← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း (၄၄) - ဟွာထျယ်ကန်း

ရန်ရှင်းကျိုး အမုန်းဆုံးလူစာရင်းကို ထုတ်ပြန်ရမည်ဆိုလျှင် လင်ထွေးစိနှင့် မေနျန့်ရှန်း၏ တပည့်သုံးဦးအပြင် ဒင်ဒီယန်မှာလည်း ထိပ်ဆုံးမှ ပါဝင်လိမ့်မည်။

ယခင်ဘဝက ဝတ္ထုဖတ်စဉ်ကတည်းက ဒင်ဒီယန်၏ စရိုက်ကို သူ သဘောမကျခဲ့ပေ။ ယခုကမ္ဘာသို့ ရောက်ရှိလာချိန်တွင်လည်း သူ ပထမဆုံး ရန်စမိသည့် ထိပ်သီးပညာရှင်မှာ ဒင်ဒီယန် ဖြစ်နေပြန်သည်။ အဆိုးဆုံးမှာ ဒင်ဒီယန်ကြောင့် ရန်ရှင်းကျိုးကို ဖမ်းဆီးရန် ဝရမ်းများ တစ်ပြည်လုံး ပျံ့နှံ့သွားခဲ့ရပြီး သိုင်းလောကမှ ပညာရှင်အားလုံးက သူ့ကို လိုက်လံ ရှာဖွေနေကြခြင်း ဖြစ်သည်။ ဖုန်းယွင်ချွမ်းလိုလူကပင် ရတနာကို မက်ပြီး သူ့ကို ဖမ်းဆီးရန် အမိန့်ထုတ်ထားသေးသည်။

ရန်ရှင်းကျိုး ယခုကဲ့သို့ အကျပ်အတည်းထဲ ရောက်နေရခြင်းမှာ ဒင်ဒီယန်ကြောင့်သာ ဖြစ်သည်ဟု ဆိုရပေမည်။

သို့သော် ရန်ရှင်းကျိုး၏ အရိုးထဲအထိ စွဲနေသော စရိုက်မှာ "အင်အားနည်းသူကို နှိပ်စက်ပြီး အင်အားကြီးသူကို ကြောက်ခြင်း" ဖြစ်သည်။ မေနျန့်ရှန်း၏ တပည့်သုံးဦးကို သူ သတ်လိုခြင်းမှာ ထိုသူများက ဆရာကို သစ္စာဖောက်သည့် မိစ္ဆာများ ဖြစ်ခြင်း ပါသော်လည်း၊ အဓိကအချက်မှာ သူတို့က အားနည်းပြီး သတ်ရလွယ်သောကြောင့် ဖြစ်သည်။ သူတို့ကို မြင်သည်နှင့် စကားအရှည်ကြီး ပြောမနေဘဲ တစ်ချက်တည်းနှင့် အသက်နုတ်လိုက်ရသည်မှာ စိတ်လက်ပေါ့ပါးပြီး ကျေနပ်စရာ ကောင်းလှသည်။

ဝမ်ကျန့်ရှန်းကို သတ်စဉ်ကကဲ့သို့ပင် အမည်ကို သိသည်နှင့် ဓားကို ဆွဲထုတ်ကာ အခွင့်အရေး မပေးဘဲ သတ်ပစ်လိုက်ခြင်းမှာ သူ၏ စတိုင် ဖြစ်သည်။ အချိန်ဖြုန်းနေရန် မလိုပေ။ သူ၏ လှုပ်ရှားမှုမှာ ဒဏ္ဍာရီလာ လုပ်ကြံသတ်ဖြတ်သူတစ်ဦးကဲ့သို့ပင် ထင်မှတ်မထားသည့် အချိန်တွင် ပြင်းထန်သော တိုက်ကွက်ဖြင့် အဆုံးသတ်တတ်သည်။

ဝမ်ကျန့်ရှန်းလို လူများကို သတ်ရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူသော်လည်း ဒင်ဒီယန်ကိုမူ သူစိတ်ထဲတွင် စိုးရိမ်မိသည်။ အမှန်စင်စစ် ဒင်ဒီယန်သာမက ဖုန်းယွင်ချွမ်းကိုပင် သူက သတိထား‌နေရသည်။ ယခု ဖုန်းယွင်ချွမ်း၏ အိမ်တော်သို့ ခိုးဝင်ရာတွင်လည်း အရေးပေါ် အခြေအနေများအတွက် သူ အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရသည်။ သူသည် အသိဉာဏ်မရှိသော လူကြမ်းတစ်ယောက် မဟုတ်ဘဲ စနစ်တကျ လှုပ်ရှားတတ်သူ ဖြစ်သည်။

သူ၏ မူလရည်ရွယ်ချက်မှာ ဖုန်းယွင်ချွမ်းကိုသာ ပစ်မှတ်ထားပြီး ဆရာရန် အစွမ်းထက်ကြောင်း ပြသရန် ဖြစ်သော်လည်း၊ ယနေ့တွင် ဖုန်းယွင်ချွမ်း၏ အိမ်၌ ဧည့်သည်များစွာ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ယခုအခါ ဒင်ဒီယန် အပါအဝင် လူအားလုံး အဆိပ်မိနေကြပြီ ဖြစ်သည်။ မိမိ၏ အောက်တည့်တည့်တွင် မတ်တပ်ရပ်နေသော ဒင်ဒီယန်ကို မြင်လိုက်ရသောအခါ ရန်ရှင်းကျိုး၏ ရင်ထဲ၌ ဒေါသများ ဝုန်းခနဲ ထလာတော့သည်။ သူသည် ထုံးမှုန့်များကို ကြဲချလိုက်ပြီး ဓားကို ဆွဲထုတ်ကာ ဒင်ဒီယန်၏ ခေါင်းနှင့် မျက်နှာကို ရမ်းသမ်း ခုတ်ပစ်လိုက်တော့သည်။

ဒင်ဒီယန်မှာ ထိတ်လန့်သွား၏။ သူသည် ရွှေလှိုင်းပန်း အဆိပ်ကြောင့် အာရုံငါးပါးနှင့် အတွင်းအားများ အားနည်းနေချိန် ဖြစ်သည်။ ထို့အပြင် ထုံးမှုန့်များကြောင့် မျက်စိမှာလည်း ဝေဝါးနေသဖြင့် အမြင်အာရုံမှာ မကြည်လင်ပေ။ သူသည် ရန်ရှင်းကျိုး၏ ဓားချက်ကို အလိုလိုသိစိတ်ဖြင့်သာ ခက်ခဲစွာ ရှောင်တိမ်းလိုက်ရသည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ ရန်ရှင်းကျိုး၏ ရင်ဘတ်ကို အရှိန်ဖြင့် ကန်လိုက်တော့သည်။

သို့သော် ရန်ရှင်းကျိုးက ရှောင်တိမ်းခြင်း မပြုပဲ သွေးရောင်ဓားကိုသာ အင်ကုန်သုံး၍ အားပြင်းပြင်းဖြင့် ခုတ်ချလိုက်သည်။ သူသည် ဒင်ဒီယန်နှင့်အတူ အသေခံမည့်ပုံစံမျိုး ဖမ်းလိုက်ခြင်း ဖြစ်သည်။ ဒင်ဒီယန်မှာ တစ်ဖန် အံ့အားသင့်သွားပြန်သည်။

[ဒီကောင်လေးက တကယ်ကို သတ္တိရှိတာပဲ]

သူ၏ ကန်ချက်မှာ ရန်ရှင်းကျိုးကို အပြင်းအထန် ဒဏ်ရာရစေနိုင်သော်လည်း ရန်ရှင်းကျိုး၏ ဓားချက်ကမူ သူ့ကို နှစ်ပိုင်း ပြတ်သွားစေနိုင်သည်။ ထို့ကြောင့် ဒင်ဒီယန်သည် မဖြစ်မနေ နောက်သို့ ဆုတ်ကာ ရှောင်တိမ်းလိုက်ရတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဒင်ဒီယန်သည် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် အားယူပြီး နောက်သို့ ဆုတ်လိုက်သည့်အခါ ဝိညာဉ်တစ်ခုလို ခြံဝင်းအလယ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ရန်ရှင်းကျိုးမှာ အရှိန်ဖြင့် ရှေ့သို့ တိုးဝင်နေသော်လည်း ဒင်ဒီယန်နှင့် ကြားတွင် အကွာအဝေးတစ်ခု ကွာဟနေဆဲပင်ဖြစ်သည်။ ဒင်ဒီယန်သည် အဆိပ်မိနေသည့်တိုင်အောင် ဤမျှ လျင်မြန်နေခြင်းမှာ အံ့သြစရာပင်။

[ဟူး... ဒီဒင်ဆိုတဲ့လူက တကယ်ကို မလွယ်တဲ့လူပဲ..တော်သေးတယ်... ဒီရက်ပိုင်းအတွင်း သူ့ကို သွားမဆွမိလို့။ အကယ်၍ ငါသာ သူ့ကို ထိပ်တိုက် သွားတိုက်မိရင် အခုလောက်ဆို ဒဏ်ရာ အပြင်းအထန် ရနေလောက်ပြီ]

သူ အံ့သြနေသော်လည်း လက်မနှေးပေ။ သူ၏လက်ထဲရှိ သွေးရောင်ဓားမှာ သွေးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒင်ဒီယန်ကို ဆက်တိုက် ခုတ်ဝင်သွားတော့သည်။

ဒင်ဒီယန်သည်လည်း ပါးနပ်စွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရန်ရှင်းကျိုး၏ ဓားသွားဘေးဘက်ကို ပစ်သွင်းလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကောင်းလိုက်တဲ့ ဓားပညာပဲ"

ဘုန်း...

လက်သီးနှင့် ဓားသွား ရိုက်ခတ်မိသည့်အခါ ရန်ရှင်းကျိုး၏ သွေးရောင်ဓားမှာ ဝီဝီဝီဟူသော မြည်သံနှင့်အတူ တုန်ခါသွားလေသည်။

ရန်ရှင်းကျိုးမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသော်လည်း ဓားကို စက်ဝိုင်းခြမ်းအသွင် ဝှေ့ယမ်းကာ ဒင်ဒီယန်၏ လက်သီးအားကို ဖြိုခွင်းလိုက်ပြီး၊ ချက်ချင်းပင် ဒင်ဒီယန်၏ ရင်ဘတ်ဆီသို့ ပြန်လည် တိုးဝင်သွားပြန်သည်။ ဒင်ဒီယန်က ကိုယ်ကို ယိမ်းကာ ရှောင်တိမ်းလိုက်ပြီး အော်လိုက်သည်။

"မင်းတို့က ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား"

ရန်ရှင်းကျိုးက ရှေ့သို့ တိုးဝင် တိုက်ခိုက်နေစဉ် ရွှေတိုက်တို့ လူစုမှာ ဘေးသို့ ရှောင်နေကြရခြင်း ဖြစ်သည်။ ဒင်ဒီယန်က ရန်ရှင်းကျိုး၏ တိုက်ကွက်များကို အကြိမ်ကြိမ် ရှောင်တိမ်းပြီးမှသာ အခြားသူများက ဝင်ရောက် တားဆီးရန် အခွင့်အရေး ရတော့သည်။

သူတို့က မတားလို၍ မဟုတ်ဘဲ ရန်ရှင်းကျိုး၏ တိုက်ကွက်မှာ လျှပ်စီးလိုမျိုး မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။ ရွှေတိုက်၏ အသံ ထွက်ပေါ်လာချိန်တွင် ဒင်ဒီယန်မှာ သုံးလေးချက်ခန့် အခုတ်ခံရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ညီငယ်ရန်... မင်းလား။ နေပါဦး... ငါ ဒင်ဒီယန်နဲ့ မင်းကိစ္စကို ဆွေးနွေးနေတာ။ စိတ်မလောပါနဲ့ဦး"

ရန်ရှင်းကျိုးမှာ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး မျက်လုံးသာ ပေါ်သော်လည်း၊ သူ၏ လက်ထဲရှိ သွေးရောင်ဓားကို မြင်သည်နှင့် ရွှေတိုက်က သူမှန်း သိလိုက်ခြင်း ဖြစ်သည်။

"စကားနဲ့ပြောလို့ ရပါတယ်... ချက်ချင်းကြီး တိုက်ခိုက်မနေပါနဲ့"

သို့သော် ရန်ရှင်းကျိုးကမူ နားမထောင်ပေ။ သူသည် သွေးရောင်ဓားကို ခုနစ်ချက်၊ ရှစ်ချက်ခန့် ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ ဓားချက်တိုင်းမှာ ဒင်ဒီယန်၏ အရေးကြီးသော နေရာများကိုသာ ဦးတည်နေတော့သည်။ ဒင်ဒီယန်မှာ ချွေးပြန်သွားပြီး ဆဲဆိုလိုက်တော့သည်။

"ဘာလဲ... မင်းတို့က ရန်ရှင်းကျိုးနဲ့ တစ်ဖွဲ့တည်းလား။ သူ ငါ့ကို သတ်နေတာကို ဒီအတိုင်း ကြည့်နေမှာလား။ တောင်ပိုင်းရဲ့ သူရဲကောင်းတွေ၊ မြောက်ပိုင်းရဲ့ သူရဲကောင်းတွေဆိုတာ ဒါပဲလား"

ထိုစဉ် လူကြီးတစ်ဦးက သက်ပြင်းချကာ...

"ဒင်ဒီယန်... မစိုးရိမ်ပါနဲ့။ ငါတို့ ရှိနေသရွေ့ မင်းကို ငါတို့ ကာကွယ်ပေးပါ့မယ်"

စကားဆုံးသည်နှင့် သူသည် ဓားရှည်ကြီးကို မြှောက်ကာ ရန်ရှင်းကျိုးထံသို့ လျှောက်လှမ်းလာတော့သည်။ ထိုလူကြီးမှာ ဆံပင်ဖြူများဖြင့် ခန့်ညားထည်ဝါပြီး ခန္ဓာကိုယ် တောင့်တင်းလှသည်။ သူ၏ ဓားမှာ သာမန်ဓားထက် တစ်ပေခန့် ပို၍ ရှည်လျားပြီး အလွန်ပင် အားကောင်းပုံရသည်။ သူက ဓားဖြင့် ဝှေ့ယမ်းကာ ရန်ရှင်းကျိုး၏ လက်ကောက်ဝတ်ကို ခုတ်ချလိုက်ရင်း...

"ညီငယ်... တော်တော့"

ရန်ရှင်းကျိုးက ဓားချက်ကို ရှောင်လိုက်ပြီး ထိုလူကြီး၏ လည်ပင်းကို ပြန်လည် ခုတ်လိုက်လေသည်။

"ခင်ဗျားက ဘယ်သူလဲ"

"ငါက လူထျန်းရွှူးပဲ"

ထန်း...

မီးပွားများ စင်ထွက်သွားတော့သည်။ ရန်ရှင်းကျိုး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး နောက်သို့ အရှိန်ဖြင့် ဆုတ်ခွာလိုက်ရသည်။

"တကယ့်ကို အံ့မခန်း အတွင်းအားပဲ အဆိပ်မိနေတာတောင် ဒီလောက် တောင့်ခံနိုင်သေးတာလား"

"လူငယ်လေး... မင်း ဘာလို့ ငါတို့ ငါးဟင်းရည်ထဲကို အဆိပ်ခတ်ရတာလဲ"

"ကျွန်တော်က ဖုန်းယွင်ချွမ်းကိုပဲ ခြောက်လှန့်ချင်တာပါ။ ခင်ဗျားတို့ကိုပါ ထိခိုက်သွားလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော်လည်း တမင် လုပ်တာ မဟုတ်ပါဘူး။ ဆရာကြီး... ဘေးကို ဖယ်ပေးပါ။ ကျွန်တော် ဒင်ဒီယန်ကို သတ်ပြီး ဒီကိစ္စကို အဆုံးသတ်ပါရစေ"

"ငါတို့ ရှိနေသရွေ့ ဒင်ဒီယန်ကို မင်း အနာတရဖြစ်အောင် မလုပ်နိုင်ဘူး။ ညီငယ်ရန်... ထိုင်ပြီး စကားပြောကြရအောင်။ ဘာလို့ ဓားတွေ၊ လှံတွေနဲ့ ဖြေရှင်းနေရမှာလဲ"

သူ စကားပြောနေစဉ်မှာပင် ဖုန်းယွင်ချွမ်းက ရန်ရှင်းကျိုး၏ ကျောပြင်ဆီသို့ ဓားဖြင့် ထိုးသွင်းလိုက်သည်။

"ကောင်လေး... မင်း ငါ့ကို တမင် အဆိပ်ခတ်တာလား”

ရန်ရှင်းကျိုးက ဓားကို နောက်သို့ ဝှေ့ယမ်းကာ ကာကွယ်လိုက်ရင်း ရယ်မောလိုက်သည်။

"အဲတော့ ဘာဖြစ်လဲ"

စကားမဆုံးမီမှာပင် လူရိပ်တစ်ခုက သူ၏ မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ မုတ်ဆိတ်နက်နှင့် လူကြီးတစ်ဦးမှာ သူ့ရှေ့သို့ မည်သည့်အချိန်က ရောက်လာမှန်းပင် မသိရပေ။

"ဒါကို ခံယူလိုက်စမ်း"

လှံကြီးတစ်ချောင်းသည် အဆိပ်နဂါးတစ်ကောင်အလား သူ၏ ရင်ဘတ်ဆီသို့ တိုးဝင်လာသည်။ ထိုလှံ၏ အရှိန်အဟုန်ကို မြင်သည်နှင့် သူ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသည်။ သို့သော် ထိုလူကြီး၏ လှုပ်ရှားမှုမှာ မြန်လွန်းလှသဖြင့် ရန်ရှင်းကျိုး ရှောင်တိမ်းရန် စဉ်းစားရုံရှိသေး လှံဖျားက သူ၏ ကိုယ်ကို ထိုးဖောက်သွားလေတော့သည်။

ရွှပ်...

လှံချက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ရန်ရှင်းကျိုးမှာ လေထဲသို့ လွင့်စဉ်သွားပြီး အဝေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဆောင့်မိသွားတော့သည်။ သစ်ပင်ကြီးမှာ တုန်ခါသွားပြီး သစ်ရွက်များ တဖြောင်းဖြောင်း ကြွေကျလာ‌သည်။

ရန်ရှင်းကျိုးသည် ရင်ဘတ်ထဲ တင်းကျပ်သွားပြီး မျက်စိများ ဝေဝါးကာ မူးမေ့လဲမတတ် ဖြစ်သွားသည်။ သူသည် သစ်ပင်ကို အားပြုကာ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ပြီး ကိုယ်ကို ကိုင်းညွတ်လျက် မော့ကြည့်လိုက်သည်။

"တော်တော်အားကောင်းတဲ့ လှံပညာပဲ ခင်ဗျားက ဘယ်သူလဲ"

"ငါက ဟွာထျယ်ကန်းပဲ ရန်ရှင်းကျိုး... မင်းရဲ့ အဆိပ်ခတ်တဲ့ လုပ်ရပ်က လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး"

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters