← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) - လှည့်ကွက် သက်သက်သာ

ရန်ရှင်းကျိုးသည် ယခုကမ္ဘာတွင် ရွှေတိုက်နှင့် အရင်းနှီးဆုံးဖြစ်ရာ သူ၏ အသံကို မမှတ်မိစရာ အကြောင်းမရှိပေ။ သို့သော် လူတို့သည် ထိတ်လန့်မှုနှင့် ဒေါသတို့ ဒွန်တွဲနေချိန်တွင် အသံမှာ အနည်းငယ် ပြောင်းလဲသွားတတ်သဖြင့် ရွှေတိုက်၏ အသံကို ကြားပြီး ခဏအကြာမှသာ ထိုသူမှာ ရွှေတိုက်မှန်း ရန်ရှင်းကျိုး သိလိုက်ရခြင်း ဖြစ်သည်။

[ဒင်ဒီယန်က ရွှေတိုက်နဲ့အတူ ရှိနေတာလား...ဖုန်းယွင်ချွမ်းက ဒီလူတွေအကုန်လုံးကို သူ့အိမ်ကို ဖိတ်ပြီး ဘာလုပ်ဖို့ ကြံနေတာလဲ]

ထိုအခိုက်တွင် သူသည် အတွေးဖြင့် သက်ပြင်းချကာ တော်သေးသည်ဟု မှတ်ယူလိုက်မိသည်။

[တော်သေးတာပေါ့... ငါးဟင်းရည်ထဲကို ရွှေလှိုင်းပန်းရွက် အနည်းငယ်ပဲ ခတ်ခဲ့မိလို့။ အကယ်၍ အရွက်တစ်ခုလုံးသာ ပန်းကန်ထဲ ပစ်ထည့်လိုက်ရင်တော့ ဒုက္ခပဲ]

ဖုန်းယွင်ချွမ်းသည် မုန်းစရာကောင်းသော်လည်း ရန်ရှင်းကျိုးအနေဖြင့် သူ၏ သေသင့်သော ပြစ်မှုများကို မတွေ့သေးပေ။ သူသည် ပကာသန မက်မောတတ်သော်လည်း ထိုအချက်က သေဒဏ်နှင့် ထိုက်တန်သည်ဟု မဆိုနိုင်သလို၊ ရန်ရှင်းကျိုးကို ဖမ်းဝရမ်းထုတ်ခြင်းကလည်း သူ့ကို ချက်ချင်း သတ်ပစ်ရမည်ဟု မဆိုလိုပေ။ ထို့ကြောင့် ဖုန်းယွင်ချွမ်းကို ကိုင်တွယ်ရန် ပြင်ဆင်စဉ်က ရန်ရှင်းကျိုးသည် အညှာအတာ ထားရှိခဲ့ပြီး သူ၏ အသက်ကို ချက်ချင်း ရယူရန် မရည်ရွယ်ခဲ့ပေ။ အထူးသဖြင့် ခန်းမအတွင်း၌ ဖုန်းယွင်ချွမ်းတစ်ဦးတည်း ရှိနေသည်မဟုတ်ဘဲ အခြားသော ဝိုင်သောက်ဖော်များစွာ ရှိနေခြင်းကြောင့် ဖြစ်သည်။ ရန်ရှင်းကျိုးသည် အပြစ်မဲ့သူများကို ရမ်းသမ်းသတ်ဖြတ်လိုခြင်း မရှိသဖြင့် ဖုန်းယွင်ချွမ်းကို ခဏလောက် အစွမ်းမဲ့သွားအောင်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထိုသတိထားမှုကပင် ရွှေတိုက်နှင့် အခြားသော ဝိုင်သောက်ဖော်များ၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်ပေသည်။ ထိုအချိန်တွင် ခန်းမအတွင်း၌ ကျန်းနန်၏ သူရဲကောင်းလေးဦးနှင့် ဖုန်းယွင်ချွမ်းတို့ စုစုပေါင်း ငါးဦးသည် ဒင်ဒီယန်နှင့်အတူ ဝိုင်သောက်နေကြခြင်း ဖြစ်သည်။

ယခုကာလအတွင်း ဒင်ဒီယန်၏ ကိစ္စကြောင့် တောင်ပိုင်း သိုင်းလောကတစ်ခုလုံး ရှုပ်ထွေးနေခဲ့သည်။ ရွှေတိုက်တို့ လူစုရော ဖုန်းယွင်ချွမ်းပါ ထိုအခြေအနေမျိုးကို မမြင်လိုကြပေ။ အထူးသဖြင့် ဒင်ဒီယန်က ရန်ရှင်းကျိုးကို သတ်ရန် ကြိုးစားနေခြင်းက ရွှေတိုက်ကို များစွာ စိတ်မသက်မသာ ဖြစ်စေသည်။

ရန်ရှင်းကျိုးသည် သွေးဓားဘိုးဘေး၏ လက်ထဲမှ ရွှေစိမ့်ကို ကယ်တင်ပေးခဲ့ဖူးသဖြင့် ရွှေတိုက်အပေါ် ကျေးဇူးရှိရုံသာမက၊ သူတို့နှစ်ဦးကြားရှိ ပုဂ္ဂိုလ်ရေး ခင်မင်မှုကို ထောက်ထားလျှင်ပင် ဒင်ဒီယန်က ရန်ရှင်းကျိုးကို ပစ်မှတ်ထားနေခြင်းကို သူက ငြိမ်ကြည့်နေမည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူသည် သူ၏ သွေးသောက်ညီနောင် သုံးဦးနှင့်အတူ ဖုန်းယွင်ချွမ်း၏ အိမ်တော်သို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ရှင်းကျိုးကို ဤပြဿနာမှ မည်သို့ ဆွဲထုတ်ပေးနိုင်မည်နည်းဟု ဆွေးနွေးရန် ဒင်ဒီယန်ကိုလည်း ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ရွှေတိုက်၏ ဂုဏ်သတင်းမှာ ကြီးမားလှသလို ယခုအခါ ကျန်းနန်၏ သူရဲကောင်းလေးဦးစလုံး ရှေ့ထွက်လာကြသဖြင့် အရှိန်အဝါမှာ ပိုတောင် ကြီးမားလှသည်။ ဖုန်းယွင်ချွမ်းသည်လည်း တောင်ပိုင်း သိုင်းလောကနှင့် ရန်မဖြစ်လိုသဖြင့် အချိန်အကြာကြီး တွန့်ဆုတ်မနေတော့ဘဲ ရန်ရှင်းကျိုးအပေါ် လျှော့ပေါ့ပေးရန်နှင့် သူကိုယ်တိုင် ရန်ရှင်းကျိုးကို တိုက်ခိုက်မည်မဟုတ်ကြောင်း သဘောတူလိုက်လေသည်။ သို့သော်လည်း ဒင်ဒီယန်ကမူ မည်သို့ပင်ဖြစ်စေ ရန်ရှင်းကျိုးကို လွှတ်ပေးရန် ဆန္ဒမရှိပေ။

ရန်ရှင်းကျိုးက လင်ထွေးစိကို သတ်လိုက်ခြင်းအပေါ် ဒင်ဒီယန်သည် ဝမ်းသာသလို တစ်ဖက်တွင်လည်း ဝမ်းနည်းမိသည်။ လင်ထွေးစိသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်ပြီး သူ့ကို နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သူ ဖြစ်သည်။ အကယ်၍ သူသာ လင်ရွှမ်းဟွာ၏ ဖခင် မဟုတ်ခဲ့ပါက ဒင်ဒီယန်၏ စိတ်ရင်းအတိုင်းဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သတ်ပစ်ခဲ့မည်မှာ သေချာသည်။

သို့သော် သူသည် လင်ရွှမ်းဟွာ၏ ဖခင် ဖြစ်နေသဖြင့် ဒင်ဒီယန်က ဘာမျှ မတတ်နိုင်ခဲ့ပေ။ အမှန်စင်စစ် လင်ထွေးစိ အန္တရာယ်ပြုခံရချိန်တွင်ပင် လင်ရွှမ်းဟွာကို စောင့်ရှောက်မည့်သူ မရှိတော့မည်စိုးသဖြင့် ဒင်ဒီယန်က ကူညီပေးခဲ့ရသည်။

ယခုအခါ ရန်ရှင်းကျိုးက လင်ထွေးစိကို သတ်လိုက်သဖြင့် ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာကြားရှိ အတားအဆီးတစ်ခု ဖယ်ရှားပြီးသား ဖြစ်သွားသည်။ သူတို့နှစ်ဦး ပြန်လည် ဆုံတွေ့နိုင်ခြင်းမှာ ရန်ရှင်းကျိုး၏ လုပ်ရပ်ကြောင့်ဟုပင် ဆိုရမည်။

သို့သော်လည်း လင်ထွေးစိမှာ လင်ရွှမ်းဟွာ၏ ဖခင်ဖြစ်နေပြန်သဖြင့် ဒင်ဒီယန်သည် လင်ရွှမ်းဟွာအတွက် လက်စားချေပေးရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ ရှုပ်ထွေးလှသော ကိစ္စရပ်များကြောင့် ဒင်ဒီယန် စိတ်ဒုက္ခရောက်နေရသည်။ သူသည် သဘာဝအရ လူဆိုးတစ်ယောက် မဟုတ်ပေ။ သို့မဟုတ်ပါက မေနျန့်ရှန်းကို ကယ်တင်ရန် သူ၏ အသက်ကို ရင်းခဲ့မည် မဟုတ်ပေ။

သို့သော် "အချစ်" ဟူသော စကားလှလှ‌ စကားလှလှလေးသည် လူကို များစွာ ဒုက္ခပေးနိုင်ပေသည်။ အထူးသဖြင့် မွေးရာပါ အချစ်ရူးများအတွက်မူ အချစ်အတွက်ဆိုလျှင် ကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ သစ္စာတရား၊ မိဘအပေါ် သိတတ်မှု၊ စင်ကြယ်မှု ဒီလိုအရာတွေကိုပါ အမှုမထားဘဲ အသက်ကိုပါ စ‌တေးရဲကြသည်။ ရန်ရှင်းကျိုးကို သတ်ခြင်းမှာ မှားယွင်းမှန်း သိသော်လည်း လင်ရွှမ်းဟွာ၏ ဖခင် သေဆုံးမှုအတွက် လက်စားချေရန် ဒင်ဒီယန်က ဘာကိုမျှ ဂရုမစိုက်တော့ပေ။

ရန်ရှင်းကျိုး သေဆုံးသွားသည်နှင့် သူသည် ရတနာလျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်မည်ဖြစ်ပြီး၊ လင်အိမ်တော်၏ ပိုင်ဆိုင်မှု အားလုံးကို ရန်ရှင်းကျိုး၏ မိဘနှင့် ဆွေမျိုးများထံ အပ်နှံမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ အရာအားလုံး ပြီးဆုံးပါက သူနှင့် လင်ရွှမ်းဟွာတို့သည် အတူတကွ အဆုံးစီရင်ကြမည်ဖြစ်ပြီး ဒီလောကတွင် ဆက်လက် ရှင်သန်လိုခြင်း မရှိတော့ပေ။

ဒင်ဒီယန်သည် အလွန် ခေါင်းမာလှသည်။ တစ်ကြိမ် ဆုံးဖြတ်ပြီးလျှင် ပြောင်းလဲရန် မဖြစ်နိုင်ပေ။ လင်ရွှမ်းဟွာကဲ့သို့ပင် သူသည်လည်း အလွန် စိတ်ဓာတ်ပြတ်သားသူ ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ယခုလို အခြေအနေသို့ ရောက်ရှိလာမည် မဟုတ်ပေ။

ထို့ကြောင့် ရွှေတိုက်က မည်သို့ပင် ဖျောင်းဖျစေကာမူ ဒင်ဒီယန်က နားမဝင်ခဲ့ပေ။ သူသည် ဝိုင်ကို သောက်နေသော်လည်း ရွှေတိုက်၏ မျက်နှာကို အနည်းငယ်တောင် မထောက်ထားခဲ့ပေ။ "ပန်းကြွေရေစီး" ထဲမှ အကြီးအကဲ လူထျန်းရွှူး ကိုယ်တိုင် ဝိုင်တိုက်သည်ကိုပင် သူက ငြင်းပယ်ခဲ့သည်။

အခြေအနေများ တင်းမာနေစဉ်မှာပင် အစေခံမလေးက ငါးဟင်းရည်ကို ယူဆောင်လာခဲ့သည်။ လူတိုင်းက ဟင်းရည်ကို အနည်းငယ်စီ သောက်လိုက်ကြပြီး ခဏအကြာတွင် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရသဖြင့် သူတို့၏ မျက်နှာပေးများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူတို့အားလုံးသည် သိုင်းဆရာကြီးများ ဖြစ်ကြသည်။ ငါးဟင်းရည်ထဲတွင် တစ်ခုခု မူမမှန်ကြောင်း ခံစားမိသည်နှင့် သူတို့သည် အတွင်းအားကို လှည့်ပတ်ကာ စားထားသမျှကို တစ်ပြိုင်နက်တည်း အန်ထုတ်လိုက်ကြရာ ခန်းမတစ်ခုလုံးတွင် အနံ့ဆိုးများဖြင့် ပြည့်နှက်သွားလေတော့သည်။

ရွှေတိုက်သည် ဒေါသလည်း ထွက်သွားသည်။ သူသည် အားယူကာ ခန်းမဘေးရှိ သစ်သားစင်ဆီသို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲယူကာ အော်ဟစ်လိုက်တော့သည်။

"ဒင်ဒီယန် မင်းက ငါတို့ကိုပါ အဆိပ်ခတ်ပြန်ပြီလား။ ငါတို့ကိုပါ မချန်တော့ဘူးလား"

ဒင်ဒီယန်သည် သိုင်းသမား အများအပြားကို အဆိပ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း လူတိုင်း သိထားကြသဖြင့် ငါးဟင်းရည်ထဲ၌ အဆိပ်ပါသည်ကို သိသည်နှင့် ဒင်ဒီယန်ကိုသာ ပထမဆုံး သံသယဝင်ကြခြင်း ဖြစ်သည်။ အိမ်ရှင်ဖြစ်သူ ဖုန်းယွင်ချွမ်းကိုမူ သူတို့ မသံသယဝင်ကြပေ။

သို့သော်လည်း ဤလူများထဲတွင် ဒင်ဒီယန်သည် အမှန်တကယ်ပင် အံ့အားသင့်ကာ ဒေါသအထွက်ဆုံး ဖြစ်နေသည်။

သူသည် ရွှေလှိုင်းပန်းနှင့် အထိတွေ့ဆုံးလူဖြစ်သဖြင့် အလွန်ပင် ကျွမ်းကျင်လှသည်။ ငါးဟင်းရည်က လျှာပေါ်သို့ ရောက်သည်နှင့် သူ ချက်ချင်း သိလိုက်ရသည်မှာ...

"ရွှေလှိုင်းပန်း ဒါ ရွှေလှိုင်းပန်းရဲ့ အရသာပဲ"

သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး စူးစမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန်ပင် တင်းမာနေသည်။

"အကယ်၍ ငါသာ ဒီဟင်းရည်ထဲကို အဆိပ်ခတ်ခဲ့ရင် မင်းတို့နဲ့အတူ ဘာလို့ သောက်ပါ့မလဲ"

ဖုန်းယွင်ချွမ်းသည်လည်း အတွင်းအားကို လျှို့ဝှက်စွာ စုစည်းကြည့်ရာ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေပြီး အတွင်းအားများ တဖြည်းဖြည်း လျော့နည်းလာသည်ကို ခံစားလိုက်ရသည်။ သူသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

"မင်း... ဒင်... ဒါဆိုရင် ငါက မင်းကို အဆိပ်ခတ်တယ်လို့ ပြောချင်တာလား"

ဒင်ဒီယန်က ခေါင်းခါယမ်းလိုက်ပြီး...

"ဒါက ရွှေလှိုင်းပန်းပဲ…မင်း အဆိပ်ခတ်ချင်ရင် တခြားအဆိပ်ကိုပဲ သုံးနိုင်လိမ့်မယ်။ ရွှေလှိုင်းပန်းကတော့ ငါကလွဲလို့ အလယ်ပိုင်းဒေသမှာ ဒုတိယမြောက် တစ်ပွင့် ရှိမနေသင့်ဘူး။ မင်း လိုချင်ရင်တောင် ရှာတွေ့လို့ မရဘူး"

သူသည် မိမိ၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် စစ်ဆေးကြည့်ရာ အဆိပ်မိထားသော်လည်း ပြင်းထန်မှု မရှိကြောင်း တွေ့ရသည်။ အချိန်မီ သိရှိပြီး အန်ထုတ်လိုက်ခြင်းကြောင့်လည်း ပါသလို၊ အဆိပ်ခတ်သူသည် သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိပုံရသဖြင့် အဆိပ်ပမာဏမှာ အလွန်နည်းပါးလွန်းသည်။ သူ ပထမဆုံးအကြိမ် နှင်းဆီပန်းရနံ့ကို ရှူမိစဉ်ကလောက်တောင် မပြင်းထန်ကြောင်း တွေ့လိုက်ရသည်။

[အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ ငါတစ်ယောက်တည်းဆီမှာပဲ ရွှေလှိုင်းပန်း ရှိတာ။ အဆိပ်ခတ်တဲ့လူက ရွှေလှိုင်းပန်း အဆိပ်ကို ဘယ်က ရတာလဲ... ဟုတ်သားပဲ ပြီးခဲ့တဲ့ အခေါက်က သိုင်းသမားတွေကို အဆိပ်ခတ်တုန်းက သွေးဓားဂိုဏ်းက ရှန့်တီနဲ့ ရှန်းယုံတို့နဲ့ ငါ တိုက်ခဲ့သေးတယ်။ သူတို့ကို မောင်းထုတ်ပြီးလို့ ခြံဝင်းထဲ ပြန်ရောက်တဲ့အခါ ရွှေလှိုင်းပန်းရဲ့ အကိုင်းအခက်နဲ့ အရွက်အချို့ ပျောက်နေတာကို ငါ သတိထားမိခဲ့တယ်။ အဲဒီတုန်းက ငါ အံ့သြနေခဲ့တာ... အခုတော့ တကယ်ပဲ အခိုးခံလိုက်ရပြီး ငါ့ကို ပြန်သုံးတာကိုး]

"ရန်ရှင်းကျိုးက သွေးဓားဘိုးဘေးနဲ့ တိုက်တုန်းက အရင်ဆုံး အဆိပ်ခတ်ပြီးမှ အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့လို့ သွေးဓားဘိုးဘေးရဲ့ လက်မောင်းကို ဖြတ်နိုင်ခဲ့တာလို့ ကြားဖူးတယ်။ ရွှေလှိုင်းပန်း အဆိပ်ကလွဲလို့ လောကမှာ ဘယ်အဆိပ်က သွေးဓားဘိုးဘေးလို ဆရာကြီးမျိုးကို အဆိပ်မိစေနိုင်မှာလဲ"

သူမသိသည်မှာ ရန်ရှင်းကျိုးသည် ရွှေလှိုင်းပန်းကို မခိုးယူမီကတည်းက သွေးဓားဘိုးဘေးကို အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သိုင်းလောကအတွင်းရှိ ကောလာဟလများမှာ အချိန်ကာလတိကျခြင်းမရှိ‌ပေ။ ဒင်ဒီယန်ကလည်း အချိန်အတိအကျကို ခွဲခြားရန် ပျင်းရိနေခဲ့သည်။ သူ သိသည်မှာ လောကတွင် ရွှေလှိုင်းပန်း အဆိပ်ကသာ သွေးဓားဘိုးဘေးကို အဆိပ်မိစေနိုင်လိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။ အခြားသော အဆိပ်များမှာ သွေးဓားဂိုဏ်း၏ စတုတ္ထမြောက် ဂိုဏ်းချုပ်၏ မျက်စိကို လှည့်စားနိုင်မည် မဟုတ်ဟု တစ်ထစ်ချယုံကြည်နေသည်။

သူ တွေး‌‌တောဆင်ခြင်ပြီးသည်နှင့် ခန်းမအတွင်းမှ ထွက်လာကာ ခြံဝင်းအတွင်း မတ်တပ်ရပ်ကာ အော်ဟစ်လိုက်တော့သည်။

"ရန်ရှင်းကျိုး ထွက်ခဲ့စမ်း မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်လား။ ရွှေလှိုင်းပန်းကိုလည်း မင်းခိုးသွားတာမလား"

သူအကြိမ်ကြိမ် အော်ခေါ်ခဲ့သော်လည်း တိတ်ဆိတ်နေသော ညဉ့်ယံအတွင်း မည်သူမျှ ပြန်မဖြေခဲ့ပေ။ ရွှေတိုက်က နှာခေါင်းရှုံ့ကာ...

"ဒင်ဒီယန်... မင်းက ဒီအဆိပ်ကို ညီငယ် ရန်ရှင်းကျိုး ခတ်တာလို့ ပြောချင်တာလား။ သူခိုးက လူဟစ်တာပဲ... ရယ်စရာကောင်းလိုက်တာ"

ဒင်ဒီယန်က...

"ရန်ရှင်းကျိုးကလွဲလို့ ဒီလောက် အစွမ်းထက်ပြီး ဒီလို နည်းလမ်းမျိုးကို သုံးတဲ့လူ ဒါ့အပြင် အရေးကြီးတဲ့ အချိန်ကျရင် အရှက်မရှိ ပြုမူတတ်တဲ့လူ လောကမှာ ဘယ်သူ ရှိဦးမှာလဲ"

ရွှေတိုက် ပြန်မပြောနိုင်မီမှာပင် ဘေးရှိ ဖုန်းယွင်ချွမ်းက ဝင်ပြောလိုက်သည်။

"ဟုတ်တယ် အဲဒီကောင် ရန်ရှင်းကျိုးနဲ့ ငါ တိုက်ဖူးတယ်။ သူက ငါ့မျက်နှာကို ထုံးမှုန့်နဲ့တောင် ပစ်ပေါက်ဖို့ ကြံခဲ့တာ သိုင်းဆရာကြီး တစ်ယောက်က ဒီလောက်အထိ အောက်တန်းကျတာ ငါ ဒါ ပထမဆုံး မြင်ဖူးတာပဲ"

ဒင်ဒီယန်သည် အိမ်ခေါင်မိုး အစွန်းတန်းအောက်သို့ လျှောက်သွားကာ ရပ်တန့်လိုက်ပြီး...

"ထုံးမှုန့်လား... အဲဒီလို အဆင့်အတန်းနိမ့်တဲ့ လှည့်ကွက်တွေက ဘာအသုံးကျမှာ…."

ဖျစ်...

သူ စကားမဆုံးမီမှာပင် အိမ်ခေါင်မိုး အစွန်းတန်းအောက်မှနေ၍ အဖြူရောင် မီးခိုးငွေ့တစ်တန်းသည် သူ၏ ခေါင်းနှင့် မျက်နှာပေါ်သို့ ပြုတ်ကျလာသည်။ ထို့နောက် အနီရောင်အလင်းတန်းတစ်ခုက သူ၏ ပခုံးဆီသို့ ဝှစ်ခနဲ လှီးဖြတ်ဝင်ရောက်လာတော့သည်။ ရန်ရှင်းကျိုး၏ အသံမှာလည်း ဟိန်းထွက်လာသည်။

"အများကြီး အသုံးကျတာပေါ့"

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters