အခန်း ၂၁၄၇
Vol. 150 Ch. 2147
အပိုင်း ( 2147 ) မုမိသားစု၏ မဟာဧကရာဇ်နှင့် တိုက်ပွဲ။
လုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်ကို တစ်ချက်ကြည့်ရုံဖြင့် သူ မှတ်မိလိုက်သည်။
ယခင်က ကံကြမ္မာတောင်တွင် ထိုကျစ်မြီးဆိတ်မုတ်ဆိတ်နှင့် မဟာဧကရာဇ်က လုမင်ကို အရင်ဆုံး စတင်တိုက်ခိုက်ပြီး သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သူပင်။
လုမင် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် မုမိသားစု၏ မဟာဧကရာဇ်က ယခုကိစ္စ၏ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မုမိသားစုသည် ယွမ်တောင်သို့ လူများကို တကယ်ပင် စေလွှတ်ခဲ့သည်။
ထို့နောက် လုမင်က နောက်သို့ လှမ်းကြည့်လိုက်ရာ မဟာဧကရာဇ် ထျန်းလော့နှင့် အခြားလူများကို မြင်တွေ့လိုက်ရပေသည်။
"ပြီးတော့ တာ့လော့ကောင်းကင်ဂိုဏ်းလည်း ပါသေးတယ်"
လုမင်၏ မျက်ဝန်းထဲက အေးစက်သော အလင်းတန်းများ ပိုမိုပြင်းထန်လာခဲ့သည်။
တာ့လော့ကောင်းကင်ဂိုဏ်း ပါဝင်နေခြင်းကမူ လုမင်၏ မျှော်လင့်မှုအတွင်း၌ ရှိပေသည်။
သူသည်လည်း ယခင်က တာ့လော့ကောင်းကင်ဂိုဏ်း၊ ဟန်မျိုးနွယ် သို့မဟုတ် ဟဲမျိုးနွယ်တို့က သူတို့ကို ကျောထောက်နောက်ခံပြုပေးထားကြောင်း ခန့်မှန်းခဲ့ဖူးသည်။
"လုမင်... မင်းက မုမိသားစုရဲ့ ပါရမီရှင် မုယန်ကို သတ်ရဲတယ်။ ဒီနေ့တော့ ငါ မင်းကို သူနဲ့အတူ မြေမြှုပ်ပေးမယ်"
ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် နက်နဲသည်။
'သူက ဟဲမျိုးနွယ်ရဲ့ မဟာဧကရာဇ်ထက်တောင် ပိုသန်မာတယ်'
လုမင် အံ့ဩသွားသည်။ သူက ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်နိုင်မှန်း သိလျက်နှင့် ထိုမဟာဧကရာဇ်က ဤမျှ ယုံကြည်ချက်ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူ၏ ကျင့်ကြံမှုမှာ ဟဲမျိုးနွယ်၏ မဟာဧကရာဇ်ကို ကျော်လွန်နေခြင်း ဖြစ်သည်။
လုမင်က တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထုတ်ယူလိုက်သည်။ လုမင်က သက်တန့်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ကောင်းကင်နှင့် မြေပြင်အကြား မတ်တပ်ရပ်နေသော ဘီလူးကြီးတစ်ကောင်ပမာ လျင်မြန်စွာ ကြီးထွားလာတော့သည်။
"ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က မင်းလက်ထဲ ရောက်နေတာ ဖြုန်းတီးမှုပဲ။ အဲဒါကို ငါ့ကိုပေးစမ်း"
ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်၏ မျက်ဝန်းများတွင် လောဘဇောများ တောက်လောင်လာသည်။ သူက ရှေ့သို့ တစ်လှမ်းတက်ကာ လုမင်ကို ဖမ်းဆုပ်ရန် ဧရာမ လက်ဝါးကြီးကို ထုတ်ဖော်လိုက်၏။
"သေစမ်း"
လုမင်က ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ကျောက်တုံးဓားကို ကိုင်မြှောက်၍ ခုတ်ပိုင်းလိုက်သည်။
"ဝုန်း"
ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်၏ လက်မှာ လုမင်၏ ဓားချက်ကြောင့် ထက်ပိုင်းပြတ်သွားခဲ့တော့သည်။
"မင်း..."
ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ် ထိတ်လန့်သွားခဲ့သည်။ အကြောင်းမှာ လုမင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားစဉ် ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းရည်က မဟာဧကရာဇ် ထျန်းလော့ ပြောပြခဲ့သည်ထက် ပိုမိုသန်မာနေသောကြောင့်ပင်။
"စွမ်းအားကြီးလိုက်တာ"
လုမင် ကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။
သိုလှောင်ထားသော စွမ်းအင်မှာ သုံးဆယ့်ခြောက်ရာခိုင်နှုန်းအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယခင်က အချို့ကို အသုံးပြုခဲ့သော်လည်း များများစားစား မဟုတ်ချေ။
ဤမျှ စွမ်းအင် အများအပြား သိုလှောင်ထားသဖြင့် ထွက်ပေါ်လာသော စွမ်းအားမှာလည်း သဘာဝအတိုင်း ကြောက်စရာကောင်းလှသည်။
"သေစမ်း"
လုမင်က ဟိန်းဟောက်မာန်သွင်းလိုက်သည်။ သူက ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်ထံသို့ ပြေးဝင်သွား၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ထိုကျောက်တုံးဓားက မိုင်ပေါင်း ရာနှင့်ချီ၍ ရှည်လျားကာ ဆယ်မိုင်ခန့် ကျယ်ပြန့်သွားပြီး ကောင်းကင်ယံကို ဖိနှိပ်လိုက်တော့သည်။
ကျောက်တုံးဓားက ဟင်းလင်းပြင်ကို ဖြတ်သန်းခုတ်ပိုင်းကာ ပြိုကျသွားစေခဲ့သည်။ ကျောက်တုံးဓားက အတိုင်းအဆမဲ့သော ဟင်းလင်းပြင် လှုပ်ခတ်မှုများနှင့်အတူ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်ထံသို့ ခုတ်ပိုင်းချလိုက်၏။
"ဝုန်း..."
ကျစ်မြီးမုတ်ဆိတ်ဖြင့် မဟာဧကရာဇ်သည်လည်း သူ့စွမ်းအားကို အကုန်အစင် ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ တစ်နေရာလုံးတွင် ဖော်ပြ၍မရနိုင်သော ဖိအားများ ပြည့်နှက်သွားတော့သည်။
ကမ္ဘာကြီးတစ်ခုလုံးက မဟာလမ်းစဉ်၏ အရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က မဟာလမ်းစဉ်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ရွှေရောင်ဓားနှစ်လက် ပေါ်လာခဲ့သည်။ သူက ဓားများဖြင့် ခုတ်ပိုင်းကာ ဟင်းလင်းပြင်ကို ဖြတ်တောက်လိုက်၏။
"ထန်... ထန်..."
ဓားနှစ်လက်နှင့် ကျောက်တုံးဓားတို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားကြသည်။
"ဝမ်..."
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ လက်ထဲမှ ဓားက ကြီးမားသော ဖိအားအောက်တွင် ရှိနေသကဲ့သို့ တုန်ခါသွားခဲ့သည်။
လုမင်က ပြိုင်ဘက်ကင်းသော တည်ရှိမှုကဲ့သို့ပင်။ သူက တစ်ဖက်လူထံသို့ နောက်တစ်ကြိမ် ထပ်မံပြေးဝင်သွားသည်။
"သေစမ်း"
ဆိတ်မုတ်ဆိတ် မဟာဧကရာဇ်လည်း မဟာလမ်းစဉ်ကို ထိန်းချုပ်ကာ ရွှေရောင်ဓားနှစ်လက်ဖြင့် လုမင်ကို အတင်းဝင်တိုက်တော့သည်။
သူတို့နှစ်ဦးက ကောင်းကင်ယံတွင် တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်မှာ အခြေအနေမဟန်ဘဲ ရှိနေသည်။ သူသည် လုမင်၏ ဖိနှိပ်ခြင်းကို လုံးဝ ခံနေရ၏။ တိုက်ခိုက်မှုတစ်ခုစီအပြီးတွင် ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခြင်း ခံနေရတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မဟာဧကရာဇ် ထျန်းလော့၊ ဖုန်းမျိုးနွယ်စုခေါင်းဆောင်နှင့် အခြားလူများမှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်မှာ ကြယ်နှစ်ပွင့် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။ သူသည် ဟဲမျိုးနွယ်၏ မဟာဧကရာဇ်ထက် ပိုမိုသန်မာပြီး သူ့ကို သတ်ပင်သတ်နိုင်စွမ်း ရှိ၏။
သို့သော်လည်း ယခုတွင်မူ သူက လုမင်၏ ဖိနှိပ်ခြင်းကို ခံနေရပြီး အရေးနိမ့်နေပြီ။
ယခင် ကောင်းကင်မြို့တော်တိုက်ပွဲတွင် လုမင်က ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်စဉ်က ဟဲမျိုးနွယ်၏ မဟာဧကရာဇ်ကို မနည်းဖိနှိပ်ခဲ့ရရုံမျှသာ ရှိသည်။ သူက အဘယ်ကြောင့် ယခုအခါ ပိုပြီး ထိတ်လန့်စရာ ကောင်းနေရသနည်း။
"မကောင်းတော့ဘူး"
ဤအခိုက်အတန့်တွင် ဖုန်းမျိုးနွယ်စုခေါင်းဆောင်၊ ဝမ်မိသားစုခေါင်းဆောင်နှင့် အခြားလူများ မျက်နှာပျက်သွားကြသည်။
သူတို့က ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်နှင့် မဟာဧကရာဇ် ထျန်းလော့တို့ကို အားကိုးနေကြခြင်း ဖြစ်၏။ သို့သော်လည်း ယခုတွင်မူ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်မှာ အခြေအနေ မဟန်ဘဲ ရှိနေပြီ။ အကယ်၍ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ် ရှုံးနိမ့်သွားပါက လုမင်သည် သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။
သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ အချို့လူများမှာ သူတို့ အရင်ဆုံး ထွက်ပြေးသင့်သလားဟုပင် စတင်တွေးတောနေကြတော့သည်။
"ဝုန်း..."
ကောင်းကင်ယံတွင် နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလျက် နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခြင်း ခံလိုက်ရ၏။
"တောက်..."
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူက အလိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။ သူ ရရှိထားသော သတင်းအချက်အလက်များနှင့် လက်ရှိ အခြေအနေမှာ ကိုက်ညီမှုမရှိပေ။
"ငါ မင်းကို လိုက်ပို့ပေးလိုက်မယ်"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူက တိုက်ခိုက်ရလေ၊ ပိုမိုကြမ်းတမ်းလာလေပင်။ သူဟာ မိမိကိုယ်ပိုင် ခုခံကာကွယ်မှုကိုပင် ဂရုမစိုက်တော့ဘဲ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်ကို တရကြမ်း တိုးဝင်တိုက်ခိုက်တော့သည်။
မဟာဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်ရာတွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲက စွမ်းအင်များမှာ အလွန် လျင်မြန်စွာ ကုန်ဆုံးနေသဖြင့် တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရမည် ဖြစ်သည်။
အကယ်၍ တိုက်ပွဲက အချိန်ကြာမြင့်သွားပြီး စွမ်းအင် ကုန်ဆုံးသွားမည်ဆိုလျှင် သူ သွားရချေတော့မည်။
လုမင်က ခုခံခြင်းကို စွန့်လွှတ်ကာ ရူးသွပ်စွာ တိုက်ခိုက်ခဲ့သည်။
"ထန်"
ကျောက်တုံးဓားက ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ ဓားသွားကို လွှဲဖယ်ပစ်လိုက်သည်။ လုမင်က ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်ကို ကန်ကျောက်လိုက်ရာ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့၏။
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်လည်း သွေးတစ်လုပ် အန်ထုတ်ကာ နောက်သို့ ဆုတ်ခွာသွားရတော့သည်။
လုမင်က အနားယူချိန်မေပးဘဲ သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သည်။
"ထျန်းလော့... လာပြီး ငါ့ကို ကူပါဦး"
ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က သူ့ကို ကူညီရန် မဟာဧကရာဇ် ထျန်းလော့ကို လှမ်းအော်လိုက်သည်။
မဟာဧကရာဇ် ထျန်းလော့၏ အမူအရာ ပြောင်းလဲသွား၏။ နောက်ဆုံးတွင် သူက အံကြိတ်ကာ ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားတော့သည်။ သူက ဧကရာဇ်လက်နက် တစ်ခုကို ထုတ်ယူကာ လုမင်ကို တိုက်ခိုက်လိုက်သည်။
ယနေ့တွင် သူက လုမင်ကို အပြတ်ရှင်းရမည်။ သို့မဟုတ်ပါက၊ အကယ်၍ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ် သေဆုံးသွားလျှင် သူသည်လည်း သွားရချေတော့မည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် တောက်ပသော ဓားအလင်းတစ်ခုက ကောင်းကင်ယံတွင် လင်းလက်သွားပြီး မဟာဧကရာဇ် ထျန်းလော့ထံသို့ ခုတ်ပိုင်းချလိုက်သည်။
"မိစ္ဆာအိုကြီး သန်းခုန်း"
မဟာဧကရာဇ် ထျန်းလော့ ထိတ်လန့်သွားပြီး ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
"ဝုန်း..."
ကောင်းကင်ယံမှာ ပေါက်ကွဲသွားခဲ့၏။ ဦးလေးခုန်း၏ ပုံရိပ်က ပေါ်လာသည်။ သူ့ထံမှ ကြောက်စရာကောင်းသော ဓားအလင်းတန်းက မဟာဧကရာဇ် ထျန်းလော့ထံသို့ ခုတ်ပိုင်းလိုက်တော့သည်။
ဦးလေးခုန်း၏ ကျင့်ကြံမှုမှာ ကြယ်တစ်ပွင့် မဟာဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ကြယ်နှစ်ပွင့် မဟာဧကရာဇ် ဖြစ်လာရန် သိပ်မလိုတော့ပေ။
ထို့ပြင်၊ ဦးလေးခုန်းက နှစ်ပေါင်းများစွာကြာ ကျင့်ကြံလာခဲ့သူ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက မဟာဧကရာဇ်ထျန်းလော့ထက် ပိုမိုသန်မာနေသည်မှာ ထင်ရှားပေသည်။
မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကျင့်ကြံမှုအဆင့်သက်သက်သာ မဟုတ်ပေ။ ဦးလေးခုန်းက အခြားသောကဏ္ဍများတွင်လည်း ပိုမိုသန်မာသည်။
ယခင် ကောင်းကင်မြို့တော်တွင် ဦးလေးခုန်းက မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့်သာ သူက မဟာဧကရာဇ် ထျန်းလော့နှင့် သရေကျအောင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။
ယခုတော့ မဟာဧကရာဇ် ထျန်းလော့မှာ ဖိနှိပ်ခြင်း ခံလိုက်ရပြီး မိမိကိုယ်ကို ခုခံရန်သာ တတ်နိုင်တော့သည်။
"ဒုက္ခပဲ"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်၊ ဝမ်မိသားစုခေါင်းဆောင်နှင့် အခြားလူများ၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။
သူတို့ အားကိုးထားသော မဟာဧကရာဇ် နှစ်ပါးလုံးမှာ အခြေအနေ မဟန်ဘဲ ရှိနေကြသည်။
ထိုမဟာဧကရာဇ် နှစ်ပါးလုံး ရှုံးနိမ့်သွားသည်နှင့် သူတို့သည်လည်း သွားရချေတော့မည်။
"ဆုတ်မယ်... ဒီနေရာကနေ ဆုတ်ကြစို့"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ သူတို့အနေဖြင့် ဖုန်းမျိုးနွယ်စုကို ကာကွယ်ရန်အတွက် ဆုတ်ခွာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"မင်းတို့က ထွက်သွားချင်တာလား။ နောက်ကျသွားပြီ"
အဝေးမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ပုံရိပ်အမြောက်အမြား ပေါ်လာခဲ့၏။
သူတို့က ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် အခြားသော အဓိက အင်အားစု ဆယ်ခုမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"မင်းတို့ပဲ၊ မင်းတို့က ငါ့ဖုန်းမျိုးနွယ်စုကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ။ မင်းတို့ သေချင်နေတာလား"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်သည်။
"သေရမဲ့လူတွေက မင်းတို့ပဲ။ ဒီနေ့ မင်းတို့အားလုံး သေရမယ်။ တိုက်ခိုက်ကြစို့"
"သတ်ကြ"
အဓိက အင်အားစုကြီး ဆယ်ခုက ဖုန်းမျိုးနွယ်စုကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
ဤတစ်ကြိမ်တွင် အင်အားစုကြီး ဆယ်ခုလုံးက သူတို့၏ အကျော်အမော်များ အားလုံးကို စေလွှတ်လျက် အင်အားအပြည့်ဖြင့် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
လူအုပ်စုကြီး တစ်စုက ဖုန်းမျိုးနွယ်သို့ အရှိန်အဟုန်ဖြင့် ပြေးလာကြ၏။ သူတို့ကို သိုင်းဧကရာဇ်များက ဦးဆောင်ထားပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုးစုံမှာ ဖုန်းမျိုးနွယ်သို့ ကျရောက်လာကြတော့သည်။