အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) - ကျင့်စဉ်၏ စွမ်းအား
ရန်ရှင်းကျိုးသည် အိမ်တော်အတွင်းမှ ထွက်ပြေးလာပြီးနောက် တံတိုင်းများကို ခုန်ကျော်၊ အိမ်ခေါင်မိုးများကို ဖြတ်သန်းကာ လမ်းအကွေ့အကောက်များစွာကို ပတ်၍ လှည့်ပတ်သွားလာပြီးမှသာ သူ၏ နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။
"ဝေါ..."
သူ၏ ကိုယ်ပိုင်ခြံဝင်းအတွင်းသို့ ခုန်ဝင်လိုက်သည်နှင့် ရန်ရှင်းကျိုးသည် ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး မျက်နှာဖုံးကို အမြန်ချွတ်ကာ သွေးတစ်လုပ်ကို ဝေါခနဲ အန်ထုတ်လိုက်တော့သည်။
"ပြင်းထန်လိုက်တာ..."
"ဟွာထျယ်ကန်းရဲ့ လှံပညာက တကယ့်ကို ပြင်းထန်ပြီး အားပါလွန်းတာပဲ ငါသာ အနက်ရောင် ပိုးချပ်ဝတ်ကို ဝတ်မထားရင် အဲဒီနေရာတင် လှံနဲ့ အထိုးခံရပြီး အသက်ပျောက်သွားလောက်တယ်"
လျိုချန်ဖုန်းတို့နှင့် တိုက်ခိုက်နေစဉ်က သူ၏ ဒဏ်ရာမှာ မပြင်းထန်လှဟု ထင်မှတ်ကာ ဘာမှ မခံစားရသော်လည်း၊ ယခု အိမ်သို့ ပြန်ရောက်၍ စိတ်အေးသွားသည့်အခါ ဖိနှိပ်ထားသော ဒဏ်ရာများမှာ ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ အတွင်းအားကြောင့် အတွင်းအင်္ဂါများ အနည်းငယ် ထိခိုက်သွားခြင်းသာ ဖြစ်ပြီး အလွန်အမင်း မစိုးရိမ်ရပေ။ သွေးအချို့ကို အန်ထုတ်လိုက်ပြီးနောက် အတွင်းအားကို ပြန်လည် လှည့်ပတ်လိုက်သည့်အခါ ရန်ရှင်းကျိုးမှာ နေလို့ ပိုကောင်းသွားသည်။
သူသည် အချိန်ဆွဲမနေဘဲ အထဲသို့ပင် မဝင်တော့ဘဲ ခြံဝင်းအတွင်း၌ပင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ အတွင်းအားကို လှည့်ပတ်ရင်း မိမိ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တော့သည်။
ရွှေပြားပေါ်မှ ကျင့်စဉ်ကို သူသည် ဖြည်းဖြည်းချင်း နှိုးဆွလိုက်ရာ သွေးကြောရှစ်သွယ်စလုံး ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဝေဝါးသော လူရုပ်ပုံလွှာတစ်ခု သူ၏ စိတ်ထဲ၌ ပေါ်လာလေသည်။ ရုပ်ပုံလွှာမှာ သူ ဖုန်းစားတောင်ကုန်း၌ ကျင့်ကြံစဉ်က ရွှေပြားပေါ်တွင် ထွင်းထုထားသော လူရုပ်ပုံပင် ဖြစ်သည်။ သို့သော် ရန်ရှင်းကျိုး၏ အစွမ်းမှာ ထိုစဉ်က နုနယ်သေးသလို စိတ်အာရုံ ခံစားမှုမှာလည်း မပြည့်ဝသေးသဖြင့် ထိုလူ၏ ပုံသဏ္ဌာန်ကို သူ၏ စိတ်ထဲ၌ ရှင်းလင်းစွာ မပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
ထူးဆန်းသည်မှာ ထိုလူ၏ ပုံသဏ္ဌာန်ကို ပုံဖော်ကြည့်တိုင်း တစ်ကိုယ်လုံးကို မမြင်ရဘဲ အတွင်းအား စီးဆင်းနေသည့် သွေးကြော လမ်းကြောင်းများကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုအတွင်းအား စီးဆင်းမှု လမ်းကြောင်းမှာ ဝေဝါးနေသော လူရုပ်ပုံအတွင်း၌ အလွန်ပင် ထင်ရှားလှသဖြင့် သတိမထားမိဘဲ မနေနိုင်ပေ။ ရန်ရှင်းကျိုးသည် လက်ရှိတွင် အတွင်းအားကို ကျင့်ကြံနေခြင်း ဖြစ်ရာ အတွင်းအား လှည့်ပတ်မှုမှာလည်း ထိုသွေးကြော လမ်းကြောင်းအတိုင်းပင် စီးဆင်းနေတော့သည်။
ထိုအခိုက်တွင် သူသည် တိတ်ဆိတ်စွာ တရားထိုင်ရင်း အသက်ရှူနှုန်းကို ထိန်းညှိနေစဉ် ထိုလူ၏ ပုံရိပ်ကို အလိုလို မြင်ယောင်လာမိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ စိတ်ထဲ၌ မြင်ယောင်နေသော ပုံရိပ်မှာ ယခင်ကထက် ပို၍ ရှင်းလင်းနေပြီး အတွင်းအား စီးဆင်းမှု လမ်းကြောင်းမှာလည်း အနည်းငယ် ပြောင်းလဲသွားကာ ယခင်က မရှိခဲ့သော သွေးကြောငယ်လေးများပါ ပေါ်ပေါက်လာလေသည်။
ရန်ရှင်းကျိုးသည် တည်ငြိမ်သော စိတ်အခြေအနေရှိနေသဖြင့် သူ၏ စိတ်ထဲ၌ မြင်ယောင်နေသော ပုံရိပ်များ ပြောင်းလဲသွားသည်နှင့်အမျှ သူ၏ ကိုယ်တွင်းရှိ အတွင်းအားမှာလည်း စိတ်အလိုအတိုင်း လိုက်ပါစီးဆင်းသွားပြီး ရုပ်ပုံလွှာပါ လမ်းကြောင်းနှင့် အလိုလို တစ်သားတည်း ဖြစ်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ရန်ရှင်းကျိုး၏ တစ်ကိုယ်လုံးသို့ သက်သောင့်သက်သာရှိသော ခံစားမှုတစ်ခု တိုးဝင်လာသည်။ ဘယ်ကမှန်းမသိသော အပူလှိုင်းတစ်ခုသည် ရေနွေးကဲ့သို့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။ ထိုအပူလှိုင်းမှာ စမ်းရေအလား သူ၏ ကိုယ်တွင်းရှိ အတွင်းဒဏ်ရာများကြောင့် ဖြစ်ပေါ်နေသော သွေးပုပ်များနှင့် အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးပြီး အရေပြားပေါ်ရှိ ချွေးပေါက်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ထွက်ပေါ်လာစေသည်။
ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးကျန်နေသော သွေးခဲစလေးမှာ ရန်ရှင်းကျိုး၏ ပါးစပ်အတွင်းသို့ ရောက်ရှိလာချိန်တွင် သူသည် မျက်လုံးနှင့် ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်ရာ သွေးမည်းတစ်လုပ်သည် သွေးမျှားတစ်စင်းအလား ဆယ်ပေကျော်အကွာသို့ ဝှစ်ခနဲ လွင့်ထွက်သွားပြီး အဝေးရှိ ကံ့ကော်ပင်ကြီးကို ဒုတ်ခနဲ မြည်အောင် သွားရောက် ထိမှန်လေတော့သည်။
ထိုသွေးမည်းများကို အန်ထုတ်လိုက်ပြီးနောက် ရန်ရှင်းကျိုးသည် သူ၏ အတွင်းအားမှာ ဆူပွက်နေသော ရေကဲ့သို့ ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ကိုယ်အင်္ဂါ အားလုံးမှာလည်း စွမ်းအင်များဖြင့် ပြည့်လျှံနေပြီး အတွင်းအင်္ဂါများမှာလည်း ထိုစွမ်းအင်များဖြင့် ဝန်းရံထားသကဲ့သို့ ခံစားရသည်။ သူ၏ လည်ချောင်းထဲ၌ စွမ်းအင်များ တစ်ဆို့နေသကဲ့သို့ ခံစားရသဖြင့် မတ်တပ်ရပ်ကာ ကောင်းကင်ယံသို့ မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
ဝေါင်း...
ထိုဟိန်းဟောက်သံမှာ မိုးကြိုးသံအလား ခြံဝင်းအတွင်းမှတစ်ဆင့် အရပ်မျက်နှာ အသီးသီးသို့ ဟိန်းထွက်သွားလေသည်။ ထိုအချိန်မှာ အရုဏ်တက်ချိန် ဖြစ်သဖြင့် လူအများစုမှာ အိပ်ပျော်နေဆဲပင်။ ရန်ရှင်းကျိုး၏ ဟိန်းဟောက်သံမှာ ဒီရေလှိုင်းအလား တစ်လှိုင်းပြီး တစ်လှိုင်း မြို့တစ်ခုလုံးကို တုန်ခါသွားစေသည်။ လူများစွာမှာ ဘာဖြစ်သည်ကို သိနိုင်ရန် အိပ်ရာမှ လူးလဲထလာကြတော့သည်။
ထိုစဉ် လမ်းပေါ်၌ လင်အိမ်တော်သို့ ပြန်ရန် လျှောက်လှမ်းနေသော ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာတို့မှာ လင်အိမ်တော် တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရန်ရှင်းကျိုး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်နှင့် ဒင်ဒီယန်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။
"ရန်ရှင်းကျိုး သူ... သူက ဒီလောက်အဆင့်အထိ ကျင့်ကြံနိုင်သွားတာလား"
ဖုန်းယွင်ချွမ်း၏ အိမ်တော်အတွင်း၌လည်း ရွှေတိုက်တို့ လူစုမှာ ထိုဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။ ရန်ရှင်းကျိုး၏ ဟိန်းဟောက်သံမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်ခန့် ကြာမှသာ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။ ဟိန်းဟောက်သံ ပျောက်ကွယ်သွားပြီး အတန်ကြာမှ လူထျန်းရွှူးက လေးလံသော အသံဖြင့် ပြောလိုက်သည်။
"စတုတ္ထညီငယ်... အဲဒါ သူလား"
"သူပဲ ဖြစ်ရမယ် ဒါပေမဲ့... တစ်ညတည်းနဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ တိုးတက်သွားရတာလဲ"
"တကယ်လို့ သူသာ အစတည်းက ဒီလောက်အစွမ်းထက်နေရင် ခြံထဲမှာ ရှိနေတဲ့ ငါတို့ထဲက တစ်ယောက်မှ သူ့လက်ထဲက လွတ်မှာ မဟုတ်ဘူး"
ဤသူများမှာ အတွင်းအား ကျင့်ကြံမှု၌ ကျွမ်းကျင်သော ဆရာကြီးများ ဖြစ်ကြသည်။ အတွင်းအား တစ်စုံတစ်ရာ အဆင့်သို့ ရောက်ရှိသွားပါက စွမ်းအင်များမှာ ခြေလက်အင်္ဂါ တစ်ကိုယ်လုံးသို့ စီးဆင်းသွားတတ်သည်။ ထိုအချိန်တွင် သူတို့သည် အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်း ထူးဆန်းသော အသံများ ထွက်ပေါ်လာတတ်သည်။
သို့သော်လည်း အတွင်းအားများ ဆူပွက်လာပြီး စွမ်းအင်များကို အပြင်သို့ ထုတ်လွှတ်နိုင်သည့် အဆင့်မှာမူ လောကရှိ ထိပ်သီးဆရာကြီးများသာ လုပ်ဆောင်နိုင်သည့် အဆင့်မျိုး ဖြစ်သည်။ ဤနေရာရှိ ဆရာကြီးများပင်လျှင် ထိုအဆင့်သို့ မနည်း တက်လှမ်းနေရချိန်တွင် အသက် ၂၀ ပင် မပြည့်သေးသော ရန်ရှင်းကျိုးက ဤမျှ စွမ်းအင်မျိုး ပိုင်ဆိုင်နေခြင်းမှာ အမှန်တကယ်ပင် အံ့သြတုန်လှုပ်ဖွယ် ဖြစ်သည်။
အထူးသဖြင့် ထူးဆန်းသည်မှာ မနေ့ညကမှ ရန်ရှင်းကျိုးမှာ ထွက်ပြေးခဲ့ရသော်လည်း ယနေ့မနက်တွင် မြို့ကို တုန်ခါသွားစေလောက်အောင် ဟိန်းဟောက်နိုင်ခြင်း ဖြစ်သည်။ တစ်ညတာအတွင်းမှာပင် သူ၏ အစွမ်းမှာ ဤမျှအထိ တိုးတက်သွားခြင်းမှာ မယုံနိုင်စရာ ဖြစ်နေသဖြင့် အားလုံးကို အံ့အားသင့်စေခဲ့သည်။
ခြံဝင်းအတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူထျန်းရွှူးက မျက်နှာပျက်နေသော ဖုန်းယွင်ချွမ်းကို ကြည့်ကာ ပြောလိုက်သည်။
"ညီနောင်ဖုန်း... ငါ့အမြင်ကို ပြောရရင်တော့ မင်း အဲဒီကောင်လေးကို သွားမဆွတာ အကောင်းဆုံးပဲ"
"ငါက သူ့ကို ကြောက်စရာလား။ သူက အတွင်းအားကို အပြင်ထုတ်လိုက်ရုံပဲ ရှိသေးတာပါ။ ငါတို့ လေ၊ ကျား၊ တိမ်၊ နဂါး ဆိုတာ ဘယ်သူ့ကိုမှ မကြောက်ဘူး"
"ညီနောင်ဖုန်း... မင်းလည်း သိုင်းလောကသား တစ်ယောက်ပဲ။ ဒီကိစ္စက မင်းရဲ့ တပည့်အတွက် ရှေ့ထွက်ပေးတာပဲ ရှိတာပါ။ ဘာလို့ အကျင့်ပျက် အရာရှိတစ်ယောက်နဲ့ မရှိတဲ့ ရတနာအတွက်နဲ့ ဒီလို ထူးချွန်တဲ့ လူငယ်တစ်ယောက်ကို ရန်သူ လုပ်နေမှာလဲ။ ရန်ရှင်းကျိုးက အနိုင်ကျင့်ခံရမယ့် လူစားမျိုး မဟုတ်ဘူး။ သူက အငြိုးအတေး ကြီးတတ်သလို ကျေးဇူးကိုလည်း မမေ့တတ်ဘူး မင်းသာ သူ့ကို ရန်စမိရင် နောင်မှာ မင်းအတွက် ကြီးမားတဲ့ ဒုက္ခတွေ ဖြစ်လာလိမ့်မယ်"
ဖုန်းယွင်ချွမ်း၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်ပြီး...
"ကြောက်စရာ ဘာရှိလဲ။ သူက တကယ်ပဲ ဥပဒေမဲ့ လုပ်ရဲမယ်လို့ ငါ မယုံဘူး လူကြီးမင်းတို့ မျက်နှာကို ထောက်လို့သာ ငါ သူ့ကို လွှတ်ပေးခဲ့တာ"
သူသည် အပြင်ပန်း၌သာ ဟိတ်ဟန်ထုတ်နေခြင်းဖြစ်ကြောင်း ရွှေတိုက်က ရိပ်မိသဖြင့် တိတ်တဆိတ် ရယ်မောလိုက်မိသည်။ သူက ချက်ချင်းပင်...
"မင်းရဲ့ စိတ်စေတနာအတွက် ကျေးဇူးတင်ပါတယ် ညီနောင်ဖုန်း ရန်ရှင်းကျိုးကို တွေ့တာနဲ့ မင်းကို တောင်းပန်ဖို့ ငါ ခေါ်လာခဲ့ပါ့မယ်"
"မလိုပါဘူး သူ လုံးဝ လာစရာ မလိုဘူး၊ ငါ လက်မခံနိုင်ဘူး"
ခေတ္တမျှ စကားပြောပြီး မနက်စာ စားပြီးနောက် "ပန်းကြွေရေစီး" အဖွဲ့ဝင် လေးဦးစလုံး အတူတကွ ထွက်ခွာလာခဲ့ကြသည်။ ဖုန်းအိမ်တော်မှ ထွက်လာပြီးနောက် လူထျန်းရွှူးက...
"စတုတ္ထညီငယ်... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ မင်းပဲ ဆုံးဖြတ်လိုက်ပါ"
"အဲဒီ မျောက်မင်း ရန်ရှင်းကျိုးကို အရင် ရှာကြတာပေါ့"
ရန်ရှင်းကျိုး၏ ဘေးကင်းရေးအတွက် သူသည် ဂုဏ်သိက္ခာကိုပင် မငဲ့ဘဲ ဒင်ဒီယန်နှင့် ဖုန်းယွင်ချွမ်းတို့ထံ သွားရောက် ဖြန်ဖြေပေးခဲ့သော်လည်း၊ ရန်ရှင်းကျိုးကမူ မီးလောင်ရာ လေပင့်သကဲ့သို့ ပြုမူခဲ့သဖြင့် သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အလဟဿ ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။ ဤအချက်က ရွှေတိုက်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ဖုန်းအိမ်တော်မှ ထွက်လာပြီးနောက် သူသည် ရန်ရှင်းကျိုးကို တွေ့ဆုံကာ ကောင်းကောင်းမွန်မွန် ဖျောင်းဖျလိုစိတ် ပြင်းပြနေမိသည်။
ထို့ကြောင့် သူသည် သူ၏ သွေးသောက်ညီနောင် သုံးဦးနှင့် တိုင်ပင်ကာ ရန်ရှင်းကျိုး ဟိန်းဟောက်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ အတူတကွ လျှောက်လှမ်းလာခဲ့ကြလေတော့သည်။ ရန်ရှင်းကျိုးမှာမူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် တစ်ကိုယ်လုံး လန်းဆန်းသွားပြီး ယခင်က တစ်ခါမျှ မခံစားဖူးသော စိတ်အခြေအနေသို့ ရောက်ရှိနေသည်။
"တကယ့်ကို နေလို့ ကောင်းလိုက်တာ"
သူသည် လက်မောင်းများကို ဆန့်ထုတ်လိုက်ရာ ခန္ဓာကိုယ်အတွင်းမှ ပဲတောင့်များ ပေါက်ကွဲသကဲ့သို့ ဂျွတ် ဂျွတ် ဂျွတ်ဟူသော မြည်သံများ ထွက်ပေါ်လာသည်။ သူ၏ သွေးကြောများအတွင်း ပြင်းထန်သော အတွင်းအားများ စီးဆင်းနေသည်ကို ခံစားလိုက်ရသဖြင့် သူသည် အံ့သြဝမ်းသာစွာဖြင့် ရေရွတ်လိုက်မိသည်။
"ငါ့ရဲ့ အစွမ်းက ဒီလောက်အထိ တိုးတက်လာတာလား ဟဲဟဲ... အခုဆိုရင် ငါနဲ့ ဒင်ဒီယန်တို့ထဲမှာ ဘယ်သူက ပိုအစွမ်းထက်မလဲဆိုတာ သိချင်လာပြီ"
***
ပြိုင်ဖက်ကင်းဓားသမား