← Chapters

အခန်း ၂၁၄၄

Vol. 150 Ch. 2144

အခန်း ၂၁၄၄

Vol. 150 Ch. 2144

အပိုင်း ( 2144 ) လုမင်၏ သတ်ဖြတ်ချင်စိတ်။

မျက်တောင်တစ်ခတ်အတွင်း သုံးရက်တာ အချိန်က ကုန်လွန်သွားခဲ့ပြီ။

ယနေ့တွင် လုမင်က မိုးကြိုးနတ်ဘုရားဂိုဏ်း တည်ရှိရာဘက်သို့ တစ်ဦးတည်း ဦးတည်ထွက်ခွာလာခဲ့သည်။

ဤတစ်ကြိမ်တွင် မုချင်ရွယ်၊ ယဲ့တုန်ဖန့်နှင့် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ အခြားသော ပါရမီရှင်လူငယ်များသည် လုမင်ကို မိုးကြိုးနတ်ဘုရားဂိုဏ်း အနီးနားရှိ ဆုံရပ်တစ်ခုသို့ ဖိတ်ကြားခဲ့ကြခြင်း ဖြစ်သည်။

၎င်းက အလွန် ခမ်းနားထည်ဝါပြီး သပ်ရပ်သော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်၏။

လုမင် ရောက်ရှိလာသောအခါ၊ သူ့ကို ကြိုဆိုရန်နှင့် ဂုဏ်ပြုရန်အတွက် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ အနည်းဆုံး ဒါဇင်နှင့်ချီသော ပါရမီရှင်လူငယ်များ ရောက်ရှိနေကြသည်။

ဤပါရမီရှင်လူငယ်များက နယ်မြေဆယ်ခု တိုက်ပွဲ၏ စင်မြင့်ထက်တွင် ထင်ရှားကျော်ကြားခြင်း မရှိခဲ့ကြသော်လည်း၊ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင်မူ သူတို့အားလုံးက ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အနာဂတ်တွင် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ အဓိကဒေါက်တိုင်များ ဖြစ်လာကြမည့်သူများပင်။

အားလုံးက တစ်ယောက်နှင့်တစ်ယောက် အရက်ခွက်ချင်း တိုက်လိုက်ကြပြီး အလွန်ပင် သက်ဝင်လှုပ်ရှား စည်ကားလှသည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် ဂုဏ်ပြုစားပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး လုမင်လည်း နှုတ်ဆက်ထွက်ခွာခဲ့လေသည်။

သူသည် လာမည့် ရက်အနည်းငယ်အတွင်း ချင်ယွဲ့၊ ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့ကို ခေါ်ဆောင်ကာ စန်းပြည်နယ်သို့ ပြန်ရန် စီစဉ်ထားသည်။

လုမင်က ပျံသန်းရင်း သူ၏ နောက်ထပ် အစီအစဉ်များကို တွေးတောနေခဲ့၏။

ရုတ်တရက်၊ လုမင်သည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏ ဆံပင်များ ထောင်ထသွားခဲ့ရသည်။ လုမင်က တုံ့ဆိုင်းမနေဘဲ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။

"ရွှစ်... ရွှစ်..."

လုမင်၏ ရှေ့မှောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လေဓားသွားအချို့က ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ပျံသန်းခုတ်ပိုင်းလာတော့သည်။

ထို့နောက်တွင် လုမင်၏ နောက်ဘက်မှ ဟင်းလင်းပြင်က တုန်ခါသွားပြီး အလင်းတန်းအချို့ လုမင်ထံသို့ ထပ်မံ ပစ်လွှတ်လာကြသည်။

၎င်းတို့က ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းကာ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြေးဝင်လာသော ဧကရာဇ်လက်နက် အချို့ ဖြစ်ကြ၏။

"ဝုန်း"

လုမင်က သူစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူသည် နိယာမငါးမျိုးလုံးကို နှိုးဆွကာ ကစဥ့်ကလျား နတ်ဘုရားလက်ဝါးဖြင့် အကြိမ်အနည်းငယ် ရိုက်ချလိုက်၏။

"ဝုန်း..."

ဧကရာဇ်လက်နက် အချို့က ပြင်းထန်သော အင်အားကြောင့် လွင့်စင်သွားတော့သည်။

"ကြယ်သုံးပွင့်အဆင့် ဗလာနယ်ဧကရာဇ်"

အပြန်အလှန် ရင်ဆိုင်မိပြီးနောက်၊ ထိုဧကရာဇ်လက်နက်များကို ထိန်းချုပ်နေသောသူမှာ ကြယ်သုံးပွင့်အဆင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်ကြောင်း လုမင် ခံစားလိုက်ရသည်။

"ဝှူး... ဝှူး..."

လုမင်၏ ဦးခေါင်းအထက်တွင် လေပြင်းများ တဝူးဝူးတိုက်ခတ်လာသည်။ အပူလှိုင်းများ မြင့်တက်လာခဲ့၏။ ဧရာမ လက်သည်းကြီးတစ်ခု လုမင်ထံသို့ လှမ်းကုပ်လာတော့သည်။ ၎င်းမှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည်။

အကယ်၍ လုမင်သာ ဤလက်သည်းဖြင့် ကုတ်ဆွဲခြင်းကို ခံရပါက သူ သေချာပေါက် သေဆုံးသွားလိမ့်မည်။

"ဝုန်း"

လုမင်က စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာစေပြီး သေခြင်းဓားကို ထုတ်ဖော်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်စင်း ဖြစ်တည်လာပြီး အထက်သို့ ပင့်ခုတ်လိုက်၏။

"ဝုန်း"

ဧရာမ လက်သည်းကြီးမှာ လုမင်၏ ခုတ်ပိုင်းခြင်းကြောင့် ပြတ်တောက်သွားတော့သည်။

"ကြယ်လေးပွင့်အဆင့် ဗလာနယ်ဧကရာဇ်"

လုမင်၏ အကြည့်များမှာ ပိုမို အေးစက်သွားခဲ့သည်။

"ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မိသားစု၊ ဖုန်းမျိုးနွယ်... မင်းတို့အားလုံး သေချင်နေကြတာပဲ"

လုမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ရွှေကျီးကန်းမျိုးနွယ်တို့မှ ကျွမ်းကျင်သူများ လှုပ်ရှားလာခဲ့ကြခြင်းပင်။

သူတို့အားလုံးက ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်နှင့် ထိုထက် မြင့်မားသောသူများ ဖြစ်ကြသည်။

"သတ်"

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုက လေထုထဲတွင် ဟိန်းထွက်သွားခဲ့သည်။ ထို့နောက်တွင် ပုံရိပ်တစ်ခုပြီးတစ်ခု ပေါ်လာကာ လုမင်ထံသို့ တရမန်းကြမ်း ဝင်ရောက်လာကြတော့သည်။

ထိုသူများထဲတွင် ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ရွှေကျီးကန်းမျိုးနွယ်မှ လူများသာမက၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ လူများပါ ပါဝင်နေကြောင်း လုမင် သိရှိသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လုမင်ကို လွှမ်းမိုးသွားခဲ့၏။ အချို့လူများ၏ ကျင့်ကြံမှုအခြေခံမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

"အဆင့်မြင့် ဗလာနယ်ဧကရာဇ်တွေပဲ"

လုမင်၏ အမူအရာမှာ တည်ကြည်လေးနက်သွားခဲ့သည်။

ထိုအထဲတွင် ကြယ်ငါးပွင့် ဗလာနယ်ဧကရာဇ်များ၊ ကြယ်ခြောက်ပွင့် ဗလာနယ်ဧကရာဇ်များနှင့် ကြယ်ခုနစ်ပွင့် ဗလာနယ်ဧကရာဇ်များပင် ပါဝင်နေကြသည်။

"လုမင်... မင်း ဒီနေ့ သေရမယ်"

တစ်စုံတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။

"သတ်"

ဧရာမ ဝံပုလွေကြီးတစ်ကောင်က လုမင်ထံသို့ ခုန်အုပ်လာခဲ့သည်။ ၎င်း၏အရှိန်အဝါက ပြင်းထန်ပြီး အေးစက်၏။ ၎င်းက ကြယ်လေးပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်သည်။

"မင်းပဲ သေရမှာ"

လုမင်က သူ့လက်ထဲတွင် သေခြင်းဓားကို ဆုပ်ကိုင်ကာ ခုတ်ပိုင်းလိုက်သည်။

ဤအချိန်ကာလအတွင်း လုမင်သည် ဂရုတစိုက် ဆင်ခြင်ကျင့်ကြံခဲ့သဖြင့် သူကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားစွမ်းရည်နှစ်ခု ဖြစ်သည့် သေခြင်းဓားနှင့် ကစဥ့်ကလျားတူတို့မှာ ပိုမို အစွမ်းထက်လာခဲ့ပြီ။

"ဝုန်း"

သွေးများ ပန်းထွက်သွားပြီး ဧရာမ ဝံပုလွေကြီး၏ ဦးခေါင်းကြီးမှာ တိုက်ရိုက် ပြတ်တောက်လွင့်စင်သွားရသည်။

ကြယ်လေးပွင့်အဆင့် ဗလာနယ်ဧကရာဇ်တစ်ဦးမှာ လုမင်၏ တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ။

ဤအခြင်းအရာက ကျန်လူများကို အေးစက်သွားစေပြီး ချွေးစေးများ ပြန်လာစေခဲ့သည်။

ဒါက ကြောက်စရာကောင်းလွန်းသည်။

သူသည် ဧကရာဇ်တစ်ပိုင်း အဆင့်မျှသာ ရှိသေးသော်လည်း၊ ကြယ်လေးပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးကို အမှန်တကယ် သတ်ပစ်ခဲ့၏။ ဒါက လုံးဝ မယုံကြည်နိုင်စရာပင်။ ဤကဲ့သို့သော ကိစ္စမျိုး ယခင်က တစ်ခါမျှ မဖြစ်ဖူးခဲ့ပါ။

"ဒီကောင်လေးက နယ်မြေဆယ်ခု တိုက်ပွဲတုန်းကထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေပါလား။ သူ့ကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး"

"အားလုံး အတူတူ တိုက်ခိုက်ကြစို့ဟေ့"

ကျယ်လောင်သော အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

စင်စစ်တွင်၊ ယခုအခါ လုမင်က ဆေးပညာနိယာမကို ကျင့်ကြံထားပြီးဖြစ်ကာ နိယာမခြောက်မျိုးကို တတ်မြောက်ထားပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီ။

"ဝုန်း... ဝုန်း..."

ဤတစ်ကြိမ်တွင်မူ အဆင့်မြင့် ဗလာနယ်ဧကရာဇ်များပါ လှုပ်ရှားလာခဲ့ကြပြီ ဖြစ်သည်။ ကြယ်ငါးပွင့်၊ ခြောက်ပွင့်နှင့် ခုနစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်များပါ လှုပ်ရှားလာခဲ့ကြ၏။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည် အလင်းတန်းများက လုမင်ကို ဝါးမြိုရန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကြတော့သည်။

"ဖုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မိသားစု၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၊ ကောင်းကင်ဝံပုလွေမျှော်စင်... မင်းတို့အားလုံး သေတွင်းထဲကို ကိုယ်တိုင်တိုးဝင်နေကြတာပဲ"

လုမင်၏ အကြည့်များမှာ အလွန်တရာ အေးစက်နေသည်။

အတိတ်တုန်းက သူသည် ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် အခြားသော အင်အားစုများကို ဖျက်ဆီးပစ်မည်ဟု ကျိန်ဆိုခဲ့ဖူးသည်။

သို့သော်လည်း သူသည် ၎င်းကို ယခုချက်ချင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ရှန်းဟွမ်တိုက်ကြီးသို့ ပြန်သွားပြီးမှသာ ထိုကိစ္စကို လုပ်ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခုမူ ဤအင်အားစုများက သူ့ကို ခြုံခိုတိုက်ခိုက်ရန် ဦးဦးဖျားဖျား လှုပ်ရှားလာခဲ့ကြပြီ။ ဤသို့ဆိုလျှင်၊ သူက ဤအင်အားစုများကို တစ်ခါတည်းပင် အပြတ်ရှင်းပစ်ရတော့မည်။

"ရွှမ်..."

ဓားမြည်သံက ကောင်းကင်ယံကို တုန်ခါသွားစေသည်။ ကျောက်သားဓားတစ်လက်က လုမင်၏ လက်ထဲတွင် ပေါ်လာခဲ့၏။

၎င်းက ကောင်းကင်ဧကရာဇ်၏ ဓားပင်။

"ရွှမ်..."

လုမင်က ကျောက်ဓားကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ ရုတ်တရက်၊ စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

ခဏချင်းအတွင်းမှာပင် ကြယ်ခြောက်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်တစ်ဦး၊ လေးပွင့်အဆင့် ဗလာနယ်ဧကရာဇ်နှစ်ဦးနှင့် ကြယ်သုံးပွင့်အဆင့် ဗလာနယ်ဧကရာဇ်သုံးဦးတို့မှာ ဓားချက်ကြောင့် ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်သွားရတော့သည်။ ဓားအလင်းတွင် ပါဝင်သော ကြောက်မက်ဖွယ် ဓားစွမ်းအင်များက သူတို့၏ ဝိညာဉ်များကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

"မကောင်းတော့ဘူး... ဒါ ကောင်းကင်ဧကရာဇ်ရဲ့ ဓားပဲ။ သူ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တယ်ဟ။ ပြေးကြ... ပြေးကြ"

ကျန်ရှိနေသော ဗလာနယ်ဧကရာဇ်များမှာ လိပ်ပြာလွင့်မတတ် ဖြစ်သွားကြရသည်။ သူတို့က သွေးပျက်စွာ အော်ဟစ်ရင်း အလန့်တကြား ထွက်ပြေးကြတော့သည်။

"မင်းတို့ ဒီကို ရောက်လာမှတော့ သေကို သေရမယ်"

လုမင်၏ မျက်ဝန်းများမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူက ကောင်းကင်ဧကရာဇ်၏ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေခဲ့၏။

"ရွှစ်... ရွှစ်..."

သေးငယ်သော ဓားချီများက လေထုထဲသို့ ဝင်ရောက်သွားပြီး ထိုထွက်ပြေးနေသော လူများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

နောက်အခိုက်အတန့်တွင် စူးစူးဝါးဝါး အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာခဲ့ကြ၏။ လုမင်ကို ခြုံခိုတိုက်ခိုက်ရန် လာရောက်ကြသူများက တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

ဗလာနယ်ဧကရာဇ်များက ကောင်းကင်ဧကရာဇ်၏ ဓားရှေ့မှောက်တွင် အားနည်းလွန်းလှသည်။ သူတို့က ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ခဲ့ပေသည်။

၎င်းက ကြယ်ခုနစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်ဖြစ်စေ သို့မဟုတ် ကြယ်သုံးပွင့်အဆင့် ဗလာနယ်ဧကရာဇ်ဖြစ်စေ ကောင်းကင်ဧကရာဇ်၏ ဓားအောက်တွင်မူ မည်သည့်ကွာခြားချက်မျှ မရှိပေ။ သူတို့အားလုံးက ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ကျွမ်းကျင်သူ ဒါဇင်ကျော်မှာ လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။

'ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင် သုံးဆယ့်ခြောက်ရာခိုင်နှုန်း သိုလှောင်ထားပြီးနောက် ကောင်းကင်ဧကရာဇ်ရဲ့ ဓားစွမ်းအားကလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။ နောက်ပြီးတော့ စွမ်းအင် သုံးဆယ့်ခြောက် ရာခိုင်နှုန်းက အင်အားစု အချို့ကို အမြစ်ပြတ်ချေမှုန်းပစ်ဖို့ လုံလောက်တယ်'

လုမင်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ဧကရာဇ်၏ ဓားကို သိမ်းဆည်းလိုက်ပြီး တိုက်ပွဲလက်ကျန် ပစ္စည်းများကို စတင်သိမ်းဆည်းတော့သည်။

ဤလူများက သိုင်းဧကရာဇ်များ ဖြစ်ကြသဖြင့် ကြွယ်ဝသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသင့်သည်။ လုမင်အနေဖြင့် ၎င်းတို့ကို လက်လွတ်ခံမည် မဟုတ်ပေ။

လုမင်က သိုလှောင်မှုလက်စွပ်များကို တစ်ခုပြီးတစ်ခု ကောက်ယူသိမ်းဆည်းလိုက်သည်။

ထို့ပြင်၊ လုမင်က ရွှေကျီးကန်းမျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်မှ ကျွမ်းကျင်သူများ၏ ရုပ်အလောင်းများကိုလည်း သိမ်းဆည်းခဲ့၏။

၎င်းတို့က သိုင်းဧကရာဇ်အဆင့်ရှိသော နတ်ဘုရားဝံပုလွေများနှင့် ရွှေကျီးကန်းများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တန်ဖိုးမှာလည်း အလွန် မြင့်မားပေသည်။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက်၊ သူက လားရာတစ်ခုသို့ လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ဒါဆိုရင် ရွှေကျီးကန်းမျိုးနွယ်စုကနေပဲ အရင်စကြတာပေါ့"

ထိုသို့ပြောပြီးနောက်၊ လုမင်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ရွှေကျီးကန်းမျိုးနွယ်စုသည် မီးတောင်များကြားတွင် နေထိုင်ကြသည်။

ဤနေရာ၌ ပေါများလှသော မီးတောက်စွမ်းအင်များ ရှိနေပြီး ၎င်းက နေမင်း၏ မီးလျှံအဆီအနှစ်များကို အဆက်မပြတ် စုပ်ယူစေနိုင်ပေသည်။ ၎င်းက ရှားပါးသော ရတနာမြေတစ်ခု ဖြစ်သည်။

မီးတောင်များကြားတွင် ရံဖန်ရံခါ ခြေသုံးချောင်းရှိသော ရွှေကျီးကန်းများ ဟိုဟိုဒီဒီ ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။

"ဟင်၊ အဲဒါ ဘာကြီးလဲ"

ရုတ်တရက်၊ ရွှေကျီးကန်းတစ်ကောင်က အော်ဟစ်လိုက်သည်။

ရွှေကျီးကန်းအားလုံးက လားရာတစ်ခုတည်းသို့ လှမ်းကြည့်လိုက်ကြ၏။

"ဝုန်း..."

ကောင်းကင်ယံက တုန်ခါသွားပြီး နှိုင်းယှဉ်၍မရအောင် ကြီးမားသော ဓားကြီးတစ်စင်း ကောင်းကင်တွင် ပေါ်လာခဲ့သည်။

၎င်းက ကျောက်ဓားတစ်လက် ဖြစ်သော်လည်း အလွန်တရာ ကြီးမား၏။ မိုင်ပေါင်းရာချီ ရှည်လျားသည်။ ၎င်းက ကောင်းကင်ယံမှ ကျဆင်းလာပြီး ရွှေကျီးကန်းမျိုးနွယ်စု နေထိုင်ရာ မီးတောင်များဆီသို့ ခုတ်ပိုင်းချလိုက်ချလိုက်၏။ ၎င်းမှာ နတ်ဘုရားများထံမှ နတ်ဘုရားပြစ်ဒဏ် ကျရောက်လာသည့်အလား ဖြစ်ပေတော့သည်။

ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ရွှေကျီးကန်းများမှာ အလန့်တကြား ဖြစ်သွားကြရသည်။

"တစ်စုံတစ်ယောက် တိုက်ခိုက်နေပြီဟေ့။ ပြေးကြ... ပြေးကြ"

ရေတွက်၍မရသော ရွှေကျီးကန်းများက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကုန်ကြ၏။

"ဝုန်း... ဝုန်း..."

ဧရာမကျောက်ဓားကြီးက ခုတ်ချလိုက်ရာ မီးတောင်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြတော့သည်။

All Chapters