အခန်း (၃၇၁-၃၇၂)
Vol. 27 Ch. 372-372
အပိုင်း(၃၇၁)
လူ့ဘုံမှ ထွက်ခွာလာပြီး မကြာမီမှာပင် စွန်းဝူခုန်းသည် တောက်ရွှိုင်နန်းတော် သို့ ရောက်ရှိသွားလေ၏။
တံခါးခေါက်လိုက်ပြီးနောက် တောက်ရွှိုင်နန်းတော် ၏ တံခါး ပွင့်လာလေသည်။ သို့ရာတွင် တံခါးလာဖွင့်သူမှာ တောက်ရွှိုင်နန်းတော်မှ လူမဟုတ်ဘဲ ခွေမုဝံပုလွေ ဖြစ်နေလေ၏။
တံခါးလာဖွင့်သူမှာ ခွေမုဝံပုလွေ ဖြစ်နေသည်ကို မြင်သောအခါ စွန်းဝူခုန်းသည် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"ဟင်... မင်းလား… မင်းက ဒီမှာ ဘာလုပ်နေတာတုန်း..."
စွန်းဝူခုန်း၏ အမေးကို ကြားသောအခါ ခွေမုဝံပုလွေက ပြန်လည်၍ ဖြေကြားလိုက်သည်။
"မဟာပညာရှိကြီး... ခင်ဗျားကိုး… ကျောက်စိမ်းဧကရာဇ် က ကျွန်တော့်ကို တောက်ရွှိုင်နန်းတော် မှာ ထိုက်ရှန်းလောင်ကျွင်း အတွက် မီးမွှေးပေးဖို့ အပြစ်ပေးထားလို့ ကျွန်တော် ဒီကို ရောက်နေတာပါ..."
ထို့နောက် ၎င်းက ဆက်လက်၍ မေးခွန်းထုတ်လိုက်လေသည်။
"မဟာပညာရှိကြီး... ခင်ဗျားကရော… ဒီမှာ ကိစ္စတစ်ခုခု ရှိလို့လား..."
“အင်း...”
စွန်းဝူခုန်းသည် ခေါင်းညိတ်လိုက်၏။
"ငါ ထိုက်ရှန်းလောင်ကျွင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့… သူ ဘယ်မှာလဲ..."
"ကံမကောင်းလိုက်တာဗျာ..."
ထိုက်ရှန်းလောင်ကျွင်း ရှိရာအရပ်ကို စွန်းဝူခုန်းက မေးမြန်းလိုက်သောအခါ ခွေမုဝံပုလွေသည် ခေါင်းခါလိုက်လေသည်။
"ထိုက်ရှန်းလောင်ကျွင်း နဲ့ သူ့ရဲ့ အစေခံကောင်လေး နှစ်ယောက်က လမ်းလျှောက်ထွက်ချင်တယ်ဆိုပြီး ပျောက်သွားကြတာ အခုထိ အိမ်မှာ မရှိကြသေးဘူး… အခုလောလောဆယ် ဒီနန်းတော်ကို စောင့်ရှောက်ဖို့ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတယ်..."
စွန်းဝူခုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"အိမ်မှာ မရှိဘူးပေါ့လေ... ဒါဆိုရင်တော့ နည်းနည်း ဒုက္ခရောက်ပြီပဲ..."
ခဏမျှ စဉ်းစားပြီးနောက် ထိုက်ရှန်းလောင်ကျွင်းလည်း အိမ်မှာမရှိ၊ ခွေမုဝံပုလွေ ကိုယ်တိုင်ကလည်း သူဘယ်ရောက်နေမှန်း မသိသောကြောင့် စွန်းဝူခုန်းမှာ ထပ်မံနေထိုင်ရန် ရည်ရွယ်ချက်မရှိတော့ဘဲ ထွက်ခွာရန် လှည့်ထွက်လိုက်လေသည်။
စွန်းဝူခုန်း ထွက်ခွာရန် လှည့်လိုက်သည်နှင့် ခွေမုဝံပုလွေက...
"မဟာပညာရှိကြီး... ခဏလောက် စောင့်ပါဦး..."
စွန်းဝူခုန်းအား လှမ်းခေါ်လိုက်သည်။
"ဘာလဲ... တခြားကိစ္စ ရှိသေးလို့လား..."
စွန်းဝူခုန်းက လှည့်ကြည့်ကာ ခွေမုဝံပုလွေအား မေးလိုက်သည်။
"ရွှမ်ကျန်းဆရာတော်က ကျင့်ကြံခြင်းကို အရမ်းတန်ဖိုးထားတယ် မဟုတ်လား..."
ဝူခုန်းက ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်သော အခါ သူက ဆက်ပြောသည်။
"ကျွန်တော် သိသလောက်တော့ ရွှမ်ကျန်းဆရာတော်က ကျင့်ကြံခြင်းမှာ အရမ်းကို လုံ့လဝီရိယရှိတယ်… ကျွန်တော့်ဆီမှာ ကျင့်ကြံခြင်းအဆင့်ကို အတိုင်းအတာတစ်ခုအထိ တိုးပွားစေနိုင်တဲ့ ရွှေဆေးလုံး တစ်လုံး ရှိနေတယ်… မဟာပညာရှိကြီး အနေနဲ့ ကျွန်တော့်ကိုယ်စား ရွှမ်ကျန်းဆရာတော် ဆီကို အဲဒါလေး ပေးပို့ပေးနိုင်မလားဗျာ... အဲဒါက သူ ကျွန်တော့် ကလေးကို ပေးခဲ့တဲ့ သင်္ကန်း အတွက် ကျေးဇူးဆပ် တုံ့ပြန်လက်ဆောင် အနေနဲ့ပါ..."
ထိုသို့ပြောဆိုရင်း ခွေမုဝံပုလွေသည် သူ၏ ရင်ခွင်ထဲမှ လက်ဝါးအရွယ်အစားခန့်ရှိသော သေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
စွန်းဝူခုန်းသည် သေတ္တာကို အလွယ်တကူ လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ နဂါးမျက်လုံးအရွယ်အစားခန့်ရှိသော ရွှေဆေးလုံးတစ်လုံး ရှိနေသည်ကို မြင်လိုက်ရ၏။
ထိုရွှေဆေးလုံး၏ ရွှေရောင်ကိုယ်ထည်တစ်ခုလုံးမှာ တစ်ပိုင်းဖောက်ထွင်းမြင်ရသည့်အသွင် ရှိနေသည်။ ၎င်း၏ အနက်ရှိုင်းဆုံးနေရာတွင် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ရှိသော ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် စီးဆင်းကူးခတ်နေသည်ကို အသက်ဝင်လှစွာ မှုန်ဝါးဝါး မြင်တွေ့နေရလေသည်။
"ကောင်းပြီ… စိတ်ချထားလိုက်… ငါ မင်းအတွက် အဲဒါကို ပြန်ယူသွားပေးမယ်..."
ဆေးလုံး၏ အသွင်အပြင်ကို မြင်ပြီးနောက် စွန်းဝူခုန်းက ခေါင်းညိတ်လိုက်ကာ ၎င်းကို အိတ်ကပ်ထဲထည့်ပြီးနောက် လှည့်ကာ ထွက်ခွာလာခဲ့လေသည်။
"မျောက်လေး... မျောက်လေး..."
ဝူခုန်း လေထဲ၌ ပျံသန်းနေစဉ် ရုတ်တရက် သူ့ကို လှမ်းခေါ်နေသော အသံများ ထွက်ပေါ်လာခဲ့လေသည်။ အသံလာရာဆီသို့ လိုက်ကြည့်လိုက်ပြီးနောက် ဝူခုန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။
သူ့ကို လှမ်းခေါ်နေသူမှာ ဇီရှားနတ်သမီးပင် ဖြစ်နေလေသည်။
ထိုအချိန်တွင် ဇီရှားသည် ထူးဆန်းသော ပန်းများနှင့် အပင်များ စိုက်ပျိုးထားသည့် ပန်းအိုးတစ်အိုးကို သယ်ဆောင်ကာ လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့ပြီး စွန်းဝူခုန်းကို အမှတ်မထင် တွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်ခြင်းဖြစ်၏။
ကောင်းကင်ဘုံဟူသည် အရေးပါသော နေရာတစ်ခုဖြစ်ပြီး သာမန်နတ်များအနေဖြင့် စိတ်ကြိုက် ပျံသန်းသွားလာခွင့် မရှိပေ။ စွန်းဝူခုန်း၏ ခုန်ပျံကျော်လွှားနေမှုက လူအများ၏ အာရုံကို ဖမ်းစားနိုင်လွန်းလှသည်။
အောက်သို့ ဆင်းသက်ပြီးနောက် စွန်းဝူခုန်းက ပြုံး၍ လှမ်းနှုတ်ဆက်လိုက်သည်။
"ဇီရှား... တိုက်ဆိုင်လိုက်တာ… မင်း ဘယ်သွားမလို့လဲ..."
"အော်... ငါက ဒီအပင်တွေနဲ့ ပန်းအိုးကို မိဖုရားခေါင်ကြီး ဆီ ဆက်သဖို့ သွားမလို့လေ… နင်ကရော… ဘာကိစ္စရှိလို့ ကောင်းကင်ဘုံကို ထပ်ရောက်လာတာလဲ..."
ဇီရှားက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
စွန်းဝူခုန်းက ခေါင်းခါလိုက်ပြီး သူ ကောင်းကင်ဘုံသို့ လာရောက်ရသည့် အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ပြောပြလိုက်သည်။
"ငါက ထိုက်ရှန်းလောင်ကျွင်း ကို လာရှာတာ… ဒါပေမဲ့ ကံဆိုးတာပဲ... တောက်ရွှိုင်နန်းတော် ကို ခွေမုဝံပုလွေ တစ်ယောက်တည်းပဲ စောင့်နေတယ်လေ… ထိုက်ရှန်းလောင်ကျွင်း ဘယ်ရောက်နေမှန်း မသိဘူးဖြစ်နေတယ်..."
"အော်... အဲဒီလိုကိုး..."
စွန်းဝူခုန်း လာရောက်ရသည့် အကြောင်းရင်းကို ကြားပြီးနောက် ဇီရှား၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာခဲ့သည်။
ဇီရှား တစ်ယောက် အနည်းငယ် ပုံမှန်မဟုတ်ဖြစ်နေသည်ကို မြင်သောအခါ စွန်းဝူခုန်းက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ဘာ... ဘာမှမဖြစ်ပါဘူး..."
ဇီရှားက ခေါင်းခါလိုက်၏။
"နင့်မှာ လုပ်စရာကိစ္စတွေ ရှိနေရင်လည်း သွားလုပ်ပါတော့… ငါလည်း ဒီအပင်တွေနဲ့ ပန်းတွေကို မိဖုရားခေါင်ကြီး ဆီ သွားဆက်သရဦးမယ်..."
"အော်... အေးပါ… ဒါဆိုလည်း မင်း ဆက်လုပ်လေ..."
စွန်းဝူခုန်းက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ အများကြီး မတွေးတောတော့ဘဲ ပြောလိုက်သည်။
သို့သော်လည်း စွန်းဝူခုန်း တစ်ယောက် လှည့်ထွက်ကာ နှုတ်ဆက်ရန် လက်ပြလိုက်ချိန်တွင် ဇီရှားက သူမ၏ နှုတ်ခမ်းကို ဖွဖွလေး ကိုက်ကာ စဉ်းစားလိုက်ပြီးနောက် ကြီးမားလှသော ရဲစွမ်းသတ္တိများကို စုစည်းလိုက်သည့်အလား ပြောလိုက်သည်။
"အော်... ဒါနဲ့လေ မျောက်လေ’… ကောင်းကင်ဘုံမှာ အရမ်းလှတဲ့ မြင်ကွင်းတစ်ခုရှိတယ်လို့ ငါကြားဖူးတယ်… ကောင်းကင်မြစ်က တိမ်ပင်လယ် လေ… အဲဒါက အရမ်းလှတယ်ဆိုပဲ… အားတဲ့အခါကျရင် ငါတို့ အတူတူ သွားကြည့်ရအောင်နော်... ကောင်းလား..."
ဇီရှား၏ ဖိတ်ခေါ်မှုကို ကြားသောအခါ စွန်းဝူခုန်းမှာ ခဏမျှ စဉ်းစားလိုက်ပြီး အလျင်စလို လုပ်စရာကိစ္စ မရှိသည်ကို တွေ့ရသဖြင့် ခေါင်းညိတ်ကာ လွယ်ကူစွာပင် သဘောတူလိုက်လေသည်။
"ကောင်းကင်မြစ်က တိမ်ပင်လယ် ဟုတ်လား... ငါ အခု အားနေတယ်လေ... သွားကြတာပေါ့..."
စွန်းဝူခုန်းက အလွယ်တကူ သဘောတူလိုက်သည်ကို ကြားသောအခါ ဇီရှား၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပွင့်လန်းသွားကာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ… ဒါဆိုရင် ငါ့ကို စောင့်နေဦးနော်… မိဖုရားခေါင်ကြီး ဆီ ပန်းတွေ ဆက်သပြီးတာနဲ့ ငါတို့ အဲဒီကို သွားကြမယ်..."
ချိန်းဆိုမှု ပြုလုပ်ပြီးနောက် ဇီရှားနတ်သမီးသည် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် မိဖုရားခေါင်ကြီး ၏ နန်းဆောင်ဆီသို့ သူမ၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းသွားလေတော့သည်။
သစ်ဖုနွယ်ချို ဥယျာဉ်မှ သာမန် နတ်သမီးလေးတစ်ပါးသာ ဖြစ်သည့် ဇီရှားသည် ပန်းများနှင့် အပင်များကို ဆက်သပြီးနောက် ပြန်ထွက်လာခဲ့ပြီး စွန်းဝူခုန်း၏ ဦးဆောင်မှုဖြင့် ကောင်းကင်မြစ် ၏ ကမ်းစပ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်မြစ် သည် မယုံနိုင်လောက်အောင်ပင် လှပလွန်းလှပေသည်။ အဝေးမှ ကမ်းစပ်ရှိ တိမ်တိုက်များသည် ရေပြင်နှင့် တိမ်တိုက်များ ဆုံတွေ့ရာနေရာတွင် ခမ်းနားထည်ဝါလွန်းလှသည်ဟု အမှန်တကယ် ဆိုနိုင်ပေသည်။
တိမ်တိုက်တစ်ခုပေါ်တွင် စွန်းဝူခုန်းနှင့် ဇီရှားတို့ နှစ်ဦးသားသည် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ စကားများများစားစား မပြောဖြစ်ကြသော်လည်း ရှုခင်းကို အတူတကွ တိတ်ဆိတ်စွာ ကြည့်ရှုခံစားရင်း တစ်ခါတစ်ရံမှသာ စကားပြောဆိုဖြစ်ကြသည်။ အလွန်ပင် သဟဇာတဖြစ်ကာ သဘာဝကျလှပေတော့သည်။
***
အပိုင်း(၃၇၂)
ကောင်းကင်ဘုံ၌ မျောက်တစ်ကောင် နတ်သမီး တစ်ပါး၏ ဖိတ်ခေါ်မှုကြောင့် ရှုခင်းများ လိုက်လံကြည့်ရှုနေသည်ကို ကျန်းလျို မသိနိုင်ခဲ့ပေ။ သူသည် လူ့လောက၌သာ နေရစ်ခဲ့ပြီး စွန်းဝူခုန်း ပြန်အလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း ကောင်းကင်နဂါး ဓမ္မတေးသံ ကို လေ့ကျင့်ကာ အချိန်ဖြုန်းနေခဲ့သည်။ သူ၏ နေ့ရက်များမှာ အတော်လေး အေးချမ်းလှပေသည်။
ဖျင်တင့်တောင်မှ မိစ္ဆာငယ်လေးများသည် ဖြတ်သန်းသွားလာသော လူသားများကို ရှာဖွေရန် နေရာအနှံ့ ကင်းလှည့်နေကြသော်လည်း ကျန်းလျိုမှာ တောင်ပေါ်သို့ တက်မသွားခဲ့သဖြင့် မည်သည့် မိစ္ဆာငယ်မျှ ဖျင်တင့်တောင်ပေါ်မှ ဆင်းမလာခဲ့ကြချေ။
သို့ရာတွင် စွန်းဝူခုန်း ပြန်မလာဘဲ ရက်အနည်းငယ်ကြာ စောင့်ဆိုင်းနေရသောအခါ ကျန်းလျိုသည် အနည်းငယ် အံ့အားသင့်လာမိသည်။ ကောင်းကင်ဘုံသို့ တက်သွားပြီး ကိစ္စတစ်ခု သွားမေးမြန်းရုံမျှဖြင့် ဤမျှလောက် အချိန်ကြာစရာ အကြောင်းမရှိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူ ပြန်မလာဘဲ ဤမျှလောက် ရက်တွေ ကြာမြင့်နေရသနည်း။
ကျန်းလျိုသည် စိတ်ရှုပ်ထွေးနေသော်လည်း စွန်းဝူခုန်း၏ လုံခြုံရေးအတွက်မူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။
စွန်းဝူခုန်း၏ ကိုယ်ပိုင်အစွမ်းအစများကို ထည့်မတွက်လျှင်ပင် အကယ်၍ သူသာ တစ်စုံတစ်ရာ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါက ရူလိုင်ဘုရားနှင့် အခြားသူများက တကယ်ပဲ လက်ပိုက်ကြည့်နေကြမည်မဟုတ်ပေ။
ဤသို့ဖြင့်... တစ်ပတ်ခန့် စောင့်ဆိုင်းပြီးနောက်တွင်မူ စွန်းဝူခုန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့လေတော့သည်။
"ဝူခုန်း... မင်း ဘာလို့ ဒီလောက်တောင် ကြာနေရတာတုန်း..."
ကျန်းလျိုက ဆီးကြိုကာ မေးလိုက်သည်။
"အော်... အပြန်လမ်းမှာ ဇီရှား နဲ့ ဆုံတာဗျ… သူက ကောင်းကင်မြစ် နားက တိမ်တိုက်တွေကို သွားကြည့်ဖို့ ခေါ်တာနဲ့ ခဏလောက် လိုက်သွားလိုက်တာ… အဲဒါကြောင့် နောက်ကျသွားတာပါ..."
စွန်းဝူခုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"ဇီရှားက မင်းကို အရင်စပြီး ဖိတ်ခေါ်တယ် ဟုတ်လား... မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုများ ဖြစ်ခဲ့သေးလား..."
ကျန်းလျိုသည် အတင်းအဖျင်း ပြောဆို စပ်စုတတ်သူ မဟုတ်သော်လည်း စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ဇီရှားနတ်သမီး ကိုယ်တိုင်က ဖိတ်ခေါ်ခဲ့သည်ဆိုသည့် အချက်ကြောင့် သူသည် သိချင်စိတ်ကို မထိန်းနိုင်တော့ပါချေ။
စွန်းဝူခုန်းမှာ ကျန်းလျိုကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။
"တစ်ခုခု ဖြစ်ရမယ်... ဘာဖြစ်ရမှာလဲ..."
စွန်းဝူခုန်း၏ ဘာမှမသိနားမလည်သော မျက်နှာထားကို ကြည့်ရင်း ကျန်းလျို၏ မျက်နှာ အနည်းငယ် ညိုမည်းသွားကာ စိတ်ထဲမှ ဝေဖန်လိုက်မိသည်။
‘ဒီမျောက်က စိတ်ခံစားမှုပိုင်းဆိုင်ရာ ဉာဏ်ရည် နိမ့်ရုံတင် မကဘူး… တကယ်ပဲ သူ့နှလုံးသားထဲမှာ အချစ်ဆိုတဲ့ အယူအဆ လုံးဝ မရှိတာများလား… ကျောက်တုံးထဲက ထွက်လာတဲ့ မျောက်ဆိုတော့ သူ့နှလုံးသားကရော ကျောက်တုံးကြီးနဲ့ပဲ လုပ်ထားတာများလား...’
‘ဇီရှားနတ်သမီး က သူ့ကို ရှုခင်းကြည့်ဖို့ အရင်စပြီး ဖိတ်ခေါ်ခဲ့တယ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို အရူးတောင် နားလည်နိုင်တယ် မဟုတ်ဘူးလား...’
သို့ရာတွင် စွန်းဝူခုန်း၏ စကားကို ကြားပြီးနောက် ကျူးပါကျဲ၏ မျက်နှာမှာ အနည်းငယ် ရှုပ်ထွေးသွားလေသည်။
"ကောင်းကင်မြစ် ရှုခင်း ဟုတ်လား..."
ကောင်းကင်မြစ် ၌ စစ်သူကြီး ဘဝဖြင့် ရှိနေစဉ်ကတည်းက ကျူးပါကျဲသည် ချန်အော်နတ်သမီး အား ရှုခင်းများကို အတူတကွ ကြည့်ရှုခံစားရန် ဖိတ်ခေါ်လိုသည့် ဆန္ဒများကို အမြဲတမ်း ရင်ဝယ်ပိုက်ထားခဲ့ဖူးသည်။
သို့သော်လည်း ဤဆန္ဒမှာ ယနေ့တိုင် အကောင်အထည် မပေါ်သေးချေ။ သို့ပါလျက်နှင့် သူ၏ အစ်ကိုကြီးသည် သူ အကြာကြီး တောင့်တခဲ့ရသောအရာကို အလွယ်တကူ ရရှိသွားခဲ့သည်တဲ့လော။
ကျူးပါကျဲသည် ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲမှ ဝမ်းနည်းမှုလေးများကို အမြန်ဖယ်ရှားလိုက်လေသည်။
ထို့နောက် သူက ဝူခုန်းကို ကြည့်ကာ အားကျနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး မျောက်... ခင်ဗျားက တကယ်ပဲ ဘာမှမသိတာလား… ဒါမှမဟုတ် ဟန်ဆောင်နေတာလားဗျ... ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလား... ဥပမာ…ဖက်တာတို့ နမ်းတာတို့လေ..."
"ဖက်တယ်... အကြောင်းရင်းမရှိဘဲ ဘာလို့ ဖက်ရမှာလဲ... နမ်းတယ်... နှုတ်ခမ်းချင်း ထိတာက ဘာအဓိပ္ပာယ်ရှိလို့လဲ..."
စွန်းဝူခုန်းက ပါကျဲကို ကြည့်ကာ ရှုပ်ထွေးနေဆဲဖြစ်ပုံဖြင့် ပြန်မေးလိုက်လေသည်။
စွန်းဝူခုန်း၏ အမူအရာကို ကြည့်ရင်း ကျူးပါကျဲသည် စိတ်ထဲမှ ခေါင်းခါလိုက်မိသလို တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း မနာလို ဖြစ်သွားမိသည်။
"ဘယ်လိုတောင် နားလည်အောင် ပြောရခက်တဲ့လူလဲ..."
‘စိတ်ကူးယဉ် ခံစားချက်တွေကို အဲဒီလောက်တောင် နားမလည်နိုင်တဲ့လူက နတ်သမီးတစ်ပါးရဲ့ လိုက်လံပိုးပန်းမှုကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်ရတာလဲ…’
‘ဘာလို့ ဝက်ကြီး ငါ ကျတော့ အဲဒီလို အခွင့်အရေးမျိုး မရရတာလဲ… ကောင်းကင်ဘုံကြီးက တကယ်ကို မတရားပါဘူးလေ…’
"ဒါနဲ့ အစ်ကိုကြီး...”
ရုတ်တရက် တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ရှားဝူကျင်းက ဝင်ရောက် ပြောဆိုလိုက်သည်။
“ကောင်းကင်ဘုံကို သွားတုန်းက ထိုက်ရှန်းလောင်ကျွင်း အကြောင်းရော စုံစမ်းလို့ ရခဲ့ရဲ့လား..."
ရှားဝူကျင်း၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက လှည့်၍ ကျန်းလျိုအားကြည့်၍ ပြန်လည်ဖြေကြားလိုက်သည်။
"အော်... ဒီတစ်ခေါက် ကံမကောင်းဘူး… ထိုက်ရှန်းလောင်ကျွင်း က အိမ်မှာမရှိဘူး... ကျွန်တော် စွန်းဝူခုန်း… လက်ဗလာနဲ့ပဲ ပြန်လာခဲ့ရတယ်...”
"လက်ဗလာနဲ့ ပြန်လာခဲ့တယ်ပေါ့လေ..."
ကျန်းလျိုသည် တီးတိုးရေရွတ်လိုက်လေသည်။ သို့သော်လည်း... ဤကိစ္စက သူ့ကို အနည်းငယ်မျှပင် အံ့အားသင့်မသွားစေခဲ့ချေ။ ၎င်းမှာ ကျန်းလျို တစ်လျှောက်လုံး သံသယဖြစ်နေခဲ့သည့် အချက်ကို အတည်ပြုပေးလိုက်ခြင်းသာ ဖြစ်သည်။ ထို လျှို့ဝှက်ဆန်းကြယ်သော အဘိုးကြီးမှာ အမှန်တကယ်ပင် ထိုက်ရှန်းလောင်ကျွင်း ဖြစ်နေပေသည်။
"ဒါနဲ့... လမ်းမှာ ခွေမုဝံပုလွေ နဲ့ ဆုံခဲ့သေးတယ်… သူက ဆရာတော် ပေးလိုက်တဲ့ သင်္ကန်း အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီ ရွှေဆေးလုံး ကို ဆရာတော့်ဆီ ပေးခိုင်းလိုက်တယ်..."
ထိုသို့ပြောပြီးသည်နှင့် စွန်းဝူခုန်းသည် ခွေမုဝံပုလွေ ပေးလိုက်သော ရွှေဆေးလုံးကို ထုတ်ယူကာ ကျန်းလျိုအား ကမ်းပေးလိုက်လေသည်။
"အို... ရွှေဆေးလုံး ဟုတ်လား... ကျေးဇူးဆပ် လက်ဆောင်ပေါ့လေ..."
ထိုစကားကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ တစ်ခဏမျှ အရောင်လက်သွားပြီး စွန်းဝူခုန်း ကမ်းပေးနေသော သေတ္တာကို လှမ်းယူလိုက်လေသည်။
သေတ္တာကို ဖွင့်လိုက်သောအခါ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် စုစည်းနေသော ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် တစ်စိတ်တစ်ပိုင်းဖောက်ထွင်းမြင်ရသော ရွှေဆေးလုံးကို သူ မြင်တွေ့လိုက်ရသည်။
ကျန်းလျိုသည် ၎င်းအပေါ်သို့ အကြည့်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဆေးလုံး၏ အချက်အလက်များက သူ၏ရှေ့တွင် ပေါ်လာခဲ့ရာ သူ၏ ရင်ထဲတွင် လွန်စွာ ဝမ်းသာပီတိ ဖြစ်သွားရလေတော့သည်။
နဂါးဝိညာဉ်ဆေးလုံး (စားသုံးနိုင်) - သောက်သုံးပြီးနောက် အတွေ့အကြုံမှတ် ၈,၀၀၀,၀၀၀ တိုးလာမည်ဖြစ်ပြီး၊ နောက်ပိုင်း ထပ်မံအသုံးပြုပါက အာနိသင် လျော့ကျသွားမည်ဖြစ်သည်။
ဆေးလုံး၏ အချက်အလက်များကို မြင်သောအခါ ကျန်းလျိုသည် လွန်စွာ ဝမ်းသာပျော်ရွှင်သွားလေသည်။
အတွေ့အကြုံမှတ် ရှစ်သန်း တိတိ ဟုတ်သလော…
ဤသည်မှာ ကြီးမားလှသော အမြတ်အစွန်းပင် ဖြစ်သည်။ ကွမ်းယင် ဇင်ကျောင်းတော် ရှေ့တွင် ဆရာလင်းရွှီ နှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က သူရရှိခဲ့သော ဝိညာဉ်ဆေးလုံး သည် အတော်လေး ကောင်းမွန်ကာ သူ့အား အတွေ့အကြုံမှတ် ၅၀၀,၀၀၀ အထိ ပေးစွမ်းနိုင်ခဲ့ပြီး ထိုအချိန်က ၎င်းမှာ သူ၏အတွက် ရှားပါးသော ရတနာတစ်ပါး ဖြစ်ခဲ့ကြောင်းကို သူ မှတ်မိနေသေး၏။
သို့သော် ခွေမုဝံပုလွေ ပေးလိုက်သော ဤ နဂါးဝိညာဉ်ဆေးလုံး နှင့် နှိုင်းယှဉ်ပါက ၎င်းမှာ များစွာ ယုတ်ညံ့သွားပြီး ဆယ်ပုံတစ်ပုံမျှပင် အာနိသင် မရှိတော့ချေ။
ကျန်းလျိုအတွက်မူ ကောင်းကင်မိစ္ဆာ၏ အသွင်ပြောင်း သင်္ကန်း သည် တကယ်တမ်းတွင် သိပ်ပြီး အာနိသင် မမြင့်မားလှပေ။ အဘယ်ကြောင့်ဆိုသော် ပုလဲသင်္ကန်း၏ အာနိသင်က အားကောင်းပြီးဖြစ်ကာ ကောင်းကင်မိစ္ဆာ၏ အံ့ဖွယ် အသွင်ပြောင်းလဲခြင်း အတတ်ပညာ ဟူသည့် အထူးစွမ်းရည်တစ်ခု ထပ်ပေါင်းပါဝင်နေခြင်းမျှသာ ဖြစ်သောကြောင့်ပင်။
ဤကဲ့သို့ အစားထိုးနိုင်သော ပစ္စည်းတစ်ခုကို နဂါးဝိညာဉ်ဆေးလုံး တစ်လုံးနှင့် လဲလှယ်လိုက်ရသည်မှာ သူ့အတွက် တကယ်ကို အမြတ်အစွန်းကြီးမားလွန်းလှသော အရောင်းအဝယ်တစ်ခုပင် ဖြစ်ပေသည်။
ထပ်မံ၍ အချိန်ဆွဲမနေတော့ဘဲ ကျန်းလျိုသည် ပါးစပ်ကိုဟကာ နဂါးဝိညာဉ်ဆေးလုံး ကို ထိုအချိန်မှာပင် ချက်ချင်း မျိုချလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ကျန်းလျို၏ စိတ်ထဲ၌ စနစ်ထံမှ အသိပေးသံများ တသီတတန်းကြီး ထွက်ပေါ်လာတော့၏။
ဒင်- အတွေ့အကြုံမှတ် ၈,၀၀၀,၀၀၀ ရရှိပါသည်။
ဒင်- အဆင့် ၁ ဆင့် တက်သွားပါသည်၊ လက်ရှိအဆင့် ၃၈။
ဒင်- အဆင့် ၁ ဆင့် တက်သွားပါသည်၊ လက်ရှိအဆင့် ၃၉။
နဂါးဝိညာဉ်ဆေးလုံး ကို မျိုချလိုက်သည်နှင့် စနစ်ထံမှ အသိပေးသံများ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ကျန်းလျိုသည် သူ၏ ခန္ဓာကိုယ်ထဲတွင် လန်းဆန်းသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ နွေရာသီ အပူဒဏ်တွင် ရေအေးအေးဖြင့် ရေချိုးလိုက်ရသကဲ့သို့ မယုံနိုင်လောက်အောင်ပင် သက်တောင့်သက်သာ ရှိလှပေသည်။
နဂါးဝိညာဉ်ဆေးလုံး ကို သောက်သုံးလိုက်ခြင်းဖြင့် သူ၏ အဆင့်သည်လည်း တိုက်ရိုက်ပင် နှစ်ဆင့်တိတိ တက်သွားခဲ့ပြီး အဆင့် ၃၉ သို့ ရောက်ရှိသွားလေသည်။
အဆင့်တက်သွားပြီးနောက် ကျန်းလျိုသည် မိမိကိုယ်ကို ငုံ့ကြည့်လိုက်ပြီး စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
"ဇာတ်ကောင် အချက်အလက် မျက်နှာပြင်..."
တစ်ပိုင်းဖောက်ထွင်းမြင်ရသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင် သည် ကျန်းလျို၏ အရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏ အကြည့်များက အဆင့် ဖော်ပြထားသော အပိုင်းဆီသို့ အဓိက ကျရောက်သွားလေသည်။
အဆင့် - ၃၉ (၃၅၈,၆၀၀ / ၅,၀၀၀,၀၀၀)
***