အခန်း (၃၇၇-၃၇၈)
Vol. 27 Ch. 377-378
အပိုင်း(၂၇၇)
အဖြစ်အပျက် အလုံးစုံကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်း ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သိသိသာသာပင် အံ့အားသင့်သွားလေသည်။
"အဲဒီ မျောက်ဆိုးက အဲဒီလောက်တောင် ရဲတင်းနေတာလား..."
နှစ်ပေါင်း ငါးရာ ကြာပြီးနောက်တွင်ပင် ဤမျောက်ဆိုး သည် ယခုအချိန်ထိ ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ရဲနေလိမ့်ဦးမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ငါ မေးပါရစေဦး… အဲဒီ ရွှမ်ကျန်းဆရာတော်က သူ့ရဲ့တပည့် နန်းတွင်းအရက် ခိုးနေတာကို မြင်ပြီးတော့ မတားဘူးလား..."
အံ့အားသင့် နေသော်လည်း ထိုက်ရှန်းလောင်ကျွင်းသည် ယုတ္တိမတန်ဟု ခံစားရသဖြင့် ဆက်လက်မေးမြန်းလိုက်လေသည်။
ရွှမ်ကျန်းဆရာတော်သည် ထို မျောက်ဆိုး နှင့် အတူရှိနေသည် မဟုတ်ပါလော… သူကကော ဝင်မထိန်းဘူးလော။
"ရွှမ်ကျန်းဆရာတော် ဟုတ်လား..."
ထိုက်ရှန်းလောင်ကျွင်း ၏ စကားကြောင့် နတ်သမီးများ နှင့် နတ်စစ်သည်များ မှာ တစ်ယောက်မျက်နှာ တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြလေသည်။ ထို့နောက်... သူတို့အားလုံးက ခေါင်းခါယမ်းကာ ပြောလိုက်သည် ။
"အဲဒီအချိန်တုန်းက ကောင်းကင်နဲ့ တစ်တန်းတည်း မဟာပညာရှိကြီး စွန်းဝူခုန်း ကလွဲလို့ အဲဒီမှာ တခြား ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါဘူးဗျာ...”
"ဒါဖြင့် ဒုက္ခပဲ…"
ဤအဖြေကြောင့် ထိုက်ရှန်းလောင်ကျွင်း ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
စွန်းဝူခုန်းသည် ရွှမ်ကျန်းဆရာတော် ကို ကောင်းကင်ဘုံ သို့ ခေါ်ဆောင်လာခဲ့သော်လည်း သူ၏ ဆရာတော်ကို ချန်ထားရစ်ခဲ့ကာ တစ်ယောက်တည်း လှုပ်ရှားနေပုံရပေသည်။
အကယ်၍ ရွှမ်ကျန်းဆရာတော်သာ သူ၏ဘေးတွင် ရှိနေပါက ထိုက်ရှန်းလောင်ကျွင်းသည် ဤမျှလောက် စိုးရိမ်ပူပန်နေမည် မဟုတ်ပေ။
သို့သော်လည်း... ယခု နန်းတွင်းအရက်ကိုပင် ခိုးယူရဲနေပြီဖြစ်ရာ သူ၏ တောက်ရွှိုင်နန်းတော် အတွင်းသို့ ခိုးဝင်ကာ နတ်ဆေးလုံးများကို ခိုးယူရန်လည်း ဝန်လေးနေမည် မဟုတ်တော့ချေ။
ထိုသို့တွေးမိသည်နှင့် ထိုက်ရှန်းလောင်ကျွင်းသည် ဒယ်ပူအိုးပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ အလွန်အမင်း စိုးရိမ်ပြာယာခတ်သွားကာ အချိန်ဆွဲမနေရဲတော့ချေ။
သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး တောက်ရွှိုင်နန်းတော် ဆီသို့ လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပျံသန်းသွားလေတော့သည်။
...
တစ်ချိန်တည်းမှာပင် တောက်ရွှိုင်နန်းတော် အတွင်း၌ စွန်းဝူခုန်း၊ ကျန်းလျို နှင့် ခွေမုဝံပုလွေ တို့သည် စားပွဲတစ်လုံးတွင် ထိုင်နေကြပြီ ဖြစ်သည်။
သူတို့သည် ပန်းကန်လုံးကြီး သုံးလုံးကို ဖြန့်ချထားပြီး စွန်းဝူခုန်းက ပန်းကန်လုံးကြီးတိုင်းတွင် ကျောက်စိမ်းသေရည် များကို အပြည့် လောင်းထည့်ပေးလိုက်လေသည်။
မသောက်ရသေးခင်မှာပင် ကျန်းလျို သည် ပန်းကန်လုံးထဲရှိ အလွန်ကောင်းမွန်သော အရက်ကို ငုံ့ကြည့်လိုက်ရာ ၎င်း၏ သက်ဆိုင်ရာ အချက်အလက်များက သူ့အား စိတ်ထဲတွင် အကြီးအကျယ် ချီးမွမ်းသွားစေလေသည်။
ကျောက်စိမ်းသေရည် (သောက်သုံးနိုင်) - သောက်သုံးပြီးနောက် ပါရမီစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်၊ အတွေ့အကြုံမှတ် ၅၆၃,၈၀၀ ရရှိမည်။ (မှတ်ချက် - လွယ်ကူစွာ မူးယစ်စေနိုင်သောကြောင့် သတိပြု၍ သောက်သုံးပါ)။
ကျောက်စိမ်းသေရည်၏ အချက်အလက်များကို မြင်တွေ့ရသောအခါ ကျန်းလျို ၏ ရင်ထဲတွင် အတိုင်းမသိ ပျော်ရွှင်ကြည်နူးမှုများ ပေါက်ကွဲထွက်လာတော့သည်။
ကျောက်စိမ်းသေရည် တစ်ပန်းကန်က သူ့ကို အတွေ့အကြုံမှတ် ငါးသိန်းကျော်တောင် ပေးစွမ်းနိုင်သည် ဟုတ်သလော။
ဤပန်းကန်လုံး၏ ပမာဏက အကြမ်းဖျင်းအားဖြင့် ပေါင်ဝက်ခန့် ရှိမည်ဟု တွက်ဆကြည့်လျှင် ကျောက်စိမ်းသေရည် တစ်အိုးလုံးတွင် ပန်းကန်လုံးပေါင်း ၄၀ ခန့်တော့ ရှိလောက်မည် မဟုတ်ပါလော…
အကယ်၍ သူသာ ကျန်နေသော အရက်များကို အကုန်သောက်လိုက်မည်ဆိုပါက သူသည် အတွေ့အကြုံမှတ် သန်း ၂၀ ခန့် ရရှိသွားလိမ့်မည် ဖြစ်သည်။
ထို့အပြင်... ပို၍ အရေးကြီးသည်မှာ ဤကျောက်စိမ်းသေရည်သည် ဆေးလုံးများနှင့် မတူညီခြင်းပင် ဖြစ်သည်။ ယခင်က ဆရာလင်းရွှီ ပေးခဲ့သော ဝိညာဉ်ဆေးလုံး ဖြစ်စေ၊ ခွေမုဝံပုလွေ ပေးခဲ့သော နဂါးဝိညာဉ်ဆေးလုံး ဖြစ်စေ၊ နောက်ပိုင်း ထပ်မံသောက်သုံးပါက အာနိသင် လျော့ကျသွားမည် ဖြစ်သည်။
သို့ရာတွင် ကျောက်စိမ်းသေရည်၌မူ ထိုကဲ့သို့သော ကန့်သတ်ချက်မျိုး မပါဝင်ဘဲ တစ်ခုတည်းသော အားနည်းချက်မှာ လွယ်ကူစွာ မူးယစ်စေနိုင်ခြင်းပင် ဖြစ်သည်။
ထို့အပြင်... ကိုယ်ပိုင် ပါရမီကို မြှင့်တင်ပေးနိုင်သေးသည်ဟု ဆိုသည်။
အကယ်၍ ထိုသို့သာဆိုပါက များများသောက်လေ သူ၏ ပါရမီစွမ်းရည် မြင့်တက်လာလေဖြစ်ပြီး နောက်ပိုင်းတွင် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံသောအခါ သူ၏ အတွေ့အကြုံမှတ် ရရှိနှုန်းက အဆမတန် တိုးတက်လာလိမ့်မည် ဖြစ်သည်။
ယခင်က သူ စားသုံးခဲ့ဖူးသော ဂျင်ဆင်းသီး ၏ အာနိသင်များက ယနေ့တိုင် ကျန်းလျို အား အကျိုးပြုနေဆဲပင် ဖြစ်သည်။
"လာ... မြည်းကြည့်ရအောင်..."
သူတို့သည် တစ်ယောက်လျှင် ပန်းကန်လုံးတစ်လုံးစီ ငှဲ့လိုက်ကြပြီး စွန်းဝူခုန်းက သူ၏ ပန်းကန်လုံးကို မြှောက်ကာ ပြောလိုက်လေသည်။
"သောက်ပြီဟေ့..."
ပန်းကန်လုံးထဲရှိ ကျောက်စိမ်းသေရည်ကို ကြည့်ရင်း ခွေမုဝံပုလွေ၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်ကာ တောက်ပနေသည်။ သူသည်လည်း သူ၏ ပန်းကန်လုံးကို ရဲဝင့်စွာ မြှောက်လိုက်လေသည်။
စွန်းဝူခုန်း နှင့် ခွေမုဝံပုလွေ တို့ နှစ်ဦးစလုံးသည် အားရပါးရ သောက်ချလိုက်ကြပြီး ကျောက်စိမ်းသေရည် တစ်ငုံချင်းစီတိုင်းတွင် ပန်းကန်လုံး၏ သုံးပုံတစ်ပုံခန့်ကို မော့ချလိုက်ကြလေသည်။
ကျန်းလျိုမှာမူကား သူတို့လောက် ရဲတင်းခြင်းမရှိသည်ပေ။ ထိုအချက်အလက်၏ အဆုံးတွင် ဖော်ပြထားသော သတိပေးချက်ကို သူ မေ့ထား၍ မဖြစ်နိုင်ပေ။
လွယ်ကူစွာ မူးယစ်စေနိုင်သည်ဟူသော အချက်နှင့် သူ၏ အရက်သောက်နိုင်စွမ်းမှာလည်း သိပ်မကောင်းလှသောကြောင့် သူသည် ဘေးကင်းမည့်လမ်းကိုသာ ရွေးချယ်လိုက်လေသည်။
မည်သို့ပင်ဆိုစေ သူ တောက်ရွှိုင်နန်းတော် သို့ လာရောက်ခြင်းမှာ အရက်သောက်ရန် သက်သက်မဟုတ်ပေ။ ခွေမုဝံပုလွေ ကို မူးအောင်တိုက်ရင်း ကိုယ်တိုင်ပါ ရောမူးသွားခဲ့လျှင် အလွန်မိုက်မဲရာကျပေလိမ့်မည်။
ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ပြီးနောက် ကျန်းလျိုသည် ချက်ချင်းပင် ပါးစပ်တစ်ခုလုံး ပြည့်လျှံသွားသော ပြင်းထန်သည့် အရသာကို ခံစားလိုက်ရလေသည်။
ထို့ပြင် အစပိုင်း၌ လည်ချောင်းထဲတွင် အရက်နံ့ မွှေးပျံ့သွားသော်လည်း ဤရနံ့မှာ ပျောက်ကွယ်မသွားဘဲ အချိန်အကြာကြီး စွဲကျန်နေရစ်သည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရလေသည်။
ဒင် - အတွေ့အကြုံမှတ် ၃၆,၅၀၀ ရရှိပါသည်။
ကျောက်စိမ်းသေရည်ကို မြိုချလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် စနစ်၏ အသိပေးချက် ပေါ်ထွက်လာခဲ့လေသည်။
ဤသည်က ကျန်းလျိုအား စိတ်ထဲတွင် လွန်စွာ ဝမ်းသာပျော်ရွှင်သွားစေခဲ့သည်။
တစ်ငုံတည်းဖြင့် အတွေ့အကြုံမှတ် ၃၀,၀၀၀ ကျော် ရသည်တဲ့လော…
အဆင့်တက်ရန်အတွက် ဤသည်ထက် ပိုလွယ်ကူသောနည်းလမ်း ဘာရှိနိုင်ဦးမည်နည်း။
အကောင်းဆုံးသော ပစ္စည်းများသည် နတ်ဘုရားများနှင့် မဟာယနဂိုဏ်းမှ ပုဂ္ဂိုလ်များ၏ လက်ထဲတွင်သာ အမြဲတမ်း ရှိနေတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ အရက်တစ်ငုံ သောက်လိုက်ရုံဖြင့် တစ်နေ့တာလုံး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံရသည့်အကျိုးကျေးဇူးနှင့် ညီမျှနေသည် မဟုတ်ပါလော။
"ဟားဟားဟား... တကယ့်ကို ကောင်းတဲ့ အရက်ပဲ… ကျောက်စိမ်းဧကရာဇ် ရဲ့ ကျောက်စိမ်းသေရည် က ဘုံသုံးပါး မှာ အကောင်းဆုံး အရက်ဆိုတာ တကယ်ပဲ... ပြီးခဲ့တဲ့အကြိမ် ငါ သောက်ခဲ့ရတာက ကျောက်စိမ်းဧကရာဇ် ချီးမြှင့်တဲ့ အရက်အိုးဝက်လေးပါပဲ… အဲဒါကတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကဆိုတော့ ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့ဘူး..."
အရက်၏ သုံးပုံတစ်ပုံကို မော့ချပြီးနောက် ခွေမုဝံပုလွေသည် သူ၏ နှုတ်ခမ်းထောင့်မှ အရက်စက်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ လုံးဝ ကျေနပ်အားရသွားသည့်ဟန်ဖြင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ဟုတ်တယ်... ကောင်းလိုက်တာ… ကျောက်စိမ်းဧကရာဇ် ဆီက အရက်ကမှ ဒီလိုအရသာမျိုး ရှိတာ..."
စွန်းဝူခုန်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ရယ်မောလိုက်ပြီး အလွန်အမင်း ကျေနပ်သွားသည့်အလား မျက်လုံးများ မှေးစင်းသွားလေသည်။
ပြီးခဲ့သည့်အကြိမ် သူ ဤမျှလောက် သောက်ခဲ့ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ငါးရာခန့် မက်မွန်သီးပွဲတော် တွင် သောင်းကျန်းခဲ့စဉ်က ဖြစ်ပေသည်။
"ဒီနေ့တော့ အရက်တွေက အများကြီးပဲ… ဆက်သောက်ကြတာပေါ့..."
ခွေမုဝံပုလွေနှင့် အခြားသူများ၏ အားရပါးရ သောက်နေပုံကို ကြည့်ရင်း ကျန်းလျိုသည် သူ၏ ပန်းကန်လုံးကို ထပ်မံမြှောက်လိုက်ကာ အားပေးလိုက်လေသည်။
"ဆရာတော်... ခင်ဗျား သောက်တာက မိန်းမလျာလေးတွေလို ဖြစ်မနေဘူးလား… ယောက်ျားတစ်ယောက် အရက်သောက်ပြီဆိုရင် ပျော်စရာကောင်းအောင် အားရပါးရ မော့ချရမှာပေါ့..."
ကျန်းလျို၏ ပန်းကန်လုံးထဲမှ ကျောက်စိမ်းသေရည် များ သိပ်မလျော့သွားသည်ကို သတိပြုမိသွားသော ခွေမုဝံပုလွေ က မှတ်ချက်ချလိုက်လေသည်။
ခွေမုဝံပုလွေ ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် အနည်းငယ် အံ့အားသင့်သွားသည်။ အရက်ရှိန်က သူ့ကို စပြီးလွှမ်းမိုးနေပြီလော…။
"ငါက အရက်သိပ်မသောက်နိုင်လို့ပါ… နည်းနည်းချင်းစီပဲ သောက်လို့ရတယ်... ဝူခုန်း ကတော့ သောက်နိုင်ပါတယ်… မင်းကို အဖော်လုပ်ပေးဖို့ သူ့ကိုပဲ လွှဲလိုက်ပါတော့မယ်..."
ကျန်းလျို သူ့ဘေးရှိ ဝူခုန်း အား ဆက်သောက်ရန်အတွက် အဖော်လုပ်ပေးရန် ချက်ချင်းပင် အကြံပြုလိုက်လေသည်။
"ဟီးဟီး... ဒါဆိုလည်း ကျုပ်က အားနာမနေတော့ဘူးနော်… ဆရာတော်... ခင်ဗျားကတော့ ပျော်စရာတွေ လက်လွတ်သွားပြီ..."
ခွေမုဝံပုလွေက ရယ်မောလိုက်ပြီး စွန်းဝူခုန်း နှင့်အတူ သူ၏ ပန်းကန်လုံးကို ဆက်လက်မြှောက်ကာ အားရပါးရ မော့ချလိုက်လေသည်။
တစ်ယောက်တစ်လှည့်စီ အားရပါးရ မော့သောက်ကြရင်း စွန်းဝူခုန်း နှင့် ခွေမုဝံပုလွေ တို့သည် အမှန်တကယ်ပင် အရှိန်ရနေကြလေသည်။
သူတို့၏ သောက်ပုံသောက်နည်းက ရဲတင်းလေလေ မူးယစ်မှုက မြန်ဆန်လေလေပင် ဖြစ်သည်။ သူတို့၏ အရက်သောက်နိုင်စွမ်းမှာ အမှန်တကယ် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်သော်လည်း ကိုယ်ပိုင်ပန်းကန်လုံးများထဲမှ အရက်ကို ကုန်စင်အောင် သောက်ပြီးနောက်တွင်မူ နှစ်ဦးစလုံးမှာ ယစ်မူးနေသည့်ဟန် ပေါ်လာလေတော့သည်။
ထို့နောက်... တစ်ယောက်လျှင် နောက်ထပ် ပန်းကန်လုံးတစ်လုံးစီ ထပ်သောက်ပြီးသောအခါ နှစ်ဦးစလုံးမှာ အရက်မူးသည့်ဒဏ်ကို အလူးအလဲ ခံစားနေရပြီဖြစ်ကာ စကားများပင် ဗလုံးဗထွေး ဖြစ်လာကြလေသည်။
တတိယမြောက် ပန်းကန်လုံးကို အကုန်သောက်ပြီးသွားချိန်၌မူ သူတို့သည် လုံးဝကို မူးမှောက်သွားကြပြီဖြစ်သည်။ မြေပြင်ပေါ်သို့ လဲကျသွားပြီး ကိုယ်ပိုင်ပန်းကန်လုံးများကို ဖက်လျက် အလျင်အမြန်ပင် အိပ်မောကျသွားကြလေတော့သည်။
***
အပိုင်း(၂၇၈)
ဝူခုန်းတို့ မှောက်သွားချိန်တွင် ကျန်းလျိုသည် အနည်းငယ်မျှသာ သောက်ရသေးသည်။ ပန်းကန်လုံး၏ တစ်ဝက်ပင် မကုန်သေးသော်လည်း သူသည် အတွေ့အကြုံမှတ် ၂၀၀,၀၀၀ ကို ရရှိနေပြီ ဖြစ်သည်။
မိမိ၏ ပူနွေးနေသော ပါးပြင်များကို စမ်းသပ်ကြည့်လိုက်ရင်း ကျန်းလျိုသည် သူကိုယ်တိုင်လည်း အသင့်အတင့် မူးယစ်လာပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။
လှမ်းကြည့်လိုက်ရာ အိုးထဲတွင် အနည်းဆုံး အရက် ခြောက်ပေါင်၊ ခုနစ်ပေါင်ခန့် ကျန်နေသေးသဖြင့် ကျန်းလျိုသည် ၎င်းကို အလျင်အမြန် သိမ်းဆည်းလိုက်လေသည်။
ထို့နောက်တွင်တော့... ကျန်းလျိုသည် တောက်ရွှိုင်နန်းတော် တစ်ခွင်၌ ချက်ချင်းပင် လိုက်လံရှာဖွေတော့သည်။ များမကြာမီမှာပင် နန်းတော်အတွင်းရှိ ဆေးလုံးသိုလှောင်ခန်း ကို သူ ရှာတွေ့သွားလေသည်။
‘ဘုရားရေ... အထဲမှာ ဆေးလုံးတွေ အပြည့်ပါလား…’
ကျန်းလျိုသည် ဘေးနားရှိ ဆေးလုံးများ ထည့်ထားသော ဘူးသီးခြောက်တစ်လုံးကို ကောက်ယူလိုက်ပြီး လောင်းချလိုက်သည်။ ဆေးလုံးကို အနီးကပ် သေချာကြည့်လိုက်သောအခါ သက်ဆိုင်ရာ အချက်အလက်များက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
"အဆိပ်ပြေဆေးလုံး (စားသုံးနိုင်) - သောက်သုံးပြီးနောက် အဆိပ်သင့်မှုအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်သည်။ နောက်ပိုင်း ထပ်မံသောက်သုံးပါက တစ်ကြိမ်လျှင် အာနိသင် ၅ ရာခိုင်နှုန်းစီ လျော့ကျသွားမည်ဖြစ်သည်။"
"အဆိပ်ပြေဆေးလုံး ဟုတ်လား... တကယ့် ရတနာပဲ… အဆိပ်သင့်မှုကို ၉၅ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်တယ်ပေါ့... ကောင်းယန် တစ်ယောက် ဝိညာဉ်ဖျက်စီးအဆိပ် မိခဲ့တုန်းကသာ ဒီဆေးလုံးမျိုး ရှိခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ..."
ဆေးလုံး၏ အချက်အလက်များကို ဖတ်ရင်း ကျန်းလျိုသည် ပျော်ရွှင်စွာဖြင့် တွေးလိုက်လေသည်။
သူသည် ဘူးသီးခြောက်ကို လှုပ်ကြည့်လိုက်ပြီးနောက် အထဲရှိ ဆယ်လုံးကျော်ခန့်ရှိသော ဆေးလုံးများအားလုံးကို သူ၏ သိုလှောင်နေရာလွတ် တစ်နေရာသို့ တစ်ခါတည်း လောင်းထည့်လိုက်ပြီး အလွတ်ဖြစ်သွားသော ဘူးသီးခြောက်ကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်လေသည်။
ထို့နောက် အနီးအနားရှိ လှပသေသပ်စွာ ပြုလုပ်ထားသော ကြွေပုလင်းငယ် တစ်လုံးကို သူ သတိထားမိသွားသည်။ ကျန်းလျိုသည် သိချင်စိတ်ဖြင့် ၎င်းကို ယူလိုက်ပြီး အပြင်ပန်းအားဖြင့် သိပ်ပြီး ထူးခြားမှုမရှိလှသော အဝါရောင်သန်းနေသည့် အညိုရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
သို့ရာတွင် ကျန်းလျို၏ အကြည့်များ ဤဆေးလုံးပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အချက်အလက်များက ပေါ်ထွက်လာပြန်သည်။
"ဝိညာဉ်ခေါ်ဆေးလုံး (စားသုံးနိုင်) - ရုပ်အလောင်းမှာ ပျက်စီးမသွားသေးပါက၊ ဤဆေးလုံးကို စားသုံးခြင်းဖြင့် ပျောက်ဆုံးသွားသော ဝိညာဉ်ကို မြေအောက်ကမ္ဘာမှ ပြန်လည်ခေါ်ဆောင်လာနိုင်ပြီး သေဆုံးသူကို ရှင်ပြန်ထမြောက်စေနိုင်သည်။"
"တကယ့် ရတနာပဲ… တကယ့်ကို ရှင်ပြန်ထမြောက်စေတဲ့ အံ့ဖွယ်ဆေးပါလား..."
ဝိညာဉ်ခေါ်ဆေးလုံး ၏ အချက်အလက်များကို ကြည့်ရင်း ကျန်းလျိုသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားလေသည်။
သူ အကုန်လောင်းထုတ်ကြည့်လိုက်ရာ ဆေးလုံး သုံးလုံးတည်းသာ ရှိကြောင်း တွေ့လိုက်ရသည်။ ကျန်းလျိုသည် ဤ ဝိညာဉ်ခေါ်ဆေးလုံး သုံးလုံးကိုလည်း သိမ်းဆည်းလိုက်ပြီးနောက် ကြွေပုလင်းငယ်ကိုလည်း ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
"ဟင်... အဲဒါက ရတနာသေတ္တာ လား..."
ခဏမျှ လိုက်လံရှာဖွေပြီးနောက် ရုတ်တရက် ရတနာသေတ္တာတစ်လုံးက ကျန်းလျို၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ဆေးလုံး သိုလှောင်ခန်း ထဲတွင် ရှာဖွေပြီးနောက် ကျန်းလျိုသည် ခွက်တစ်ခုထဲတွင် ဆေးလုံးများများ ပါလေလေ ၎င်းတို့၏ တန်ဖိုးက နည်းလေလေ ဖြစ်ပုံရကြောင်းကို အကြမ်းဖျင်း တွက်ဆမိသွားလေသည်။
ဥပမာအားဖြင့် အဆိပ်ပြေဆေးလုံး များကို ဘူးသီးခြောက်ကြီး တစ်လုံးထဲတွင် သိမ်းဆည်းထားခြင်းက တန်ဖိုးအနည်းဆုံးဖြစ်ကြောင်း ညွှန်ပြနေပြီး ရှင်ပြန်ထမြောက်စေနိုင်သော ဝိညာဉ်ခေါ်ဆေးလုံး များကိုမူ ကြွေပုလင်းငယ် တစ်လုံးထဲတွင် သုံးလုံးတည်းသာ သိမ်းဆည်းထားသည် မဟုတ်ပါလော။
သို့ဆိုလျှင် ဤ လက်ဝါးအရွယ်အစားခန့်ရှိသော လှပသေသပ်သည့် ရတနာသေတ္တာ လေးထဲတွင် မည်ကဲ့သို့သော တန်ဖိုးကြီး နတ်ဆေးလုံးများကို ဝှက်ထားမည်နည်း။
ကျန်းလျိုသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
‘ဒါက ကိုးကြိမ် သန့်စင် ရွှေဆေးလုံး များ ဖြစ်နေမလား…’
တစ်စုံတစ်ယောက်၏ အဆင့်ကို ချက်ချင်းပင် အဆင့်နှစ်ဆယ်ကျော်အထိ မြင့်တက်သွားစေနိုင်သော ကိုးကြိမ် သန့်စင် ရွှေဆေးလုံး ကို တွေးမိလိုက်သောအခါ ကျန်းလျို၏ ရင်ထဲတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်လာခဲ့သည်။ သူသည် လျှောက်သွားကာ ရတနာသေတ္တာ ကို ကောက်ယူလိုက်လေသည်။
အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် သူသည် ၎င်းကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရတနာသေတ္တာ ထဲရှိ ဆေးလုံးမှာ ပို၍ တန်ဖိုးကြီးလှပေသည်။ အဖုံးကို အနည်းငယ် မတင်လိုက်သည်နှင့် ကျန်းလျိုသည် အတွင်း၌ အရောင်လက်နေသော ခရမ်းရောင် ဝိညာဉ်ဆေးလုံး တစ်လုံးကို မြင်လိုက်ရလေသည်။
တစ်လုံးတည်းသာ ရှိနေခြင်းဖြစ်ရာ ၎င်းမှာ ကြီးမားလှသော တန်ဖိုးရှိကြောင်း သိသာထင်ရှားလှပေသည်။
သို့ရာတွင် ထိုအချိန်မှာပင် ကျန်းလျိုသည် အပြင်ဘက်မှ အဘိုးအိုတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
"စွန်းဝူခုန်း... ခွေမုဝံပုလွေ... မင်းတို့နှစ်ယောက်က ငါ့ရဲ့ တောက်ရွှိုင်နန်းတော် ထဲမှာ ဘယ်လိုလုပ်ပြီး မူးမှောက်နေကြတာတုန်း... တကယ့်ကို အရှုပ်ထုပ်တွေပါလား… ဟမ် ဆေးလုံးသိုလှောင်ခန်း ရဲ့ တံခါးက ဘယ်လိုလုပ် ပွင့်နေရတာလဲ..."
ထိုအသံကို ကြားလိုက်ရသောအခါ ကျန်းလျိုမှာ အလန့်တကြားဖြစ်သွားပြီး ဆေးလုံး၏ အချက်အလက်များကို စစ်ဆေးရန်ပင် အချိန်မရလိုက်တော့ချေ။ သူသည် ၎င်းကို သူ၏ သိုလှောင်အိမ် တစ်နေရာ သို့ အလျင်အမြန် ပစ်ထည့်လိုက်ပြီး ဆေးလုံးထည့်ထားသော ရတနာသေတ္တာ ကိုလည်း မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်လေသည်။
ရတနာသေတ္တာ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထိုက်ရှန်းလောင်ကျွင်း သည် ဒေါသတကြီးနှင့် အလျင်စလို ပြေးဝင်လာလေတော့သည်။
"ရွှမ်... ရွှမ်ကျန်းဆရာတော်... မင်းလား..."
ထိုက်ရှန်းလောင်ကျွင်း သည် ဆံပင်ဖြူဖြူဖြင့် မြင်းမြီးယပ်တောင်ကို ကိုင်ဆောင်ထားကာ ကောင်းကင်ဘုံမှ နတ်မင်းတစ်ပါး၏ ကျက်သရေရှိလှသော အဘိုးအိုတစ်ဦးအသွင် ရှိပေသည်။ သို့ရာတွင် ကျန်းလျိုကို မြင်သောအခါ သူ အလွန်ပင် မှင်သက်သွားလေသည်။
သူ၏ မှော်ဆေးလုံးများကို ဖျက်ဆီးနေသူမှာ ထိုမျောက်ဆိုး စွန်းဝူခုန်း သာ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် မျောက်ကြီးမှာ အလွန်အမင်း မူးယစ်ကာ သတိလစ်နေပြီး သူ၏ ဆေးလုံးသိုလှောင်ခန်း ထဲသို့ ဝင်ရောက်လာသူမှာ ရွှမ်ကျန်းဆရာတော် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
အရက်နံ့များ ထောင်းထောင်းထနေပြီး မျက်နှာတစ်ခုလုံး နီမြန်းနေသော ရွှမ်ကျန်းဆရာတော်ကို ကြည့်လိုက်ရာ သူလည်း မူးယစ်နေကြောင်း သိသာထင်ရှားလှပေသည်။
ကြမ်းပြင်ပေါ်ရှိ ဘူးသီးခြောက်၊ ကြွေပုလင်းနှင့် ရတနာသေတ္တာတို့ကို လှမ်းကြည့်လိုက်သောအခါ ထိုက်ရှန်းလောင်ကျွင်း ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားလေသည်။
"ငါ့ရဲ့ ဆေးလုံးတွေ..."
"ဝေ့... အဘိုးကြီး... ခင်ဗျားက ဘယ်သူလဲ... ဘာလိုချင်လို့လဲ..."
ဘဝဆိုသည်မှာ ပြဇာတ်တစ်ပုဒ်ကဲ့သို့ပင် ဖြစ်ပြီး သရုပ်ဆောင်မှုအပေါ်တွင်သာ လုံးဝ မှီခိုနေရပေသည်။ ဒေါသတကြီး ပြေးဝင်လာသော ထိုက်ရှန်းလောင်ကျွင်း ကို မြင်သောအခါ ကျန်းလျိုသည် မူးယစ်နေသော မျက်လုံးများဖြင့် လေချဉ်တစ်ချက်တက်လိုက်ကာ ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။
"ဒီအထဲက ဆေးလုံးတွေ... ဆေးလုံးတွေ ဘယ်ရောက်သွားပြီလဲ..."
ထိုက်ရှန်းလောင်ကျွင်း သည် ကြမ်းပြင်ပေါ်မှ ရတနာသေတ္တာကို ကောက်ယူလိုက်ရာ အတွင်း၌ ဘာမျှမရှိတော့သည်ကို မြင်လိုက်ရသဖြင့် အလောတကြီး မေးလိုက်လေသည်။
"စား... စားလိုက်ပြီလေ... ဟုတ်တယ်... ဂေ့... ငါ အကုန်လုံး စားလိုက်ပြီ..."
ကျန်းလျိုသည် လေချဉ်တစ်ချက် ထပ်တက်လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။
"မင်း... မင်း..."
ထိုက်ရှန်းလောင်ကျွင်းသည် ဒေါသကြောင့် မုတ်ဆိတ်မွေးများ ထောင်ထလာပြီး မျက်လုံးများ ပြူးကျယ်သွားကာ ဘူးသီးခြောက်နှင့် ကြွေပုလင်းငယ်ကို ကောက်ယူ၍ အနံ့ခံကြည့်လိုက်ပြီးနောက် ကျန်းလျိုအား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"အထဲက ဆေးလုံးတွေ အကုန်လုံးကို မင်း စားလိုက်တာလား..."
"ဟုတ်တယ်... ဟုတ်ကဲ့ပါ... ခင်ဗျားရော... စားချင်လို့လား... ဒီမှာ ဆေးလုံးတွေ အများကြီး ရှိသေးတယ်... လာ အတူတူ စားကြမယ်..."
ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
"ကောင်းပြီ... သွားအိပ်လိုက်တော့..."
ကျန်းလျိုထံမှ အတည်ပြုချက်ကို ရရှိပြီးနောက် ထိုက်ရှန်းလောင်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်ကာ ကျန်းလျိုအား လက်တစ်ချက် ဝှေ့ယမ်းပြလိုက်လေသည်။
ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် ကျန်းလျို၏ မျက်လုံးများ လည်တက်သွားပြီး ချက်ချင်းပင် သတိလစ် မေ့မြောသွားလေတော့သည်။
ကောင်းကင်ဘုံ၊ ကျောက်စိမ်းဧကရာဇ် ၏ အိပ်ဆောင်အတွင်းတွင်...
ကျောက်စိမ်းဧကရာဇ်သည် ဘုံသုံးပါး၏ အရှင်သခင် ဖြစ်သော်လည်း အနားမယူဘဲ အလုပ်ကိစ္စများကို အမြဲတမ်း ဖြေရှင်းနေနိုင်မည်တော့ မဟုတ်ပေ။
ဤနေ့တွင် ကျောက်စိမ်းဧကရာဇ် သည် တရားဝင် အလုပ်ကိစ္စများကို ဖြေရှင်းပြီးနောက် ရုတ်တရက် အရက်သောက်ချင်စိတ် ပေါ်လာခဲ့သည်။
ထို့ကြောင့် သူသည် အရက်ကန်မှ ကျောက်စိမ်းသေရည် တစ်အိုး သွားခပ်ရန် တစ်စုံတစ်ယောက်အား အမိန့်ပေးလိုက်လေသည်။
သို့ရာတွင် အချိန်ခဏမျှ စောင့်ဆိုင်းပြီးနောက် အရက်သွားခပ်သော နတ်စစ်သည်များ ရောက်လာကြသော်လည်း အရက်အိုးကိုမူ ယူဆောင်မလာခဲ့ကြချေ။
နတ်သမီးများ နှင့် နတ်စစ်သည်များ သည် လွန်စွာ နစ်နာသည့်ဟန်ဖြင့် ကျောက်စိမ်းဧကရာဇ် ၏ ရှေ့တွင် ဒူးထောက်ကာ အသံကျယ်ကြီးဖြင့် ငိုကြွေးပြောဆိုလိုက်ကြသည်။
"ကျောက်စိမ်းဧကရာဇ် ကို လျှောက်တင်ပါတယ်... နန်းတွင်းအရက်... နန်းတွင်းအရက် တွေ အခိုးခံလိုက်ရပါပြီ..."
"ဘယ်သူလုပ်တာလဲ... နန်းတွင်းအရက် ကို ဘယ်သူက ခိုးရဲတာလဲ..."
ကျောက်စိမ်းဧကရာဇ် ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး အေးအေးဆေးဆေးပင် မေးလိုက်လေသည်။ အနည်းငယ် မကျေမနပ် ဖြစ်စရာ ကောင်းသော်လည်း ၎င်းမှာ အရက်အချို့သာ ဖြစ်ပေသည်။
ထို့ပြင် သူ၏ နန်းတွင်းအရက် ကို ခိုးယူရဲသူ မည်သူမဆို သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်းကို သူ အလွန်ပင် ရှင်းလင်းစွာ သိထားလေသည်။
"ကျောက်စိမ်းဧကရာဇ် ကို လျှောက်တင်ပါတယ်... အဲဒါ... အဲဒါ ကောင်းကင်နဲ့ တစ်တန်းတည်း မဟာပညာရှိကြီး စွန်းဝူခုန်း ပါ..."
ကျောက်စိမ်းဧကရာဇ်၏ အမေးကို နတ်သမီးများ နှင့် နတ်စစ်သည်များ အချို့က ပြန်လည်ဖြေကြားလိုက်သည်။
"အဲဒီ မျောက်ဆိုး လား..."
ကျောက်စိမ်းဧကရာဇ် ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားလေသည်။ နှစ်ပေါင်း ငါးရာ ကြာသွားခဲ့ပြီဖြစ်သော်လည်း ဤမျောက်ဆိုး သည် ယခုတိုင် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ရဲနေသေးသည်လော… သူ၏ နန်းတွင်းအရက် ကိုပင် လုယူရဲသည်တဲ့လော။
၎င်းမှာ အရက်အချို့မျှသာ ဖြစ်သော်လည်း မည်သို့ပင် ဆိုစေ... သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပေသည်။ ပြင်းထန်သော ပြစ်ဒဏ်ပေးရန်မှာ မဖြစ်နိုင်သော်လည်း အကယ်၍ သူသာ ပြစ်ဒဏ်မပေးခဲ့လျှင် ဘုံသုံးပါး ၏ အရှင်သခင် တစ်ပါးအနေဖြင့် မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။
ခဏမျှ စဉ်းစားပြီးနောက် ကျောက်စိမ်းဧကရာဇ်သည် စွန်းဝူခုန်း အား မည်သို့ ပြစ်ဒဏ်ပေးရမည်ကို ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ ရင်ထဲတွင် လှုပ်ရှားသွားကာ အဝေးဆီသို့ လှမ်းကြည့်လိုက်လေသည်။
သူ၏ အကြည့်များက အချိန်နှင့် အာကာသ၏ နယ်နိမိတ်များကို ဖြတ်ကျော်သွားသည့်အလား ရှိနေ၏။ ထို့နောက်... မကြာမီမှာပင် ရယ်စရာတစ်ခုခုကို မြင်လိုက်ရသည့်အလား ကျောက်စိမ်းဧကရာဇ် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။
ကျောက်စိမ်းဧကရာဇ် ၏ အမူအရာကို မြင်သောအခါ အောက်တွင် ဒူးထောက်နေကြသော နတ်သမီးများ နှင့် နတ်စစ်သည်များမှာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ကြရလေသည်။ ထို့နောက်... ကျောက်စိမ်းဧကရာဇ်က လက်ဝှေ့ယမ်းပြလိုက်ကာ သူတို့ကို ထွက်သွားခွင့်ပြုကြောင်း အချက်ပြလိုက်လေသည်။
"စိတ်ဝင်စားစရာပဲ... တကယ့်ကို မျောက်ဆိုးပါလား... သူကိုယ်တိုင် နန်းတွင်းအရက်ကို ခိုးသောက်ရုံတင်မကဘူး... သူ့ရဲ့ ဆရာတော်ကိုပါ လမ်းမှားရောက်အောင် ဆွဲခေါ်သွားသေးတယ်..."
ကျောက်စိမ်းဧကရာဇ်၏ အကြည့်များက တောက်ရွှိုင်နန်းတော် တွင် ဖြစ်ပျက်နေသမျှကို အကုန်အစင် မြင်တွေ့နေရသည့်အလား ရှိနေပြီး သူ၏ မျက်နှာပေါ်တွင် ရယ်ချင်စရာကောင်းသော အမူအရာဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်လေတော့သည်။
***