← Chapters

အခန်း ၂၁၄၁

Vol. 150 Ch. 2141

အခန်း ၂၁၄၁

Vol. 150 Ch. 2141

အပိုင်း ( 2141 ) လမ်းက မဆုံးသေးဘူး။

ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးဆီတွင် တံခါးကြီး ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်လောကမှ သံတမန်များနှင့် ပါရမီရှင် သုံးရာ့နှစ်ဆယ်ကျော်တို့မှာလည်း ကောင်းကင်ဘုံသို့ ဝင်ရောက်သွားကြပြီ။

လူအများက လုမင်ကို တစ်ဖန်ကြည့်လိုက်ကြသည်။

လူအများစုက သက်ပြင်းချကြသည်။ တချို့က လှောင်ပြုံးပြုံးကြပြီး အချို့မှာမူ သတ်ဖြတ်လိုသော အငွေ့အသက်များကိုပင် ဖော်ပြနေကြ၏။

"လုမင်... မင်းက မုမိသားစုက မုယန်ကို သတ်ခဲ့တဲ့အတွက် မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်"

မုမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက ဦးဆုံး စတင်လှုပ်ရှားလာသည်။ သူ့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြာထွက်လာ၏။

သူက မဟာဧကရာဇ် တစ်ဦး ဖြစ်သည်။ ဤအခိုက်တွင်၊ သူက ဒေါသထွက်နေပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော အငွေ့အသက်များ ဖြာထွက်တော့သည်။

မုယန်မှာ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသာ ကောင်းကင်လောကသို့ သွားရောက်နိုင်လျှင် အခွင့်အရေးများစွာ ရရှိနိုင်လိမ့်မည်။ အနာဂတ်တွင် ကောင်းကင်ဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည်။

သူသာ ကောင်းကင်ဧကရာဇ် ဖြစ်လာပါက မုမိသားစုကို ဘုန်းတန်ခိုးကြီးမားအောင် ဦးဆောင်နိုင်မည် ဖြစ်သည်။ မုမိသားစု တစ်ခုလုံးက သူ့အပေါ်တွင် မျှော်လင့်ချက် မြင့်မားစွာ ထားရှိခဲ့ကြပေသည်။

သို့သော်လည်း ယခုအခါတွင်မူ လုမင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူတို့က လုမင်ကို အလွတ်မပေးနိုင်တော့ချေ။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

ဦးလေးခုန်းက ရှေ့သို့ လှမ်းတက်လာပြီး လုမင်၏ ရှေ့တွင် ရပ်လိုက်သည်။ သူ့ထံမှ အစွမ်းထက်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မုမိသားစုမှ မဟာဧကရာဇ်ကို ပိတ်ဆို့လိုက်၏။

"မင်း တစ်ယောက်တည်းနဲ့ မုမိသားစုကို တားနိုင်မယ် ထင်နေတာလား"

နောက်ထပ် အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ဦးလေးခုန်း၏ ဘေးတွင် လူတစ်ဦး ပေါ်လာသည်။ သူ့အရှိန်အဝါက လေထုကို ဖိအားပေးထားပြီး ဦးလေးခုန်း ဝန်းရံထားလိုက်၏။ နောက်ထပ် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။

မုမိသားစုသည် နတ်ကံကြမ္မာနယ်မြေတွင် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့တွင် မဟာဧကရာဇ် တစ်ပါးထက်ပို၍ ရှိကြ၏။

အခြားတစ်ဖက်တွင်မူ အခြားသော မဟာဧကရာဇ်များက ကူညီလိုသော်လည်း ဟန်မိသားစု၊ ဟဲမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့မှ မဟာဧကရာဇ်များက တားဆီးခဲ့ကြသည်။

"လုမင် ဒီနေ့ သေရမယ်"

မုမိသားစုမှ ဒေါသထွက်နေသော မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူက လုမင်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာ၏။

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းများ တောက်ပသွားသည်။

သူ့တွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ် ရှိသည်။ အနည်းဆုံးတော့ သူသည် ၎င်းကို ထိန်းချုပ်နိုင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဖန်တီးကာ ဦးလေးခုန်းနှင့်အတူ ထွက်ပြေးနိုင်လိမ့်မည်။

"မုမိသားစု... မင်းတို့ ဘောင်ကျော်လာပြီ"

ဤအခိုက်အတန့်တွင် ဆံပင်ဖြူ အဘိုးအိုတစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ မုမိသားစုမှ မဟာဧကရာဇ်နှစ်ပါးလုံး တုန်လှုပ်သွားကြ၏။

သူသည် ကံကြမ္မာမြို့တော်၏ အရှင်သခင်များထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုက မခန့်မှန်းနိုင်လောက်အောင် မြင့်မားပေသည်။

"နယ်မြေဆယ်ခု တိုက်ပွဲက အခုလေးတင်မှ ပြီးသွားတာ... မင်းတို့က ကံကြမ္မာမြို့မှာ နယ်မြေဆယ်ခု တိုက်ပွဲရဲ့ ချန်ပီယံကို ထိချင်နေတာလား။ သေချင်နေကြတာလား"

အခြားသူတစ်ဦးကလည်း ပြောလိုက်ပြီး မုမိသားစုမှ မဟာဧကရာဇ်နှစ်ပါးကို စိုက်ကြည့်လိုက်၏။ သူတို့က ကံကြမ္မာမြို့တော်မှ နောက်ထပ် အင်အားစုကြီးတစ်ခုမှ ဖြစ်သည်။

များစွာသော မဟာဧကရာဇ်များကလည်း မူမိသားစုမှ မဟာဧကရာဇ်နှစ်ပါးကို စိုက်ကြည့်လိုက်ကြသည်။

လုမင်သည် ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်သော်လည်း နယ်မြေဆယ်ခု တိုက်ပွဲ၏ ချန်ပီယံ ဖြစ်နေသေးသည်။ သူ၏ ရဲရင့်သော စရိုက်လက္ခဏာမှာ ချီးကျူးဖွယ် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့က မူမိသားစုကို လုမင်အား ထိခွင့်ပေးနိုင်ပါမည်လော။

မုမိသားစုမှ မဟာဧကရာဇ်နှစ်ပါးလည်း အံကြိတ်ကာ အကူအညီမဲ့စွာဖြင့် ဆုတ်ခွာသွားကြရတော့သည်။

'သူတို့နှစ်ယောက်ကို ခေါ်ပြီး ကံကြမ္မာမြို့ကနေ ထွက်သွားကြတော့'

ဆံပင်ဖြူ အဘိုးအိုက ဦးလေးခုန်းဆီသို့ အသံပို့လွှတ်လိုက်သည်။

ဦးလေးခုန်းက ခေါင်းညိတ်လိုက်ပြီး လုမင်ကို ပြောလိုက်၏။

"သခင်လေး... သွားကြရအောင်"

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခုက လုမင်နှင့် ချင်ယွဲ့ကို ဆွဲခေါ်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် သူတို့က တောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာခဲ့ကြသည်။

"ဒီနေရာက နယ်မြေဆယ်ခု တိုက်ပွဲနဲ့ အတော်လေး ဝေးသွားပြီ။ မင်းတို့ အရင်ဆုံး ငါ့ရဲ့ ကမ္ဘာငယ်ထဲကို ဝင်နေကြပါ။ ငါ မင်းတို့အားလုံးကို ယွမ်တောင်ကို ပြန်ခေါ်သွားမယ်"

ဦးလေးခုန်း ပြောလိုက်သည်။

"ဦးလေးခုန်း... ကျွန်တော် အခုလောလောဆယ် ပြန်မသွားချင်သေးဘူး။ ပတ်ဝန်းကျင်ကို နည်းနည်း လျှောက်ကြည့်ချင်တယ်"

လုမင်က ရုတ်တရက် ပြောလိုက်သည်။

"ပတ်ဝန်းကျင်ကို လေ့လာကြည့်ချင်တာလား"

ဦးလေးခုန်းက အံ့အားသင့်သွားသည်။ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

လုမင်၏ ခံစားချက်ကို သူ နားလည်သည်။ သိုင်းဧကရာဇ်တစ်ဦး ဖြစ်မလာနိုင်ခြင်းမှာ လုမင်ကဲ့သို့ ပါရမီရှင်တစ်ဦးအတွက်သာမက မည်သူ့အတွက်မဆို ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။

လုမင်သည်လည်း စိတ်တည်ငြိမ်အောင် ထားရန်နှင့် သူ့ကိုယ်သူ ပြန်လည်ချိန်ညှိရန် အချိန် လိုအပ်သည်။

"သခင်လေး... ဒါက နတ်ကံကြမ္မာနယ်မြေပါ။ မုမိသားစုက သခင်လေးကို တစ်ခုခု လုပ်မှာ စိုးရိမ်မိတယ်"

ဦးလေးခုန်းမှာ အနည်းငယ် စိုးရိမ်နေသေးသည်။

"ဦးလေး... စိတ်မပူပါနဲ့။ ကျွန်တော်က အစစ်အမှန် ကိုယ်ပိုင်အထောက်အထားကို မသုံးတော့ဘူးလေ။ နတ်အရှိန်အဝါကျင့်စဉ်ကို သုံးပြီး ကျွန်တော့်အထောက်အထားကို ဖုံးကွယ်ထားလိုက်မယ်။ နတ်ကံကြမ္မာနယ်‌မြေက အကြီးကြီးပါပဲ၊ မုမိသားစုက ကျွန်တော့်ကို ရှာတွေ့မှာ မဟုတ်ဘူး"

လုမင်က ပြောလိုက်သည်။

"ကျွန်မလည်း သခင်လေးနဲ့ လိုက်ခဲ့မယ်"

ချင်ယွဲ့က ပြောသည်။ သူသည်လည်း နတ်အရှိန်အဝါကျင့်စဉ်ကို ကျင့်ကြံထား၏။

နောက်ဆုံးတွင် ဦးလေးခုန်းက ခေါင်းညိတ်လိုက်ပြီး လုမင်ကို ပတ်ဝန်းကျင်အား လေ့လာခွင့် ပေးလိုက်လေသည်။

"ကောင်းပြီ... ငါ မင်းတို့ကို ယွမ်တောင်မှာ စောင့်နေမယ်"

ဦးလေးခုန်းက ခေါင်းညိတ်ပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ထွက်ခွာသွားတော့သည်။

ဦးလေးခုန်း ထွက်သွားပြီးနောက် လုမင်နှင့် ချင်ယွဲ့တို့ နှစ်ဦးစလုံးက နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုကာ သူတို့၏ အသွင်အပြင်ကို ပြောင်းလဲလိုက်ကြသည်။ သူတို့၏ အဝတ်အစားများကို ပြောင်းလဲပြီးနောက်၊ နှစ်ဦးစလုံးက တောင်တန်းများကြားတွင် လျှောက်လှမ်းသွားကြ၏။

ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ခြင်းက လုမင်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာသည်မှာ အမှန်ပင်။ သူက သူ့ကိုယ်သူ ပြန်လည်ချိန်ညှိရမည် ဖြစ်သည်။

သူတို့က လျှောက်သွားလိုက်၊ ရပ်နားလိုက်ဖြင့် စိတ်ရှိသလို လုပ်ဆောင်နေကြလေသည်။ တစ်ခါတစ်ရံတွင် လုမင်နှင့် ချင်ယွဲ့တို့က ကျင့်ကြံခြင်းအကြောင်းကို ဆွေးနွေးကြသည်။

ချင်ယွဲ့က နိယာမ အမျိုးအစားများကို နားလည်သဘောပေါက်နိုင်သော ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ။ လုမင်မှာမူ နိယာမ ငါးမျိုးကို အမြင့်ဆုံးအဆင့်ထိ နားလည်သဘောပေါက်ထားသည်။ ဤအပိုင်းတွင် သူက အလွန်အတွေ့အကြုံရှိသည်ဟု ဆိုနိုင်ပြီး ချင်ယွဲ့သည်လည်း များစွာသော ဉာဏ်အလင်းများကို ရရှိခဲ့ပေသည်။

လုမင်က တစ်ခါတစ်ရံတွင် နေရာတစ်ခုတည်း၌ ရက်အနည်းငယ်ကြာအောင် တရားထိုင်တတ်သည်။ ချင်ယွဲ့က လည်း လုမင်ကို အဖော်ပြုပေးကာ နိယာမများကို နားလည်အောင် ကြိုးစား၏။

အချိန်များ ကုန်လွန်သွားပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လ ကြာသွားခဲ့ပြီ ဖြစ်သည်။

တောင်ထိပ်တစ်ခုပေါ်တွင် လုမင် တရားထိုင်နေသည်မှာ တစ်လခွဲခန့် ရှိနေပြီ။

'အနာဂတ်မှာ ငါ ဘာလုပ်သင့်သလဲ'

တောင်ထိပ်ပေါ်တွင်ထိုင်ကာ တိမ်တိုက်များကို ငေးကြည့်ရင်း လုမင် စဉ်းစားနေမိသည်။ ယခုအခါ သူ၏ စိတ်အခြေအနေမှာ အပြည့်အဝ ပြန်လည်တည်ငြိမ်သွားခဲ့ပြီ။

ယခုအခါ သူက အနာဂတ်တွင် ဘာလုပ်ရမည်ကို စဉ်းစားနေသည်။

'ငါက သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်တော့တဲ့အတွက် နိယာမတွေကိုပဲ ဆက်ပြီး နားလည်အောင် ကြိုးစားရမယ်'

'ငါ နားလည်တဲ့ နိယာမတွေ များလာလေလေ၊ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပိုမိုကြီးမားလာလေလေပဲ။ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပိုမိုကြီးမားလာရင် ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ရင်တောင် ဘာဖြစ်လဲ'

လုမင်၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။

သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်တော့သည့်အတွက် သူက နိယာမအသစ်များကို ဆက်လက် နားလည်အောင် ကြိုးစားရလိမ့်မည်။

သူက နိယာမအသစ် တစ်မျိုးကို နားလည်သွားတိုင်း၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆမတန် တိုးတက်လာမည် ဖြစ်သည်။ ယခုအခါတွင် သူက နိယာမ ငါးမျိုးသာ ရှိသေးသည်။ သို့ဆိုလျှင် ခြောက်မျိုး၊ ခုနစ်မျိုး၊ ရှစ်မျိုး သို့မဟုတ် ထိုထက်ပိုလျှင် မည်သို့ဖြစ်မည်နည်း။

သူ၏ တိုက်ခိုက်ရေးစွမ်းအားက မည်သည့်အဆင့်ထိ ရောက်ရှိသွားမည်နည်း။

ထို့အပြင် သူသည် နိယာမနှစ်မျိုးကို ပေါင်းစပ်နိုင်သည့်အတွက် သုံးမျိုး သို့မဟုတ် လေးမျိုးကိုရော ပေါင်းစပ်နိုင်မည်လော။

သူသာ အသန်မာဆုံး နိယာမဆယ်မျိုးလုံးကို ထိန်းချုပ်နိုင်လျှင် မည်သည့်အဆင့်ထိ ရောက်ရှိသွားမည်နည်း။

သူ၏ လမ်းကြောင်းမှာ ပိတ်ဆို့မသွားသေးချေ။ သူ၏ စွမ်းအားမှာလည်း ဆက်လက်တိုးတက်နေဦးမည်ဖြစ်သည်။

"ဒါဆိုရင် ငါ နိယာမအသစ်တွေကိုပဲ ဆက်ပြီး လေ့လာတော့မယ်"

လုမင်က မတ်တတ်ရပ်လိုက်သည်။ သူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။

"သခင်လေး"

ချင်ယွဲ့က လုမင်၏ ဘေးသို့ ရောက်လာသည်။

"ချင်ယွဲ့... သွားကြရအောင်"

လုမင်က ချင်ယွဲ့၏ လက်ကလေးကို ဆုပ်ကိုင်ကာ လေထဲသို့ ပျံတက်လိုက်သည်။

'နောက်ထပ် ဘယ်နိယာမကို လေ့လာရမလဲ'

လုမင်က စဉ်းစားလိုက်၏။

ခဏအကြာတွင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ဆေးပညာနိယာမ။

နောက်တစ်ကြိမ်တွင် လုမင်က ဆေးပညာနိယာမကို လေ့လာရန် စီစဉ်လိုက်၏။

ဆေးပညာနိယာမ၊ အစီရင်နိယာမနှင့် လက်နက်နိယာမတို့က တစ်နည်းနည်းဖြင့် ပတ်သက်မှုရှိပြီး ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသည်။

လုမင်က အစီရင်နိယာမကို ကျွမ်းကျင်ထားပြီးပြီ။ အနာဂတ်တွင် ဆေးပညာနိယာမနှင့် အခြားသော နိယာမများကို ကျွမ်းကျင်အောင် လေ့လာရန် စီစဉ်ထားသည်။

ထိုသို့ဆိုလျှင် နိယာမသုံးမျိုး၏ ပေါင်းစပ်မှုမှာ ပို၍ပင် နက်နဲသွားလိမ့်မည်။

ရက်အနည်းငယ်အကြာတွင် သူတို့က မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာကြသည်။ ဤမြို့မှာ ဆေးပညာရှင်များအတွက် မြင့်မြတ်နယ်မြေ ဖြစ်၏။ နေရာတိုင်းတွင် ဆေးဝါးရနံ့များဖြင့် ပြည့်နှက်နေပေသည်။

ဤမြို့ကြီးရှိ အင်အားစုအားလုံးမှာ ဆေးပညာနိယာမကို အဓိကထား၍ လေ့ကျင့်ကြသည်။

လုမင်နှင့် ချင်ယွဲ့တို့လည်း ဤမြို့တွင် ယာယီနေထိုင်ကြလေသည်။ ဤမြို့တွင် လုမင်အတွက် ဆေးပညာနိယာမကို လေ့လာရန် အထောက်အကူ ဖြစ်စေသည်။

ရက်အနည်းငယ်အတွင်းမှာပင် လုမင်က ဆေးပညာနိယာမကို အခြေခံအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပေသည်။

ဤအချက်က လုမင်ကို အံ့အားသင့်စေသည်။ သူသည် နိယာမအမျိုးမျိုးကို အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် နားလည်သဘောပေါက်နေ၏။။

ဤကာလအတွင်း ချင်ယွဲ့သည်လည်း အခြားသော နိယာမများကို နားလည်ဆင်ခြင်နေခဲ့သည်။ သို့သော်လည်း သူက များစွာသော အတားအဆီးများနှင့် ရင်ဆိုင်နေရ၏။ ၎င်းကို ကျင့်ကြံရန်မှာ အလွန် ခက်ခဲလှသည်။

၎င်းက သူ၏ သန္ဓေပြောင်းသွားသော သူတော်စင်နှလုံးသားနှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်လော။

လုမင်နှင့် ချင်ယွဲ့တို့က ဤနေရာတွင် နှစ်လခန့် နေခဲ့သည်။ ဤကာလအတွင်း၌ လုမင်၏ ဆေးပညာနိယာမမှာ သုံးဆယ်ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပေသည်။

All Chapters