရမှာလဲ၊ သဘာဝကျကျပဲ စာရင်းရှင်းဖို့ သွားရမှာပေါ့”

“ငါတို့မိသားစုရဲ့ ပစ္စည်းတွေကို လုယူရဲသလို ငါတို့လူတွေကိုပါ ရိုက်ရဲတယ်ပေါ့လေ၊ သူတို့ကို သေအောင်ရိုက်ပစ်မယ်၊ သေချာကြည့်နေလိုက်တော့”

ထိုစကားကို ကြားလိုက်ရသောအခါ ခြံဝင်းအတွင်းရှိ ကလေးများအားလုံး ချက်ချင်းတက်ကြွလန်းဆန်းသွားကြသည်။

ဝမ်ကွေ့ချင် အနည်းငယ် တွန့်ဆုတ်နေဟန်ဖြင့် မေးမြန်းလာ၏။

“အမေ၊ ဒီလိုလုပ်လိုက်ရင် အမေနဲ့ အဘွားကြီးဟောင်ကြားက ဆက်ဆံရေး အဆင်မပြေဖြစ်သွားမှာပေါ့”

“ငါက သူနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေနိုင်မှာလဲ၊ အခုကစပြီး ငါနဲ့သူ့ကြားက ဆက်ဆံရေးက ရေနဲ့မီးလိုပဲ”

ဝမ်ကွေ့ချင် အမြဲတမ်း သည်းခံနေခဲ့ရသည့် အကြောင်းရင်းမှာ ယောက္ခမဖြစ်သူကြောင့်သာ ဖြစ်သည်။

ယခုအခါ ထိုစိုးရိမ်ပူပန်မှုများ ကင်းစင်သွားပြီဖြစ်ရာ သူမ သဘာဝကျကျပင် ဆက်လက်သည်းခံနေတော့မည်မဟုတ်ပေ။

မိမိ၏သားသမီးများ နစ်နာခံစားရသည်ကို မည်သည့်မိခင်က လိုလားပါမည်နည်း။ ဤကိစ္စကို သူမ သိလိုက်ရချိန်တွင် လူတစ်ယောက်ကိုပင် သတ်ပစ်ချင်စိတ်များ ပေါက်သွားခဲ့ကြောင်း ကောင်းကင်ဘုံကသာ သိနိုင်ပေလိမ့်မည်။

နှစ်ပေါင်းများစွာ ကြိတ်မှိတ်သည်းခံခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ သူမ၏ဒေါသများကို ပေါက်ကွဲခွင့် ရရှိသွားလေပြီ။

ဝမ်ကွေ့ချင် မျက်ဝန်းများ နီရဲလာသော်လည်း မျက်ရည်များကိုမူ တိတ်တဆိတ်ထိန်းချုပ်ထားလိုက်သည်။

“အမေ၊ သမီး အခုချက်ချင်း လက်နက်သွားယူလိုက်ဦးမယ်”

ကျောက်လီကျွမ်က စကားတစ်ခွန်းမျှမဆိုတော့ဘဲ ဂေါ်ပြားတစ်လက်ကို တိတ်တဆိတ်ကောက်ယူလိုက်သည်။

လီရှို့ယွင်လည်း လိုက်ပါသွားလိုသော်ငြား ဝူယွီလန် သူမကို စူးရှသောအကြည့်ဖြင့် တားမြစ်လိုက်သည်။

“ရှို့ယွင်၊ နင်နဲ့ ကျစ်ယုံက အိမ်မှာပဲ ငြိမ်ငြိမ်လေးနေခဲ့ကြ”

လီရှို့ယွင်သည် ရှေ့သို့လှမ်းထားသော ခြေထောက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ရသည်။

ဝူယွီလန်သည် မိသားစုကို ဦးဆောင်ကာ ရွာထိပ်ဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်သွားလေ၏။

လူကြီးလူငယ်၊ ကျားမအားလုံး ပါဝင်လာကြရာ လူအုပ်ကြီးမှာ ထူးထူးခြားခြား ကြီးမားလွန်းနေပေသည်။

လမ်းသွားလမ်းလာ ရွာသားအတော်များများ ဝူယွီလန်၏ရန်လိုနေသော အသွင်အပြင်ကို မြင်တွေ့လိုက်ရသောအခါ ဘေးဘက်သို့ အလုအယက် ရှောင်ဖယ်သွားကြသည်။

သို့တိုင် ၎င်းတို့၏စူးစမ်းလိုစိတ်များကို မထိန်းချုပ်နိုင်ကြသဖြင့် ပြဇာတ်ကြည့်ရန် အနောက်မှ တကောက်ကောက် လိုက်ပါလာကြလေ၏။

အခြားတစ်ဖက်တွင်မူ အဘွားကြီးဟောင်သည် ဆေးပင်များပါသော ခြင်းတောင်းကို သယ်ပိုးကာ ဆေးဆိုင်တစ်ဆိုင်တွင် လှည့်လည်သွားလာနေ၏။

ဝူယွီလန် သူမထံသို့ စာရင်းလာရှင်းနေပြီဆိုသည်ကို လုံးဝ မသိရှိသေးချေ။

“မင်း ဘာပြောလိုက်တယ်၊ ဒီဆေးပင်တွေကို လက်မခံဘူးဆိုတာလား”

ဆေးဆိုင်လက်ထောက်က တောဟင်းရွက်များအလား ညှိုးနွမ်းနေသော အဘွားကြီးဟောင်၏ ခြင်းတောင်းထဲမှ ဆေးပင်များကို ပျင်းရိပျင်းတွဲ ကြည့်လိုက်သည်။

“ကျွန်တော်တို့ ဆေးဆိုင်က ပြုပြင်စီမံထားတဲ့ ဆေးပင်တွေကိုပဲ လက်ခံတာပါ၊

အဒေါ်ကြီးဟာတွေလို ရောနှောနေပြီး မပြုပြင်ရသေးတာတွေကို လက်မခံပါဘူး”

အဘွားကြီးဟောင်သည် ဆေးဆိုင်အတော်များများသို့ ပြေးလွှားခဲ့ရပြီးဖြစ်၏။

ဤနောက်ဆုံးဆိုင်ကပါ လက်မခံကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းဒေါသထွက်သွားတော့သည်။

“ငါ့ ဆေးပင်တွေကို ဘာလို့လက်မခံရတာလဲ”

All Chapters