← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

🍅Chapter 77

တစ်ချက်ပြီးတစ်ချက် အားပါးတရ ရိုက်နှက်မှုများကြောင့် အဘွားကြီးဟောင်မှာ မူးဝေမိုက်မဲသွားတော့သည်။

“အု...”

“ကယ်ကြပါဦး... လူသတ်နေတယ်... လူသတ်နေတယ်”

သူတို့၏အဘွားဖြစ်သူ အရိုက်ခံနေရသည်ကို မြင်သောအခါ စုန့်ဝမ်ချိုက်၊ စုန့်ကျောက်ချိုက်နှင့် စုန့်လိုင်ချိုက်တို့မှာ ကြောက်လန့်တကြား တုန်ယင်နေကြသည်။

လုံလောက်ပြီဟု ထင်သောအခါ ဝူယွီလန် နောက်ဆုံးတွင် ရပ်တန့်လိုက်လေ၏။

“ငါ နင့်ကို ပြောလိုက်မယ် ဟောင်ချန်၊ နောက်တစ်ခါ ငါ့မိသားစုက ကလေးတွေကို ထပ်ပြီးအနိုင်ကျင့်ရဲရင် နင့်ရဲ့ ခွေးအရေခွံကို ဆုတ်ဖြဲပစ်မယ်၊ မှတ်ထား”

ဟောင်ချန်က ဝူယွီလန်ကို လက်ညှိုးထိုးကာ ဆဲရေးတိုင်းထွာချင်သော်လည်း သူမ လက်မဆန့်မီမှာပင် မျက်နှာပေါ်သို့ ပြင်းထန်သောရိုက်ချက်တစ်ခု ထပ်မံကျရောက်လာပြန်သည်။

ဝူယွီလန်က ဘာကိုမှ ထောက်ထားညှာတာနေမည်မဟုတ်ကြောင်း သဘောပေါက်သွားသောအခါ သူမ ဆက်လက်၍ မာနမထောင်ရဲတော့ပေ။

ပွန်းပဲ့ရောင်ရမ်းနေသော မျက်နှာဖြင့် အောက်ကျို့ဖော်ရွေသောအပြုံးကို အတင်းဖန်တီးလိုက်ရသည်။

“ကလေးတွေအချင်းချင်း ကစားကြရင်း ဖြစ်တာပါ၊ နောက်တစ်ခါ လုံးဝ မဖြစ်စေရပါဘူး၊ မဖြစ်စေရပါဘူး”

သူမ လက်ဖြင့် မျက်နှာကို ကာထားလိုက်ရင်း ဆက်ပြောလာ၏။

“ဒီကောင်လေးတွေက ဘာမှနားမလည်လို့ ဖြစ်ရတာပါ၊ ခဏနေရင် သူတို့ကို ဆုံးမလိုက်ပါ့မယ်၊ ဆုံးမလိုက်ပါ့မယ်”

ဝူယွီလန် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။

“ထွီ၊ နင်က အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကိုကျ ကြောက်တတ်တဲ့သူပဲ”

ဟောက်ချန်ကို ခြိမ်းခြောက်ပြီးနောက် ဝူယွီလန်သည် ထောင့်တစ်နေရာတွင် ရပ်နေသော လူဆိုးလေးသုံးယောက်ဆီသို့ အကြည့်ရွှေ့လိုက်သည်။

“နင်တို့တွေလည်း ငါပြောတာ သေချာနားထောင်ထား၊ နောက်တစ်ခါ ငါ့မိသားစုက ကလေးတွေဆီကနေ ထပ်ခိုးရဲတယ်လို့ကြားရင် နင်တို့ရဲ့ ခြေလက်တွေကို ချိုးပြီး နင်တို့ အိမ်ကိုပါ မီးရှို့ပစ်မယ်”

စုန့်ဝမ်ချိုက်၊ စုန့်ကျောက်ချိုက်နှင့် စုန့်လိုင်ချိုက်တို့မှာ အလွန်ကြောက်လန့်သွားကြပြီး ထောင့်တစ်နေရာတွင် ပုဝင်ကာ သေချင်ယောင်ဆောင်နေ ကြတော့သည်။

ထိုသုံးယောက်၏သတ္တိကြောင်နေသော အသွင်အပြင်ကို မြင်သောအခါ စုန့်အာ့လန်၏ရင်ထဲရှိ မကျေမနပ်ဖြစ်မှုများ လွင့်စင်သွားလေ၏။

“ဟမ့်၊ ငါပြောသားပဲ၊ ငါ့အဘွားက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူးလို့၊ မင်းတို့မှ မယုံတာ”

ဝူယွီလန်သည် မြေကြီးပေါ်တွင် အော်ဟစ်ငိုယိုနေသော ဟောင်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခြံတံခါးကို ခပ်ပြင်းပြင်း တစ်ချက်ကန်လိုက်သည်။

“သွားစို့၊ ခွေးကို ရိုက်ပြီးပြီဆိုတော့ အိမ်ပြန်ကြမယ်”

ဝမ်ကွေ့ချင်သည် ဝူယွီလန်အနောက်မှ လိုက်ပါလာပြီး သူမ၏နောက်ကျောကို ဂရုတစိုက် နှိပ်နယ်ပေးလေသည်။

“အမေ၊ ရိုက်ရတာ ပင်ပန်းသွားပြီမဟုတ်လား၊ သမီး အမေ့ကျောကို ထုပေးပါ့မယ်”

စုန့်အာ့လန်လည်း သူတို့နောက်မှ ခပ်သွက်သွက်လိုက်ပါလာသည်။

“အဘွား၊ အိမ်ရောက်ရင် ကျွန်တော်လည်း အဘွားကျောကို ထုပေးမယ်နော်”

ဒေါသများကို ပေါက်ကွဲခွင့်ရရှိသွားသဖြင့် ၀ူယွီလန်တို့မိသားစုသည် ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် အိမ်သို့ ပြန်လာကြလေ၏။

အထူးသဖြင့် စုန့်အာ့လန်သည် အောင်ပွဲခံသည့်ဟန်ဖြင့် ခေါင်းမော့ကာ သီချင်းလေးညည်းလျက် ပြန်လာခဲ့သည်။

ဟောင်ချန်သည် မြေကြီးပေါ်တွင် လဲလျောင်းကာ အချိန်အတော်ကြာ အော်ဟစ်ငိုယိုနေပြီးနောက်မှ နောက်ဆုံးတွင် သတိပြန်လည်လာခဲ့သည်။

“ဝူယွီလန်၊ နင်က ငါ့သားတွေအိမ်မှာမရှိလို့ ငါ့ကို အနိုင်ကျင့်တာမဟုတ်လား”

“နင် စောင့်နေလိုက်”

ဟောင်ချန်တွင် ကုန်သည်အစောင့်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသော သားနှစ်ယောက် ရှိသည်။

သားနှစ်ယောက်လုံးမှာ အောင်မြင်မှုရရှိထားပြီး ငွေရှာနိုင်ကြရာ ၎င်းမှာ သူမ၏နေ့စဉ်ဘဝတွင် အကြီးမားဆုံးသော ဂုဏ်ယူဝင့်ကြွားစရာများ ဖြစ်နေခဲ့သည်။

သို့သော် ယခု အရိုက်ခံရသောအခါ သူမကို ကာကွယ်ပေးရန် သားနှစ်ယောက်လုံး အိမ်တွင်မရှိသဖြင့် ဝူယွီလန်၏ရက်ရက်စက်စက် ရိုက်နှက်မှုကို ခံလိုက်ရသည်ဟု တွေးမိရင်း သူမ မကျေမချမ်းဖြစ်နေမိသည်။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သူမသည် အရိုက်ခံရသဖြင့် ရွာလူကြီးစုန့်ကျန်းရှုထံ သွားရောက်ကာ တရားမျှတမှု တောင်းဆိုနိုင်သည်။

သို့သော် ဤကိစ္စတစ်ခုလုံးသည် သူမ၏ ကိုယ်ပိုင်လောဘကြောင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သူမ ရင်ထဲတွင် ကောင်းစွာ သိရှိထား၏။

အကယ်၍ သူမက ဤကိစ္စကို ပြောပြလိုက်ပါက သူမတွင် ခိုင်မာသည့်အကြောင်းပြချက် ရှိမည်မဟုတ်ပေ။

‘ငါ့ဘက်က မှားနေရင်ရော ဘာဖြစ်လဲ'

သူမ သားနှစ်ယောက် ပြန်လာသည်နှင့်တစ်ပြိုင်နက် ဝူယွီလန်၏သွားများ ကျွတ်ထွက်သွားသည်အထိ သေချာပေါက်ရိုက်ပစ်ရပေမည်။

‘ပြီးတော့ သူမရဲ့ အဲဒီမုန်းစရာကောင်းတဲ့ အကြီးဆုံးချွေးမ’

‘ပြီးတော့ စုန့်အာ့လန်'

‘သူ့မိသားစု တစ်ခုလုံး သေသင့်တယ်၊ အကုန်လုံး သေသင့်တယ်’

……

စုန့်ကျစ်ယုံ မျက်လုံးများ ပွင့်လာပြီး ခြံဝင်းအပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် နားစွင့်နေလိုက်သည်။

ကလေးများ၏ပျော်ရွှင်ဖွယ်ရယ်မောသံများကို သဲ့သဲ့လေး ကြားလိုက်ရသောအခါ စုန့်ကျစ်ယုံ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။

သူ့မိခင်သည် ကလေးများအတွက် တကယ်ပင် လက်စားချေပေးခဲ့ပြီး သူတို့ကို ကာကွယ်ပေးခဲ့သည်မှာ သေချာသွားပြီဖြစ်သည်။

မိမိ၏မိသားစု အနိုင်ကျင့်ခံနေရချိန်တွင် မိမိမှာ ဘာမှမတတ်နိုင်ဘဲ ကုတင်ပေါ်တွင်သာ လဲလျောင်းနေရသဖြင့် သူ စိတ်မကောင်းမဖြစ်ဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။

သို့သော် သူ့ခြေထောက်များ ပြန်လည်ကောင်းမွန်လာမှသာ သူ့မိသားစုကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဆိုသည်ကို သူ့ရင်ထဲတွင် ကောင်းကောင်းကြီး သိရှိထားသည်။

……..

ညစာစားပြီးနောက် ဝူယွီလန်သည် မိသားစုတစ်ခုလုံးကို စုန့်ကျစ်ယုံ၏အခန်းထဲတွင် စုဝေးစေလိုက်သည်။

သူ့အခန်းထဲတွင် စုဝေးရခြင်းမှာ သူ့ခြေထောက်များ မလှုပ်ရှားနိုင်သေးသောကြောင့်ဖြစ်သည်။

“ဒီနေ့ ငါတို့မိသားစု အစည်းအဝေးလုပ်ရတဲ့ အကြောင်းရင်းကတော့ နောက်နောင် ကလေးတွေ ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံတွေ့ရရင် လူကြီးတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ပဲ”

“ပထမဦးဆုံး ပြောရရင် ဒီနေ့ အကြီးဆုံးချွေးမရဲ့ လုပ်ပုံကိုင်ပုံက အရမ်းညံ့ဖျင်းတယ်”

ဝမ်ကွေ့ချင်သည် သူမ၏သဘောထားကို ထုတ်ဖော်ပြသရန် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

“အမေ၊ သမီး မှားမှန်းသိပါပြီ၊ အခုကစပြီး အမေ ဘာပဲခိုင်းခိုင်း သမီးလုပ်ပါ့မယ်”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။

“အင်း၊ စိတ်သဘောထားကတော့ လက်ခံနိုင်စရာပါပဲ”

သူမက ကလေးများကို လှမ်းကြည့်လိုက်သည်။

“မှတ်ထားကြ၊ နောက်နောင် ထပ်ပြီးအနိုင်ကျင့်ခံရရင် လုံးဝတိတ်တိတ်လေး ကြိတ်မခံလာနဲ့”

“စည်းစည်းလုံးလုံး ရှိကြ၊ ညီညီညွတ်ညွတ်နဲ့ ရပ်တည်ကြ၊ နင်တို့ကို ဘယ်သူ အနိုင်ကျင့်ကျင့်၊ အတူတူ ပြန်ရိုက်ပစ်ခဲ့ကြ၊ မသေမချင်း ငါက နောက်ကနေ ကျောထောက်နောက်ခံအနေနဲ့ ကာကွယ်ပေးပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်”

စုန့်အာ့လန်၏မျက်လုံးများ တောက်ပသွားသည်။

“အဘွား၊ ကျွန်တော်တို့ကို အနိုင်ကျင့်တဲ့သူက ဦးလေး ၄ ဖြစ်နေရင်တောင် ရိုက်လို့ရလား”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ဝူယွီလန်ကို လှမ်းကြည့်လာကြ၏။

ဝမ်ကွေ့ချင်ကမူ စုန့်အာ့လန်၏နားရွက်ကို ဆွဲလိမ်လိုက်သည်။

“ဒီကလေးကတော့၊ နင့်ရဲ့ ဦးလေး ၄ က သူစိမ်းမှမဟုတ်တာ၊ သူက နင်တို့ကို အနိုင်ကျင့်ပါ့မလား”

စုန့်ထုန်ဟွာ ဝူယွီလန်ကို တည့်တည့်စိုက်ကြည့်ကာ သူမ၏အဖြေကို စောင့်ဆိုင်းနေလိုက်၏။

“ကောင်းပြီ၊ အခုကစပြီး ငါ့မျက်နှာကို ထောက်ပြီး သူ့ကို မျက်နှာသာပေးစရာ မလိုတော့ဘူး”

“လူတစ်ယောက်က နင်တို့ကို အနိုင်ကျင့်ရင် အဲဒီလူက တတိယဦးလေးပဲဖြစ်ဖြစ်၊ စတုတ္ထဦးလေးပဲဖြစ်ဖြစ် ဂရုစိုက်စရာမလိုဘူး၊ သေအောင်သာ ရိုက်ပစ်လိုက်”

စုန့်အာ့လန် ပြုံးကာ ဝူယွီလန်၏ကျောကို ထုပေးရန် အနားသို့ တိုးကပ်လာ၏။

“ဟီးဟီး၊ အဘွားက အကောင်းဆုံးပဲ”

ဝူယွီလန်သည် ထိုကောင်လေး၏ပြုစုယုယမှုကို စိတ်အေးချမ်းသာစွာဖြင့် လက်ခံလိုက်သည်။

“ချွေးမအကြီး၊ ဒုတိယချွေးမ တတိယချွေးမနဲ့ သားကြီး၊ အခုလောလောဆယ် မိသားစုထဲမှာ ငါကလွဲရင် နင်တို့လေးယောက်ပဲ လူကြီးရှိတာ”

“အခုကစပြီး ကလေးတွေ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ မိဘတွေအနေနဲ့ လုံးဝနောက်မဆုတ်ရဘူး၊ နင်တို့က ကလေးတွေရဲ့ ကျောထောက်နောက်ခံပဲ၊ ငါတို့မိသားစုရဲ့ မူဝါဒက ကိုယ့်ကလေးတွေကို နည်းနည်းလေးတောင် ထိခိုက်နစ်နာခံခွင့် မပေးနိုင်ဘူးဆိုတာပဲ”

“ဘယ်သူက သူတို့ကို အနိုင်ကျင့်ကျင့် နင်တို့က သူတို့ကိုကူညီပြီး အမှန်တရားဘက်က ပြန်တိုက်ခိုက်ပေးရမယ်”

“နားလည်လား”

ဝမ်ကွေ့ချင် အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။

“နားလည်ပါတယ်”

ကျောက်လီကျွမ်နှင့် လီရှို့ယွင်တို့လည်း အကြိမ်ကြိမ် ခေါင်းညိတ်ပြကြသည်။

ယောက္ခမဖြစ်သူ၏ ဤစကားများကြောင့် သူတို့သည် နောင်တွင် ပြဿနာဖြစ်မည်ကို ကြောက်ရွံ့နေရတော့မည်မဟုတ်ဘဲ ကလေးများအတွက် ရဲဝံ့စွာ ရပ်တည်ပေးနိုင်တော့မည်ဖြစ်သည်။

စုန့်ကျစ်ယုံသည် ဝူယွီလန်ကို ကြည့်ရင်း သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ပေါက်ကွဲထွက်လာတော့သည်။

All Chapters