← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

အပိုင်း(၃၆၇)

နတ်စံအိမ်တော် အတွင်း၌ ကျန်းလျိုနှင့် အခြားသူများ စောင့်ဆိုင်းနေကြပြီး နာရီဝက်ခန့် အကြာတွင် စွန်းဝူခုန်းသည် နတ်စံအိမ်တော်ဆီသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့လေသည်။

"အခြေအနေ ဘယ်လိုလဲ ဝူခုန်း... အားလုံး စုံစမ်းလို့ ရခဲ့ပြီလား..."

စွန်းဝူခုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ ကျန်းလျိုက မေးလိုက်လေသည်။

"ဆရာတော်... အားလုံး စုံစမ်းပြီးပါပြီ... ဖျင်တင့်တောင်မှာ မိစ္ဆာအသစ် နှစ်ကောင် ရောက်နေတာ အမှန်ပါပဲ… ပြီးတော့ သူတို့နှစ်ကောင် အပြင် မွေးစားဖခင် တစ်ယောက်လည်း ရှိသေးတယ်..."

စွန်းဝူခုန်းက သူ စုံစမ်းလာခဲ့သော အခြေအနေများကို အကျဉ်းချုံး၍ ပြန်လည်ပြောပြလိုက်လေသည်။

"မွေးစားဖခင် ဟုတ်လား...”

ဤစကားကို ကြားသောအခါ ကျန်းလျိုမှာ မှင်တက်သွားခဲ့လေသည်။

မူရင်းဇာတ်လမ်းတွင် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့၏ ဂူတွင် နေထိုင်သော ခေါင်းကိုင်မိခင် တစ်ဦးသာ ရှိခဲ့သည်ကို သူ မှတ်မိနေလေသည်။ အခု ဘယ်လိုလုပ်ပြီး မွေးစားဖခင် တစ်ယောက် ရုတ်တရက် ထွက်လာရသနည်း။

"ဘာဖြစ်လို့လဲ ဆရာတော်... ဆရာတော်က ဒီမိစ္ဆာနှစ်ကောင်ကို သိနေလို့လား..."

ကျန်းလျို၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေမှုကို မြင်သောအခါ စွန်းဝူခုန်းက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သူတို့အကြောင်း နည်းနည်းပါးပါး ကြားဖူးထားတာလေး ရှိလို့ပါ..."

ကျန်းလျိုသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းအနည်းငယ် ညိတ်ကာ ဖြေလိုက်လေသည်။

"ဆရာတော်က တကယ်ကို အံ့ဩစရာကောင်းတာပဲ... လမ်းခရီးတစ်လျှောက်လုံးမှာ ဆရာတော်က ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ မိစ္ဆာတော်တော်များများရဲ့ အကြောင်းကို တစ်ခုမဟုတ် တစ်ခု သိနေတတ်တယ်နော်..."

ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ပြောလိုက်လေသည်။

"အင်း... မင်းတို့ မသိနိုင်တဲ့ သတင်းအရင်းအမြစ် တချို့ ငါ့ဆီမှာ ရှိနေလို့ ဖြစ်မှာပါ..."

ကျန်းလျိုက လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်၏။ ဤကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြရန် ရည်ရွယ်ချက် မရှိသည်မှာ ရှင်းလင်းလှပေသည်။

မည်သို့ပင်ဆိုစေ... ဤကမ္ဘာကြီးမှာ သူ့ ယခင် ဘဝက ဝတ္ထုတစ်ပုဒ်မျှသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါကလည်း မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပါချေ။

ကျန်းလျိုက ထပ်မံရှင်းပြရန် ရည်ရွယ်ချက် မရှိသလို စွန်းဝူခုန်းကလည်း ထပ်မမေးတော့ချေ။ အတူတကွ ခရီးသွားလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ စွန်းဝူခုန်းသည် ကျန်းလျိုနှင့် ပတ်သက်၍ အခြားသူများ မသိနိုင်သော လျှို့ဝှက်ချက် အချို့အပါအဝင် အကြောင်းအရာ အတော်များများကို သိရှိနားလည်နေပြီ ဖြစ်လေသည်။

ဥပမာအားဖြင့် သူသည် အလွန် ငယ်ရွယ်သော ကိုရင်လေး တစ်ပါးသာ ဖြစ်သော်လည်း မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ မိစ္ဆာသတ္တဝါ အများအပြား၏ အခြေအနေများကို သိရှိနေခြင်းမျိုး ဖြစ်လေသည်။

အခြားဥပမာတစ်ခုမှာ သူက လုံးဝ အသစ်စက်စက် မှော်လက်နက်များကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြသနိုင်ခြင်းမျိုး ဖြစ်လေသည်။

ထို့အပြင် စွန်းဝူခုန်း တစ်ခါမှ မမြင်ဖူးခဲ့သော မှော်ပညာများနှင့် နတ်စွမ်းရည်များကို ရုတ်တရက် ထုတ်ဖော်ပြသနိုင်ခြင်းမျိုးလည်း ပါဝင်လေသည်။

စွန်းဝူခုန်းအတွက်မူကား ဤကဲ့သို့သော ကိစ္စရပ်များမှာ ပုံမှန် မြင်တွေ့နေကျ အရာများသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

"ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်ကြမလဲ... အဲဒီ မိစ္ဆာတွေရဲ့ မွေးစားဖခင် ရောက်လာတာနဲ့ ကျွန်တော်တို့ တန်းပြီး လှုပ်ရှားလိုက်ကြမလား…"

ထပ်မံ မေးမြန်းခြင်း မပြုတော့ဘဲ စွန်းဝူခုန်းက စူးစမ်းလိုစိတ်နှင့် အနည်းငယ် စိတ်မရှည်တော့သည့် အမူအရာဖြင့် ကျန်းလျိုကို ကြည့်ကာ မေးလိုက်လေသည်။

"မလောပါနဲ့... ငါတို့ စောင့်ကြည့်ကြသေးတာပေါ့..."

ကျန်းလျိုက ခေတ္တမျှ တွေးတောပြီးနောက် အလျင်တလို မလှုပ်ရှားခြင်းက ပိုကောင်းမည်ဟု ခံစားရသဖြင့် ပြောလိုက်လေသည်။

ထိုက်ရှန်းလောင်ကျွင်း၏ တပည့်လေး နှစ်ယောက်တွင် မွေးစားဖခင် တစ်ယောက် ရှိနေသလော။ ထိုပုဂ္ဂိုလ်က မည်သူများနည်း။

ဤအချက်က ကျန်းလျိုအား ထင်ကြေးပေး တွေးတောမှုများ ဖြစ်ပေါ်လာစေခဲ့လေသည်။

သို့သော် ဤကဲ့သို့သော ထင်ကြေးပေးမှုမျိုးကို ကျန်းလျို၏ ရင်တွင်း၌ ယုံကြည်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့လေသည်။

အကယ်၍ သူ ထင်မှတ်ထားသလိုသာ တကယ်ဖြစ်နေမည်ဆိုလျှင် အခြေအနေမှာ သူ မျှော်မှန်းထားသည်ထက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းနေမည် ဖြစ်လေသည်။

"ကောင်းပါပြီ... ဆရာတော် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."

ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းနှင့် အခြားသူများမှာ မည်သည့် ကန့်ကွက်မှုမျှ မရှိကြချေ။

ကျန်းလျို၏ ကျင့်စဉ်အဆင့်မှာ များစွာ နိမ့်ကျနေသော်လည်း စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် ဆရာဖြစ်သူ၏ ဉာဏ်ပညာကို အမှန်တကယ်ပင် အထင်ကြီး လေးစားကြလေသည်။

သူတို့ကိုယ်တိုင်ထံတွင် ဗျူဟာမြောက် ဉာဏ်ပညာမျိုး မရှိကြသည့် အပြင် ဆရာတော်၏ အားသာချက်မှာ ဉာဏ်ပညာဖြစ်နေသောကြောင့် အစီအစဉ်ဆွဲခြင်းများကို ဆရာတော်အား တာဝန်ယူခိုင်းခြင်းက ပိုကောင်းမည်ဟု တွေးတောထားကြလေသည်။ တပည့်များဖြစ်ကြသော သူတို့အနေဖြင့်မူကား ဆရာတော်၏ အမိန့်များကိုသာ လိုက်နာကြမည် ဖြစ်လေသည်။

ဆရာနှင့် တပည့် အဖွဲ့ကြား လုပ်ငန်းတာဝန် ခွဲဝေမှု ရှင်းလင်းပြတ်သားပြီး အချင်းချင်းလည်း ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ကြလေသည်။

ထို့နောက် ကျန်းလျိုနှင့် စွန်းဝူခုန်းတို့သည် ဖျင်တင့်တောင်သို့ မိစ္ဆာနှိမ်နင်းရေးနှင့် မကောင်းဆိုးဝါး ဖယ်ရှားရေးတို့အတွက် အလျင်စလို မသွားကြသေးဘဲ နတ်စံအိမ်တော် တွင်သာ ဆက်လက်နေထိုင်နေကြလေသည်။ သူတို့သည် ရေရှည်အတွက် ကြည့်ကာ ဆုံးဖြတ်ချက် တစ်ခု မချမီ ဖျင်တင့်တောင်၏ အခြေအနေကို သေချာစွာ စုံစမ်းထောက်လှမ်းခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံယူထားကြလေသည်။

ညအချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာသောအခါ ကျန်းလျိုသည် ကိုယ်တိုင်ကိုယ်ကျ ဟင်းချက်ပြုတ်ကာ စားပွဲအပြည့် အရသာရှိသော ဟင်းလျာများကို ဖန်တီးပေးလေသည်။

ဆရာနှင့် တပည့်များသည် အရက်ကို ပန်းကန်လုံးကြီးများဖြင့် သောက်ကာ အသားတုံးကြီးများကို စားသုံးရင်း အမှန်တကယ်ပင် ပျော်ရွှင်စွာ အချိန်ဖြုန်းနေကြလေသည်။

သို့သော်လည်း ညဉ့်နက်လာသောအခါ ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဆရာတော်… တပည့် သွားဖွင့်လိုက်ပါ့မယ်..."

ရှားဝူကျင်းက ပြောလိုက်ပြီး တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။ တံခါးဖွင့်လိုက်ပြီးနောက် ရှားဝူကျင်းသည် တံခါးဝတွင် ရပ်နေသော ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုအဘိုးအိုမှာ ကျော့ရှင်းပြီး တာအိုကျင့်ကြံသူတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေပုံရလေသည်။ မေးခွန်းအချို့ မေးမြန်းပြီးနောက် ရှားဝူကျင်းသည် ထိုအဘိုးအိုကို အထဲသို့ ခေါ်ဆောင်လာခဲ့လေသည်။

"ဆရာတော်... ဒီအဘိုးအိုက ဒီလမ်းကနေ ဖြတ်သွားရင်း တစ်ညတာ တည်းခိုခွင့် တောင်းနေလို့ပါ..."

အဘိုးအိုကို ခေါ်ဆောင်လာပြီးနောက် ရှားဝူကျင်းက ကျန်းလျိုအား ပြောလိုက်လေသည်။ အဘိုးအိုကလည်း...

"လူကြီးမင်းတို့... ကျုပ်က ဒီလမ်းကနေ ဖြတ်လာရင်း တစ်ညတာ တည်းခိုဖို့ အနှောင့်အယှက်ပေးချင်လို့ပါ… ကျေးဇူးပြုပြီး ခွင့်ပြုပေးပါဦး..."

"အဘိုး… ခင်ဗျားက သာမန်လူ တစ်ယောက်တော့ မဟုတ်ပုံပဲ..."

ကျန်းလျိုသည် သဘောတူရန် အလျင်စလို မဖြစ်သလို ငြင်းဆန်ရန်လည်း အလျင်မလိုဘဲ ထိုသူကို အကဲခတ်ကြည့်ရှုရင်း ပြောလိုက်လေသည်။

ရှားဝူကျင်းနှင့် ကျူးပါကျဲတို့၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်များကြောင့် ပုံမှန်အားဖြင့် သာမန်လူများဆိုလျှင် သူတို့ကို မြင်သည်နှင့် 'မိစ္ဆာ' ဟု အော်ဟစ်ကြမည် ဖြစ်သော်လည်း ဤအဘိုးအိုမှာမူကား လုံးဝ တည်ငြိမ်နေပြီး မည်သည့် ထိတ်လန့်မှု အရိပ်အယောင်မျှ မပြခဲ့ချေ။

"ကျုပ်လို အဘိုးအိုက အသက်လည်း ရှည်ခဲ့ပြီ… အများကြီးလည်း မြင်ဖူးခဲ့ပြီဆိုတော့ ဘာကိုမှ သိပ်ပြီး မအံ့ဩတော့ပါဘူးလေ... မင်းတို့သာ ကျုပ်ကို စားချင်နေတဲ့ မိစ္ဆာတွေ တကယ်ဖြစ်နေမယ်ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် လွတ်မြောက်နိုင်မှာမှ မဟုတ်တာ..."

အဘိုးအိုက ခေါင်းခါပြရင်း မည်သည့်အရာမဆို လက်ခံမည့်ဟန်ဖြင့် ပြောလိုက်လေသည်။ ခေတ်သစ်အသုံးအနှုန်းဖြင့် ဆိုရလျှင် သူသည် သဘောကောင်းပြီး အေးအေးဆေးဆေး နေတတ်သူဖြစ်ကာ အနောက်သို့ခရီးသွားမှတ်တမ်း ၏ အခြေအနေအရ ဆိုရလျှင် သူသည် လောကီရေးရာ ပူပန်မှုများမှ ကင်းဝေးသော စိတ်အခြေအနေတစ်ခုသို့ ရောက်ရှိနေသူနှင့် တူလေသည်။

ကျန်းလျိုသည် တုံ့ပြန်ရန် အလျင်စလို မဖြစ်ခဲ့ပေ။ ယင်းအစား သူ၏ အကြည့်များက အဘိုးအိုအပေါ်သို့ ကျရောက်သွားပြီး စိတ်ထဲမှ တိုးတိုးလေး အမိန့်ပေးလိုက်လေသည်။

"ဇာတ်ကောင် အချက်အလက် မျက်နှာပြင်..."

ဖောက်ထွင်းမြင်နိုင်လုနီးပါးရှိသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင် တစ်ခုသည် ကျန်းလျို၏ အရှေ့တွင် ထွက်ပေါ်လာလေသည်။

အမည် - လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို (အပြာရောင် မျက်နှာပြင်)။

ကျား/မ - ကျား။

အသက်မွေးဝမ်းကျောင်း - တာအိုကျင့်ကြံသူ။

အဆင့် - ၉၈။

ပစ္စည်းကိရိယာများ - မရှိ။

***

အပိုင်း(၃၆၈)

အရှေ့ရှိ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှ အချက်အလက်များကို ကြည့်လိုက်ရသောအခါ ကျန်းလျို၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားလေသည်။

‘ဒါက နောက်နေတာလား… အပြာရောင် မျက်နှာပြင်နဲ့ အဆင့် ၉၈ တဲ့လား… အဆင့်သက်သက်နဲ့တင် အဆင့် ၉၁ ကို ကျော်လွန်နေပြီဆိုတော့ကာ သူတော်စင်တစ်ပိုင်း အဆင့်ရှိတဲ့ တည်ရှိမှုတစ်ခု ဖြစ်ရမယ်... နောက်ပြီး အဆင့် ၉၈ ကြီးတောင်လား…ဒါဆိုရင် သူက သူတော်စင်တစ်ပိုင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာ မဟုတ်ဘူးလား…’

‘ဘုံသုံးပါးနဲ့ လမ်းကြောင်းခြောက်သွယ် မှာ သူတော်စင်တစ်ပိုင်း အဆင့်နဲ့ အထွတ်အထိပ်နီးပါး ရောက်နေတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာ လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲ ရှိရမှာ မဟုတ်ဘူးလား…’

ဝတ်စားဆင်ယင်မှုကို ကြည့်ရလျှင် ပစ္စည်းကိရိယာ တစ်ခုမျှပင် မရှိသောကြောင့် သူ၏ ပစ္စည်းကိရိယာများမှတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန် ရှင်းလင်းစွာပင် မဖြစ်နိုင်ပေ။

အဘိုးအို၏ နှာခေါင်းမှာ အနည်းငယ် တွန့်ရှုပ်သွား၏။ ထို့နောက်... ဘေးရှိ စားပွဲပေါ်မှ အလွန်ကောင်းမွန်သော အရက်နှင့် ဟင်းလျာများကို ကြည့်ပြီး မျက်လုံးများ အရောင်လက်သွားလျက် ပြောလိုက်လေသည်။

"အနံ့က သွားရည်ကျစရာပဲ... ကျုပ်က တောင်တွေကျော်ပြီး ခရီးဝေးကြီး လာခဲ့ရတာ အခုထိ ဘာမှ မစားရသေးဘူး… ကျေးဇူးပြုပြီး ကျုပ်အတွက် တူတစ်စုံလောက် ပေးလို့ရမလား..."

"ရပါတယ် အဘိုး... သုံးဆောင်ပါ..."

အဆင့် ၉၈ စွမ်းအားရှင်တစ်ဦးကို ရင်ဆိုင်ရချိန်တွင် ကျန်းလျို၏ ရင်တွင်း၌ ကြီးမားစွာ လှုပ်ခတ်သွားသော်လည်း အပြင်ပန်းအားဖြင့်မူ သူသည် ရိုသေယဉ်ကျေးသော အမူအရာဖြင့်သာ နေထိုင်ကာ သူ၏ အတွင်းစိတ်ကို လုံးဝ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။

ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှတစ်ဆင့် အဘိုးအို မည်သူမည်ဝါဖြစ်ကြောင်းကို သဲသဲကွဲကွဲ မသိရသော်လည်း ယခု သူတို့သည် ဖျင်တင့်တောင်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရွှေချိုဘုရင် နှင့် ငွေချိုဘုရင် တို့ထံသို့ လာမည့် မွေးစားဖခင် တစ်ယောက် ရှိနေသည်ဟု ဆိုထားရာ ဤအဆင့် ၉၈ အဘိုးအို မည်သူမည်ဝါ ဖြစ်နိုင်ကြောင်းကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်လေသည်။

ကျန်းလျိုက ခေါင်းညိတ် သဘောတူလိုက်သည်နှင့် အဘိုးအိုသည် အားနာခြင်းမရှိဘဲ စားပွဲတွင် ဝင်ထိုင်လိုက်၏။ ရှားဝူကျင်းက သူ့အတွက် တူတစ်စုံကို လျင်မြန်စွာ ချပေးလိုက်လေသည်။

"အင်း... အရသာရှိလိုက်တာ... ဒီဟင်းတွေကို ဘယ်သူချက်တာလဲ… တကယ်ကို အံ့မခန်းပဲ..."

နတ်အဆင့် တာအိုကျင့်ကြံသူ တစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေသော အဘိုးအိုသည် မည်သည့် ဟန်ဆောင်မှုကိုမျှ မထားရှိတော့ဘဲ အရက်ကို မော့သောက်ကာ အသားများကို အငမ်းမရ စားသောက်ရင်း ချီးကျူးစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ဘုန်းကြီး ချက်တာပါ…"

ကျန်းလျိုက ပြောလိုက်လေသည်။

"အို... ကိုရင်လေးမှာ အတော်လေး ချီးကျူးစရာကောင်းတဲ့ ဟင်းချက်လက်ရာ ရှိတာပဲ..."

ကျန်းလျို၏ အဖြေကို ကြားသောအခါ အဘိုးအိုက ခေါင်းညိတ်ကာ ချီးကျူးစကား ဆိုလိုက်လေသည်။

"အဘိုးအို အကြိုက်တွေ့ရင် ရပါပြီ..."

တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်သည်ကို ထည့်မတွက်ပဲ အကယ်၍ သူက သာမန် အဘိုးအို တစ်ဦးသာ ဖြစ်နေမည်ဆိုလျှင်တောင် ကျန်းလျိုသည် ဧည့်ဝတ်ကျေပွန်စွာဖြင့် ဧည့်ခံပေးမည်သာ ဖြစ်လေသည်။

ထမင်းစားပွဲတွင် အဘိုးအိုသည် သွယ်ဝိုက်၍ စုံစမ်းမေးမြန်းမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။ သူ၏ အဓိက အာရုံစိုက်မှုမှာ အရသာရှိသော အစားအစာများအပေါ်တွင်သာ ရှိနေပြီး အလကားရသော ထမင်းတစ်နပ်ကို စားရန်အတွက် ရောက်လာသကဲ့သို့သာ ဖြစ်နေလေသည်။

ထိုအဘိုးအိုသည် ထိုက်ရှန်းလောင်ကျွင်း ဖြစ်နိုင်ခြေ အနည်းဆုံး ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိနေလေသည်… ဤနေရာသို့ တမင်တကာ ရောက်လာခြင်းမှာ တကယ်ပဲ အလကား ထမင်းတစ်နပ် စားရုံသက်သက်သာ ဖြစ်နိုင်ပါမည်လော...။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် အဘိုးအိုသည် အမှန်တကယ်ပင် စားသောက်ရန်ကိုသာ စိတ်ဝင်စားပုံရပြီး မည်သည့်အရာကိုမျှ မေးမြန်းစူးစမ်းခြင်း မရှိသည်ကို ကျန်းလျို သတိပြုမိသွားကာ ယင်းက သူ့အား အံ့အားသင့်သွားစေခဲ့လေသည်။

သူက မည်သည့်အရာကိုမျှ မမေးမြန်းသောကြောင့် ကျန်းလျို၏ ရင်တွင်း၌ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

အကယ်၍ သူသာ ဗိုက်ဝသွားပြီးနောက် ပြန်ထွက်သွားမည်ဆိုလျှင် ဤထက်ပို၍ ကောင်းသောအရာ ရှိမည် မဟုတ်တော့ပေ။

သို့သော်လည်း မူယင်း ဇာတ်လမ်းတွဲနှင့် ခြားနားစွာပင် ဖျင်တင့်တောင် ဘေးဒုက္ခအတွင်း ထိုက်ရှန်းလောင်ကျွင်း ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်းက ကျန်းလျိုအား နိမိတ်မကောင်းသော လေးနက်မှုတစ်ခုကို ခံစားရစေလေသည်။

အမှန်တကယ်ပင် သူ၏ လိပ်ပြာအာနိသင် ကြောင့် ဇာတ်လမ်းသွားမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

ထို့အပြင် ထိုက်ရှန်းလောင်ကျွင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာသောကြောင့် သတ်ဖြတ်၍ ရတနာလုယူမည့် ကျန်းလျို၏ မျှော်လင့်ချက်များမှာ အချည်းနှီး ဖြစ်သွားပုံရလေသည်။

ညစာစားပွဲမှာ အိမ်ရှင်ရော ဧည့်သည်ပါ အလွန်တရာ ကျေနပ်ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားခဲ့၏။ ဟင်းလျာများအားလုံး ကုန်စင်သွားသောအခါ နောက်ဆုံးတွင် လူတိုင်း သူတို့၏ တူများကို ချထားလိုက်ကြလေသည်။

မည်သူကမျှ တစ်ခွန်းမှ ပြောစရာမလိုဘဲ ဝူကျင်းသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းဆေးကြောရန် တာဝန်သိစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လေသည်။

"ဂေ့... ကျေနပ်စရာကောင်းလိုက်တာ… အစားအသောက်တွေက တကယ်ကို အရသာရှိလှတယ်..."

လေချဉ်တက်လိုက်ပြီးနောက် အဘိုးအို၏ မျက်နှာပေါ်တွင် များစွာ ကျေနပ်အားရနေပုံ ပေါ်လေသည်။

ထို့နောက် သူ၏ အကြည့်များက ကျန်းလျိုအပေါ်သို့ ကျရောက်သွားပြီး မေးလိုက်လေသည်။

"ဒါပေမဲ့ ကျုပ် သိထားသလောက်ဆိုရင်…ဘုန်းကြီးတွေက သက်သတ်လွတ် စားရတာ မဟုတ်ဘူးလား… မင်းက ပုံမှန် ဘုန်းကြီးတွေနဲ့ အတော်လေး ကွာခြားနေတယ်လို့ မထင်ဘူးလား..."

"အောမိတော်ဖော... 'အသားနဲ့ အရက်က အူထဲကို ဖြတ်သွားပေမဲ့… ဗုဒ္ဓကတော့ ရင်ထဲမှာ ကိန်းဝပ်နေတယ်' ဆိုတဲ့ စကားလိုပါပဲ... လူတစ်ယောက်က ရင်ထဲမှာ ဗုဒ္ဓကို ထားရှိနေသရွေ့ အရက်သောက်တာ၊ အသားစားတာတွေက အရေးမကြီးပါဘူး..."

"ရင်ထဲမှာ ဗုဒ္ဓတရား မရှိဘူးဆိုရင် တရားထိုင်တဲ့ အခင်းတွေ ပေါက်ပြဲသွားအောင် ထိုင်ပြီး ကျမ်းစာတွေကို အလွတ်ရွတ်နိုင်နေရင်တောင် အချည်းနှီးပါပဲ..."

ကျန်းလျိုက တိုးညှင်းသော အသံဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

"ဒီတော့ မင်းပြောချင်တာက မဟာယန ဝါဒကို ကျင့်ကြံတယ်ဆိုတာ စိတ်ကို ကျင့်ကြံတာလို့ ဆိုလိုတာပေါ့လေ…"

ကျန်းလျို၏ အဖြေကြောင့် မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ကာ အဘိုးအိုက ထပ်မေးလိုက်လေသည်။

"ဘုန်းကြီး အမြင်မှာတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ်... တာအိုကျင့်စဉ်ကို ကျင့်ကြံတာလည်း ဒီအတိုင်းပဲလို့ ဘုန်းကြီး ယုံကြည်ပါတယ်..."

ကျန်းလျိုက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"ဟားဟားဟား... သိပ်မှန်တာပေါ့… မင်းရဲ့ အမြင်က တကယ်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလှတယ်... မဟာယန ဝါဒ ကျင့်ကြံတာနဲ့ တာအို ကျင့်ကြံတာကြားမှာ အခြေခံအားဖြင့် တကယ့်ကွာခြားချက်ရယ်လို့ မရှိပါဘူး... တကယ် အရေးကြီးတာက ကိုယ့်ရဲ့ စိတ်နှလုံးကို ကျင့်ကြံဖို့ပဲ..."

အဘိုးအိုသည် ကျန်းလျို၏ အဖြေကို အတော်လေး ကျေနပ်သွားပုံရကာ သဘောတူညီစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ထို့နောက်... ရုတ်တရက် ထိုက်ရှန်းလောင်ကျွင်း ၏ အကြည့်များက ကျန်းလျိုထံသို့ ကျရောက်လာပြီး မေးလိုက်လေသည်။

"မင်းက အတော်လေး ထူးခြားတဲ့သူပဲ… ဘယ်လိုလဲ… ကိုရင်လေး... မင်း ငါ့ကို ဆရာအဖြစ် တင်မြှောက်ချင်လား..."

"အာ... ခင်ဗျားကို ဆရာတင်ရမယ် ဟုတ်လား..."

ထိုက်ရှန်းလောင်ကျွင်း ၏ စကားကြောင့် ကျန်းလျို၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် သူ့ကို ကြည့်လိုက်လေသည်။

ရှင်းလင်းစွာပင် ထိုက်ရှန်းလောင်ကျွင်း ထံမှ ဤမမျှော်လင့်ထားသော ကမ်းလှမ်းချက် ထွက်ပေါ်လာမှုက ကျန်းလျိုအား အငိုက်မိသွားစေခဲ့ပြီး သူ့ကို အနည်းငယ် ပြာယာခတ်သွားစေခဲ့လေသည်။

ထိုက်ရှန်းလောင်ကျွင်း သည် ကျန်းလျိုအား ချီးကျူးလေးစားသော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့၏။ တထာဂတ၏ ဒုတိယမြောက် တပည့် ဝင်စားသည့် လူငယ် ကိုရင်လေး တစ်ပါးနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်ဟု ခံစားလိုက်ရသည်။ စကားအနည်းငယ်ဖြင့်ပင် ကျင့်ကြံခြင်း၏ စစ်မှန်သော အနှစ်သာရကို ဖော်ထုတ်ပြောဆိုနိုင်ခဲ့လေရာ ထိုအရာက သာမန် မဟုတ်ပါချေ။

အမှန်တကယ်ပင် ကျင့်ကြံခြင်း ဆိုသည်မှာ မိမိ၏ ကျင့်စဉ်အဆင့် မည်မျှမြင့်မားသည် သို့မဟုတ် မှော်စွမ်းအင် မည်မျှကြီးမားသည် ဆိုသည့်အရာများအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ တကယ်တမ်း အရေးကြီးဆုံးမှာ စိတ်နှလုံးကို ကျင့်ကြံခြင်းပင် ဖြစ်လေသည်။

မှော်စွမ်းအင်များ သို့မဟုတ် ကျင့်စဉ်အဆင့်များသည် ပြင်ပအင်အားများ၏ အကူအညီဖြင့် အောင်မြင်နိုင်သော်လည်း စိတ်နှလုံးကို ကျင့်ကြံခြင်းကမူ မိမိကိုယ်တိုင်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေလေသည်။

ထို့အပြင် လူတစ်ဦး၏ နောက်ဆုံးရလဒ်သည် ကျင့်ကြံခြင်း သက်သက်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းမျှသာ မဟုတ်ဘဲ နောက်ဆုံး အဆုံးသတ်မှာ မိမိ၏ စိတ်အခြေအနေကို မည်မျှ ကျင့်ကြံနိုင်ခဲ့သည် ဆိုသည့်အချက်အပေါ်တွင်လည်း မူတည်နေသေးလေသည်။

အတိုချုပ်ဆိုရလျှင် စိတ်အခြေအနေကို အထူးဂရုစိုက် ကျင့်ကြံသူတိုင်း တာလော့ ရွှေနတ်မင်းများ သို့မဟုတ် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားကြမည်ဟု တပ်အပ် မဆိုနိုင်ပေ။

သို့သော်ငြားလည်း သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေသူများ အားလုံးမှာမူကား သူတို့၏ စိတ်အခြေအနေကို အလွန်တရာ တန်ဖိုးထားကြသူများ ဖြစ်သည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။

ထိုအချက်ကပင် ထိုက်ရှန်းလောင်ကျွင်းအား ကျန်းလျိုအပေါ် များစွာ လေးစားချီးကျူးမိသွားပြီး တပည့်အဖြစ် လက်ခံလိုကြောင်း နှုတ်မှ ထုတ်ဖော်ပြောဆိုမိသည်အထိ ဖြစ်သွားစေခဲ့လေသည်။

ကျန်းလျိုက သူ့အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ထိုကဲ့သို့သော ဆုံးဖြတ်ချက်တစ်ခု၏ နောက်ဆက်တွဲ ရလဒ်များကို တွေးတောစဉ်းစားနေမိလေသည်။

အဆင့် ၉၈ စွမ်းအားရှင်ကြီး ဖြစ်သော ထိုက်ရှန်းလောင်ကျွင်း က သူ့ကို တပည့်အဖြစ် လက်ခံချင်နေသည်လော…

ဤသို့ဆိုလျှင် သူ့အနေနဲ့ တထာဂတ ကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိတဲ့ ဆရာတစ်ယောက်ကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။

ဤအချက်များကို တွေးတောမိသောအခါ ကျန်းလျို၏ ရင်တွင်း၌ အနည်းငယ် မက်မောသွားခဲ့လေသည်။

သို့သော် မည်သို့ပင်ဆိုစေ သူသည် လက်ရှိတွင် မဟာယနဂိုဏ်း ၏ တပည့်တစ်ပါး ဖြစ်နေပြီး ကျမ်းစာပင့် ခရီးစဉ် ၏ အဓိက သော့ချက်ပုဂ္ဂိုလ် ဖြစ်နေလေသည်။ အကယ်၍ သူသာ သဘောတူလိုက်မည်ဆိုလျှင် မဟာယနဂိုဏ်းကို သစ္စာဖောက်ရာ ကျသွားမည် မဟုတ်ပါလော။

ထိုအချိန်ကျလျှင် မဟာယနဂိုဏ်း ဘက်မှ မည်ကဲ့သို့သော တုံ့ပြန်မှုများ ထွက်ပေါ်လာမည်နည်း။

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် သူ၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့သော်လည်း ကောင်းယန် က ကွမ်ယင် ၏ လက်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလော…

"ဟား ဟား ဟား..."

ကျန်းလျိုက မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်စွာ နေထိုင်ကာ ပြန်လည်ဖြေကြားခြင်း မပြုသော်လည်း သူ၏ဘေးရှိ စွန်းဝူခုန်းမှာမူ ထိုက်ရှန်းလောင်ကျွင်း ၏ စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာကာ သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ရင်း ပြောလိုက်လေသည်။

"အဘိုးကြီး… ခင်ဗျားက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ပထမဆုံးအကြိမ် တွေ့ဖူးတာတောင် ငါ့ရဲ့ ဆရာတော်ကို တပည့်အဖြစ် လိုချင်တယ် ဟုတ်လား... ဒါဆိုရင် ငါ စွန်းဝူခုန်း က ခင်ဗျားရဲ့ တပည့်မြေး ဖြစ်သွားမှာပေါ့..."

"ခင်ဗျားမှာ ဘယ်လို အရည်အချင်းတွေများ ရှိနေလို့လဲ အဘိုးကြီးရဲ့..."

"ဟုတ်တယ် အဘိုးကြီး… ခင်ဗျားက ငါတို့ရဲ့ ဆရာ့ ဆရာ လုပ်ချင်တာလား... ခင်ဗျားဆီမှာ ဘာစွမ်းရည်တွေ ရှိလို့လဲ... ပြီးတော့ တပည့်လက်ခံမယ် ဆိုရင်တောင် ဒီလောက် လွယ်လွယ်ကူကူကြီးတော့ မဖြစ်သင့်ဘူးမလား..."

ကျူးပါကျဲကလည်း ဝင်ရောက်ထောက်ခံကာ စကားဆိုလိုက်လေသည်။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် တပည့်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ၏ ဆရာတော် သဘောတူမည့် ကိစ္စများအပေါ် ကျူးပါကျဲ အနေဖြင့် အရေးစိုက်နေရန် မလိုပေ။

သို့သော် စွန်းဝူခုန်း၏ စကားက အဓိပ္ပာယ်ရှိနေလေသည်။ အကယ်၍ သူတို့၏ ဆရာတော်သာ တကယ် သဘောတူလိုက်မည်ဆိုပါက ကျူးပါကျဲ သည် အကြောင်းပြချက်မရှိဘဲ သူစိမ်းတစ်ယောက်၏ တပည့်မြေး အဖြစ်သို့ ရောက်သွားမည် မဟုတ်ပါလော။

ကျူးပါကျဲ အနေဖြင့် ၎င်းကို သည်းခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စက သူ့ကိုပါ သက်ရောက်မှု ရှိနေလေသည်။

"တကယ်တော့ ကျွန်တော်လည်း မေးချင်နေတာ... အဘိုးက တပည့်လက်ခံရတာကို သိပ်သဘောကျပုံရတယ်နော်… အခု အဘိုးမှာ တပည့်ဘယ်နှယောက်များ ရှိနေပြီလဲ..."

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့နှင့် နည်းတူ ရှားဝူကျင်းကလည်း အဖွဲ့နှင့် အထီးကျန်မဖြစ်လိုသဖြင့် ထိုက်ရှန်းလောင်ကျွင်းကို ကြည့်ကာ မေးလိုက်လေသည်။

"ငါ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေက မသေးပါဘူး… ငါ့မှာ တပည့်ဘယ်နှယောက်ရှိလဲ ဆိုတော့... အခုချိန်ထိ ငါ တပည့်တစ်ယောက်မှ လက်မခံရသေးပါဘူး..."

ညီနောင်သုံးပါး၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် ထိုက်ရှန်းလောင်ကျွင်း က ပြန်ဖြေလိုက်လေသည်။

ဤသို့ပြောပြီးနောက် ထိုက်ရှန်းလောင်ကျွင်း ၏ အကြည့်များက ကျန်းလျိုအပေါ်သို့ ကျရောက်သွားပြီး ဆက်ပြောလိုက်လေသည်။

"ဘယ်လိုလဲ ကိုရင်လေး... မင်း စဉ်းစားကြည့်ပါလား... တကယ်လို့ မင်းသာ သဘောတူမယ်ဆိုရင် မင်းက ငါ့ရဲ့ ပထမဆုံးနဲ့ အဓိက တပည့်ကြီး ဖြစ်လာမှာပဲ..."

ကျန်းလျို၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားလေသည်။ ထိုက်ရှန်းလောင်ကျွင်း၏ စကားများက သူသည် တကယ်တမ်းတွင် သူတော်စင် လောင်ဇီ နှင့် စကားပြောနေခြင်း မဟုတ်ဘဲ ထိုက်ရှန်းလောင်ကျွင်း နှင့်သာ စကားပြောနေခြင်း ဖြစ်ကြောင်း သူ့ကို သဘောပေါက်သွားစေခဲ့လေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုက ခေါင်းအနည်းငယ် ခါပြရင်း ပြန်ဖြေလိုက်လေသည်။

"အဘိုးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းကြီးက မဟာယနဂိုဏ်းရဲ့ တပည့်တစ်ပါးပါ… ပြီးတော့ ဘုန်းကြီးသာ အဘိုးရဲ့ ဂိုဏ်းထဲကို ဝင်လိုက်မယ်ဆိုရင်..."

"ရပါတယ်လေ… ငါက ရုတ်တရက် တွေးမိလို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံလေးပါ..."

ထိုက်ရှန်းလောင်ကျွင်း မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် အနည်းငယ် စိတ်ပျက်အားငယ်ကာ မတတ်သာသည့်ဟန်ဖြင့် ခေါင်းခါပြလိုက်လေသည်။

တကယ်တမ်းတွင် ထိုက်ရှန်းလောင်ကျွင်း သည် သူ၏ စကားများ နှုတ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် နောင်တရသွားခဲ့လေသည်။ ပါရမီရှင်ကို မြတ်နိုးသော သူ၏ ဆန္ဒမှာ သဘာဝကျသော်လည်း တပည့်များအတွက် မဟာယနဂိုဏ်းနှင့် ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ မလွယ်ကူလှပေ။

သူက ပါရမီရှင်ကို မြတ်နိုးလိုသည့် ဆန္ဒကို ပြသလိုက်သဖြင့် မဟာယနဂိုဏ်းသည် သူတို့၏ လူကို ပိုမို ပြင်းထန်စွာ ကာကွယ်လာမည်ဖြစ်ပြီး သူ အောင်မြင်နိုင်မည် မဟုတ်ချေ။

ကျန်းလျို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဤကိစ္စ အောင်မြင်နိုင်ခြေမှာ အလွန်နည်းပါးကြောင်းကို ထိုက်ရှန်းလောင်ကျွင်း နားလည်ထားလေသည်။ တစ်ခုတည်းသော နောက်ဆက်တွဲ ရလဒ်မှာ သူနှင့် မဟာယနဂိုဏ်းအကြား ပဋိပက္ခ အချို့ ပေါ်ပေါက်လာခြင်းသာ ဖြစ်လေသည်။

သူက သူတော်စင် တစ်ပိုင်း ဖြစ်သလို တထာဂတမှာလည်း သူတော်စင် တစ်ပိုင်း ဖြစ်သည်။ သူ၏နောက်ကွယ်တွင် သူတော်စင်တစ်ပါး ရပ်တည်နေသလို တထာဂတ၏ နောက်ကွယ်တွင်လည်း သူတော်စင်များက ကျောထောက်နောက်ခံ ပေးထားလေသည်။ သူသည် မဟာယနဂိုဏ်းကို လှည့်စားကျော်လွှားရန် အမှန်တကယ် ယုံကြည်ချက် မရှိခဲ့ချေ။

မူလက မဟာယနဂိုဏ်း၏ နောက်ကွယ်တွင် သူတော်စင် နှစ်ပါး ရှိပြီး အထွတ်အမြတ် တာအိုဂိုဏ်းတွင်လည်း အကိုင်းအခက် တစ်ခုတည်းမှ ဆင်းသက်လာသည့် သူတော်စင် သုံးပါးအပြည့် ရှိနေသဖြင့် တစ်ပါးပိုကာ အသာစီးရနိုင်လေသည်။

သို့သော် နတ်ဘုရားများ ခန့်အပ်ခြင်း ကပ်ဘေး နောက်ပိုင်းကတည်းက...။

***

All Chapters