← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

🍅Chapter 78

သူ့မိခင်သည် အရင်ကနှင့် တကယ့်ကို လုံးဝ ကွာခြားသွားခဲ့ပြီဖြစ်သည်။

ယခင်ကဆိုလျှင် ပြဿနာများကို ရှောင်ရှားရန် ကလေးများ မတရားခံရသည့်အခါတိုင်း တိတ်တဆိတ် ကြိတ်ခံခဲ့ရ၏။

သူမသည် ပြဿနာဖြစ်မည်ကိုပင် ကြောက်ရွံ့နေခဲ့ပြီး ကလေးများကို အခြားမိသားစုများထံ သွားရောက်တောင်းပန်ရန် အမြဲတမ်း အတင်းအကျပ် ခိုင်းစေလေ့ရှိသည်။

သို့သော် သူ့ညီလေးနှင့် ပတ်သက်လာလျှင်မူ သူမသည် အနည်းငယ်မျှပင် အနစ်နာခံ၊ အလျှော့ပေးလေ့မရှိချေ။

စတုတ္ထညီလေး အခြားမိသားစုမှ ကလေးများနှင့် ရန်ဖြစ်လာပါက မိခင်ဖြစ်သူသည် အမြဲတမ်း ပြတ်ပြတ်သားသား တုံ့ပြန်လေ့ရှိပြီး ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်တိုင်အောင် အလွတ်မပေးခဲ့ချေ။

သို့သော် ယခုအခါတွင်မူ မိခင်ဖြစ်သူသည် သူမ၏ကိုယ်ပိုင်မိသားစုအား မည်သို့ကာကွယ်ရမည်ကို သိရှိလာပြီဖြစ်ပြီး ကလေးများအတွက် ကျောထောက်နောက်ခံပေးကာ တရားမျှတမှုကို ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုပေးရန်အထိ ကြိုးပမ်းလာခဲ့ပြီဖြစ်သည်။

သူ့ကလေးဘဝကို သူ ပြန်တွေးမိသွား၏။

ထိုစဉ်က မိခင်ဖြစ်သူသာ သူ့အပေါ် ဤကဲ့သို့ ဆက်ဆံခဲ့မည်ဆိုပါက မည်မျှကောင်းလိုက်မည်နည်း။

ညဘက်တွင် မိသားစု၀င်အားလုံး အိပ်ရာဝင် လှဲလျောင်းနေကြစဉ် ဝမ်ကွေ့ချင် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။

“ကလေးတို့အဖေ၊ အမေက အခု ကျွန်မတို့အပေါ် တကယ်ကောင်းတာပဲ၊ အိပ်မက်မက်နေသလို ခံစားရတယ်”

စုန့်ကျစ်ယုံလည်း ခေါင်းညိတ်ပြလိုက်သည်။

“အင်း၊ တကယ်ကို အိပ်မက်တစ်ခုလိုပါပဲ”

“အမေ ဒီလိုနေ့မျိုးရောက်လာမယ်လို့ ကျွန်မ တစ်ခါမှ မတွေးရဲခဲ့ဘူး၊ ကလေးတွေအတွက် လူတွေကို သွားရိုက်ဖို့ ကိုယ်တိုင်ဦးဆောင်သွားတာလေ၊ ပြီးတော့ သူမ ရိုက်ခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ အဘွားကြီးဟောင် ဖြစ်နေတယ်”

စကားပြောနေရင်း သူမ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

“ကလေးတို့အဖေ၊ အဘွားကြီးဟောင်ရဲ့ သားနှစ်ယောက်က ကုန်သည်အစောင့်တွေနော်၊ သူတို့ ပြန်လာပြီး လက်စားချေရင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

“သူတို့ ထွက်သွားတာ ရက်ပိုင်းလေးပဲ ရှိပါသေးတယ်၊ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တော့ ပြန်လာဦးမှာ မဟုတ်ပါဘူး၊

တကယ်လို့ အဲဒီအချိန်ရောက်လာရင် အာ့လန်၊ မင်း ရွာလူကြီးစုန့်ကျန်းရှုဆီ ချက်ချင်းသွားပြီး အကြောင်းကြားလိုက်”

စုန့်အာ့လန်က ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ အဖေ၊ ကျွန်တော်မှတ်ထားပါ့မယ်”

…….

နောက်တစ်နေ့ နံနက်ခင်းတွင် ဝူယွီလန်သည် တက်ကြွလန်းဆန်းစွာဖြင့် အပြင်သို့ထွက်လာခဲ့၏။

စုန့်ဆန်ကွေ့သည် ခြံဝင်းအပြင်ဘက်တွင် ပိုးကောင်များ ဖမ်းနေလေသည်။

ဝူယွီလန်ကို မြင်သောအခါ သူသည် လျှပ်တစ်ပြက် အိမ်ထဲသို့ ပြေးဝင်သွားလေတော့၏။

“အဘိုး၊ သူ ထပ်ရောက်လာပြန်ပြီ၊ မြန်မြန်ထွက်လာခဲ့ပါဦး”

ရွာလူကြီးစုန့်ကျန်းရှုသည် ရေနွေးကြမ်းငဲ့နေစဉ် ထိုအသံကို ကြားလိုက်ရသဖြင့် လက်တုန်သွားကာ နောက်ဆုံးကျန်ရှိနေသော လက်ဖက်ခြောက်ခဲလေးမှာ ရေနွေးအိုးအတွင်းသို့ ပြုတ်ကျသွားလေသည်။

သူ နှမြောတသဖြစ်ဟန်ဖြင့် ပေါင်ကိုရိုက်လိုက်၏။

“ဒုက္ခပါပဲ၊ လက်ဖက်ခြောက်ဆိုလို့ ဒါလေးပဲ ကျန်တော့တဲ့ဟာကို ”

“ဟိတ်ကောင်လေး၊ အကြောင်းမရှိ အကြောင်းရှာပြီး ဘာလို့ ဒီလောက်ဆူညံနေရတာလဲ”

စုန့်ဆန်ကွေ့က လည်ပင်းလေးပုဝင်သွားသည်။

“အဘိုး၊ ကျွန်တော်က သတင်းလာပို့တာပါ၊ အာ့လန်ရဲ့အဘွား ထပ်ရောက်နေပြန်ပြီ”

ရွာလူကြီး စုန့်ကျန်းရှုသည် ရေနွေးအိုးအတွင်း ပြန့်ကျဲသွားသော လက်ဖက်ခြောက်များကို စိုက်ကြည့်နေမိသော်လည်း နောက်ဆုံးတွင်တော့ ပြန်မဆယ်တော့ချေ။

တစ်နေကုန် ဆူညံပွက်လောရိုက်နေသော မြေးဖြစ်သူကိုဟာ ဆုံးမလိုက်လေ၏။

“ကဲ တော်ပြီ၊ တစ်နေကုန် ဆူညံမနေနဲ့တော့”

သူသည် မတ်တတ်ရပ်ကာ အပြင်သို့ထွက်လာပြီး ဝူယွီလန်ကို နှုတ်ဆက်လိုက်သည်။

“ရောက်လာပြီပဲ၊ အထဲဝင်ထိုင်ပါဦး”

ဝူယွီလန် ကြွေအိုးငယ်လေးတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

“အစ်ကိုကြီး လက်ဖက်ရည်ကြိုက်တတ်မှန်းသိလို့ မြို့သွားတုန်း နည်းနည်းဝယ်လာတာ၊ အကြိုက်တွေ့ မတွေ့တော့ မသိဘူး”

အို…

လက်ဖက်ခြောက်မှန်း သိလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှုသည် သူ့လက်များကို အဝတ်အစားတွင် သုတ်လိုက်ပြီး ကြွေအိုးကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်၏။

အဖုံး ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သင်းကြိုင်လှသော လက်ဖက်ရည်နံ့က သူ့နှာခေါင်းဝသို့ လွင့်ပျံလာလေသည်။

“ဖူရယ်လက်ဖက်ခြောက်၊ ဒါက…”

“ဒါ အရမ်းဈေးကြီးလွန်းတယ်”

ရွာလူကြီးစုန့်ကျန်းရှုသည် နူးညံ့ပြီး တောက်ပသောအရောင်အဆင်းရှိသည့် လက်ဖက်ရွက်များကို ကြည့်ကာ ဤအရာမှာ သာမန်လက်ဖက်ခြောက်အကြေများ မဟုတ်ကြောင်း ရင်ထဲတွင် ကောင်းကောင်း သိရှိလိုက်သည်။

တစ်ချောင်းကိုပင် ကြေးပြား ရာနှင့်ချီ၍ ပေးရမည်ဖြစ်သည်။ ဤအိုးငယ်လေးထဲတွင် အနည်းဆုံး ကတ်တီဝက်ခန့် ပါဝင်မည်မှာ သေချာလှပေ၏။

သို့သော် သူသည် နှမြောတသဖြစ်လွန်းသဖြင့် မငြင်းဆန်ရက်နိုင်အောင် ဖြစ်နေလေသည်။

သူ ပုံမှန်အားဖြင့် ကြေးပြားအနည်းငယ်သာတန်သော လက်ဖက်ခြောက်အကြေများကိုသာ ဝယ်ယူသောက်သုံးလေ့ရှိရာ ဤမျှကောင်းမွန်သော လက်ဖက်ရည်မျိုးကို မသောက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

“အစ်ကိုကြီး သဘောကျရင် ဈေးဘယ်လောက်ကြီးကြီး တန်ပါတယ်”

ဝူယွီလန် အပြုံးဖြင့် ဆက်ပြောလာသည်။

“ဒီလက်ဖက်ခြောက်ကို အလကားပေးတာတော့ မဟုတ်ဘူး၊ ခဏနေရင် ကျွန်မအိမ်နားက မြေကွက်ကို သွားတိုင်းပေးဖို့ အကူအညီတောင်းချင်လို့ပါ”

ထိုစကားကို ကြားသောအခါမှသာ ရွာလူကြီး စုန့်ကျန်းရှုသည် လက်ဖက်ခြောက်အိုးကို လိုလိုလားလား လက်ခံလိုက်တော့သည်။

“ဒါက အသေးအဖွဲကိစ္စလေးပါ၊ ပေတံသွားယူလိုက်ဦးမယ်၊ အခုချက်ချင်း မြေသွားတိုင်းကြတာပေါ့”

သူသည် ကြွေအိုးကို စားပွဲပေါ်တွင် ဂရုတစိုက်တင်ထားလိုက်သော်လည်း အိမ်ရှိ ကလေးများ လာရောက်တိုက်မိ၍ ကွဲသွားမည်ကို စိုးရိမ်သဖြင့် ပြန်ယူကာ ဘီရိုအတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

စိတ်မချနိုင်သေးသဖြင့် သော့ပါ ခတ်ထားလိုက်သေး၏။

ဝူယွီလန်သည် သစ်သားစားပွဲပေါ်သို့ အကဲခတ်ကြည့်လိုက်ရာ လက်ဖက်ရည်သောက်ရန် အသုံးပြုသော ခွက်အချို့မှာ စွန်းထင်း၊ ပဲ့ရွဲ့နေသည်ကို သတိပြုမိသွားသည်။

နောက်တစ်ကြိမ် ရွာလူကြီးစုန့်ကျန်းရှုထံမှ အကူအညီတောင်းစရာ ရှိပါက လက်ဖက်ရည်ခွက်အစုံကိုပါ လက်ဆောင်ပေးမည်ဟု သူမ တိတ်တဆိတ်တွေးတောလိုက်မိသည်။

“သွားစို့၊ အခုပဲ မြေသွားတိုင်းကြမယ်”

ရွာလူကြီး စုန့်ကျန်းရှုသည် ပေတံကိုဆွဲယူကာ သွက်လက်သော ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့သည်။

သူတို့နှစ်ဦးသည် မနက်ခင်းတစ်ခုလုံး အချိန်ယူကာ မြေကွက်ကို တိုင်းတာခဲ့ကြ၏။

“စုစုပေါင်း ရှစ်မူနဲ့ နှစ်ဖန် ရှိတယ်၊ ဒီမြေက အလဟဿဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ နှစ်ဖန်အတွက် ငါ ပိုက်ဆံမယူတော့ပါဘူး၊ လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ”

ထိုစကားကို ကြားသောအခါ သူမ၏လက်ဖက်ခြောက်မှာ အလကားမဖြစ်ခဲ့သောကြောင့် ဝူယွီလန် တိတ်တဆိတ် ဝမ်းသာသွားသည်။

“ဒါဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတယ်”

သူမသည် အချိန်ဆွဲမနေတော့ဘဲ ငွေများကို တိုက်ရိုက် ထုတ်ပေးလိုက်၏။

“ငွေသုံးဆယ့်ခြောက်ချောင်း တိတိပါ၊ ရေတွက်ကြည့်ပါဦး”

ရွာလူကြီး စုန့်ကျန်းရှုသည် ငွေများယူကာ ဝူယွီလန်အတွက် ပြေစာတစ်စောင်ရေးပေးလိုက်သည်။ သူ့လက်ရေးမှာ သိပ်မလှသော်လည်း သေသပ်ပြီး ရှင်းလင်းလှ၏။

“စာရွက်စာတမ်းတွေ လုပ်ဖို့အတွက် ခဏနေရင် မြို့ပိုင်ရုံးကို ငါသွားလိုက်မယ်၊ ဒီမြေရှစ်မူကို ဘယ်သူ့နာမည်နဲ့ ရေးရမလဲ”

မိသားစုမှာ အိမ်ခွဲမနေကြသေးသဖြင့် သားတစ်ဦးဦး၏အမည်ကို ရေးသွင်းပါက မျှတမှုရှိမည်မဟုတ်ကြောင်း တွေးတောကာ ဝူယွီလန်က ပြန်ဖြေလိုက်သည်။

“ကျွန်မနာမည်ပဲ ရေးလိုက်ပါ”

“ကောင်းပြီ၊ ငါ ထမင်းနည်းနည်းစားပြီးတာနဲ့ မြို့ပိုင်ရုံးကို သွားလိုက်မယ်၊ နင် အိမ်ကနေ စောင့်သာနေလိုက်တော့”

“ကျေးဇူးတင်ပါတယ်”

ဝူယွီလန်သည် ရွာလူကြီး စုန့်ကျန်းရှု၏ထမင်းစားရန်ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်ပြီးနောက် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။

နေ့လယ်စာစားပြီးနောက် သူမသည် အားလပ်နေခြင်းမရှိဘဲ ငွေအချို့ကို ယူဆောင်ကာ စုန့်မိသားစုရွာအနီးရှိ မင်ကျစ်စာသင်ကျောင်းသို့ သွားရောက်ခဲ့သည်။

အချိန်ရခိုက်တွင် ကလေးများ ကျောင်းတက်မည့်ကိစ္စကို ဖြေရှင်းထားရန် လိုအပ်ပေ၏

စာပေအသိပညာာ မရှိပါက သူမ သင်ပေးချင်လျှင်ပင် သင်ပေးရန် ခက်ခဲလှသည်မဟုတ်ပါလား။

သို့သော် အရာရာတိုင်းက ချောမွေ့မနေခဲ့ပေ။

“ကျောင်းဖွင့်တာ အချိန်အတော်ကြာပြီ၊ ကျောင်းသားအသစ်တွေ လက်ခံလိုက်ရင် တခြားကလေးတွေရဲ့ သင်ကြားရေးတိုးတက်မှုကို ထိခိုက်လိမ့်မယ်၊ နောက်နှစ် နွေဦးပေါက်မှပဲ လာပို့လိုက်ပါ”

ဆရာချန်ကျင်းကျစ်သည် လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားလေ၏။

“ဆရာကြီး၊ ကျွန်မတို့မိသားစုက ကလေးတွေ ဘယ်သူမှ ကျောင်းမတက်ဖူးသေးဘူး၊

အဲဒါကြောင့် အတန်းသစ်တစ်ခု ဖွင့်ပေးလိုက်ရင် တခြားကျောင်းသားတွေရဲ့ တိုးတက်မှုကို ထိခိုက်မှာ မဟုတ်ပါဘူး”

ထိုစကားကို ကြားသောအခါ ဆရာချန်ကျင်းကျစ်၏ခြေလှမ်းများ ရပ်တန့်သွားပြီး ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင်တော့ တံခါးဖွင့်ကာ ဝူယွီလန်ကို စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်လေသည်။

All Chapters