← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) - လူတိုင်း သတ်ချင်နေသော လူသား

"ငါ့ကို သတ်ပေးနိုင်ရင် ရတနာရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်လို့ မင်းက ကမ်းလှမ်းလိုက်တာပေါ့ ဟုတ်လား..."

ဒင်ဒီယန်၏ တောင်းဆိုချက်ကို ကြားလိုက်ရတာနှင့် ရန်ရှင်းကျိုးက ချက်ချင်း ဆဲလိုက်တော့သည်။

"မင်းနဲ့ လင်ရွှမ်းဟွာကြားက အနှောင့်အယှက်ကို ဖယ်ရှားပေးခဲ့တာလေ... အခုတော့ မင်းက ကျေးဇူးကို တုံ့ပြန်တာက ရန်ငြိုးနဲ့တဲ့လား မင်းက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ကောင်ပဲ"

ဒင်ဒီယန်က လင်ထွေးစိအတွက် လက်စားချေပြီးသည်နှင့် လင်ရွှမ်းဟွာနှင့်အတူ ကျူးလွန်ခဲ့သော အပြစ်များအတွက် အတူတကွ အဆုံးစီရင်သွားမည်ဟု ပြောခဲ့သည်။ ထိုစကားကို အခြားသူများ မယုံကြည်ကြသော်လည်း ရန်ရှင်းကျိုးကမူ အနည်းငယ်မျှပင် သံသယမရှိခဲ့ပေ။

လင်ရွှမ်းဟွာနှင့် ဒင်ဒီယန်တို့ ကွဲကွာ‌စေရန်အတွက် လင်ထွေးစိသည် ကွယ်လွန်သူ မိခင်ဖြစ်သူ၏ ဝိညာဉ်ကို တိုင်တည်၍ ကတိသစ္စာတစ်ခုကို အတင်းအဓမ္မ ကျိန်ဆိုခိုင်းခဲ့ဖူးသည်။ အကယ်၍ လင်ရွှမ်းဟွာသည် ဒင်ဒီယန်နှင့် ပေါင်းဖက်ခဲ့ပါက သူမ၏ မိခင်ဖြစ်သူသည် ငရဲပြည်တွင် အဆိုးဝါးဆုံးသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံရမည်ဟူသော ကတိသစ္စာပင် ဖြစ်သည်။

ထိုကျိန်စာက လင်ရွှမ်းဟွာကို စိတ်ပျက်စေခဲ့သည်။ ဖခင်က သူမကို အခြားတစ်ယောက်နှင့် လက်ထပ်ပေးမည်ကို စိုးရိမ်သောကြောင့် သူမ၏ မျက်နှာကို ကိုယ်တိုင် ဖျက်ဆီးကာ အကျည်းတန်သော မိစ္ဆာမတစ်ဦးအသွင် ပြောင်းလဲခဲ့ရရှာသည်။ ထို့နောက် သူမသည် နေ့တိုင်း အိပ်ဆောင်ထဲ၌သာ အောင်းနေခဲ့ပြီး ဒင်ဒီယန်ကမူ ထောင်ထဲတွင် လင်ထွေးစိ၏ လစဉ် ရိုက်နှက်နှိပ်စက်မှုများကို ခံခဲ့ရသည်။ သူတို့နှစ်ဦး ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လင်ရွှမ်းဟွာပြတင်းပေါက်တွင် တင်ထားသော ပန်းအိုးလေးမှတစ်ဆင့်သာ ဖြစ်သည်။

အကယ်၍ ရန်ရှင်းကျိုးသာ ပေါ်မလာခဲ့လျှင် လင်ရွှမ်းဟွာသည် လင်ထွေးစိ၏ လက်ချက်ဖြင့် အရှင်လတ်လတ် မြေမြှုပ်ခံရမည်ဖြစ်ပြီး၊ ဒင်ဒီယန်မှာလည်း ကျင်းပေါ်ရွှမ်းဟွာ အဆိပ်ဖြင့် သေဆုံးသွားလိမ့်မည်။ သေသည်အထိ သူတို့နှစ်ဦး စကားတစ်ခွန်းပင် ပြောခွင့်ရကြမည် မဟုတ်ပေ။

သို့သော် ယခုမူ ရန်ရှင်းကျိုးက လင်ထွေးစိကို သတ်လိုက်ခြင်းကြောင့် ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာတို့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ကြသည်။ သို့သော် လင်ရွှမ်းဟွာသည် ထိုစဉ်က ကျိန်ဆိုခဲ့သော သစ္စာကြောင့် ဒင်ဒီယန်နှင့် အတူမနေနိုင်တော့ပေ။ ချစ်သူနှစ်ဦးအတွက်မူ ထိုအခြေအနေသည် သေခြင်းတရားထက်ပင် ဆိုးရွားလွန်းလှသည်။

ယခုလို အခြေအနေမျိုးတွင် ဒင်ဒီယန်က လင်ရွှမ်းဟွာနှင့်အတူ အဆုံးစီရင်ကာ မြေမြှုပ်ခံလိုခြင်းမှာ အမှန်တကယ်ဖြစ်နိုင်ချေ ရှိသည်။ ရန်ရှင်းကျိုးသည်လည်း အချစ်ရူးတစ်ယောက်၏ လုပ်ရပ်အပေါ် အံ့သြခြင်း မရှိခဲ့ပေ။

သူသည် စိတ်ခံစားမှုကို ဦးစားပေးသော လူစားမျိုး မဟုတ်သည့်အတွက် နက်ရှိုင်းသော သံယောဇဉ်တရားများကို နားမလည်‌ပေ။ အချစ်ကြောင့် အဆုံးစီရင်သူများကိုလည်း သူက ကိုယ်ချင်းမစာခဲ့ပေ။ လူနှစ်ဦး စိတ်သဘောထား တိုက်ဆိုင်လျှင် အတူနေကြပြီး၊ မတိုက်ဆိုင်လျှင် လမ်းခွဲကြရမည်လို့သာ အမြဲ ယုံကြည်ထားသည်။ ယောက်ျားနှင့် မိန်းမဟူသည် တစ်ဦးမရှိလျှင်လည်း အခြားတစ်ဦးက ရှင်သန်နိုင်စမြဲဖြစ်ပြီး လမ်းခွဲခြင်းက သေဆုံးခြင်းဆိုသည်မှာ ပြက်လုံးတစ်ခုသာဖြစ်သည်ဟု သူကယူဆထားသည်။ (အရမ်းချစ်တယ်ထားမသွားဘူးကိုတောင်သတိရသွားတယ်)

ထို့ကြောင့် ရန်ရှင်းကျိုးသည် အချစ်ကို မယုံကြည်ဘဲ မိသားစု သံယောဇဉ်ကိုသာ ယုံကြည်သူ ဖြစ်သည်။

ဒီအချက်ကပင် ဒင်ဒီယန်ကဲ့သို့သော လူစားမျိုးကို အထင်အမြင်သေးစေနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် မိန်းမများစွာ ရှိနေပါလျက် မိန်းမတစ်ယောက်အတွက်နှင့် မိမိ၏ တောက်ပသော အနာဂတ်ကို ဖျက်ဆီးပစ်ခြင်းမှာ မိုက်မဲလှသည်ဟု သူကယူဆထားသည်။

သို့သော်လည်း ဒင်ဒီယန်က ထိုကဲ့သို့သော ကမ်းလှမ်းချက်မျိုး ထုတ်ပြန်လိုက်သည့်အတွက် အမှန်ဖြစ်စေ အမှားဖြစ်စေ ရန်ရှင်းကျိုးက ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။

"နောင်ကို ငါ့ရဲ့ လုံခြုံရေးက ပိုပြီး ဂရုစိုက်ရတော့မယ် ထင်တယ်"

ယခုအခါ သူက လှည့်လည်သွားလာနေသော ပညာရှိ တစ်ဦးပုံစံ ဝတ်ဆင်ထားသည်။ လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ပညာရှိဝတ်စုံနှင့် နှုတ်ခမ်းမွှေး အနည်းငယ် တပ်ထားသည့်အတွက် သာမန် ပညာရှိတစ်ဦးနှင့် မခြားပေ။

[ဒင်ဒီယန်ရဲ့ ပါးစပ်ကို ပိတ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်]

ရန်ရှင်းကျိုးက စဉ်းစားလိုက်ပြီးနောက် အကြံတစ်ခု ရသွားဟန်တူသည်။ သူသည် တွန့်ဆုတ်မနေတော့ဘဲ မြို့တော်ဆီသို့ ဦးတည်လိုက်တော့သည်။

တစ်လခွဲခန့်အကြာတွင် သူသည် မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး မြို့တော်အတွင်း အခြေအနေကို လေ့လာကြည့်ရာ တောင်ပိုင်းတွင် ဖြစ်ပျက်နေသော ကိစ္စများမှာ ကြီးမားသော်လည်း မြောက်ပိုင်း မြို့တော်ရှိ သိုင်းပညာရှင် အနည်းငယ်သာ ကျင့်ကျိုးတွင် ဘာဖြစ်နေသည်ကို သိရှိကြကြောင်း သူ သတိထားမိသွားသည်။

ရန်ရှင်းကျိုးသည် ငြိမ်းချမ်းနေမည်ကို ကြောက်ရွံ့သည့်အတွက် လျန်ချန် ကျမ်းစာသတင်းကို မြို့တော်အနှံ့ ဖြန့်ဝေလိုက်တော့သည်။ သုံးရက်မပြည့်မီမှာပင် ထိုသတင်းမှာ မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး ဧကရာဇ်မင်းမြတ်၏ နားအထိပင် ပေါက်ကြားသွားလေတော့သည်။

လျန်ဧကရာဇ် ဝူတီး ချန်ထားရစ်ခဲ့သော ရတနာမှာ နိုင်ငံတော်အတွက် အလွန် အရေးပါသည်။ ဧကရာဇ်ကိုယ်တိုင်ပင် ထိုရတနာအပေါ် လောဘစိတ် ဖြစ်‌ ပေါ်လာသည်။ ချက်ချင်းပင် ရွှေနန်းတော်ထက်မှ အမိန့်တော် ပြန်တမ်းတစ်ခု ထွက်ပေါ်လာပြီး တောင်ပိုင်း ပြည်နယ်သုံးခု၏ အရေးကို တာဝန်ယူရန် အထူးကိုယ်စားလှယ်တော် တစ်ဦးကို စေလွှတ်လိုက်တော့သည်။ ဤရတနာမှာလည်း အမိန့်တော်တွင် အဓိက အချက်အဖြစ် ပါဝင်နေသည်မှာ မလွဲမသွေဖြစ်‌တော့သည်။

အထူးကိုယ်စားလှယ်တော်သည် ထိုကိစ္စအတွက် မြို့တော်မှ ထွက်ခွာသွားချိန်တွင် ရန်ရှင်းကျိုး၏ အမည်မှာလည်း သိုင်းလောကအတွင်း ကျော်ကြား‌နေပြီ ဖြစ်သည်။ ဒင်ဒီယန်၏ စကားကြောင့် သိုင်းသမားများသည် ဒင်ဒီယန်ထံမှ ရတနာကို ရယူရန်အတွက် ရန်ရှင်းကျိုးကို သတ်ရန် လိုက်လံရှာဖွေနေကြပြီ ဖြစ်သည်။

"ရှေးခေတ်ကတည်းက ဝိုင်ကောင်းတစ်လုံးက လူတွေရဲ့ မျက်နှာကို နီမြန်းစေပြီး၊ စည်းစိမ်ဥစ္စာကတော့ လူတွေရဲ့ စိတ်ကို လှုပ်ခတ်စေတာပဲ"

ရန်ရှင်းကျိုးသည် မြို့တော်မှ တောင်ပိုင်းသို့ ပြန်လာစဉ် လမ်းခရီးတွင် တိုက်ပွဲများစွာနှင့် ကြုံတွေ့ခဲ့သည်။ ထိုတိုက်ပွဲများမှာ အခြားသူများက တစ်ဖက်လူကို ရန်ရှင်းကျိုးက ရုပ်ဖျက်ထားသည်ဟု သံသယဝင်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုလူများ၏ လောဘဇောကို ရန်ရှင်းကျိုးက အံ့သြမဆုံး ဖြစ်နေမိသည်။

"ဒီ လူအ တွေကများ... ဒီလောက် နိမ့်တဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ငါ့ကို ဖမ်းနိုင်မယ် ထင်နေတာလား။ တကယ်လို့ ရတနာရဲ့ လျှို့ဝှက်ချက်ကို တကယ် လိုချင်တယ်ဆိုရင် လင်ရွှမ်းဟွာကိုပဲ ဖမ်းလိုက်ပေါ့။ အဲဒီအခါကျရင် ဒင်ဒီယန်က ရတနာ သတင်းကို မပြောဘဲ နေမလား။ ဒင်ဒီယန်ကိုတောင် မဖိအားပေးနိုင်ဘဲနဲ့ ငါ့ကို ဖမ်းချင်နေသေးတယ် စောက်ရူးတွေပဲ"

တကယ်ကို ရန်ရှင်းကျိုး၏ လုပ်နည်းအတိုင်းဆိုလျှင် လင်အိမ်တော်သို့ တိတ်တဆိတ် ဝင်ရောက်ကာ လင်ရွှမ်းဟွာကို ပြန်ပေးဆွဲပြီး ဒင်ဒီယန်အား လျန်ချန် ကျမ်းစာ လျှို့ဝှက်ချက်ကို ပြောပြရန် ဖိအားပေးမည်သာ ဖြစ်သည်။ လင်ရွှမ်းဟွာသာ အဖမ်းခံထားရပါက ဒင်ဒီယန်သည် သူ ခိုင်းသမျှကို မဖြစ်မနေ လုပ်ဆောင်ပေးရမည်မှာ အသေအချာပင်ဖြစ်သည်။

သိုင်းလောကရှိ လူအများစုမှာ လူအများ ဖြစ်ကြသော်လည်း ပါးနပ်သူ အချို့လည်း ရှိနေသေးသည်။ သူတို့သည် ရန်ရှင်းကျိုးနှင့် အတွေးချင်း တူညီကြပြီး ဒင်ဒီယန်၏ မျက်စိအောက်တွင်ပင် လင်ရွှမ်းဟွာကို လင်အိမ်တော်မှ အောင်မြင်စွာ ပြန်ပေးဆွဲသွားခဲ့ကြသည်။

လင်ရွှမ်းဟွာကို ပြန်ပေးဆွဲသွားသူမှာ အခြားသူမဟုတ်ဘဲ မြစ်ဖြတ်သံကြိုး ဟု ကျော်ကြားသော ချီချန့်ဖာ ဖြစ်သည်။

ချီချန့်ဖာသည် ယခင်က ထျယ်ကူမော်အယ် ဟု ဘွဲ့နာမည်ရှိသော မေနျန့်ရှန်း၏ တတိယမြောက် တပည့်ဖြစ်သည်။ သူသည် ကောက်ကျစ်ပြီး ရက်စက်သော်လည်း အလွန်ပင် ပါးနပ်သူ ဖြစ်သည်။ တပည့် သုံးဦး ပေါင်းကာ ဆရာဖြစ်သူ မေနျန့်ရှန်းကို တိုက်ခိုက်ခဲ့စဉ်က သူသည် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ မေနျန့်ရှန်းကို နောက်ကျောမှ ဓားဖြင့် ထိုးခဲ့သူမှာလည်း သူပင်ဖြစ်ပြီး ထိုဒဏ်ရာကြောင့်ပင် မေနျန့်ရှန်း ကွယ်လွန်ခဲ့ရသည်။ သူသည် ဒင်ဒီယန်က လင်ရွှမ်းဟွာနှင့်အတူ မြေမြှုပ်ခံလိုသည်ဟု ပြောကြားလိုက်ကတည်းက ဒင်ဒီယန်၏ နှလုံးသားထဲတွင် လင်ရွှမ်းဟွာက အရေးပါကြောင် ရိပ်မိခဲ့သည်။ ထို့ကြောင့်ပင် သူသည် လင်အိမ်တော်သို့ ခက်ခက်ခဲခဲ ဝင်ရောက်ကာ လင်ရွှမ်းဟွာကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လင်ရွှမ်းဟွာကို ဓားစာခံအဖြစ် ရရှိသွားသောအခါ ဒင်ဒီယန်သည် ရွေးချယ်စရာ မရှိတော့ဘဲ ချီချန့်ဖာကို လျန်ချန် ကျမ်းစာ၏ လျှို့ဝှက်ချက်အားလုံးကို ပြောပြလိုက်ရတော့သည်။ ကံဆိုးစွာပင် ထိုသတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ "ချီချန့်ဖာက လျန်ချန် ကျမ်းစာရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ" ဟူသော သတင်းကြောင့် သူသည်လည်း ရန်ရှင်းကျိုးကဲ့သို့ လူတိုင်း၏ ပစ်မှတ် ဖြစ်လာခဲ့ရသည်။

သို့သော်လည်း ချီချန့်ဖာသည် ရန်ရှင်းကျိုးထက်ပင် သတိပိုကြီးသူ ဖြစ်သည်။ ရတနာလျှို့ဝှက်ချက်ကို ရရှိပြီးသည်နှင့် ချက်ချင်းပင် အရိပ်အယောင် ဖျောက်ကာ ပျောက်ကွယ်သွားခဲ့လေသည်။

ချီချန့်ဖာ ထွက်ပြေးသွားပြီးနောက် မြောက်ပိုင်း၏ သူရဲကောင်းလေးဦးထဲမှ တစ်ဦးဖြစ်သော ဖုန်းယွင်ချွမ်းသည် အစိုးရ အရာရှိတစ်ဦးအဖြစ် ကျင့်ကျိုးမြို့သို့ ဝင်ရောက်လာကာ ဒင်ဒီယန်အား ရတနာလျှို့ဝှက်ချက် ပြောပြရန် ဖိအားပေးခဲ့သည်။ သို့သော် သူသည် ဒေါသထွက်နေသော ဒင်ဒီယန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအချိန်ကျမှသာ လူတိုင်းသည် ဒင်ဒီယန် မည်မျှ အစွမ်းထက်ကြောင်း သိရှိသွားကြတော့သည်။

လောကတွင် ထိပ်သီးသိုင်းပညာရှင်များ ဖြစ်ကြသော တောင်ပိုင်းရဲ့ သူရဲကောင်းလေးဦး ပန်းကြွေရေစီး နှင့် မြောက်ပိုင်းရဲ့ သူရဲကောင်းလေးဦး လေ၊ ကျား၊ တိမ်၊ နဂါး စုစုပေါင်း ရှစ်ဦးမှာ ယနေ့ခေတ် သိုင်းလောကတွင် အတော်ဆုံးဟု သတ်မှတ်ခံထားရသူများ ဖြစ်သည်။ သို့သော် ဖုန်းယွင်ချွမ်းပင် ဒင်ဒီယန်၏ လက်ချက်ဖြင့် အထိနာသွားသည်ဆိုလျှင် ဒင်ဒီယန်၏ အစွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဖုန်းယွင်ချွမ်းသည် ဒဏ်ရာရရှိပြီးနောက် လင်အိမ်တော်သို့ တစ်ဖန် ပြန်မသွားရဲတော့ပေ။ ထို့အစား သူက ရန်ရှင်းကျိုးကို နာမည်ကျော် ဓားပြတစ်ဦးအဖြစ် နာမည်တပ်ကာ ဖမ်းဝရမ်းများ ထုတ်ပြန်ပြီး နေရာအနှံ့ ကပ်ထားလိုက်တော့သည်။

အကယ်၍ ရန်ရှင်းကျိုးကို ဖမ်းဆီးပြီး ဒင်ဒီယန်ထံ အပ်နှံနိုင်ပါက ဒင်ဒီယန်က ရတနာရှိရာနေရာကို ပြောပြမည်ဖြစ်သဖြင့် ဖုန်းယွင်ချွမ်းအတွက် ရာထူးတက်ရန်နှင့် ချမ်းသာရန်မှာ သေချာပေါက်ပင် ဖြစ်သည်။ သို့သော် ထိုလုပ်ရပ်က ရန်ရှင်းကျိုးကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

"တောက်... ဒီဖုန်းယွင်ချွမ်းကတော့ တကယ့်အမှိုက်ပဲ။ ငါက မင်းကို အစတည်းက မထိချင်တာကို မင်းက ငါ့ကို လာဆွတာပေါ့ ဟုတ်လား"

သူသည် ဖုန်းယွင်ချွမ်း၏ နေအိမ်ဆီသို့ ချက်ချင်း အပြေးသွားတော့သည်။

"ငါက အစွယ်မထုတ်သေးလို့ ငါ့ကိုနုတယ် ထင်နေတာလား မင်းက…. ငါ့ကို ဒီလောက်တောင် အထင်သေးနေရင် မင်းကို ငါ့အစွမ်း မြည်းစမ်းခိုင်းမယ် ခွေးမသား…."

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters