အခန်း ၂၁၄၉
Vol. 150 Ch. 2149
အပိုင်း ( 2149 ) နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်ရောက်ပြီ။
လုမင်က ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်ကိုပင် သတ်နိုင်သည်။ ယင်းက သူ့ကို သွေးပျက်သွားစေခဲ့ပေသည်။
ယခုဆိုလျှင် လုမင်က သူ့ဆီသို့ လျှောက်လာပြီဖြစ်သည်။ သူ့မှာ ခုခံရန်စိတ်ကူး စိုးစိမျှ မရှိတော့ပေ။ မဟုတ်လျှင်၊ သေခြင်းတရားကသာ သူ့ကို စောင့်ကြိုနေတော့မည်။
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က အရှုံးပေးရန် စိတ်ကူးလိုက်သည်။
သို့သော်လည်း လုမင်ကမူ အမူအရာမပြောင်းပေ။
"ရတနာတွေလား... မင်းဆီမှာ မဟာဧကရာဇ်တစ်ပါးထက် ပိုများတဲ့ ရတနာတွေ ရှိလို့လား"
လုမင်က ခပ်အေးအေး ပြောလိုက်သည်။
ယခုလေးတင် ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ သိုလှောင်လက်စွပ်က သူ့လက်ထဲ ရောက်ရှိထားခဲ့ပြီ ဖြစ်သည်။ သူက အဘယ်ကြောင့် အခြားရတနာများကို လိုအပ်ဦးမည်နည်း။
"ငါ့ကိုမသတ်ပါနဲ့ လုမင်... မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ ဖုန်းမျိုးနွယ်စုကို ဦးဆောင်ပြီး မင်းဆီမှာ ထာဝရ သစ္စာခံပါ့မယ်"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ အသက်ရှင်သန်နိုင်ရန်အတွက် သူသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။
"မလိုဘူး... ငြိမ်းချမ်းစွာနဲ့ပဲ အနောက်ဘက်ကို သွားလိုက်ပါတော့"
လုမင်က အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပေသည်။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင် အများအပြား မကျန်တော့သော်လည်း ကြယ်ခုနစ်ပွင့် အစစ်အမှန်ဧကရာဇ်တစ်ပါးကို သတ်ရန် မခက်ခဲချေ။
"ရွှမ်..."
ဓားအလင်းတန်းက လက်သွားပြီး ဖုန်းမျိုးနွယ်စုခေါင်းဆောင်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ထို့နောက် လုမင်က ဝမ်မိသားစုခေါင်းဆောင်နှင့် အခြားသူများထံသို့ ပြေးဝင်သွား၏။
စိတ်လှုပ်ရှားစရာ မြင်ကွင်းများ ရှိမနေခဲ့ဘဲ ထိုအင်အားစုနှစ်ခု၏ ခေါင်းဆောင်များသည်လည်း တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ထို့နောက် လုမင်သည် အခြားသော ကျွမ်းကျင်သူ အနည်းငယ်ကို ထပ်မံသတ်ဖြတ်ခဲ့ပြန်သည်။ ထိုလူများက မုမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ ဖြစ်ကြပြီး သူတို့အားလုံးက အဆင့်မြင့် ဗလာနယ်ဧကရာဇ်များ ဖြစ်ကြသည်။
ထိုလူများကို သတ်ဖြတ်ပြီးနောက်မှာတော့ လုမင်က ဆက်လက်မတိုက်ခိုက်တော့ပေ။ သူက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ကောင်းကင်ဧကရာဇ် ခန္ဓာကိုယ်၏ စွမ်းအင်သိုလှောင်မှုက တစ်ဆယ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ နောက်တစ်ကြိမ် ၎င်းကို ထိန်းချုပ်လိုပါက စွမ်းအင်များ ဆက်လက်ဖြည့်တင်းရန် လိုအပ်လိမ့်မည်။
ဤတိုက်ပွဲက ရင်ခုန်စိတ်လှုပ်ရှားစရာ မရှိတော့ပါ။
ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်တို့၏ အသန်မာဆုံး ကျွမ်းကျင်သူများအားလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ကျန်ရှိနေသူများမှာ မခုခံနိုင်တော့ချေ။ ရလဒ်မှာ အဖြေထွက်သွားခဲ့ပြီ ဖြစ်သည်။
ယနေ့က သွေးချောင်းစီးသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ မကြာမီပင် ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ ကျွမ်းကျင်သူများ အားလုံးနီးပါး သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ ကျန်ရစ်ခဲ့သူများမှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများသာ ဖြစ်ကြသည်။
အင်အားစုကြီးဆယ်ခုမှ လူများအားလုံး ပြုံးရွှင်သွားကြပေသည်။
ဖုန်းမျိုးနွယ်စုက နောက်ဆုံးတွင် ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"ဝုန်း..."
ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ ဦးလေးခုန်း ဖြစ်၏။
"ကောင်လေး ထျန်းလော့က ထွက်ပြေးသွားခဲ့တယ်၊ ဒါပေမဲ့ အဲဒီကောင်က သေလုမြောပါး ဒဏ်ရာရသွားပါတယ်။ နောက်နှစ်ပေါင်းတစ်ရာအတွင်း သူ ပြန်ကောင်းလာမှာ မဟုတ်ဘူး"
ဦးလေးခုန်းက ပြောလိုက်သည်။ မဟာဧကရာဇ် ထျန်းလော့ကို မသတ်နိုင်ခဲ့ခြင်းမှာ နှမြောစရာပင်။
"ဒါလည်း ကောင်းတာပါပဲ... တစ်နေ့ကျရင် ထျန်းလော့ရဲ့ အသက်ကို ကျွန်တော်ကိုယ်တိုင် ယူလိုက်မယ်"
လုမင်က ပြောလိုက်သည်။
"ဒါနဲ့ ဦးလေးခုန်း... မုမိသားစုက ဒီတစ်ကြိမ်မှာ မဟာဧကရာဇ်တစ်ပါး ဆုံးရှုံးသွားခဲ့ရပြီ။ သူတို့ ရူးသွပ်ပြီး ကလဲ့စားချေဖို့ လာကြမလား"
လုမင်က မေးလိုက်သည်။
သူက မကြာမီ ထွက်ခွာတော့မည်။ မုမိသားစုက ကျွမ်းကျင်သူများကို စေလွှတ်ပြီး နတ်ဆင်ဂိုဏ်းနှင့် ဖီးနစ်နန်းတော်တို့ကို နှိပ်ကွပ်မည်ကို သူ စိုးရိမ်နေမိသည်။
"မုမိသားစုက မင်းကိုသတ်ဖို့ ယွမ်တောင်ကို မဟာဧကရာဇ်တစ်ပါး စေလွှတ်ခဲ့တယ်။ ဒါကြောင့် ငါကိုယ်တိုင် နတ်ကံကြမ္မာနယ်မြေကိုသွားမယ်။ ငါ့မှာ နတ်ကံကြမ္မာမြင့်မြတ်နယ်မြေက အုပ်ချုပ်သူတစ်ဦးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ မုမိသားစုကို ထိန်းချုပ်ဖို့ သူတို့ကို ငါ အကူအညီတောင်းလိုက်ရင် မုမိသားစုလည်း မဆင်မခြင် လုပ်ရဲမှာ မဟုတ်တော့ပါဘူး"
ဦးလေးခုန်းက ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ ထိုသို့ဆိုလျှင်မူ သူ စိတ်အေးသွားရပြီ။
ဖုန်းမျိုးနွယ်စုနှင့် တိုက်ပွဲသတင်းက မကြာမီမှာပင် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သို့်တည်းမဟုတ် သိပ်မကြာခင်မှာပင် ၎င်းက ယွမ်တောင်တစ်ခုလုံးသို့ပင် ပျံ့နှံ့သွားခဲ့၏။
ဤတိုက်ပွဲတွင် အင်အားကြီး အဖွဲ့အစည်းအချို့ ပျောက်ကွယ်သွားခဲ့ရပြီး မဟာဧကရာဇ်များပင် ကျဆုံးခဲ့ရသည်။ ၎င်းက တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့ပေသည်။
အရေးကြီးဆုံးအချက်က ထိုမဟာဧကရာဇ်မှာ လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
အချိန်တိုအတွင်းမှာပင်၊ လုမင်၏ နာမည်သတင်း ကျော်စောမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
မူလက နယ်မြေဆယ်ခု တိုက်ပွဲကြောင့် လုမင်သည် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း၊ ထို့နောက်တွင်မူ သူ ဧကရာဇ်တစ်ပါး ဖြစ်လာရန် ခက်ခဲလိမ့်မည်ဟု ကောင်းကင်ဧကရာဇ်၏ ဆုံးဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် ယွမ်တောင်ရှိ လူတိုင်းက သူ့အကြောင်းကို သိရှိထားကြပေသည်။
ယခုအခါတွင်မူ သူက မဟာဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရေတွက်၍မရသော လူများ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။
ယခင်က လုမင်၏ အလားအလာမှာ ကန့်သတ်ချက် ရှိနေပြီး ဧကရာဇ် ဖြစ်မလာနိုင်သောကြောင့် လုမင်ကို အထင်သေးခဲ့ကြသူများ ရှိနေသေးသည်။
သို့သော်လည်း ယခုအခါတွင်မူ လုမင်ကို မည်သူမျှ မပြစ်မှားရဲကြတော့ချေ။
သူက သိုင်းဧကရာဇ် ဖြစ်မလာနိုင်လျှင်ပင် ဘာဖြစ်သေးသနည်း။
သူက လေနှင့် တိမ်တိုက်များကို လှုပ်ခတ်နိုင်ဆဲ ဖြစ်သည်။ သူ၏ အမျက်ဒေါသအောက်တွင် အင်အားကြီး အဖွဲ့အစည်းအချို့မှာ ချေမှုန်းခြင်း ခံခဲ့ရပြီး သွေးများကလည်း မြစ်ပမာ စီးဆင်းခဲ့ရသည်။ မဟာဧကရာဇ်များပင် သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။
လုမင်၏ လက်ထဲတွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ် ရှိနေသရွေ့ သူ သိုင်းဧကရာဇ် ဖြစ်မလာနိုင်လျှင်ပင် ထိတ်လန့်ဖွယ် ဖြစ်တည်မှုတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။ မဟာဧကရာဇ်များပင် သူ့ကို ကြောက်ရွံ့ကြရပေလိမ့်မည်။
ပြင်ပကမ္ဘာကြီးမှာ တုန်လှုပ်ခဲ့ရသည်။ လူပေါင်းမြောက်မြားစွာက လုမင်၏ နာမည်ကို ပြောဆိုနေကြ၏။
ထိုအချိန်တွင် လုမင်ကိုယ်တိုင်ကမူ စန်းပြည်နယ်သို့ပြန်ရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ ဖုန်းမျိုးနွယ်၊ ဝမ်မိသားစု၊ ရွှေကျီးကန်းမျိုးနွယ် ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့ ပျက်စီးသွားခဲ့ပြီ။ သူတို့ ချန်ထားခဲ့သော အရင်းအမြစ်များနှင့် နယ်မြေများကို ဖီးနစ်နန်းတော်နှင့် အခြားသော ဂိုဏ်းများက ခွဲဝေယူခဲ့ကြသည်။ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ အင်အားစုများအကြားတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပေသည်။
လုမင်ကတော့ ဤအရာများတွင် ပါဝင်ခြင်း မရှိတော့ချေ။
သူက တာ့ယန်ဆေးခန်းမတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ဦးလေးခုန်းက နတ်ကံကြမ္မာနယ်မြေသို့ ထွက်ခွာသွားခဲ့၏။ လုမင်က ချင်ယွဲ့၊ ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့ကို ခေါ်ဆောင်ကာ စန်းပြည်နယ်ဆီသို့ ဦးတည်ထွက်ခွာခဲ့တော့သည်။
စန်းပြည်နယ်၊ ယွင်ပြည်နယ်နှင့် ဧကရာဇ်ပြည်နယ်...
ဤပြည်နယ် သုံးခုစလုံးက တိမ်ပင်လယ်တောင်တန်းတွင် တည်ရှိသည်။ ၎င်းတို့က ပင်လယ်နှင့် အနီးဆုံး ဖြစ်ပြီး အလွန်အမင်း ဝေးလံခေါင်သီသော ဒေသများအဖြစ် သတ်မှတ်ခြင်း ခံထားရ၏။
ယွမ်တောင်၏ မြင့်မြတ်နယ်မြေအမျိုးမျိုးမှ လူအနည်းငယ်သာ ဤပြည်နယ် သုံးခုသို့ လာရောက်လေ့ ရှိကြသည်။
ထို့ကြောင့် ဤနေရာသို့ တိုက်ရိုက်သွားနိုင်သော အများသုံး နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များ မရှိချေ။ သူတို့ကိုယ်တိုင် ပျံသန်းသွားကြရမည် ဖြစ်သည်။
လုမင်က ရုပ်သေးရုပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤရုပ်သေးရုပ်က သိန်းငှက်တစ်ကောင်နှင့် တူ၏။ ၎င်းမှာ ထိုစဉ်က ချောင်ကိုင်မှ သူ့ကို ပေးအပ်ခဲ့သော အရာပင် ဖြစ်သည်။ ၎င်းက ကောင်းကင်ထိုးဖောက်လွန်းပျံယဉ်ထက် အဆတစ်ရာ ပို၍ မြန်ဆန်စွာ သွားလာနိုင်ပေသည်။
သူတို့ကက ထိုသိန်းငှက်ရုပ်သေးပေါ်တွင် ထိုင်လိုက်ကြသည်။ သိန်းငှက်ရုပ်သေးက သူ့အတောင်ပံများကို ဖြန့်ကျက်ကာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် စန်းပြည်နယ်ဆီသို့ ပျံသန်းသွား၏။
အဆတစ်ရာ ကောင်းကင်ထိုးဖောက်လွန်းပျံယာဉ်၏ အရှိန်မှာ အလွန် မြန်ဆန်လှသည်။ သူတို့သည် လျှပ်စီးတန်းများကဲ့သို့ ဖြစ်နေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် လင်းယုန်ရုပ်သေး၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းအလွှာ အကာအကွယ်တစ်ခု ရှိနေခဲ့သည်။ ထိုသို့မဟုတ်ပါက သူတို့သည် စကြဝဠာလေပြင်းများကြောင့် အပိုင်းပိုင်း ဆုတ်ဖြဲခံရလိမ့်မည်။
သူတို့၏ အောက်တွင်မူ အဆုံးမဲ့သော တောင်တန်းများနှင့် မြစ်ရေပြင်များ ရှိနေသည်။ ဧကရာဇ်အဆင့် အင်အားစုများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းပျံသန်းသွားခဲ့ကြ၏။
ထိုစဉ်က လုမင်သည် တိမ်ပင်လယ်တောင်တန်းမှ ထွက်ပြေးခဲ့စဉ်မှာ လပေါင်းများစွာ ကြာအောင် ပျံသန်းခဲ့ရပြီး ဧကရာဇ်အဆင့် အင်အားစု အနည်းငယ်ကိုသာ ဖြတ်သန်းနိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ သူတို့က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ တိမ်ပင်လယ်တောင်တန်း၏ နယ်စပ်သို့ ရောက်ရှိရန် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့ပေသည်။
တိမ်ပင်လယ်တောင်တန်းသို့ ဝင်ရောက်ပြီးနောက်၊ သူတို့က သူတို့ကိုယ်သူတို့ ရုပ်ဖျက်ရန်နှင့် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ရန် နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုလိုက်ကြသည်။
ယခုအခါ သူတို့က ပြည်နယ်သုံးခု၏ လက်ရှိအခြေအနေကို မသိရှိကြသေးချေ။ တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများမှာ ရန်သူ့လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သဘာဝအတိုင်း၊ သူတို့၏ အထောက်အထားကို အလွယ်တကူ မပြသနိုင်ချေ။
လုမင်က သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ရန်သူများကို လုံးဝ မကြောက်ရွံ့ပါ။ သို့သော်လည်း သူတို့၏ အထောက်အထားကို ဖုံးကွယ်ထားပြီး လူကို အရင် ကယ်ဆယ်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
နောက်ထပ် နှစ်ရက်ကြာပြီးနောက်၊ သူတို့က တိမ်ပင်လယ်တောင်တန်းကို ဖြတ်သန်းကာ ယွင်ပြည်နယ်၏ နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။
"အစ်ကိုနဲ့အစ်မ၊ အရင်ဆုံး ရုပ်ဖျက်ပြီးတော့ ယွင်ပြည်နယ်မှာ စောင့်နေကြပါ။ ချင်ယွဲ့နဲ့ ကျွန်တော်ကတော့ စန်းပြည်နယ်ကို အရင်ပြန်သွားပြီး ဆရာနဲ့ အခြားသူတွေကို ကယ်တင်နိုင်မလားဆိုတာ ကြည့်လိုက်မယ်"
လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို ပြောလိုက်သည်။
"ကောင်းပါပြီ၊ မင်း... ဂရုစိုက်ပါ"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည်လည်း မိမိတို့ကိုယ်မိမိ သန်မာမှု မရှိသေးကြောင်း နားလည်ထားကြသည်။ အကယ်၍ လုမင်နှင့်အတူ သွားလျှင်ပင် သူတို့ များစွာ ကူညီနိုင်မည် မဟုတ်ချေ။
သူတို့က ယွင်ပြည်နယ်တွင် အရင်ဆုံး သတင်းအချက်အလက်များကို စုဆောင်းရန် စီစဉ်လိုက်ကြသည်။
သူတို့လေးဦးက လမ်းခွဲလိုက်ကြ၏။ လုမင်နှင့် ချင်ယွဲ့တို့က စန်းပြည်နယ်သို့ သွားခဲ့ကြပြီး ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကမူ သတင်းအချက်အလက် စုဆောင်းရန် ယွင်ပြည်နယ်တွင် နေရစ်ခဲ့ကြတော့သည်။
သူတို့က ရုပ်သေးရုပ်များကို မစီးနင်းတော့သော်လည်း လုမင်နှင့် ချင်ယွဲ့တို့၏ လက်ရှိအရှိန်ဖြင့် တစ်နာရီအတွင်း ယွင်ပြည်နယ်တစ်ခုလုံးကို ဖြတ်သန်းသွားနိုင်သည်။ သူတို့က စန်းပြည်နယ်၏ နယ်မြေအများစုကို ဖြတ်သန်းကာ နဂါးနတ်ဘုရားတောင်ကြားအနီးသို့ ရောက်ရှိလာခဲ့ကြ၏။
သူတို့ နှစ်ဦးစလုံးက ကောင်းကင်ယံတွင် ရပ်တန့်ကာ နဂါးနတ်ဘုရားတောင်ကြားကို လှမ်းကြည့်လိုက်ကြသည်။
နဂါးနတ်ဘုရားတောင်ကြားက ယခင်ကကဲ့သို့ မဟုတ်တော့ချေ။
ထိုစဉ်က နဂါးနတ်ဘုရားတောင်ကြားသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အကြောင်းမှာ၊ ရေခဲနဂါးဘိုးဘေးက နဂါးနတ်ဘုရားတောင်ကြား၏ အနက်ရှိုင်းဆုံးနေရာတွင် နေထိုင်ခဲ့သောကြောင့်ပင်။ ရေခဲနဂါးဘိုးဘေး ကျင့်ကြံနေသဖြင့် အပူချိန်က အလွန်အမင်း နိမ့်ပါးနေခဲ့ရာ ဆီးနှင်းများ ကောင်းကင်ပြင်တွင် ပြည့်နှက်နေစေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ဆီးနှင်းများမှာ အရည်ပျော်သွားခဲ့ပြီဖြစ်ပြီး အပင်များဖြင့် စိမ်းလန်းစိုပြည်နေခဲ့ပြီ။ နဂါးနတ်ဘုရားတောင်ကြားက အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရံဖန်ရံခါမှာတော့ လူများ အဝင်အထွက် ရှိနေသည်ကို တွေ့ရပေသည်။
"ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက လူတွေ"
လုမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ သူ့ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။