အခန်း (၂၇၀၇-၂၇၀၈)
Vol. 271 Ch. 2707-2708
အခန်း (၂၇၀၇) - သူတို့ကို တော်တော်လေး လွမ်းမိတယ်
ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် ပီတိဖြစ်သွားသည်။
သူ ရောက်လာချိန်ကတည်းက ဤကိစ္စသည် 'ယင်ယန် ဝိညာဉ်မျက်လုံး' နှင့် ပတ်သက်နေမည်ဟု ခန့်မှန်းထားပြီးသား ဖြစ်သည်။
အကယ်၍သာ ဤ 'မျက်လုံးကိုးပါး ပညာရပ်' ကိုသာ သူ ကျွမ်းကျင်အောင် လေ့လာနိုင်ခဲ့မည်ဆိုပါက မျက်လုံးကိုးမျိုးတွင် ခြောက်မျိုးအထိ သူ ပိုင်ဆိုင်သွားမည် ဖြစ်သည်။
ယခုဆိုလျှင် 'လေဟာနယ် ဖောက်ထွင်းမျက်လုံး' ၊ 'အသွင်ပြောင်း လေဟာနယ်မျက်လုံး' နှင့် 'ဧကရာဇ်မင်းမြတ်မျက်လုံး' တို့ သုံးမျိုးသာ လိုတော့သည်။
"အစောကြီး မပျော်ပါနဲ့ဦး၊ မင်း အမြန်ဆုံး စဉ်းစားဆုံးဖြတ်လိုက်။ ငါ မင်းကို သုံးရက်အချိန် ပေးမယ်။"
ဒွမ်ချင်းရှန်း၏ မျက်ဝန်းထဲတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ငါ့အမြင်အရဆိုရင်တော့ မင်း ဒီတစ်ခေါက် မသွားတာပဲ ကောင်းမယ်။"
ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။
"ဘိုးဘေးက ဟင်းလင်းပြင် ကွပ်မျက်သူတွေ အကြောင်းကို စိုးရိမ်နေတာလား။"
"အင်း။"
ဒွမ်ချင်းရှန်း ခေါင်းညိတ်ကာ လှောင်ပြုံးဖြင့် ပြောသည်။
"ချင်ဟော်ဆွေ့ ဆိုတဲ့ ခွေးမသားက ယင်ယန် ဝိညာဉ်မျက်လုံး ရှိတဲ့ အတွင်းကမ္ဘာ တားမြစ်နယ်မြေကို ငါတို့ စစ်ဆေးရေးဌာနဆီ ပေးအပ်လိုက်ပေမဲ့ အမှန်တကယ်တော့ အဲဒီနေရာကို သွားရောက် လေ့လာဖို့ဆိုတာ စစ်ဆေးရေးဌာနသက်သက်နဲ့ စီစဉ်လို့ မရဘူး။
အဲဒီအတွင်းမှာ မဟာမိတ်အဖွဲ့ထဲက အင်အားစုတွေနဲ့ အတူတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းတစ်ခုကို အရင်သဘောတူညီမှု ရယူရဦးမှာ။
ဒါကြောင့် ဒီပညာရပ်ကို လေ့လာခွင့်ရမယ့်သူတွေက စစ်ဆေးရေးဌာနက သူတော်စင်တွေတင် မဟုတ်ဘူး။
ဒါပေမဲ့ တခြားသူတွေကိုတော့ ထားလိုက်ပါ၊ အဓိကက ဟင်းလင်းပြင် ကွပ်မျက်သူတွေပဲ။
သူတို့က လူမိုက်ဂိုဏ်းလိုလူတွေ၊ ပြီးတော့ အတွင်းကမ္ဘာထဲကို အလွယ်တကူ တိုးဝင်နိုင်ကြတဲ့သူတွေဆိုတော့ တကယ်ကို ရင်ဆိုင်ရ ခက်ခဲတယ်။"
စကားစပ်မိရာမှ သူသည် ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်သည်။
"ရှူလုံ မဟာကောင်းကင်အရှင်သခင်က ငါ့ကို ဒီကိစ္စ ပြောပြတုန်းက မင်းက အတွင်းကမ္ဘာ တစ်ခုကို ပေါင်းစပ်ပြီးသား ဖြစ်နေတာကို ထည့်သွင်း စဉ်းစားထားတယ်။
ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ နည်းလမ်းတွေက မင်းဆီမှာတော့ အလုပ်မဖြစ်တော့ဘူး ဆိုတာကိုပေါ့။
ဒါပေမဲ့ ဟင်းလင်းပြင်အထပ် (၂၄) လွှာ ဆိုတာ သူတို့ရဲ့ ပိုင်နက်ပဲလေ။
ဒီတစ်ခေါက် ယင်ယန် ဝိညာဉ်မျက်လုံး ပေါ်ပေါက်လာမယ့် သတင်းက အဲဒီဘက်မှာ ပျံ့နှံ့နေပြီတဲ့။ ဒါက ဒီလောက်တောင် တိုက်ဆိုင်လွန်းနေတယ်လို့ မင်း မထင်ဘူးလား။"
ဖန့်ချန် စဉ်းစားဟန်ဖြင့် -
"ဒါဆိုရင် ဒီလူအိုကြီးက သတင်းကို တမင်သက်သက် ပေါက်ကြားသွားအောင် လုပ်လိုက်တာပေါ့"
"အဲဒီလိုမျိုး ဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ ငါတို့မှာ အထောက်အထား မရှိဘူး။
သူက အခုလို သတင်းပေါက်ကြားအောင် လုပ်လိုက်တာ ဘာရည်ရွယ်ချက်နဲ့လဲ။
မင်းကို ယင်ယန် ဝိညာဉ်မျက်လုံး လေ့လာခွင့် မရအောင် တားဆီးဖို့ပဲလေ။
မင်းက အခု ကောင်းကင်ငါးပါးအတွက် အရေးကြီးနေတဲ့သူ ဖြစ်နေလို့ပါ။ ငါ အခု ဒီကို ရောက်လာတာကလည်း ရှူလုံ မဟာကောင်းကင်အရှင်သခင်ရဲ့ အမိန့်ကို နာခံပြီး လာခဲ့တာပါ။
ဒါပေမဲ့ တခြား မဟာကောင်းကင်အရှင်သခင် အများစုကတော့ မင်းကို ဟင်းလင်းပြင်အထပ် (၂၄) လွှာ ဆီ သွားဖို့ သဘောမတူကြဘူး။"
စကားဆုံးသော် ဒွမ်ချင်းရှန်းသည် ခဏတာ တိတ်ဆိတ်သွားသည်။
"ငါ့စိတ်ထဲမှာလည်း မင်း ဒီလိုအန္တရာယ်မျိုးကို မကြုံစေချင်ဘူး။"
ဖန့်ချန်၏ စိတ်ထဲတွင် တွက်ချက်လိုက်သည်။
အကယ်၍ သတင်းကို ပေါက်ကြားအောင် လုပ်ခဲ့သူမှာ ချင်ဟော်ဆွေ့ ဖြစ်နေခဲ့လျှင်ပင် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မဟုတ်ဘဲ ယင်ယန် ဝိညာဉ်မျက်လုံးကို လေ့လာခွင့် မရအောင်သာ တားဆီးခြင်း ဖြစ်သည်။
တကယ်တမ်းသာ သူ့ကို တိုက်ခိုက်ချင်လျှင် သူ လေ့လာနေချိန်မှာ သတင်းပေါက်ကြားအောင် လုပ်လိုက်လျှင် ပိုပြီး ထိရောက်သည်။
ထိုသည်မှာလည်း သူ့၏ လက်ရှိ ရပ်တည်ချက်နှင့် ပတ်သက်နေပေမည်။
ချင်ဟော်ဆွေ့ပင်လျှင် သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်စေရန် မလုပ်ရဲတော့ပေ။
"ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့နဲ့ မျက်လုံးကိုးပါး ပညာရပ်ဆီ မရောက်အောင် တားဆီးဖို့ တော်တော်လေးကို ကြိုးစားထားတာပဲ။"
"ဒါပေမဲ့ ငါ့မှာ သားတစ်ယောက် ရှိသေးတယ်ဆိုတာကိုတော့ သူ မသိရှာဘူး။"
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်က အလေးအနက် ပြောလိုက်သည်။
"ဒွမ် ဘိုးဘေး၊ ဟင်းလင်းပြင်အထပ် (၂၄) လွှာ ကို သွားပြီး လေ့လာတာကလွဲရင် အဲဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေကို ဒီဘက်ကို ရွှေ့လာလို့ မရဘူးလား။"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဒွမ်ချင်းရှန်း အံ့အားသင့်သွားသည်။
"အဲဒါက ယင်လောက အောက်က မြေပြင်မျိုး၊ မဟာကောင်းကင်အရှင်သခင်တွေတောင် ဘာမှလုပ်လို့ မရဘူး။"
"ဒါဆိုရင်တော့ ငါ သွားမှကို ဖြစ်မယ်။ ဘယ်လိုပဲပြောပြော ဒါက မျက်လုံးကိုးပါး ပညာရပ်လေ။ အခု ငါ့မှာ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး နဲ့ နီရဲသော ကပ်ဘေးဝိဇ္ဇာ မျက်လုံး ရှိနေပြီ၊ ဒီ ယင်ယန် ဝိညာဉ်မျက်လုံး ကိုပါ ရသွားရင် မျက်လုံးပညာရပ် သုံးမျိုး ပြည့်သွားပြီ။"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ အပြည့်။
"ဒီအခွင့်အရေးကို လက်လွှတ်မခံချင်ဘူး။ အခုချိန်မှာဆိုရင် ရေနောက်ငါးဖမ်း (အခြေအနေကို အခွင့်ကောင်းယူ) လုပ်လို့ ရသေးတယ်။ နောက်ကျသွားရင်တော့ သူတို့က ငါ့ကို ပိုပြီး ပစ်မှတ်ထားလာလိမ့်မယ်။"
"..."
ဒွမ်ချင်းရှန်း ခါးသီးစွာ ပြုံးလိုက်သည်။
"အကြီးကဲ ကြီးက မင်း အဲဒီနေရာကို သေချာပေါက် သွားလိမ့်မယ်လို့ ပြောတာ မမှားဘူး၊ သူက မင်းကို တကယ်ပဲ ကောင်းကောင်း နားလည်တာပဲ။"
"ရှူလုံ အကြီးအကဲက ဒွမ် ဘိုးဘေးကို ဒီကို လွှတ်လိုက်တယ်ဆိုကတည်းက သူလည်း ကျွန်တော်သွားတာကိုပဲ လိုလားနေတာပါ။"
"ဒီလောက် အသေးအဖွဲ အနှောင့်အယှက်တွေကြောင့် ကြောက်ပြီး မလေ့လာရဲဘူး ဆိုရင်တော့ သူလည်း စိတ်ပျက်သွားမှာပဲ။"
ဖန့်ချန်သည် ဟင်းလင်းပြင်ဘက်သို့ ဦးတည်ကာ လက်ဆုပ် အရိုအသေ ပေးလိုက်သည်။
သူ လက်ဆုပ် အရိုအသေပေးသည့် ဦးတည်ချက်မှာ အလွန်ပင် တိကျနေပုံရသည်။
ဟင်းလင်းပြင်ထဲတွင် ဖန့်ချန်ကို စောင့်ကြည့်နေသည့် ရှူလုံ မဟာကောင်းကင်အရှင်သခင်မှာ အနည်းငယ် တုန်လှုပ်သွားပြီး သတိလစ်ဟင်းစွာပင် အတွင်းကမ္ဘာကို မောင်းနှင်ကာ လေဟာနယ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်။
သို့သော် ခဏအကြာတွင် သူကိုယ်သူ လှောင်ပြုံး ပြုံးလိုက်သည်။ သူက သူ့ကို မြင်နိုင်စရာ အကြောင်းမရှိပေ။
"ဒီကောင်လေးကတော့ ငါ့စိတ်ကြိုက် ပုံစံပဲ၊ အခွင့်အရေး ရတာနဲ့ လက်မလွှတ်ဘူး၊ တကယ့်ကို သတ္တိခဲလေး။"
ရှူလုံ မဟာကောင်းကင်အရှင်သခင် ပြုံးလိုက်သည်။
သူ၏ နောက်တွင် အရိပ် သုံးခု ရပ်နေသည်။ တစ်ဦးက အေးဆေးစွာ ပြောသည်။
"အကြီးကဲ သူ ဟင်းလင်းပြင် (၂၄) လွှာ မှာ အန္တရာယ် ကြုံရမှာကို မစိုးရိမ်ဘူးလား"
"စိုးရိမ်တာပေါ့၊ ဒါပေမဲ့ ဒါက သူတော်စင်တစ်ယောက် ကြီးပြင်းလာဖို့အတွက် မလွဲမသွေ ဖြတ်သန်းရမယ့် လမ်းကြောင်းပဲ။"
ရှူလုံ မဟာကောင်းကင်အရှင်သခင်က အေးဆေး ပြောသည်။
"မင်းတို့ သုံးယောက်ထဲမှာ ဘယ်သူက ငါ့ထက် ပိုသာတဲ့ နောက်ခံ ရှိလို့လဲ၊ ဘယ်သူက ငါ့ထက် ပိုပြီး အရင်းအမြစ်တွေ ရခဲ့လို့လဲ ဘာလို့ ငါက အရာရှိအကြီးကဲ ဖြစ်ပြီး မင်းတို့က မဖြစ်တာလဲ "
ထိုသုံးယောက်မှာ အချင်းချင်း ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။
"ကောင်းကင်ငါးပါးထဲက မဟာကောင်းကင်အရှင်သခင်တွေထဲမှာ ဘယ်သူမှ လူကြီးတွေရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ကြီးပြင်းလာပြီး အောင်မြင်ခဲ့တာ မဟုတ်ဘူး။"
"ယင်ယန် ဝိညာဉ်မျက်လုံးဆိုတာ မျက်လုံးကိုးပါး ပညာရပ်ပဲ။ သူက ဒီပညာရပ်ကို လေ့လာချင်ရင် သူ ခံယူရမယ့် အန္တရာယ်တွေကို ပခုံးပြောင်း တာဝန်ယူမှ ဖြစ်မယ်။"
"ဒါပေမဲ့ အန္တရာယ် မရှိတာလည်း ဖြစ်နိုင်တယ်လေ၊ အဲဒီပုဂ္ဂိုလ်က သူ့ကို တော်တော်လေး စောင့်ရှောက်နေပုံ ပေါက်နေလို့..."
တစ်ဦးက တိုးတိုးလေး ပြောသည်။
ရှူလုံ မဟာကောင်းကင်အရှင်သခင်က မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ မပြောတော့ပေ။
...
...
"ဒါဆို မင်း သွားတော့မယ်ဆိုတာ သေချာပြီပေါ့ "
ဒွမ်ချင်းရှန်း မျက်မှောင်ကြုတ်သည်။
"ဒွမ် ဘိုးဘေး၊ သွားဖို့ သေချာပါတယ်။"
ဖန့်ချန်က ပြောသည်။
"ကောင်းပြီ၊ ဒါဆို ငါနဲ့ လိုက်ခဲ့ပါ။ အရင်ဆုံး တခြားလူတွေနဲ့ သွားတွေ့မယ်၊ ပြီးမှ အတူတူ သွားကြမယ်။"
ဒွမ်ချင်းရှန်းက ပြောသည်။
တခြားလူတွေလား ဖန့်ချန် စိတ်ဝင်စားသွားသည်။ သူ ဒွမ်ချင်းရှန်း၏ အတွင်းကမ္ဘာထဲသို့ လိုက်သွားကာ စတင် ခရီးနှင်ပြီးနောက်မှ မေးလိုက်သည်။
"ဒွမ် ဘိုးဘေး၊ ကျန်တဲ့ လူတွေက ဘယ်သူတွေလဲ "
"ဒီတစ်ခေါက် ယင်ယန် ဝိညာဉ်မျက်လုံးကို သွားလေ့လာဖို့ စီစဉ်ထားတဲ့သူတွေထဲမှာ ကျန်းထန်းဝမ်ခန်းမ က ငါးယောက်လည်း ပါဝင်တယ်။"
"သူတို့က အတွင်းကမ္ဘာ တစ်ခုကို ပေါင်းစပ်ပြီးသား ဖြစ်လို့ ဟင်းလင်းပြင် ကွပ်မျက်သူတွေကို အဲဒီလောက် ကြောက်နေစရာ မလိုတော့ဘူး။ အဲဒီလို နေရာမျိုးကို သွားဖို့ဆိုတာ အတွင်းကမ္ဘာ တစ်ခု ပေါင်းစပ်ထားတာက မဖြစ်မနေ လိုအပ်တဲ့ စံနှုန်းပဲ။ စံနှုန်း မပြည့်မီရင် သွားခွင့် မပေးဘူး။"
ဒွမ်ချင်းရှန်းက ပြောသည်။
"ကျန်းထန်းဝမ် ခန်းမက ငါးယောက်လား ဆွေ့ဟွမ်ရွှီ လာတာကို နားလည်နိုင်ပေမဲ့ ကျန်တဲ့ လေးယောက်က ဘာကြောင့် လိုက်လာတာလဲ "
"ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေက ကျွန်တော် ချင်းမင် က မဟုတ်ဘူးလား "
"သူတော်စင်ဧကရာဇ် စီမံကိန်းက မရှိတော့ဘူးလေ၊ အရင်းအမြစ်တွေကို အခုထိ မျှဝေသုံးစွဲနေတာလား"
ဖန့်ချန် မျက်မှောင်ကြုတ်သည်။
"သူတော်စင်ဧကရာဇ် စီမံကိန်းက မရှိတော့ပေမဲ့ မင်း သူတို့ဘက်က ပညာရပ်တွေကို မလေ့လာချင်ဘူးလား "
ဒွမ်ချင်းရှန်း၏ အမူအရာမှာ ထူးဆန်းနေသည်။
"ငါတို့ အခုထိ အတိုင်းအတာ တစ်ခုအထိတော့ ပူးပေါင်းဆောင်ရွက်နေကြတုန်းပဲ။ အဲဒီထဲမှာ 'သူတော်စင် ဘိုးဘေး စီမံကိန်း' လည်း ပါတယ်၊ မင်းက အဲဒီစီမံကိန်းရဲ့ အဓိကပဲ။ အချိန်တန်ရင် သူတို့ဘက်က အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကလည်း မင်းအတွက် ဖွင့်ပေးမှာပါ။"
"ဒါဆိုရင်တော့ ငါးယောက်လုံး သွားသင့်ပါတယ်။"
ဖန့်ချန် ခေါင်းညိတ်သည်။
"ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုပါဘူး။ ပြီးတော့ သူတို့ကို မတွေ့တာ ကြာပြီ၊ သူတို့ကို တော်တော်လေး လွမ်းမိတယ်။"
ခဏ တိတ်ဆိတ်သွားပြီးနောက် -
"ဒါပေမဲ့ တကယ်တမ်း အတွင်းကမ္ဘာ တားမြစ်နယ်မြေထဲ ရောက်သွားရင် သူတို့က ကမ္ဘာတည်ဆောက်ခြင်း အဆင့် တွေ၊ ကျွန်တော် အသက်စွမ်းအင် အဆင့်ပဲရှိသေးတာ၊ သူတို့က ကျွန်တော်ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ "
"စိတ်ချပါ။ ငါတို့ အဲဒီနေရာကို သွားရောက် စစ်ဆေးပြီးပြီ။ အဲဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေကို ယင်ယန် လို့ ခေါ်တယ်။"
"ကောင်းကင်နိမိတ် ၊ အထွတ်ထိတ်တာအို၊ ကောင်းကင်အရှင်သခင် တွေ ဝင်ခွင့်မရှိဘူး။ ကမ္ဘာငယ် နဲ့ ကမ္ဘာကြီး အဆင့်တွေ ဝင်သွားရင်လည်း ကျင့်ကြံမှု အဆင့်က အလွန်နိမ့်တဲ့ အခြေအနေအထိ ဖိနှိပ်ခံရလိမ့်မယ်။"
"ပြောရရင်... သာမန်လူသားတွေနဲ့ ဘာမှ မထူးခြားတော့ဘူး။"
ဒွမ်ချင်းရှန်း စဉ်းစားဟန်ဖြင့် ပြောသည်။
"ငါတို့ သူတို့ကိုလည်း ကြိုတင် သတိပေးထားမယ်။"
"တကယ်လို့ သူတို့ကသာ မင်းကို တိုက်ခိုက်ဖို့ ကြိုးစားရင် မင်း ပြေးလိုက်ပေါ့။ သာမန်လူ ငါးယောက်လောက်က မင်းကို သတ်နိုင်မှာတဲ့လား "
"ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း သာမန်လူပဲ မဟုတ်လား။"
ဖန့်ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။ သို့သော် သူ စိတ်အေးသွားသည်။
အားလုံးက သာမန်လူ ဖြစ်သွားပြီဆိုရင် သူတို့ငါးယောက်က သူ့ရှေ့မှာ ဘာမှ မဟုတ်တော့ပေ။
သူ့ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ထိုငါးယောက်က ကြုံတွေ့ဖူးလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။
အခန်း (၂၇၀၈) - အဖေ ရောက်လာပြ
ရက်အနည်းငယ် ကြာပြီးနောက် ဒွမ်ချင်းရှန်းသည် ဖန့်ချန်ကို ခေါ်ဆောင်ကာ အကြီးကဲငါးပါးသီးသီး သွားရောက်လိုက်သည်။
အချင်းချင်း လွှဲပြောင်းပေးအပ်သည့်အချိန်တွင် သူတို့ဘက်မှ လိုက်ပါလာသည့် မဟာကောင်းကင်အရှင်သခင်မှာလည်း ဒွမ်ချင်းရှန်းနှင့် အဆင့်အတန်းချင်း တူညီပုံရပြီး အတွင်းကမ္ဘာမှာလည်း အလွန်ပင် ခမ်းနားကြီးကျယ်လှသည်။
ထိုလူငါးယောက်သည် ဖန့်ချန်ကို မြင်လိုက်ရသည့်အခါ အံ့အားမသင့်ကြသလို၊ တစ်ဖက်တွင်လည်း အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။
စီကုကျိ က အေးစက်စက် လှောင်ပြုံးဖြင့် -
"ဖန့် သူတော်စင်ဘိုးဘေး၊ မင်းက ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ ပိုင်နက်ထဲကို သွားမှာဆိုတော့ အန္တရာယ် ဖြစ်မှာ မကြောက်ဘူးလား "
"ဘာအန္တရာယ် ဖြစ်ရမှာလဲ အခုဆိုရင် လူတိုင်းက တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့သူတွေပဲလေ။"
ဖန့်ချန်က ပြုံးလျက် -
"သေရင်လည်း အတူတူသေကြတာပေါ့။"
"..."
အကြီးကဲငါးပါး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖန့်ချန်ကို ထပ်မံ ဂရုမစိုက်တော့ပေ။
မကြာမီမှာပင် ဒွမ်ချင်းရှန်းသည် ရှူလုံ မဟာကောင်းကင်အရှင်သခင်နှင့် လွှဲပြောင်းမှုများကို အဆုံးသတ်လိုက်သည်။
"ဒီတစ်ခေါက် သွားရမယ့် အတွင်းကမ္ဘာ တားမြစ်နယ်မြေက ဟင်းလင်းပြင်အထပ် (၂၄) လွှာမှာ ရှိတယ်။ ငါတို့ စုံစမ်းသိရှိရတဲ့ သတင်းအရ ဟင်းလင်းပြင် ကွပ်မျက်သူတွေက ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေ ရှိနေမှန်း သိရှိသွားကြပြီ။"
"ဒီထဲမှာ ရှိနေတဲ့ အန္တရာယ်တွေကို မင်းတို့ ခြောက်ယောက်လုံး သိကြမှာပါ၊ ဟုတ်တယ်မလား "
ရှူလုံ မဟာကောင်းကင်အရှင်သခင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်လျက် အေးဆေးစွာ ပြောသည်။
"ရှူလုံ မဟာကောင်းကင်အရှင်သခင်၊ ကျွန်တော်တို့ မလာခင်ကတည်းက အန္တရာယ်တွေကို သိရှိထားပြီးသားပါ။"
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက မျက်လုံးကိုးပါး ပညာရပ်ထဲက တစ်မျိုးပဲ။ 'ယင်ယန် ဝိညာဉ်မျက်လုံး' အတွက်ဆိုရင်တော့ အန္တရာယ် အနည်းငယ် စွန့်စားရတာကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။"
ရှန်တူရှင်း က လေးနက်စွာ ပြောသည်။
ကျန်ရှိသည့် လေးယောက်ကလည်း နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြကြသည်။
ရှူလုံ မဟာကောင်းကင်အရှင်သခင်သည် ထပ်မံ၍ ဘာမျှ မပြောတော့ဘဲ ချက်ချင်းပင် အတွင်းကမ္ဘာကို မောင်းနှင်ကာ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာများဆီသို့ တိုးဝင်သွားသည်။
သာမန် မဟာကောင်းကင်အရှင်သခင်တို့အတွက် အလွန်ခက်ခဲသော ခရီးလမ်းမှာ သူ၏အတွက်မူ အလွန်ပင် လွယ်ကူလှသည်။
ဖန့်ချန်တို့မှာ ဘာမျှပင် မခံစားလိုက်ရဘဲ ရှူလုံ မဟာကောင်းကင်အရှင်သခင်၏ ပေါ့ပေါ့ပါးပါး စကားသံကိုသာ ကြားလိုက်ရသည်။
"ရောက်ပြီ။ ဒီနေရာက ချင်းမင် ယင်လောကရဲ့ ယင်စစ်သည်ဌာန ပဲ။ မင်းတို့ ဒီတစ်ခေါက် သွားမှာက ခန္ဓာကိုယ်နဲ့ ယင်လောကကို ဝင်ရောက်ခြင်း ဖြစ်လို့၊ အချိန်တန်ရင် ငါတို့က ဒီမှာ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ် ကို စီစဉ်ပေးထားမယ်။"
"တကယ်လို့ အထပ် (၂၄) လွှာမှာ ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရရင်တောင် ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်က မင်းတို့ကို ဒီနေရာဆီ ပြန်ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်။"
ဖန့်ချန်သည် ယခင်က ဌာနချုပ် တားမြစ်နယ်မြေ သို့ ဖမ်းဆီးခေါ်ယူခြင်း ပညာရပ် ကို လေ့လာရန် သွားခဲ့စဉ်က အကြောင်းကို ချက်ချင်း သတိရသွားသည်။
ထိုစဉ်က ဆွေ့ထျန်းဟွမ် တို့မှာလည်း ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားသဖြင့် ဟင်းလင်းပြင် ကွပ်မျက်သူတို့၏ ဝိုင်းရံတိုက်ခိုက်မှုမှ အလွယ်တကူ လွတ်မြောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
"ငါ့ရဲ့ လက်ရှိဘဝကလည်း အရင်ကထက်စာရင် အများကြီး သက်သာသွားပြီပဲ။"
ဖန့်ချန်၏ စိတ်ထဲတွင် ခံစားချက်တို့ တဖွားဖွား ပေါ်လာသည်။
စီကုကျိတို့နှင့်အတူ ရှူလုံ မဟာကောင်းကင်အရှင်သခင်နောက်မှ လိုက်၍ အတွင်းကမ္ဘာ တံခါးပေါက်မှ ထွက်လာခဲ့သည်။ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ မီးခိုးရောင် သမ်းနေသည့် မြင်ကွင်းတစ်ခုပင်။
ထိုနေရာရှိ ဗိသုကာလက်ရာများမှာ အလွန်ပင် ခမ်းနားလှသော်လည်း အရောင်အသွေး ကင်းမဲ့နေသယောင် ရှိကာ စိတ်ကို ဖိစီးစေသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
"ရှူလုံ၊ မင်း တကယ်ပဲ ဒီကောင်လေးကို ခေါ်လာတာလား ဒီလိုလုပ်ရပ်က ငါတို့ ဝိညာဉ်မျိုးနွယ်စု ကိုပါ ပြဿနာ ရှာသလို ဖြစ်မနေဘူးလား "
ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ လျှောက်လာသည်။ သူသည် ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လျက် -
"ငါကြားထားတဲ့ သတင်းအရဆိုရင် အထက်ပိုင်းက မဟာကောင်းကင်အရှင်သခင် အများစုက သူ့ကို လာခွင့်မပြုဘူး။"
"မင်းက ကိုယ့်သဘောနဲ့ကိုယ် အတင်းလုပ်နေတာ၊ သူ တစ်ခုခု ဖြစ်သွားမှာ တကယ်ပဲ မကြောက်ဘူးလား"
ရှူလုံ မဟာကောင်းကင်အရှင်သခင်က ပြုံးလျက် -
"ကြောက်စရာ ဘာမှမရှိပါဘူး။ သူက ဒီကို လာရဲတယ်ဆိုကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလို့ပဲ။ ကြားထဲမှာ မတော်တဆ တစ်ခုခု ဖြစ်သွားရင်တောင် သူက ဘူလောကဘုံကို အသက်အန္တရာယ် မရှိဘဲ ပြန်သွားနိုင်ပါတယ်။"
"မင်းရဲ့ သတ္တိကတော့ တကယ်ကောင်းပဲ။"
တစ်ဖက်လူက ရယ်မောလိုက်ပြီးနောက် အကြီးကဲ ငါးပါးတို့ကို တစ်ချက် ကြည့်လိုက်သည်။
အကြီးကဲ ငါးပါး တို့မှာ သူတို့နှင့် စကားပြောရန် ပြင်ဆင်နေသည်ဟု ထင်မှတ်ကာ အဆင်သင့် ဖြစ်နေကြသော်လည်း တစ်ဖက်လူမှာ ဘာမျှ ဆက်မပြောတော့ပေ။
"သူက ဖန့်ချန် အန္တရာယ် ဖြစ်မှာကိုပဲ ကြောက်တာလား၊ ငါတို့ အန္တရာယ် ဖြစ်မှာကျတော့ မကြောက်ဘူးလား "
အကြီးကဲငါးပါးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာပျက်သွားကြသည်။
"မင်းတို့ကို မိတ်ဆက်ပေးမယ်။ သူကတော့ ချင်းမင် ယင်လောကရဲ့ ယင်စစ်သည်ဌာန အကြီးအကဲ၊ ပိုင်ဇီယုရှန်း ပဲ။"
"သူ့ကို ပိုင်ဇီ အကြီးအကဲ လို့ ခေါ်ရင် ရပြီ။"
ရှူလုံ မဟာကောင်းကင်အရှင်သခင်က ပြောသည်။
"ပိုင်ဇီ အကြီးအကဲကို နှုတ်ဆက်ပါတယ်။"
အကြီးကဲငါးပါးက ပေါ့ပေါ့တန်တန် လက်ဆုပ် အရိုအသေ ပေးကြသည်။
ဖန့်ချန် တစ်ယောက်သာ ရိုရိုသေသေ အရိုအသေ ပေးသည်။
ပိုင်ဇီယုရှန်း က ဖန့်ချန်ကို ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။
"မင်းကတော့ တော်သားပဲ။ မကြာသေးခင်က ချင်းမင် ယင်လောကမှာ မင်းအကြောင်း ပြောဆိုနေကြတဲ့အသံတွေ အတော်လေး များနေတယ်။ အားရင် ဒီကို လာလည်ဦးလေ။"
"သေသွားရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ အဲဒီအခါကျရင် မင်းရဲ့ ဝိညာဉ်အတွက် လမ်းပြပေးမယ့်သူအဖြစ် ငါ လာခဲ့မယ်။ ပြီးရင် ငါတို့ ပိုင်ဇီ မျိုးနွယ်စုထဲ ဝင်လာခဲ့လိုက်။"
"..."
ဖန့်ချန်၏ မျက်နှာပေါ်တွင် အတင်းအကျပ် ပြုံးစစ ဖြစ်သွားသည်။
"ကျွန်တော် အဲဒီလောက် မြန်မြန်ကြီး မသေချင်သေးပါဘူး အကြီးအကဲ။"
ပိုင်ဇီယုရှန်း က ရယ်မောလိုက်ပြီးနောက် ဆက်မပြောတော့ဘဲ သူတို့နောက်မှ လိုက်လာရန် အချက်ပြလိုက်သည်။
ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ဝိညာဉ်မျိုးနွယ်စု အစုအဝေးတစ်ခုက စောင့်ဆိုင်းနေကြသည်။ သူတို့၏ ကျင့်ကြံမှု အရှိန်အဝါများမှာလည်း အလွန်ပင် မြင့်မားသည်။
"ပိုင်ဇီ အကြီးအကဲ၊ အားလုံး အဆင်သင့် ဖြစ်ပါပြီ။"
ဝိညာဉ်မျိုးနွယ်စု အသက်အရွယ်ကြီးသူတစ်ဦးက ရှေ့သို့တိုးလာပြီး လက်ဆုပ် အရိုအသေ ပေးသည်။
ပိုင်ဇီယုရှန်း ခေါင်းညိတ်သည်။
"မင်းတို့ အားလုံး အပြင်ထွက်သွားကြပါ။ ဒီတစ်ခေါက်က ငါနဲ့ ရှူလုံတို့ အတူတူ စောင့်ကြည့်မယ်။"
"ဟုတ်ကဲ့။"
ဝိညာဉ်မျိုးနွယ်စုသားတို့မှာ အသီးသီး ထွက်ခွာသွားကြသည်။ ဖန့်ချန်မှာ ဤနေရာတွင် အခင်းဖျာ ခြောက်ခု ရှိသည်ကို သတိပြုမိလိုက်သည်။ အခင်းတစ်ခုစီ၏ နောက်တွင် အမွှေးတိုင်အိုး တစ်ခုစီရှိပြီး ၎င်းအပေါ်တွင် မင်ရည်ကဲ့သို့ နက်မှောင်သော အမွှေးတိုင်ရှည်များမှာ သုံးပေခန့်ပင် ရှည်လျားသည်။
"ဒီ ဝိညာဉ်ပြန်ခေါ်ခြင်း ပညာရပ်ရဲ့ အလုပ်လုပ်ပုံက ဒီအမွှေးတိုင်နဲ့ အများကြီး ပတ်သက်နေတာပဲ။"
"ဒီအမွှေးတိုင်ကို 'ဝိညာဉ်ပြန်ခေါ်တဲ့ အမွှေးတိုင်' လို့ ခေါ်တယ်။ မီးညှိလိုက်တာနဲ့ မင်းတို့နဲ့ အဆက်အသွယ် ရသွားလိမ့်မယ်။ အမွှေးတိုင် မကုန်ခင်အထိ မင်းတို့က စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ဒီနေရာဆီ ချက်ချင်း ပြန်ရောက်လာနိုင်တယ်။"
"ဒီအမွှေးတိုင် ခြောက်တိုင်က ငါ့ရဲ့ ယင်စစ်သည်ဌာနမှာ ရှိတဲ့ အကောင်းဆုံးတွေပဲ။ မီးညှိလိုက်တဲ့အချိန်ကနေ ကုန်ဆုံးတဲ့အချိန်အထိ နှစ်ပေါင်း သုံးရာအထိ ခံတယ်။"
"ဒါကြောင့် မင်းတို့က နှစ်ပေါင်း သုံးရာအတွင်း ပြန်ရောက်လာရမယ်။ မဟုတ်ရင်တော့ ကိုယ့်ဘာသာကိုယ် ပြန်ပြေးလာရလိမ့်မယ်၊ အဲဒီလို လုပ်နိုင်စွမ်း ရှိမရှိတော့ ငါ မသိဘူးနော်။"
ပိုင်ဇီယုရှန်း က ပြုံးလျက် ပြောသည်။
"ဆွေ့ထျန်းဟွမ် တို့က အဲဒီတုန်းက ဒါကို အသုံးပြုပြီး (၁၈) ထပ် ယင်လောကဆီ အလွယ်တကူ ပြန်ရောက်ခဲ့တာပဲ။"
ဖန့်ချန် စိတ်ထဲတွင် တအံ့တဩ ဖြစ်မိသည်။
"အခု မင်းတို့မှာ နောက်ဆုံး အခွင့်အရေး ရှိသေးတယ်။ သွားမလား၊ မသွားဘူးလားဆိုတာ ရွေးချယ်နိုင်တယ်။"
ပိုင်ဇီယုရှန်း ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်သည်။
"ကျွန်တော်တို့ သွားမယ်။"
စီကုကျိ စကားပြောပြီးသည်နှင့် ချက်ချင်းပင် ဖျာခင်းပေါ်တွင် ထိုင်လိုက်သည်။ ပိုင်ဇီယုရှန်း မှာမူ ဘာမျှ တုံ့ပြန်မှု မရှိသေးဘဲ ဖန့်ချန်ကိုသာ ဆက်ကြည့်နေသည်။
ဖန့်ချန်လည်း ထိုအခြေအနေကို မြင်သော် ဖျာခင်းတစ်ခုကို ရွေးချယ်၍ ထိုင်လိုက်သည်။
ပိုင်ဇီယုရှန်း နှင့် ရှူလုံ မဟာကောင်းကင်အရှင်သခင်တို့ အချင်းချင်း ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ မင်းတို့ရဲ့ ကံကြမ္မာပဲ၊ 'ယင်ယန် ဝိညာဉ်မျက်လုံး' ကို ရနိုင်မလားဆိုတာ မင်းတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တော့တယ်။"
"စိတ်ကို တည်ငြိမ်အောင် ထားပါ။"
ဖန့်ချန်သည် ယင်လောက ခရီး နှင့် ပတ်သက်ပြီး အစိမ်းသက်သက် မဟုတ်သော်လည်း ယခင်ကတည်းက ခန္ဓာကိုယ်ဖြင့်သာ သွားခဲ့ဖူးသည်။ ဤတစ်ခေါက်မှာမူ ဝိညာဉ်ဖြင့် သွားရမည်ဖြစ်သဖြင့် အနည်းငယ် စိုးရိမ်စိတ် ရှိနေသည်။
"မီးညှိ"
အမွှေးတိုင် ခြောက်တိုင်မှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး မီးခိုးငွေ့များမှာ ဖန့်ချန်တို့၏ ခန္ဓာကိုယ်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။
"လှည့်လည် ဝိညာဉ် "
တည်ကြည်လေးနက်သည့် အသံတစ်ခု ပေါ်ထွက်လာပြီးနောက် ဖန့်ချန်မှာ ခဏတာ မူးဝေသွားကာ သူ၏ ခန္ဓာကိုယ်အနောက်ဘက်တွင် ရပ်တည်နေသည်ကို တွေ့လိုက်ရသည်။ သူနှင့် ဝိညာဉ်ပြန်ခေါ်တဲ့ အမွှေးတိုင်တို့ကြားတွင် ထူးခြားသည့် ဆက်သွယ်မှုတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။
အကြီးကဲငါးပါး တို့မှာလည်း အလားတူပင်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ 'ယင်ယန် ဝိညာဉ်မျက်လုံး' မှာ သူတို့၏ လက်ထဲတွင် ရှိနေသယောင် ဖြစ်နေသည်။
"ရှူလုံ၊ မင်း ဒီမှာပဲ စောင့်နေပါ။ ငါ သူတို့ကို ယင်ယန် တားမြစ်နယ်မြေ ဆီ ခေါ်သွားလိုက်မယ်။"
ပိုင်ဇီယုရှန်း က ပြောသည်။
ရှူလုံ မဟာကောင်းကင်အရှင်သခင် ခေါင်းညိတ်သည်။
"မြန်မြန် သွား၊ မြန်မြန် ပြန်ခဲ့ပါ။ အကြာကြီး မနေနဲ့၊ (၃၆) ထပ်က လူအိုကြီးသာ မင်းကို ဖမ်းမိသွားရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။"
"စိတ်ချ၊ ငါ သိပါတယ်။"
စကားပြောနေစဉ်အတွင်း ပိုင်ဇီယုရှန်း သည် ဖန့်ချန်တို့ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ခန်းမကြီးထဲမှ ပျောက်ကွယ်သွားသည်။
(၃၆) ထပ်က လူအိုကြီးလား
ဖန့်ချန်သည် ဖန့်ပင်းအန်း ပြောခဲ့သည့် တွမ်မူဦးလေး အကြောင်းကို ချက်ချင်း သတိရသွားသည်။ ထိုလူကြီးမှာ (၃၆) ထပ်က လူအိုကြီး ဖြစ်ပုံရသည်။
... ...
(၃၆) ထပ် ဟင်းလင်းပြင်။
ပုံစံအမျိုးမျိုးရှိသည့် ဟင်းလင်းပြင် ကွပ်မျက်သူများမှာ စနစ်တကျ ရပ်တည်နေကြသည်။ အကယ်၍ သာမန် ဟင်းလင်းပြင် ကွပ်မျက်သူသာ ရှိနေပါက ထိုနေရာတွင် ရှိနေသူတို့မှာ အရေးပါသူကြီးများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည် ဖြစ်သည်။
မလှမ်းမကမ်းတွင် ထူးခြားသည့် မြင်ကွင်းတစ်ခု ရှိနေသည်။ အဆုံးစွန်သော အနက်ရောင် ရေအိုင်တစ်ခုကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ဆူပွက်နေသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိ၊ အနက်ရောင် ရေအိုင်မှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။
ဆက်လက်၍ အရိပ်တစ်ခု ပေါ်ထွက်လာပြီး အနက်ရောင် ရေအိုင်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားရာ နောက်ဆုံးတွင် တစ်စက်မျှ မကျန်ရှိတော့ပေ။
ဟင်းလင်းပြင် ကွပ်မျက်သူတို့က ထိုမြင်ကွင်းကို မြင်သော် ပြုံးလျက် ဂုဏ်ပြုကြသည်။"ဟွာကျိဇိုင်း အသံတမန်ကနေ ဟွာကျိဇိုင်း ဘုရင်အဖြစ် ရာထူးတိုးမြှင့်ခြင်းအတွက် ဂုဏ်ယူပါတယ်"
ဖန့်ပင်းအန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါကို ခံစားရင်း အလွန်ပင် ကျေနပ်နေသည်။
ထို့နောက် သူ၏ အမူအရာ ပြောင်းလဲသွားသည်။
"အဖေ ရောက်လာပြီ"
"ဓားအစ်မ ရော ရှိမလား မသိဘူး။"