← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

🍅Chapter 79

စာသင်ကျောင်းဟု ခေါ်ဆိုသောနေရာမှာ တကယ်တမ်းတွင် ယိုယွင်းပျက်စီးနေသော ခြံဝင်းအိုကြီးတစ်ခုသာဖြစ်ပြီး နံရံများတွင် အက်ကွဲကြောင်းကြီးများ ရှိနေကာ အနည်းငယ် တွန်းလိုက်ရုံဖြင့် ပြိုကျသွားနိုင်မည့်အသွင်အပြင် ရှိနေလေသည်။

ဤသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ ကျောင်းလခများ အလွန်နည်းပါးလွန်းသောကြောင့်ဖြစ်သည်။

ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာ ကျောင်းလခအဖြစ် ငွေတစ်ချောင်းသာ ပေးသွင်းရပြီး စုတ်တံ၊ မင်ရည်နှင့် အခြားကုန်ကျစရိတ်များကို နုတ်ပယ်လိုက်ပါက ဘာမှမကျန်တော့သလောက်ပင်။

ဤအခြေအနေများက စာသင်ကျောင်းကို ပိုဆင်းရဲကျပ်တည်းလာစေပြီး နောက်ထပ် နှစ်အနည်းငယ်ကြာပါက ဆက်လက်ဖွင့်လှစ်နိုင်ရန်ပင် မသေချာတော့ချေ။

“ခင်ဗျားမှာ ကလေးဘယ်နှစ်ယောက်ရှိတယ်လို့ ပြောလိုက်တာလဲ”

ဆရာ ချန်ကျင်းကျစ်သည် ဝူယွီလန်အတွက် ရေနွေးတစ်ခွက်ကို ကိုယ်တိုင်ငဲ့ပေးလိုက်သည်။

ဝူယွီလန် ရေနွေးခွက်ကိုယူကာ တစ်ငုံသောက်လိုက်၏။

“ကလေးခုနစ်ယောက် ရှိပါတယ်”

ထိုစကားကို ကြားသောအခါ ဆရာချန်ကျင်းကျစ်သည် အတော်လေး အံ့အားသင့်သွားလေ၏။

“ခုနစ်ယောက်လုံးက ယောကျ်ားလေးတွေချည်းပဲလား”

“ယောကျ်ားလေးနှစ်ယောက်နဲ့ မိန်းကလေး ငါးယောက်ပါ”

ဆရာချန်ကျင်းကျစ်က ခေါင်းခါယမ်းလိုက်မိသည်။

“ဒါဆိုရင်လည်း နောက်နှစ် နွေဦးပေါက်မှပဲ လာပို့လိုက်ပါတော့၊ အတန်းတစ်တန်းမှာ ကလေးနှစ်ယောက်တည်းဆိုတာက အရမ်းနည်းလွန်းတယ်”

“ခုနစ်ယောက်စလုံးပါ”

ဆရာချန်ကျင်းကျစ် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ဝူယွီလန်ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားကာ ပိုအံ့အားသင့်သွားသည်။

“အဲဒီမိန်းကလေး ငါးယောက်ကိုပါ ကျောင်းထားပေးမလို့လား”

“ဟုတ်တယ်၊ အားလုံးကို ကျောင်းထားပေးမှာ”

“အဲဒါတော့ မဖြစ်ဘူး၊ ဒီမှာက ယောကျ်ားလေးတွေကိုပဲ လက်ခံတာ၊ မိန်းကလေးတွေကို လက်မခံဘူး”

ဝူယွီလန်သည် အလျင်စလိုပြန်မပြောသေးဘဲ အက်ကွဲနေသော နံရံများကိုသာ တည့်တည့်စိုက်ကြည့်နေလိုက်၏။

“ဆရာကြီး၊ ဒီစာသင်ကျောင်းကို သေသေချာချာ မပြုပြင်ဘူးဆိုရင် အချိန်အကြာကြီး ဆက်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

ရေနွေးခွက်ကိုကိုင်ထားသော ဆရာချန်ကျင်းကျစ်၏လက်များမှာ အနည်းငယ် ရပ်တန့်သွားသည်။

ဤအခြေအနေကို သူ မည်သို့လုပ်၍ မသိဘဲနေမည်နည်း။

သို့သော် သူ့လက်ထဲရှိ ငွေများမှာ ကျောင်းကို ဆက်လက်လည်ပတ်နိုင်ရန်ပင် မနည်းရုန်းကန်နေရရာ ပြုပြင်မွမ်းမံရန်အတွက် ငွေကို မည်သည့်နေရာမှ သွားရှာရမည်နည်း။

ဝူယွီလန် အေးဆေးတည်ငြိမ်သော လေသံဖြင့် ဆက်ပြောလာသည်။

“ဒါပေမဲ့ ပြုပြင်ဖို့အတွက် အများကြီးအားထုတ်လိုက်ရင်တောင်မှ နှစ်အတော်ကြာတဲ့အထိ ခံမှာမဟုတ်ဘူး၊ အစကတည်းက သေချာလုပ်လိုက်တာ ပိုကောင်းမယ်၊ ဒါကြီးကို ဖြိုချပြီး အုတ်ကြွတ်တွေနဲ့ အိမ်အသစ်ဆောက်လိုက်တာက ပိုမကောင်းဘူးလား၊ ဒါဆိုရင် နွေရာသီမှာ လေတိုက်မှာကို ကြောက်စရာမလိုသလို ဆောင်းရာသီမှာ နှင်းကျမှာကိုလည်း ကြောက်စရာမလိုတော့ဘူး၊ ကလေးတွေအတွက်လည်း ပိုကောင်းတဲ့ သင်ယူမှုဝန်းကျင်ကို ဖန်တီးပေးနိုင်မှာပဲ”

“ဆရာကြီး ဘယ်လိုထင်လဲ”

ဆရာ ချန်ကျင်းကျစ်သည် ဝူယွီလန်က သူ့အခက်အခဲကို နားမလည်ဘဲ ပါးစပ်အရသာခံ ပြောနေခြင်းသာဖြစ်သည်ဟု တွေးတောမိလိုက်သည်။

အုတ်ကြွတ်အခန်းအနည်းငယ် ဆောက်လုပ်ရန်အတွက် ငွေမည်မျှကုန်ကျမည်ကို သူမ လုံးဝ သိရှိပုံမရပေ။

အနည်းဆုံး ငွေအချောင်းနှစ်ဆယ် သို့မဟုတ် သုံးဆယ်၊ အများဆုံးဆိုလျှင် လေးငါးဆယ်ခန့်အထိ ကုန်ကျနိုင်သည်မဟုတ်ပါလား။

သူ့အိတ်ကပ်များမှာ သူမျက်နှာထက်ပင် ပြောင်စင်နေရာ ထိုမျှလောက်များပြားသော ငွေများကို မည်သည့်နေရာမှ သွားရှာရမည်နည်း။

“ငါ ဘာမှမထင်ပါဘူး”

“ဘာဖြစ်လို့လဲ၊ ဆရာကြီးက ဒီမြက်မိုးအိမ်အိုကြီးကို အုတ်ကြွတ်အိမ်အသစ်ကြီးအဖြစ် မပြောင်းချင်လို့လား”

ဆရာချန်ကျင်းကျစ်သည် ဝူယွီလန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့လေသံမှာ အနည်းငယ် အကူအညီမဲ့နေဟန် ပေါက်နေသည်။

“ငါ ဆောက်ချင်ရုံနဲ့ ဆောက်လို့ရနိုင်ပါ့မလား”

ဝူယွီလန် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ဆရာကြီး ဆောက်ချင်စိတ်ရှိသရွေ့ သေချာပေါက်ဆောက်လို့ရပါတယ်”

ဆရာချန်ကျင်းကျစ်သည် ဝူယွီလန်၏စကားများကို သေချာတွေးတောစဉ်းစားလိုက်သည်။

“ခင်ဗျား ဆိုလိုတာက…”

“ဆရာကြီးချန်ကျင်းကျစ်၊ ကျွန်မရဲ့ကလေးတွေအတွက် သီးသန့်အတန်းတစ်ခု ဖွင့်ပေးပြီး ဒီမှာ စာသင်ခွင့်ပြုမယ်ဆိုရင်၊ စာသင်ကျောင်းပြန်ဆောက်ဖို့ ကုန်ကျစရိတ်ကို ကျွန်မ ကုန်ကျခံပါ့မယ်”

ဝူယွီလန်၏အသံမှာ အေးဆေးတည်ငြိမ်နေသော်လည်း ဆရာချန်ကျင်းကျစ် နားထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းသွားလေသည်။

ဆရာချန်ကျင်းကျစ်၏မျက်လုံးများ ပြူးကျယ်သွားပြီး လောကတွင် အကြီးမားဆုံးသောဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဝူယွီလန်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။

သူ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်လေ၏။

“ခင်... ခင်ဗျား တကယ်ပြောနေတာလား”

ဝူယွီလန် အနည်းငယ် ပြုံးလိုက်ပြီး ပြတ်သားသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“သေချာပေါက် တကယ်ပြောနေတာပေါ့၊ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းတယ်ဆိုတာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတစ်ခုပဲလေ၊ ပြီးတော့ ကျွန်မရဲ့မြေးတွေလည်း ဒီမှာ စာသင်ခွင့်ရမှာဆိုတော့ ကျွန်မ ဘက်က ပိုက်ဆံအကုန်ခံဖို့ ဝန်မလေးပါဘူး”

ဆရာချန်ကျင်းကျစ်မှာ ဝူယွီလန်၏စကားကြောင့် အလွန်အမင်း အံ့အားသင့်သွားပြီး ခဏမျှ စကားပင်မပြောနိုင်တော့ချေ။

‘ဒီအမျိုးသမီးက ဒီလောက်များပြားတဲ့ ငွေတွေကို အကုန်ခံဖို့အတွက် အံ့ဩစရာကောင်းလောက်တဲ့အထိ ရက်ရောပါလား’ ဟု သူက ဝူယွီလန်ကို ကြည့်ကာ ရင်ထဲတွင် တွေးတောနေမိသည်။

အချိန်အတော်ကြာပြီးနောက်မှ ဆရာ ချန်ကျင်းကျစ်သည် နောက်ဆုံးတွင် သတိပြန်လည်လာခဲ့သည်။

သူသည် အလျင်အမြန် မတ်တတ်ရပ်ကာ စားပွဲဆီသို့ လျှောက်သွားပြီး အောက်ဘက်ရှိ အံဆွဲကိုဆွဲဖွင့်ကာ လက်ဖက်ခြောက်အနည်းငယ်ကို ထုတ်ယူလိုက်၏။

ဤလက်ဖက်ခြောက်များမှာ သူ နှစ်ပေါင်းများစွာ မြတ်နိုးတန်ဖိုးထားခဲ့သော အရည်အသွေးမြင့် လက်ဖက်ခြောက်များဖြစ်ပြီး ပုံမှန်အားဖြင့် သူကိုယ်တိုင်ပင်မသောက်ရက်ချေ။

ဆရာချန်ကျင်းကျစ်သည် လက်ဖက်ရွက်များကို ဂရုတစိုက် ချိုးဖဲ့ကာ လက်ဖက်ရည်အိုးထဲသို့ထည့်ပြီး ရေနွေးပူပူဖြင့် နှပ်ထားလိုက်သည်။

ခဏအကြာတွင် မွှေးပျံ့သင်းကြိုင်လှသော လက်ဖက်ရည်ရနံ့က အခန်းတစ်ခန်းလုံး ပြန့်နှံ့သွားလေသည်။

လက်ဖက်ရည်နှပ်ပြီးနောက် ဆရာချန်ကျင်းကျစ်ကိုယ်တိုင် ဝူယွီလန်အတွက် တစ်ခွက်ငဲ့ပေးလိုက်ပြီး လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကမ်းပေးလိုက်၏။

“အဒေါ်၊ လက်ဖက်ရည်သုံးဆောင်ပါဦးခင်ဗျာ”

“စာသင်ကျောင်းကို အုတ်ကြွတ်နဲ့ အသစ်ဆောက်ဖို့ဆိုတာ နည်းတဲ့ငွေပမာဏ မဟုတ်ဘူးနော်”

ဆရာ ချန်ကျင်းကျစ်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ဝူယွီလန်သည် သူမ ရင်ခွင်ထဲမှ ငွေစက္ကူတစ်ရွက်ကို ဖြည်းညင်းစွာ ထုတ်ယူပြီး စားပွဲပေါ်သို့ ညင်သာစွာချပေးလိုက်သည်။

ဆရာချန်ကျင်းကျစ်၏ အကြည့်များက ငွေစက္ကူဆီသို့ ချက်ချင်း ရောက်ရှိသွား၏။

သူ သေချာကြည့်လိုက်သောအခါ ငွေစက္ကူပေါ်ရှိ ပမာဏမှာ ငွေချောင်းငါးဆယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားလေသည်။

ဝူယွီလန် ရယ်မောရင်း ပြောလိုက်၏။

“ဒီလောက်ဆို... လောက်ပြီလား”

ဆရာ ချန်ကျင်းကျစ်၏လည်ချောင်းများ တင်းကျပ်သွားလေသည်။

“လောက်... လောက်ပါတယ်”

“ဒါဆိုရင် ဆရာကြီး၊ ဆရာကြီးရဲ့ ကျောင်းက မိန်းကလေးကျောင်းသူတွေကိုရော လက်ခံပြီလား”

ဝူယွီလန် ချက်ချင်းဆက်မေးလိုက်သည်။

ဆရာ ချန်ကျင်းကျစ် ငရုတ်ကျည်ပွေ့ ထောင်းသကဲ့သို့ အလျင်အမြန် ဆက်တိုက်ခေါင်းညိတ်ပြလိုက်သည်။

“လက်ခံပါတယ်၊ လက်ခံပါတယ်၊ လက်ခံပါတယ်”

ဝူယွီလန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့်အလား သူ့သဘောထားမှာ အလွန်အမင်း တက်ကြွနေလေသည်။

“တခြားသူတွေကို လက်မခံရင်တောင် ခင်ဗျား မိသားစုအတွက်ကတော့ မိန်းကလေးတွေသာမက ဝက်တစ်ကောင်လာပို့ရင်တောင် ကျွန်တော် စာသင်ပေးပါ့မယ်”

ဆရာချန်ကျင်းကျစ်သည် သူ့ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်သည်။

သူ ဝါကြွားနေခြင်းမဟုတ်ပေ။ ဝူယွီလန် စာသင်ကျောင်းတစ်ကျောင်းလုံးကို လှူဒါန်းနေခြင်းဖြစ်ကြောင်း သိထားရမည်မဟုတ်ပါလား။

ဤမျှလောက် ကြီးကျယ်ခမ်းနားသော လှူဒါန်းမှုမျိုးမှာ သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သည့်အရာမဟုတ်ပေ။

ဝူယွီလန်သည် ဆရာချန်ကျင်းကျစ်၏ အဖြေကို အလွန်သဘောကျသွားပြီး နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်သွားကာ အပြုံးသဲ့သဲ့လေး ပေါ်လာလေသည်။

ထို့နောက် သူမသည် ငွေချောင်းငါးဆယ်တန် ငွေစက္ကူကို ငွေကြေးတစ်ခုမဟုတ်ဘဲ အရေးမပါသောစက္ကူတစ်ရွက်အလား ညင်သာစွာကမ်းပေးလိုက်သည်။

၎င်းကိုမြင်သောအခါ ဆရာ ချန်ကျင်းကျစ်မှာ ဝမ်းသာအားရ ဖြစ်သွားသော်လည်း အလျင်အမြန် လက်ကာပြလိုက်သေးသည်။

“အားနာစရာကြီးပါဗျာ၊ အားနာစရာကြီးပါ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ခံရဲပါ့မလဲ”

သို့သော် သူ့လက်များကမူ အလိုအလျောက်ဆန့်ထွက်သွားပြီး ငွေစက္ကူကို အလျင်အမြန် လှမ်းယူလိုက်လေ၏။

“အဒေါ်ဝူ၊ ခင်ဗျား တကယ့်ကို ရက်ရောလွန်းနေပါပြီ”

All Chapters