အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) - သေတွင်းမှ လွတ်မြောက်ခြင်း
“ငါ့ရဲ့ စတုတ္ထမြောက် ညီငယ် က မင်းအတွက် တောင်းပန်ပေးဖို့ ငါတို့ သုံးယောက်ကို အထူးဖိတ်ကြားခဲ့တာပါ။ ညီနောင်ဖုန်းကတော့ မင်းရဲ့ ကိစ္စမှာ ဝင်မပါတော့ဖို့ သဘောတူပြီးသားပါ။ ဒါပေမဲ့ ဒင်ဒီယန်ကတော့ အခုထိ သဘောမတူသေးဘူး”
လျိုချန်ဖုန်းသည် သူ၏ ဓားကို အသုံးချကာ စွမ်းအားများကို နူးညံ့ချောမွေ့သော လှုပ်ရှားမှုအဖြစ် ပြောင်းလဲလိုက်ပြီး ရန်ရှင်းကျိုး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားစေမည့် အလင်းကွင်းများကို ဖန်တီးလိုက်လေသည်။ သူက သက်ပြင်းချရင်း...
“အရေးကြီးတဲ့ ဒီအချိန်မှ မင်းက ပြဿနာရှာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ ညီငယ်ရန်... မင်းက ငါတို့ကို တကယ့်ကို အကျပ်ရိုက်အောင် လုပ်လိုက်တာပဲ”
ဤနေရာတွင် ရှိနေသူ အားလုံးသည် အဆိပ်ပါသော ငါးဟင်းရည်ကို သောက်မိခဲ့ကြသည်။ လျိုချန်ဖုန်းသည်လည်း ပြင်းထန်စွာ အဆိပ်မိထားသဖြင့် သူ၏ ခွန်အားမှာ များစွာ လျော့နည်းနေသည်။ သို့သော် သူသည် ထိုက်ကျိပညာတွင် အလွန်နှံ့စပ်သူဖြစ်ပြီး ရန်သူ၏ အားကို ပြန်လည် အသုံးချသည့်နေရာ၌ ဆရာတစ်ဆူ ဖြစ်သည်။ ရန်သူကို တိုက်ခိုက်သည့် နေရာတွင် ဟွာထျယ်ကန်းက အတော်ဆုံး ဖြစ်သော်လည်း၊ ရန်သူကို ရစ်ပတ်ချုပ်နှောင်ထားနိုင်သည့် စွမ်းရည်တွင်မူ လျိုချန်ဖုန်းကို ယှဉ်နိုင်သူ မရှိပေ။
ရန်ရှင်းကျိုးသည် လျိုချန်ဖုန်းက ဓားဖြင့် စက်ဝိုင်းပုံစံများ ပုံဖော်နေသည်ကို ငေးကြည့်နေမိသည်။ စတုရန်းပုံစံ စက်ဝိုင်းများ၊ စောင်းစောင်းစက်ဝိုင်းများ၊ အလျားလိုက်နှင့် ဒေါင်လိုက် စက်ဝိုင်းများ၊ စက်ဝိုင်းကြီးအတွင်း စက်ဝိုင်းငယ်များ ထည့်သွင်းထားသလို၊ စက်ဝိုင်းငယ်မှ စက်ဝိုင်းကြီးအဖြစ် ပြောင်းလဲသွားသည်များလည်း ရှိသည်။ ထိုစက်ဝိုင်းကွက်တို့သည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရန်ရှင်းကျိုးကို ဘယ်ညာ မလှုပ်သာအောင် မမြင်ရသော ကြိုးမျှင်များအလား ချုပ်နှောင်ထားတော့သည်။ အဆိပ်မိနေကြသူများထဲတွင် လျိုချန်ဖုန်းမှာ အတည်ငြိမ်ဆုံးနှင့် အပါးနပ်ဆုံး ဖြစ်ပေသည်။
“အတော်ထူးတဲ့ ဓားပညာပဲ”
ရန်ရှင်းကျိုး၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။ သူသည် အကြိမ်ကြိမ် ရှောင်တိမ်းရန် ကြိုးစားသော်လည်း လျိုချန်ဖုန်း၏ ဓားအလင်းတန်း နယ်ပယ်အတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူသည် ထိုက်ကျိဓားပညာ၏ စွမ်းပကားကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သိုင်းလောက၏ အခြားသော ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အော်ဟစ်လိုက်မိသည်။
“ဆရာကြီးလျို... ခင်ဗျားရဲ့ ဓားပညာက တကယ့်ကို ထူးကဲလှတာပဲ။ တစ်နေ့နေ့မှာ ကျွန်တော့်ကို ဒါတွေ သင်ပေးလို့ ရမလားဗျာ...”
“ညီငယ်ရန်က သင်ချင်တယ်ဆိုရင်တော့ ငါက ဘာလို့ ပညာဝှက်ထားရမှာလဲ”
“ကောင်းပြီဗျာ! နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် လာသင်ပါ့မယ်”
“လာသင်ပါ့မယ်” ဟု ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ရှင်းကျိုး၏ လက်မောင်းမှာ တုန်ခါသွားပြီး သူ၏ လက်စွပ်အတွင်းမှ သေးငယ်သော အပ်များသည် လျိုချန်ဖုန်း၏ မျက်နှာဆီသို့ ဝှစ်ခနဲ လွင့်ပျံသွားတော့သည်။
“အဆိပ်အပ်တွေကို သတိထားဦး ဆရာကြီး”
ဤအဆိပ်အပ် ပစ်ခတ်သည့် နည်းပညာမှာ သူ ယခင်က လေ့ကျင့်ထားဖူးသော အတတ်ဖြစ်သော်လည်း သူ၏ ပညာမှာ အခြေခံအဆင့်သာ ရှိသေးသည်။ အပ်ပေါ်ရှိ အဆိပ်မှာလည်း သာမန် မြွေဆိပ်သာ ဖြစ်သည်။ သာမန်သိုင်းသမားများကို ကိုင်တွယ်ရန် လုံလောက်သော်လည်း၊ ပညာရှင်များအတွက်မူ အချိန်ဆွဲရန်အတွက်သာ အသုံးဝင်ပေသည်။
လျိုချန်ဖုန်း ထိတ်လန့်သွားပြီး သူ၏ ဓားမှာ အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ အဆိပ်အပ်များကို ရှောင်တိမ်းပြီးသောအခါ ရန်ရှင်းကျိုး ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသည်။ ရန်ရှင်းကျိုးသည် ခြေဖျားဖြင့် မြေပြင်ကို အသာတို့ကာ အမိုးပေါ်သို့ နောက်ပြန် ခုန်တက်လိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“အဲဒီ အဆိပ်အပ်တွေကို လျှောက်မပစ်နဲ့ဦး အဲဒါတွေက မြွေဆိပ်တွေ လူးထားတာဗျ”
လျိုချန်ဖုန်းက ဓားကို ပြန်သိမ်းကာ နောက်ဆုတ်လိုက်ပြီး အမိုးပေါ်မှ ရန်ရှင်းကျိုးကို မော့ကြည့်ရင်း မေးလိုက်သည်။
“ညီငယ်... မင်းက သွားတော့မလို့လား”
“အခုမှ မသွားရင် သွားခွင့်ရတော့မှာ မဟုတ်ဘူးထင်တယ် အားလုံးပဲ... ခင်ဗျားတို့ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်ဗျာ”
သူသည် အမိုးပေါ်၌ အကြိမ်အနည်းငယ် ခုန်လွှားလိုက်ပြီးနောက် မှောင်မည်းနေသော ညကောင်းကင်ယံအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။ သူ၏ အသံမှာမူ အဝေးမှနေ၍ ဟိန်းထွက်လာဆဲပင်ဖြစ်သည်။
“ခင်ဗျားတို့ လူမှားနေပြီဗျ ကျွန်တော်က ဘယ်လိုလုပ် ရန်ရှင်းကျိုး ဖြစ်နိုင်မှာလဲ။ သူက ကျွန်တော့်ထက် အများကြီး ပိုချောတာဗျ”
ဖုန်းယွင်ချွမ်းက အော်ဟစ်လိုက်တော့သည်။
“ကြည့်ကြစမ်း... ကြည့်ကြစမ်း အဲဒီလို စကားမျိုး ပြောဖို့ လူတစ်ယောက်က ဘယ်လောက်တောင် အရှက်မရှိရမှာလဲ”
ဒင်ဒီယန်ကမူ...
“မတွေ့တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ သူ့ရဲ့ အစွမ်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ တိုးတက်လာတာလဲ။ သူ့ကို ဘယ်သူက ဒီလို ပညာတွေ သင်ပေးထားတာလဲ... ပြီးတော့ ဒီလောက်အထိ အရှက်မရှိတဲ့ လူတစ်ယောက်အဖြစ် ဘယ်သူကများ ပုံသွင်းပေးလိုက်တာလဲ”
သူ ထုတ်မပြောလိုက်သည့် အချက်တစ်ချက်မှာ ရန်ရှင်းကျိုးသည် အရှက်မရှိရုံသာမက ရက်စက်ကာ ဘာကိုမျှ ဂရုမစိုက်တတ်သည့် အောက်တန်းကျသော နည်းလမ်းများကိုလည်း သုံးတတ်သူ ဖြစ်သည်။ သူသည် အစွမ်းအစ အလွန်ရှိသဖြင့် သူ့ကို ရန်စမိသူတိုင်း ခေါင်းကိုက်ရမည်မှာ အမှန်ပင်ဖြစ်သည်။
ထိုစဉ် ရန်ရှင်းကျိုး၏ အသံမှာ အဝေးမှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။
“ဒင်ဒီယန်... ငါ မင်းကို လာမရှုပ်ဘူး၊ ဒါပေမဲ့ မင်းလည်း ငါ့ကို လာမရှုပ်နဲ့ မင်းသာ ရတနာနဲ့ မြူဆွယ်ပြီး တခြားလူတွေကို ငါ့ကိုသတ်ဖို့ ထပ်ပြီး လှုံ့ဆော်ဦးမယ်ဆိုရင်... ငါ လင်ရွှမ်းဟွာကို သတ်ပစ်မယ်ဆိုတာ ယုံလိုက်စမ်း ပြီးတော့ ဖုန်းယွင်ချွမ်း... မင်းသာ ငါ့ကို ဖမ်းဝရမ်း ထပ်ထုတ်ဦးမယ်ဆိုရင် မင်းရဲ့ မိသားစု တစ်လုံးခုကို ငါ သတ်ပစ်မယ်”
ဒင်ဒီယန်၏ မျက်နှာမှာ ပျက်သွားသည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြန်အော်လိုက်၏။
“သိုင်းလောက အငြင်းပွားမှုမှာ မိသားစုကို ဆွဲမသွင်းကြေး မင်း... ရန်... မင်း တကယ်ပဲ ဒီလို လုပ်ရဲလို့လား”
ရန်ရှင်းကျိုးက အဝေးမှ လှောင်ရယ်လိုက်သည်။
“ငါ လုပ်ရဲလား၊ မလုပ်ရဲဘူးလားဆိုတာ မင်း စမ်းကြည့်မလား”
ထိုစကားအပြီးတွင် ဘာအသံမျှ ထပ်မထွက်လာတော့ပေ။ ဒင်ဒီယန်၏ မျက်နှာမှာ ပြာနှမ်းသွားသလို၊ ဖုန်းယွင်ချွမ်းမှာလည်း အလားတူပင် ဖြစ်နေသည်။
“ဒီ အရှက်မရှိတဲ့ လူယုတ်မာကို ဖမ်းပြီး သတ်ပစ်မှ ဖြစ်မယ်”
သူက ရွှေတိုက်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ညီနောင်ရွှေ... ခုနက ရန်ရှင်းကျိုး သုံးသွားတဲ့ ကိုယ်ဖော့သိုင်းက မင်းတို့ ရွှေမိသားစုရဲ့ မှော်ဒေါ့နင်း ရေပေါ်ပြေးအတတ်နဲ့ ဆင်နေသလိုပဲ။ ပြီးတော့ မင်းက သူ့ဘက်ကနေ အရမ်း ကာကွယ်ပေးနေတာဆိုတော့... မင်းနဲ့ သူနဲ့က ဘာပတ်သက်မှု ရှိနေလို့လဲ”
“ညီငယ်ရန်က စည်းကမ်းမဲ့သလို ထင်ရပေမဲ့ သူက တကယ့်ကို သစ္စာရှိတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်နဲ့ သူနဲ့က အသက်အရွယ် ကွာခြားပေမဲ့ တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သွေးဓားဂိုဏ်းက လူတွေက ကျွန်တော့်သမီးကို ဖမ်းသွားတုန်းက သူပဲ ကယ်ပေးခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် သူ့ကို ရွှေမိသားစုရဲ့ ပေါ့ပါးသိုင်းကို သင်ပေးခဲ့တာ။ ဒင်ဒီယန်... မင်းက ဘာကို သံသယဝင်နေတာလဲ”
“လင်ထွေးစိက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့လူမို့ သေထိုက်ပါတယ်။ မင်းက ဘာလို့ အဲဒီလို အကျင့်ပျက် အရာရှိတစ်ယောက်အတွက် လက်စားချေပေးဖို့ ဇွတ်လုပ်နေရတာလဲ။ ညီနောင်... ငါ စကားတစ်ခွန်းတော့ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ ယောက်ျားကောင်း တစ်ယောက်အနေနဲ့ ဘာကိုမှ ပူပန်နေစရာ မလိုပါဘူး။ မင်းက ဘာလို့ အဲဒီလို အကျင့်ပျက် အရာရှိရဲ့ သမီးအတွက်နဲ့ ဒီလောက်အထိ...”
“တော်တော့”
ဒင်ဒီယန်က ရွှေတိုက်တို့ လူစုကို တစ်ချက်ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“ငါ ဘာလုပ်နေလဲဆိုတာ ငါ သိတယ်။ ငါ ရန်ရှင်းကျိုးကို သတ်ရမယ်! အကယ်၍ မင်းတို့က ငါ့ကို တားချင်တယ်ဆိုရင် အရင်ဆုံး ငါ့ကို သတ်လိုက်ကြပါ”
ရွှေတိုက်က သက်ပြင်းချလိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။ ဖုန်းယွင်ချွမ်းက အော်ပြောလိုက်သည်။
“ညီနောင်ရွှေ... မင်းလည်း ကြားတယ်မလား ဒီကောင်က သိုင်းလောကရဲ့ စည်းမျဉ်းတွေကိုတောင် နားမလည်တဲ့ကောင်ပဲ။ ငါ သူ့ကို ဘယ်လို လွှတ်ပေးနိုင်မှာလဲ... ငါ...”
“ညီနောင်ဖုန်း... ညီငယ်ရန်က အပြစ်မဲ့သူတွေကို ရမ်းသမ်းသတ်မယ့် လူစားမျိုး မဟုတ်တာတော့ ငါ သေချာပေါက် ပြောရဲပါတယ်။ စိတ်ချပါ။ မင်းရဲ့ မိသားစုကို သူ တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်စေရဘူးလို့ ငါ့အသက်နဲ့ ရင်းပြီး အာမခံပါတယ်”
“ဒီလောက် အရှက်မရှိတဲ့ကောင်ကို ငါက ဘယ်လို ယုံရမှာလဲ”
“စတုတ္ထညီငယ်... အဲဒါ တကယ်ပဲ ရန်ရှင်းကျိုးလား။ သူက အသက် ဘယ်လောက်ရှိပြီလဲ”
“ငါ ထင်တာတော့... သူ အသက် ၂၀ တောင် မပြည့်သေးဘူး”
လျိုချန်ဖုန်းမှာ ခေတ္တမျှ မှင်တက်သွားပြီး...“အသက် ၂၀ တောင် မပြည့်သေးဘူးလား။ အဲဒီလောက် အသက်နဲ့ ဒီလောက် ကျင့်ကြံခြင်း အဆင့်ကို ဘယ်လို ရောက်နေတာလဲ”
ဘေးတွင် ရပ်နေသော ဒင်ဒီယန်နှင့် ဖုန်းယွင်ချွမ်းတို့မှာလည်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့သည် ရန်ရှင်းကျိုး၏ အသက်အတိအကျကို မသိကြသေးဘဲ၊ ယခုမှ ရန်ရှင်းကျိုးက အသက် ၂၀ ပင် မပြည့်သေးကြောင်း သိလိုက်ရသဖြင့် နှစ်ဦးစလုံး ဆွံ့အသွားကြခြင်း ဖြစ်သည်။
“သူ့ကိုသာ အချိန်ပေးပြီး ကြီးထွားခွင့် ပေးလိုက်ရင်... သူ ဘယ်လိုလူမျိုး ဖြစ်လာမလဲ မတွေးဝံ့စရာပဲ”
“စတုတ္ထညီငယ်... ဒီကောင်လေးရဲ့ လုပ်ရပ်တွေက နည်းနည်းတော့ မိစ္ဆာဆန်လာပြီ။ လူတွေကို အဆိပ်ခတ်တာအထိ လုပ်နေပြီပဲ။ ခုနက သူ တိုက်တာကို ငါ ကြည့်ရသလောက်တော့ သွေးဓားဂိုဏ်းရဲ့ ဟန်ပန်အတိုင်းပဲ။ ဒါပေမဲ့ သူ၏ အတွင်းအားကတော့ ဖြောင့်မတ်ပြီး အရှိန်အဝါ ကြီးမားနေတယ်၊ မိစ္ဆာဆန်တဲ့ အငွေ့အသက် မရှိဘူး။ ဒါက တကယ်ကို ထူးဆန်းတာပဲ။ ငါ့ဆီမှာ ဆေးဘုရင်ဂိုဏ်းက သူငယ်ချင်းတစ်ယောက် ပေးထားတဲ့ အဆိပ်ဖြေဆေး အချို့ ရှိသေးတယ်။ အဲဒါက အကြိမ်ပေါင်းများစွာ အစွမ်းပြခဲ့ဖူးတယ်။ အားလုံးပဲ တစ်ယောက် တစ်လုံးစီ သောက်လိုက်ကြပါ။ အစွမ်းထက်၊ မထက်ကို အသာထား... သောက်လိုက်ရင်တော့ စိတ်ထဲ နေလို့ ကောင်းသွားလိမ့်မယ်”
လူထျန်းရွှူးသည် သိုင်းလောကတွင် စိတ်နှလုံး ဖြူစင်တဲ့ ဓားကြီး လူထျန်းရွှူး ဟု အလွန် ရိုသေလေးစားခြင်း ခံရသူဖြစ်သည်။ သူ၏ မိတ်ဆွေ အပေါင်းအသင်းမှာလည်း အလွန်ကျယ်ပြန့်ရာ၊ သူ ထုတ်ပေးသော ဆေးမှာ သေချာပေါက် ထူးခြားပေလိမ့်မည်။ ရွှေတိုက်က ဆေးလုံးကို ယူကာ ပါးစပ်ထဲ ဖြည်းဖြည်းချင်း ထည့်လိုက်သော်လည်း သူ၏ ရင်ထဲ၌မူ ရန်ရှင်းကျိုးကိုသာ စိုးရိမ်နေမိသည်။
[ဒီကောင်လေးက ဒီလောက်အထိ ဇွတ်တရွတ် လုပ်နေတာ... သူ လမ်းမှားကို မရောက်သွားပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်]
ရွှေလှိုင်းပန်းမှာ အလွန် အဆိပ်ပြင်းသော်လည်း ရန်ရှင်းကျိုးက အလွန်နည်းသော ပမာဏကိုသာ သုံးခဲ့ခြင်း ဖြစ်ပြီး ရှိနေသူ အားလုံးမှာလည်း သိုင်းဆရာကြီးများ ဖြစ်ကြသည်။ ထို့အပြင် လူထျန်းရွှူး၏ အဆိပ်ဖြေဆေးမှာ ဤအဆိပ်နှင့် တိုက်ရိုက် မကိုက်ညီသော်လည်း နာမည်ကျော် ဆရာဝန်ကြီးများ ဖော်စပ်ထားသော ဆေးဖြစ်သဖြင့် အစွမ်းမှာ အလွန်ကောင်းလှသည်။ ဆေးကို သောက်ပြီးနောက် အတွင်းအားကို တိတ်ဆိတ်စွာ လှည့်ပတ်လိုက်ကြရာ အရုဏ်တက်ချိန်တွင်မူ အားလုံးမှာ ပကတိအတိုင်း ပြန်လည် ကောင်းမွန်လာခဲ့ကြပြီ ဖြစ်သည်။
အရုဏ်မတက်မီအထိ ဒင်ဒီယန်သည် ရန်ရှင်းကျိုး၏ ချောင်းမြောင်း တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် အပြင်သို့ တစ်ယောက်တည်း မထွက်ရဲခဲ့ပေ။ အရုဏ်တက်သောအခါတွင်မူ ရှင်သန်ခြင်းအလင်းကျမ်းကို နှိုးဆွလိုက်ပြီး သူ၏ အဆီအနှစ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဖုန်းယွင်ချွမ်းကို နှုတ်ဆက်ပြီးနောက် သူသည် အတွင်းဆောင်မှ လင်ရွှမ်းဟွာကို ခေါ်ထုတ်ကာ ဖုန်းယွင်ချွမ်း၏ အိမ်တော်မှ အတူတကွ ထွက်ခွာသွားကြတော့သည်။
လင်ရွှမ်းဟွာကို ချီချန့်ဖာက ပြန်ပေးဆွဲသွားခဲ့ကတည်းက ဒင်ဒီယန်သည် သူမအား အန္တရာယ် ထပ်မံ မကြုံတွေ့ရစေရန် သွားလေရာသို့ အမြဲ ခေါ်ဆောင်သွားလေ့ရှိသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များမှာ နောက်ဖေးဆောင်အထိ ပျံ့နှံ့သွားခဲ့ရာ လင်ရွှမ်းဟွာမှာ တစ်ညလုံး ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။ ယခု အပြင်သို့ ထွက်လာသောအခါ သူမက ဒင်ဒီယန်ကို ပြောလိုက်သည်။
“ဒင်လန်... ကျွန်မ အဖေအတွက် လက်စားချေမယ့် ကိစ္စကို လက်လျှော့လိုက်ကြရအောင်။ သူ့အတွက်နဲ့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြဦးမယ်ဆိုရင် ဒါက တကယ့်ကို ကြီးမားတဲ့ အပြစ်တွေ ဖြစ်ကုန်တော့မယ်။ ဒီမှာတင်ပဲ တော်လိုက်ကြရအောင်လားဟင်...”
“ကောင်းပြီလေ ဒါပေမဲ့ သူ့ရဲ့ အသက်ကို ငါ မယူဘူးဆိုရင်တောင် သူ့ကို ဒီအတိုင်း လွယ်လွယ်နဲ့တော့ လွှတ်မပေးနိုင်ဘူး”
***
ပြိုင်ဖက်ကင်းဓားသမား