← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 27 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 27 Ch. 373-374

အပိုင်း(၂၇၃)

အဆင့် - ၃၉ (၃၅၈,၆၀၀ / ၅,၀၀၀,၀၀၀)

မိမိ၏ လက်ရှိ အဆင့်နှင့် နောက်တစ်ဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ် များကို မြင်သောအခါ ကျန်းလျိုသည် စိတ်ထဲမှ လက်မြှောက်အရှုံးပေးလိုက်သည့် ဟန်ဖြင့် ခေါင်းခါယမ်းလိုက်မိလေသည်။

ယခုအခါတွင် သူ အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ် များမှာ ၅ သန်းအထိ ရောက်ရှိလာပြီဖြစ်ရာ ၎င်းမှာ တစ်နေ့တခြား ပို၍ပို၍ ချဲ့ကားလွန်းလာပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဆင့် ၃၉ သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကောင်းမွန်သောအရာပင် ဖြစ်ပေသည်။

ထို့ပြင် ကျန်းလျိုအတွက် အတွေ့အကြုံမှတ် ၈ သန်း အပြည့်ရရှိခြင်းက နှစ်လမှ သုံးလခန့်အထိ ကျင့်ကြံခြင်းအချိန်ကို သက်သာစေသည်ဟုလည်း ဆိုလိုနိုင်ရာ ဤအကျိုးအမြတ်မှာ အလွန်ပင် ကြီးမားလှပေသည်။ သူ၏ အဆင့်ကို ခဏဖယ်ထားလျှင်ပင် ခန္ဓာကိုယ်အတွင်းမှ လှိုင်းလုံးများပမာ တိုးထွက်လာသော စွမ်းအားများကို ခံစားကြည့်ရုံဖြင့် သူ၏ စွမ်းရည်များ အကြီးအကျယ် တိုးတက်လာကြောင်းကို ကျန်းလျို ခံစားသိရှိနိုင်လေသည်။

"အခု နောက်ဆုံးတော့ အဆင့် ၃၉ ကို ရောက်လာခဲ့ပြီ… ဇာတ်ကောင် အဆင့်အရဆိုရင် အဆင့် ၄၁ ကနေ ၅၀ အထိက နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ထဲမှာ ပါတယ် မဟုတ်လား... ငါက နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် နဲ့ ပိုပိုပြီး နီးကပ်လာပြီပဲ..."

ဇာတ်ကောင်အဆင့်ကို ကြည့်ပြီးနောက် ကျန်းလျိုသည် စိတ်ထဲတွင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထို့ပြင် သူသည် ပို၍ပင် မျှော်လင့်ချက်များ ကြီးမားလာခဲ့၏။ အဆင့် ၁၀ တွင် သူသည် ပစ္စည်းသိုလှောင်ရာနေရာကို ဖွင့်လှစ်နိုင်ခဲ့သည်။ အဆင့် ၂၀ တွင် တာဝန်ပေးစနစ် ကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဆင့် ၃၀ တွင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင် ကို ဖွင့်လှစ်နိုင်ခဲ့သည် မဟုတ်ပါလော။

အဆင့် ၄၀ သို့ ရောက်ရှိသွားပါက မည်သည့် လုပ်ဆောင်ချက်အသစ်များ ထပ်မံပွင့်လာမည်ကို သူ သိချင်နေမိသည်။

"ဆရာတော်... ဘာတွေ တွေးနေတာတုန်း..."

ရုတ်တရက် ဝူခုန်း၏ အသံက ကျန်းလျို၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။

"အော်... ငါ နည်းနည်း အတွေးလွန်သွားလို့ပါ… ခွေမုဝံပုလွေ ကို တကယ် ကျေးဇူးတင်ရမယ်… ဒီဆေးလုံးရဲ့ အာနိသင်က တကယ်ကို အံ့မခန်းပဲ..."

ကျန်းလျိုက ဆေးလုံးကို အထင်တကြီး ချီးကျူးနေစဉ် စွန်းဝူခုန်းကမူ အထင်သေးဟန်ဖြင့် နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒါက သာမန် နဂါးဝိညာဉ်ဆေးလုံး လေး တစ်လုံးတည်းပါဗျာ… ဘယ်လောက်တောင် အံ့မခန်း ဖြစ်နေလို့လဲ... အရင်တုန်းကဆို ကျုပ် စွန်းဝူခုန်း က ဒီလို ဆေးလုံးမျိုးတွေကို ဘယ်လောက်တောင် စားခဲ့ရမှန်းတောင် မသိဘူး..."

"အင်းပါ... မင်းက ပုဂ္ဂိုလ်ကြီးဆိုတော့လည်း ဘယ်ယှဉ်နိုင်ပါ့မလဲ..."

ကျန်းလျိုက ရွဲ့ကာ ပြောလိုက်သည်။

"တကယ်ပါပဲ..."

ဘေးနားရှိ ကျူးပါကျဲ ကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

"ထိုက်ရှန်းလောင်ကျွင်း ဖော်စပ်ထားတဲ့ ကိုးကြိမ် သန့်စင် ရွှေဆေးလုံးဆိုရင် တကယ်ကို အစွမ်းထက်တယ်လို့ ကျုပ် ကြားဖူးတယ်... လူသားတစ်ယောက် အဲဒါကို တစ်လုံးလောက် စားလိုက်ရုံနဲ့ နတ်အဆင့် ကို တက်လှမ်းသွားနိုင်ဖို့ လုံလောက်တယ်တဲ့..."

ကျူးပါကျဲ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားလေသည်။

‘သာမန်လူတစ်ယောက် နတ်အဆင့် ကို တက်လှမ်းဖို့ လုံလောက်တယ် ဟုတ်လား... ဆိုလိုတာက သာမန်လူတွေကို ချက်ချင်းပဲ ကောင်းကင်နတ်မင်း ဖြစ်သွားစေတာပေါ့... အဲဒီအတွက် အတွေ့အကြုံမှတ် တွေ ဘယ်လောက်တောင် လိုအပ်မလဲ...’

မှန်ပေသည်။ ကိုးကြိမ် သန့်စင် ရွှေဆေးလုံး နှင့် နှိုင်းယှဉ်ပါက ဤ နဂါးဝိညာဉ်ဆေးလုံး ဆိုသည်မှာ သေးငယ်မှုန်မွှားလွန်းလှသည် မဟုတ်ပါလော…။

ထိုအချိန်မှာပင် ကျန်းလျို၏ စိတ်ထဲ၌ ရုတ်တရက် အကြံဉာဏ်တစ်ခု လင်းလက်သွားလေသည်။

ကောင်းကင်ဘုံကို မွှေနှောက်စဉ်က တောက်ရွှိုင်နန်းတော် တွင် လူမရှိချိန်၌ စွန်းဝူခုန်းသည် တောက်ရွှိုင်နန်းတော် အတွင်းသို့ ခိုးဝင်ကာ ထိုက်ရှန်းလောင်ကျွင်း ၏ ဆေးလုံးများကို မွှေနှောက်ဖျက်ဆီးခဲ့သည်ကို သူ မှတ်မိလိုက်သည်။

ယခုအချိန်တွင် ထိုက်ရှန်းလောင်ကျွင်း သည်လည်း လူ့လောက သို့ ရောက်ရှိနေသည် မဟုတ်ပါလော…

အကယ်၍ သူသာ ယခု တောက်ရွှိုင်နန်းတော် ထဲသို့ ခိုးဝင်သွားခဲ့လျှင်...

ထိုဖြစ်နိုင်ခြေများကို တွေးမိသောအခါ ကျန်းလျို၏ နှလုံးသားမှာ ပူနွေးလာခဲ့သည်။ သူသာ ကိုးကြိမ် သန့်စင် ရွှေဆေးလုံး တစ်လုံးကို ရရှိပြီး စားသုံးနိုင်ခဲ့မည်ဆိုပါလျှင်…

ကောင်းကင်နတ်မင်း တစ်ပါး၏ ကျင့်ကြံခြင်းအဆင့်တဲ့လော…။

ထိုအရာက အဆင့် ၆၁ နှင့် အထက်မှာ ရှိနေမည် မဟုတ်ပါလော။

မျက်တောင် တစ်ခတ်စာ အတွင်း သူ အဆင့် ၂၀ ကို တက်လှမ်းသွားနိုင်လိမ့်မည် ဖြစ်သည်။

ဆိုရိုးစကား တစ်ခု ရှိသည်။ 'ငှက်တွေက အစာအတွက် သေကြသလို လူတွေကလည်း ဥစ္စာအတွက် သေကြတယ်' ဟူ၍။ အန္တရာယ်ကြီးမားမှုက အကျိုးအမြတ်ကြီးမားမှုကို ယူဆောင်လာစမြဲပင်။ ဤသို့လုပ်ဆောင်ခြင်းက ထိုက်ရှန်းလောင်ကျွင်း ကို သေချာပေါက် စော်ကားမိသလို ဖြစ်သွားမည်မှန်သော်လည်း မည်သို့ပင်ဆိုစေ သူသည် လက်ရှိတွင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် အဖွဲ့ ၏ အဓိက အချက်အချာ ပုဂ္ဂိုလ်ဖြစ်နေသည်။ သူ တောက်ရွှိုင်နန်းတော် တစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့လျှင်တောင်မှ ဗုဒ္ဓဘာသာဂိုဏ်း က သူ့ကို အစွမ်းကုန် ကာကွယ်ပေးကြမည် မဟုတ်ပါလော။

‘ထိုက်ရှန်းလောင်ကျွင်း ကို စော်ကားမိမယ် ဆိုရင်တောင် အကျိုးအမြတ်ကို ကိုယ်တိုင်ရယူလိုက်ပြီး… ရှင်းလင်းရမယ့် ကိစ္စတွေကိုကျတော့ ဗုဒ္ဓဘာသာဂိုဏ်း ဆီ လွှဲချထားလိုက်ရင်ကော...’

‘ပြန်တွေးကြည့်မယ်ဆိုရင် ကိုယ့်အတွက် ဘာများ နစ်နာစရာ ရှိလို့လဲ...’

ပိုတွေးလေလေ သူ၏ နှလုံးသားမှာ ပို၍ပူနွေးလာလေလေဖြစ်ကာ ကျန်းလျို၏ မျှော်လင့်ချက်များမှာလည်း ပိုမို ပြင်းထန်လာတော့သည်။

ထို့နောက် အတန်ကြာအောင် မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်စွာ တွေးတောစေပြီးနောက် ကျန်းလျိုသည် ဤကိစ္စ၏ နောက်ဆက်တွဲ အကျိုးဆက်များကို အသေးစိတ် သုံးသပ်ကြည့်လိုက်ရာ လုံးဝ စိုးရိမ်စရာမရှိကြောင်း တွေ့ရှိသွားလေတော့သည်။

အနောက်အရပ်သို့ သွားရာလမ်းတစ်လျှောက်တွင် နတ်ဝိညာဉ်တောင်တော် သို့ ရောက်ရှိချိန်၌ သူနှင့် ဗုဒ္ဓဘာသာဂိုဏ်း တို့ နောက်ဆုံးတွင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည့်အချိန် ဖြစ်လာမည်ဖြစ်သော်လည်း ထိုနေရာသို့ မရောက်ရှိမီအချိန်အထိတော့ သူသည် အလွန်ပင် လုံခြုံနေမည်မှာ အသေအချာပင် ဖြစ်သည်။

သူ သေချင်နေလျှင်တောင်မှ ဗုဒ္ဓဘာသာဂိုဏ်း က သူ့ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးပမ်းကြမည်သာ ဖြစ်၏။

ကျန်းလျိုကို ဆွဲဆောင်နိုင်လောက်သည့် မယုံနိုင်စရာ ကောင်းလှသော အကျိုးအမြတ်များကို စိတ်ထဲတွင် တွေးတောနေရင်း အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ကျန်းလျိုက စွန်းဝူခုန်းအား ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ဝူခုန်း... ခွေမုဝံပုလွေက တောက်ရွှိုင်နန်းတော် ကို စောင့်နေတယ်ဆိုတာ မင်း ယုံလား..."

ဝူခုန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်..."

ကျန်းလျိုက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းအတွက်တော့ ဒီ နဂါးဝိညာဉ်ဆေးလုံး က သိပ်ပြီး အရေးမပါလှဘူး ဆိုပေမဲ့ ငါ့အတွက်ကတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခြေလှမ်းတစ်ရပ် ရှေ့တက်သွားစေတာပဲ… စိတ်ခံစားမှုအရရော ယုတ္တိဗေဒအရပါ ငါ ခွေမုဝံပုလွေ ကို သွားပြီး ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်..."

ကျန်းလျို၏ စကားများကြောင့် စွန်းဝူခုန်း သည် သူ့အား အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

"သွားပြီး ကျေးဇူးတင်မလို့ ဟုတ်လား..."

ဆရာတော် ပြောသည့်စကားမှာ အကြောင်းပြချက် ခိုင်လုံသော်လည်း ခွေမုဝံပုလွေက နဂါးဝိညာဉ်ဆေးလုံးသည် တုံ့ပြန်လက်ဆောင် သက်သက်သာဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ကို အထူးတလည် သွားရောက် ကျေးဇူးတင်ရန် တကယ်ပဲ လိုအပ်ပါသလော။

"လူကြီးတွေ ပြောဖူးတဲ့ စကားရှိတယ်လေ… ယဉ်ကျေးလွန်းလို့ ဘယ်သူကမှ အပြစ်မတင်ဘူးတဲ့... မင်း ဘယ်လိုထင်လဲ… ငါ့ကို တောက်ရွှိုင်နန်းတော် ဆီ ခေါ်သွားပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ခွင့်ပြုရင် မကောင်းဘူးလား..."

ဤလုပ်ရပ်မှာ မလိုအပ်ဟု ထင်ရသော်လည်း တောက်ရွှိုင်နန်းတော် သို့ သွားရောက်ရန်အတွက် သူ့ အနေဖြင့် ခိုင်လုံပြီး သင့်လျော်သော အကြောင်းပြချက်တစ်ခုတော့ လိုအပ်သည် မဟုတ်ပါလော…။

"ယဉ်ကျေးလွန်းရင်တော့ အရူးလို့ အခေါ်ခံရလိမ့်မယ်..."

ကျန်းလျို ၏ စကားများကို သဘောမတူစွာဖြင့် ကျူးပါကျဲက တီးတိုးရေရွတ်လိုက်သည်။

လွန်ကဲစွာ ယဉ်ကျေးခြင်းသည် မကောင်းသောအရာ မဟုတ်သော်လည်း ကန့်သတ်ချက် တစ်ခုတော့ ရှိပေသည်။ ထိုကန့်သတ်ချက်ကို ကျော်လွန်သွားပါက လုံးဝ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

ကျူးပါကျဲ ၏ အမြင်တွင်မူ ခွေမုဝံပုလွေကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရန် ဆရာတော် ၏ ဆုံးဖြတ်ချက်မှာ အမှန်တကယ်ပင် ယုတ္တိမတန်သကဲ့သို့ ဖြစ်နေပေသည်။

ဆရာတော်က အရူးလော။

မဖြစ်နိုင်ပေ။ မိမိကိုယ်ကို ဟုမ်းစ်ရွှမ်ကျန်း ဟု ခေါ်ဆိုလေ့ရှိသော ဆရာတော်သည် သူ ဝက်ကြီးထက် အဆပေါင်းများစွာ သာလွန်သော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ထို့ကြောင့်... ဆရာတော် ၏ လုပ်ရပ်များအတွက် ပိုမိုနက်နဲသော အကြောင်းပြချက် တစ်ခု ရှိနေရမည် မဟုတ်ပါလော။

ကျန်းလျို၏ လုပ်ရပ်များတွင် ပိုမိုနက်နဲသော အဓိပ္ပာယ်တစ်ခု ရှိနေကြောင်းကို ကျူးပါကျဲ နားလည်သဘောပေါက်သကဲ့သို့ စွန်းဝူခုန်းသည်လည်း အရူးတစ်ယောက်မဟုတ်သဖြင့် ထိုအချက်ကို ရိပ်မိနေပေသည်။

"ဆရာတော်... တခြား အကြောင်းပြချက် တစ်ခုခု ရှိနေလို့ သွားချင်တာများလား..."

ဝူခုန်းက ကျန်းလျို ကို စူးစိုက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

မျောက်က သူ့အား တိုက်ရိုက် မေးလိုက်သည်ကို ကြားသောအခါ ကျန်းလျိုသည် အနေခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် အမြန်ပင် ဆင်ခြေပေးလိုက်သည်။

"အဟမ်း... မင်းပြောတာလည်း ဟုတ်တာပါပဲ... ငါက ကောင်းကင်ဘုံ ကို တစ်ခါမှ မရောက်ဖူးသလို… နတ်လောက ရဲ့ ရှုခင်းတွေကိုလည်း မမြင်ဖူးဘူးလေ… အဲဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး သွားလည်လို့ရမယ်ဆိုရင် ငါ့ရဲ့ အမြင်ကျယ်ဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သွားတာပေါ့..."

ခဏမျှ စဉ်းစားပြီးနောက် စွန်းဝူခုန်းမှာ ထပ်မံ၍ မေးခွန်းမထုတ်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်။

"ဆရာတော် က ကောင်းကင်ဘုံ ကို သွားကြည့်ချင်တာလား... ကောင်းပြီလေ… ဒါဆိုလည်း သွားကြတာပေါ့..."

စွန်းဝူခုန်းထံမှ သဘောတူခေါင်းညိတ်မှုကို ရရှိပြီးနောက် ကျန်းလျိုသည် ကျူးပါကျဲ နှင့် ရှားဝူကျင်း တို့ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ပါကျဲ… မင်းတို့တွေ ငါ့ကို ဒီမှာပဲ စောင့်နေကြ… ငါ ဝူခုန်း နဲ့အတူ ကောင်းကင်ဘုံ ကို ခဏသွားလည်ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်..."

ထို့နောက်တွင်တော့ ဆက်လက်၍ အချိန်ဆွဲမနေတော့ဘဲ စွန်းဝူခုန်းသည် ကျန်းလျို ကို ခေါ်ဆောင်ကာ သူ၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို ချက်ချင်း အသုံးပြု၍ အထက်သို့ ခုန်တက်လိုက်သည်။ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် တောင်ပိုင်း ကောင်းကင်တံခါးသို့ ရောက်ရှိသွားကြလေတော့သည်။

***

အပိုင်း(၂၇၄)

တိမ်တိုက်စီးနင်းခြင်း၏ အမြန်နှုန်းမှာ အလွန်ပင် မြန်ဆန်လွန်းလှရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မှုန်ဝါးသွားပြီး လူကို အနည်းငယ် မူးဝေကာ မျက်စိလည်သွားစေလေသည်။

ကျန်းလျို သတိပြန်ဝင်လာချိန်တွင်မူ သူသည် ခမ်းနားထည်ဝါသော တံခါးကြီးတစ်ခုရှေ့၌ မသိမသာပင် ရောက်ရှိရပ်တန့်နေခဲ့ပြီဖြစ်ကြောင်း သတိပြုမိသွားလေသည်။

ထိုတံခါးကြီးပေါ်တွင် စာလုံးကြီးများဖြင့် ရေးသားထားသည်မှာ - တောင်ပိုင်း ကောင်းကင်တံခါး ပင်ဖြစ်သည်။

"မဟာပညာရှိကြီး ကို ဂါရဝပြုပါတယ်..."

ကောင်းကင်တံခါးတွင် အစောင့်ကျနေသော ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်အချို့က စွန်းဝူခုန်း အား ဦးညွှတ်အရိုအသေပေးကာ ပြိုင်တူ နှုတ်ခွန်းဆက်သလိုက်ကြခြင်း ဖြစ်သည်။

"အင်း အင်း အင်း... မင်္ဂလာပါ..."

စွန်းဝူခုန်းသည် လက်ကိုဝှေ့ယမ်းပြလိုက်ပြီး မာနမထောင်လွှားဘဲ ကျန်းလျိုအား ခေါ်ဆောင်ကာ ဆက်လက်ထွက်ခွာသွားလေသည်။

"ခဏလောက် နေပါဦး မဟာပညာရှိကြီး... ဒီ ရဟန်းငယ်လေး က ဘယ်သူလဲဗျ..."

မဟာပညာရှိကြီး ကိုယ်တိုင် ခေါ်ဆောင်လာခြင်းဖြစ်သောကြောင့် အစောင့်ကျနေသော ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်အချို့မှာ မတားဆီးရဲကြသော်လည်း ကောင်းကင်ဘုံသို့ သူစိမ်းတစ်ယောက် ဝင်ရောက်လာသည့်အတွက် အနည်းဆုံးတော့ မေးမြန်းရန် လိုအပ်သည် မဟုတ်ပါလော။

ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များ၏ အမေးကို ကြားသောအခါ စွန်းဝူခုန်းသည် ဆရာတော်ရှေ့တွင် အနည်းငယ် မျက်နှာပူသွားကာ ခေါင်းကိုလှည့်ပြီး မကြည်လင်သောလေသံဖြင့် ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ဒါက ငါ စွန်းဝူခုန်း ရဲ့ ဆရာပဲ... ပြဿနာရှိလို့လား..."

"မရှိပါဘူးဗျာ... မဟာပညာရှိကြီး ကလည်း အရမ်း အတည်ပေါက်ကြီး ယူနေပြန်ပါပြီ..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်အချို့က အလျင်အမြန် ခေါင်းခါယမ်းလိုက်ကြလေသည်။

"ကောင်းပြီ... ဆရာတော်... သွားကြစို့..."

ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များ၏ အဖြေကို ကျေနပ်သွားသောအခါ စွန်းဝူခုန်းသည် လှည့်၍ ကျန်းလျိုအား ပြောလိုက်လေသည်။

ထိုသို့ပြောဆိုပြီးနောက် စွန်းဝူခုန်းသည် ကျန်းလျိုအား တောင်ပိုင်း ကောင်းကင်တံခါး အတွင်းသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားလေတော့သည်။

သူ၏ ဆရာတော်သည် ကောင်းကင်ဘုံ၏ ခမ်းနားထည်ဝါမှုများကို သေချာစွာ လေ့လာကြည့်ရှုလိုသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့သည် အလျင်စလို မသွားကြတော့ဘဲ သွားရင်းလာရင်းဖြင့် ရှုခင်းများကို ကြည့်ရှုခံစားကာ လေထဲတွင် ပျံသန်းရင်း အရာအားလုံးကို အေးအေးလူလူ အကဲခတ်နေကြလေသည်...

စွန်းဝူခုန်းသည် ကျန်းလျိုနှင့်အတူ ကောင်းကင်ဘုံတစ်ခွင်၌ ထင်ပေါ်စွာ ပျံသန်းသွားလာနေခဲ့သည်။ လမ်းတစ်လျှောက်တွင် လူတိုင်းလိုလိုမှာ အောက်ဘက်၌ လမ်းလျှောက်သွားလာနေကြပြီး ကျန်းလျိုနှင့် စွန်းဝူခုန်းတို့ နှစ်ဦးသာ အထက်ကောင်းကင်ယံမှ ပျံသန်းနေကြခြင်းဖြစ်ရာ လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရလေသည်။

မည်သည့် ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များကမျှ သူတို့ကို မတားဆီးရဲကြပေ။ ထို့ကြောင့် စွန်းဝူခုန်းသည် ဤတစ်ကြိမ်တွင် ဆရာတော်၏ ရှေ့၌ အထင်ကြီးခံရမည့် အခြေအနေကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ရာ ဆရာတော်က သူ့ကို သေချာပေါက် ချီးကျူးလိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။

ဆရာတော်၏ ချီးကျူးစကားကို တွေးတောနေရင်း စွန်းဝူခုန်းသည် မကြာသေးမီက အနောက်အရပ်သို့ ခရီးသွားခဲ့သည့် အချိန်တစ်လျှောက်လုံးတွင် ဆရာတော်သည် သူ့အား တစ်ခါမျှ ချီးကျူးခဲ့ခြင်း မရှိကြောင်းကို ရုတ်တရက် သတိပြုမိသွားလေသည်။

အထက်ကောင်းကင်ယံမှနေ၍ ကောင်းကင်ဘုံတစ်ခုလုံးကို ငုံ့ကြည့်နေခဲ့သည့် ကျန်းလျိုကတော့ ရှုခင်းများ၏ အလှအပများတွင် သာယာယစ်မူး နေခဲ့လေသည်။

နဂါးရုပ်များ ထုဆစ်ကာ ဖီးနစ်ရုပ်များ ရေးဆွဲခြယ်သထားသော မဏ္ဍပ်များ၊ လသာဆောင်များနှင့် ပြသာဒ်များအပြင်၊ တိမ်တိုက်များအထက်၌ တည်ရှိနေသော ဤကောင်းကင်ဘုံ အဆောက်အအုံများ အားလုံးမှာ ပန်းရောင် ရောင်ခြည်တန်းများဖြင့် လွှမ်းခြုံထားရာ ကောင်းကင်ဘုံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ကျန်းလျိုအတွက်မူ အလွန်ပင် မျက်စိပသာဒ ဖြစ်နေလေတော့သည်။

သို့ရာတွင် အချိန်ခဏမျှ ပျံသန်းပြီးနောက်... အောက်ဘက်တွင် အသွားအလာလုပ်နေကြသော နတ်သမီးများနှင့် နတ်စစ်သည်များကို ငုံ့ကြည့်လိုက်မိချိန်တွင် သူနှင့် စွန်းဝူခုန်းတို့ နှစ်ဦးသာ ပျံသန်းနေကြသည်မှာ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဝူခုန်း... ငါတို့ နှစ်ယောက်တည်း ပျံသန်းနေကြတာလား... လူတွေအများကြီးက ငါတို့ကို ကြည့်နေကြသလိုပဲနော်..."

"ဆရာတော်... ကောင်းကင်ဘုံမှာ ဘယ်သူမဆို ပျံသန်းခွင့်ရှိတာ မဟုတ်ဘူးဗျ... ကျုပ် စွန်းဝူခုန်း ရဲ့ အဆင့်အတန်း အရဆိုရင်တော့ သေချာပေါက် အဲဒီအခွင့်အရေး ရှိတာပေါ့..."

စွန်းဝူခုန်းက မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

"ဒါဆို မင်းက လူလုံးထွက်ပြဖို့ ငါ့ကို တမင်သက်သက် အပေါ်ကို ခေါ်လာတာပေါ့လေ..."

စွန်းဝူခုန်း၏ အဖြေကြောင့် ကျန်းလျို၏ မျက်နှာအမူအရာမှာ အနည်းငယ် ညိုမည်းသွားရလေသည်။

ကျန်းလျို၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်သောအခါ စွန်းဝူခုန်းသည် ခဏမျှ ရပ်တန့်သွားပြီး

"တမင်သက်သက် လူလုံးထွက်ပြတာမျိုးတော့ မဟုတ်ပါဘူးဗျာ... ဘယ်လိုပြောရမလဲ… ဆရာတော် က ကောင်းကင်ဘုံ ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ရှုခင်းတွေကို မြင်ချင်မှာပဲလေ... အဝေးကြီးကို မြင်ရဖို့ဆိုရင် အမြင့်မှာ ရပ်မှ ရမှာမဟုတ်ဘူးလား..."

အမြန်ပင် ရှင်းပြလေသည်။

"မြန်မြန် အောက်ဆင်းကြရအောင်..."

စွန်းဝူခုန်း၏ စကားကြောင့် ကျန်းလျို သူ့ကို ဆူပူချင်သော်လည်း အကြောင်းပြချက်ရှာမတွေ့သဖြင့် အမြန်ဆင်းရန်သာ ပြောလိုက်ရလေတော့သည်။

ကောင်းကင်ဘုံသို့ ရှုခင်းလာကြည့်သည်ဆိုခြင်းမှာ ဆင်ခြေသက်သက်သာဖြစ်သည်။ သူ၏ တကယ့်ရည်ရွယ်ချက်မှာ မည်သူမျှ သတိမထားမိစေဘဲ တောက်ရွှိုင်နန်းတော် အတွင်းသို့ ခိုးဝင်ကာ နတ်ဆေးလုံးများကို ခိုးယူရန်ပင် ဖြစ်သည်။

သို့သော်လည်း... စွန်းဝူခုန်းက ထင်ပေါ်အောင် လုပ်နေခဲ့သည်။

"အော်... ကောင်းပါပြီဗျာ..."

ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် တုံ့ဆိုင်းစွာဖြင့် ခေါင်းခါလိုက်ပြီး အောက်သို့ ဆင်းသက်လိုက်ရင်း သူ၏ ဆရာတော်အား အလုပ်အကျွေးပြုရသည်မှာ အတော်လေး ခက်ခဲလှသည်ဟု ခံစားလိုက်ရလေသည်။

အောက်သို့ ဆင်းသက်ပြီးနောက် မိမိအား ဝိုင်းကြည့်နေသည့် လူများစွာ မရှိတော့သဖြင့် ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

စွန်းဝူခုန်း၏ မျက်နှာအမူအရာကို ကြည့်ရင်း ကျန်းလျိုသည် သူ၏ အတွေးများကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ့ကို နှစ်သိမ့်လိုက်သည်။

"ကဲပါ ဝူခုန်းရာ... လူသားတွေဆိုတာ နှိမ့်ချတတ်ရမယ်ဆိုတာ မင်း သိတယ်မလား... 'တောအုပ်ထဲမှာ ထင်းထွက်နေတဲ့ သစ်ပင်က ခုတ်လှဲခံရတတ်တယ်' ဆိုတဲ့ စကားက အမှန်တရားပဲလေ... မင်း နားလည်သင့်တယ်..."

သို့ရာတွင် စွန်းဝူခုန်းသည် ကျန်းလျို၏ နှစ်သိမ့်စကားများကို လက်မခံနိုင်ဟန်ဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... ကျုပ် စွန်းဝူခုန်း ကတော့ လောကကြီးက လူတိုင်းသိအောင်… လူတိုင်းက တန်ဖိုးထားအောင် နေချင်တာပဲ... နှိမ့်ချရမယ် ဟုတ်လား... အဲဒါက ကျုပ် စွန်းဝူခုန်း ရဲ့ ပုံစံ မဟုတ်ဘူး..."

စွန်းဝူခုန်း၏ စကားများမှာ အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် ပုန်ကန်တတ်သော ဆယ်ကျော်သက်တစ်ယောက်၏ စကားများနှင့် တူနေပြီး သူ့ကိုယ်သူ လောကတွင် ပြိုင်ဘက်ကင်းသည်ဟု အမြဲခံစားကာ သာမန်လူတစ်ယောက်အဖြစ် မနေလိုဘဲ ကမ္ဘာမြေကို တုန်လှုပ်စေမည့် ထူးခြားဆန်းပြားသော အရာများကို အမြဲတမ်း လုပ်ချင်နေသည့်ဟန်ပေါက်နေသည်။ ဤသဘောထားက ကျန်းလျိုကို ဆွံ့အသွားစေခဲ့သည်။

"ကောင်းပြီလေ... ငါ မှားတာပါ..."

စွန်းဝူခုန်း၏ အမူအကျင့်ကို ကြည့်ရင်း ကျန်းလျို စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။ သူ့အမှားကိုလည်း သဘောပေါက်လိုက်သည်။ စွန်းဝူခုန်းကို နှိမ့်ချတတ်အောင် သင်ပေးမယ်ဆိုသည့် အတွေးလေး တွေးကြည့်ရုံနဲ့တင် မဖြစ်နိုင်ဘူးဆိုတာ သိသာနေပေသည်။

၎င်းမှာ ကျူးပါကျဲအား သစ္စာရှိရန်နှင့် ချမ်းသာကြွယ်ဝရန်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ရန် သင်ကြားပေးသကဲ့သို့ပင် မဖြစ်နိုင်သော အလုပ်တစ်ခုဖြစ်ပေသည်။

"မဟာပညာရှိကြီး... မင်္ဂလာပါဗျ..."

"မဟာပညာရှိကြီး... မတွေ့တာ ကြာပြီနော်..."

"မဟာပညာရှိကြီး... ခင်ဗျား ထန်ဆရာတော် ကို အနောက်အရပ် ကျမ်းစာပင့်ဆောင်တဲ့ ခရီးစဉ်မှာ ကာကွယ်ပေးနေတယ်လို့ ကြားတယ်... ဒီနေ့ ကောင်းကင်ဘုံ ကို ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ..."

စွန်းဝူခုန်းသည် အဆင့် ၈၀ သာရှိပြီး ထိုက်ယီ အစစ်အမှန် နတ်မင်း၏ အထွတ်အထိပ်တွင်သာ ရှိနေသော်လည်း သူ၏ ရွှေရောင် မျက်နှာပြင်မှာ တာလော့ရွှေနတ်မင်း တစ်ပါးနှင့် တန်းတူယှဉ်နိုင်လောက်အောင်ပင် ရှိသည်ဟု ဆိုရပေမည်။ သူတို့ လမ်းလျှောက်သွားစဉ်အတွင်း လူများစွာက စွန်းဝူခုန်းအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ခွန်းဆက်သခဲ့ကြသည်။

စွန်းဝူခုန်းသည် ကောင်းကင်ဘုံတွင် သိသာထင်ရှားသော ဩဇာတိက္ကမ ရှိကြောင်း ထင်ရှားလှပေသည်။

လမ်းလျှောက်သွားရင်း ဘေးမှနေ၍ ကြည့်နေသော ကျန်းလျိုသည် လူအုပ်စုမည်မျှ စွန်းဝူခုန်းအား နှုတ်ခွန်းဆက်ခဲ့ကြသည်ကို ရေတွက်၍ပင် မရနိုင်တော့ဘဲ စိတ်ထဲမှ အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိလေသည်။

ကြည့်ရသည်က... အောက်ကို ဆင်းသက်ပြီးနောက် လူလုံးမထွက်ပြရင်တောင်မှ စွန်းဝူခုန်း အနားမှာ ရှိနေသရွေ့ သူ့အတွက် သိုသိုသိပ်သိပ်နေရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များ အပြင် နတ်သမီးများနှင့် နတ်စစ်သည်များ သာမက အထက်ဂူမှ နတ်မင်းရှစ်ပါး ကဲ့သို့သော နတ်အဆင့် ရှိ အထက်တန်း နတ်မင်းများ များစွာကပါ စွန်းဝူခုန်းအား ကိုယ်တိုင်ကိုယ်ကျ စတင်၍ နှုတ်ဆက်ခဲ့ကြသည်။

သူတို့သည် လမ်းဆက်လျှောက်သွားခဲ့ကြရာ တောက်ရွှိုင်နန်းတော် ဆီသို့ တိုက်ရိုက် ဦးတည်သွားနေသည့် လမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေတော့သည်။

"ဒါနဲ့ ဝူခုန်း... ကောင်းကင်ဘုံ မှာ မင်း အရက်ကောင်းကောင်းလေး နည်းနည်းလောက် ရှာလို့ရမလား... လူတစ်ယောက်ကို ချက်ချင်းပဲ မှောက်သွားအောင် မူးယစ်သွားစေနိုင်တဲ့ အရက်မျိုးလေ..."

အချိန်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ကျန်းလျိုသည် ခွေမုဝံပုလွေ ၏ မျက်စိအောက်မှာပင် နတ်ဆေးလုံးများ ခိုးယူမည့်ကိစ္စကို တွေးမိသွားပြီး သူ့ကို အရင်ဆုံး မူးသွားအောင် လုပ်တာက အကောင်းဆုံးဖြစ်မည်ဟု သဘောပေါက်သွားကာ စွန်းဝူခုန်းကို ချက်ချင်း မေးလိုက်ခြင်းဖြစ်သည်။

"အာ... လုံးဝ မှောက်သွားအောင် မူးသွားစေနိုင်တဲ့ အရက် ဟုတ်လား... ဒါဆိုရင်တော့ ကျောက်စိမ်းဧကရာဇ် ကြီးရဲ့ ကျောက်စိမ်းသေရည် ပဲ ဖြစ်ရမှာပေါ့... အဲဒီ အရသာကလေ… အရင်တုန်းက မက်မွန်သီးပွဲတော်မှာ ကျုပ် စွန်းဝူခုန်း ခွက်အပို နည်းနည်းလေး သောက်လိုက်မိတာနဲ့ လုံးဝကို မူးမှောက်သွားခဲ့တာ..."

အရက်ကောင်းများအကြောင်း ကျန်းလျို၏ အမေးကို ကြားသောအခါ စွန်းဝူခုန်းသည် နှုတ်ခမ်းကို မသပ်ဘဲ မနေနိုင်တော့ချေ။

"ကျောက်စိမ်းသေရည် ဟုတ်လား...”

ကြားလိုက်ရုံဖြင့် ၎င်းမှာ သာမန်မဟုတ်ကြောင်း သိသာနေပေသည်။ မက်မွန်သီးပွဲတော် မှ အရက်ဖြစ်နေမှတော့ ဘယ်လိုလုပ် မကောင်းဘဲ နေမည်နည်း။ ကျန်းလျိုသည် စွန်းဝူခုန်းအား မေးလိုက်လေသည်။

“အဲဒါကို မင်း ယူလို့ရမလား..."

***

All Chapters