← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

🫧 Chapter 311

လီစုန့်နှင့် တန်းရန်တို့ ခေါင်းမော့ကြည့်လိုက်ရာ မှင်သက်သွားကြတော့၏။

၎င်းတို့၏မျက်စိရှေ့တွင် အလွန်သေသပ်လှပသော ဗီလာလေးများက အစီအရီရှိနေသည်မဟုတ်ပါလော။

ထို့ပြင် အသုံးပြုထားသော ပစ္စည်းများကမူ အလွန်ထူးခြားပုံရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖန်သားနှင့်ဆင်တူနေတော့သည်။

အလင်းရောင်လည်း ကောင်းစွာဝင်ရောက်နိုင်ပြီး ကြည်လင်တောက်ပနေသော အလှတရားတစ်ခုအား ဆောင်ကြဉ်းပေးနေလေသည်။

ဗီလာများ၏ပုံစံမှာလည်း တစ်လုံးနှင့်တစ်လုံး မတူညီကြပါချေ။

ဂျီသြမေတြီပုံစံများ ရှိသကဲ့သို့ အလုံးလေးများနှင့် ချစ်စရာကောင်းသော နာရီပုံစံများလည်း ရှိပေသည်။

အနက်၊ အဖြူနှင့် မီးခိုးရောင်များဖြင့် ရိုးရှင်းစွာ ဖွဲ့စည်းထားသော ဗီလာများမှာမူ သေတ္တာလေးတစ်လုံးနှင့်ပင် တူနေ၏။

လူ့လောကတွင် တွေ့ရလေ့ရှိသော ပုံမှန်ဗီလာလေးများ ရှိသကဲ့သို့ ရှေးဟောင်းပုံစံ လေထဲပေါလောပေါ်နေသော အဆောက်အအုံငယ်လေးများလည်း ရှိလေသည်။

ထိုစဉ် ထိုက်ချင်က ဆက်ပြောလာသည်။

"အားလုံးပဲ ကိုယ်ကြိုက်တဲ့ ဗီလာတစ်လုံးကို ရွေးချယ်ပြီး နေလို့ရပါတယ်၊ ဗီလာတိုင်းမှာ သီးသန့် ကျင့်ကြံရေး အခန်းတွေ ပါတာမို့လို့ စိတ်ချလက်ချ ကျင့်ကြံလို့ ရပါတယ်"

"စွမ်းရည်တွေ သုံးရင်တောင်မှ အကန့်အသတ်မရှိ အကုန် ထုတ်မသုံးသရွေ့ ဘာမှမဖြစ်နိုင်ပါဘူး"

ထိုစကားကိုကြားသောအခါ အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များပင်လျှင် လှမ်းကြည့်လာကြတော့သည်။

'သီးသန့် ဗီလာလေးများ၊ သီးသန့်ကျင့်ကြံရေး အခန်းများ'

'ဘယ်လောက်တောင် လက်ဖွာလိုက်သလဲ'

အရှေ့ဘက်နန်းဆောင်မှာပင် ကျင့်ကြံရန်အတွက် သီးသန့် ပြုလုပ်ထားသော ကျင့်ကြံရေးအခန်းများဆီသို့ သွားရလေ့ရှိသည် မဟုတ်ပါလော။

စွမ်းရည်များကိုပါ လေ့ကျင့်နိုင်သည့် သီးသန့်အခန်းငယ်လေးများဆိုလျှင် ပိုရှားပါးပေသည်။

ကျန်းလင် နန်းဆောင် (၁၈) တွင် ရှိစဉ်ကလည်း ရိုးရိုးရှင်းရှင်း ကျင့်ကြံရုံသာ ကျင့်ကြံခဲ့ရခြင်းဖြစ်သည်။

အကယ်၍ စွမ်းရည်များကို လေ့ကျင့်လိုလျှင်ဖြစ်စေ၊ အဆင့်တက်လိုလျှင် ဖြစ်စေ သေချာပေါက် ကျင့်ကြံရေးအခန်းသို့ သွားရမည်သာ။

ထိုအခန်းမှာလည်း အဆင့်မြင့် ကျင့်ကြံရေးအခန်း ဖြစ်ရပေမည်။

မဟုတ်လျှင် မတော်တဆအိမ်ပြိုကျသွားမည်ကို စိုးရိမ်ရသောကြောင့်ပင်။

ကျင့်ကြံရေးအခန်းများ ရှားပါးရခြင်း၏အဓိက အကြောင်း ရင်းမှာ တစ္ဆေချီစွမ်းအင်ကို စုစည်းပေးနိုင်ရုံသာမက တိုက်ခိုက်မှုများကိုပါ ခံနိုင်ရည်ရှိသည့် ပစ္စည်းများရှာဖွေရ ခက်ခဲသောကြောင့်ဖြစ်သည်။

ဝိညာဉ်ဘုရင်အဆင့်၏တိုက်ခိုက်မှုအား ခုခံနိုင်သော ပစ္စည်းများဆိုလျှင် ပိုမိုရှားပါးလှပေသည်။

ယခုမူကား အနောက်ဘက်နန်းဆောင်မှ ရောက်ရောက်ချင်း တစ်ယောက်အား တစ်ခန်းစီ ပေးအပိလိုက်ရာ ၎င်းတို့ အနေဖြင့် မည်သို့အံ့သြခြင်း မရှိဘဲနေနိုင်မည်နည်း။

သို့သော် ထိုက်ချင်ကမူ ထိုမျှနှင့် မလုံလောက်သေးဟု ထင်နေပုံရသည်။

"ဒါနဲ့ အထဲမှာ ပုံမှန် အသုံးပြုလေ့ရှိတဲ့ ကျင့်ကြံရေး အထောက်အကူပြု ဝိညာဉ်လက်နက်အချို့နဲ့ လက်နက် ဖန်တီးတဲ့ ကိရိယာတွေလည်း ရှိပါတယ်၊ အားလုံးပဲ လွတ် လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်" ဟု ၎င်းက ထပ်ပေါင်းပြောဆိုလိုက်သေးသည်။

"တကယ် ဂရုစိုက်ပေးထားတာပဲ"

ထိုအခါ ရွှီယိုကျိ၏အသံထဲတွင် ရိုးသားမှုများ အနည်းငယ် ပိုမိုပါဝင်လာတော့သည်။

အနောက်ဘက်နန်းဆောင်၏အခြေအနေ အတိအကျကို မသိရသော်လည်း အနောက်ဘက်နန်းဆောင်သို့ ရောက်ရှိလာချိန်မှစ၍ ထိုက်ချင်အပါအဝင် အခြား ဝိညာဉ်တမန်တော်များ၏ ဆက်ဆံရေးနှင့် လမ်းတစ်လျှောက် စီစဉ်ပေးမှုများအရ အနောက်ဘက်နန်းဆောင်မှ ၎င်းတို့ကို ဧည့်ခံရာတွင် အမှန်ပင် စေတနာထားလုပ်ဆောင်ပေးကြောင်း သိသာလှပေသည်။

"အားနာစရာ မလိုပါဘူး၊ အနောက်ဘက်နန်းဆောင်ကို ရောက်လာပြီဆိုမှတော့ ငါတို့ရဲ့ မိတ်ဆွေတွေပါပဲ" ထိုက်ချင်က ပြုံးလျက် ပြောလိုက်၏။

ထိုအခါ ထိုက်ချင်၏ထိုစကားတစ်ခွန်းတည်းဖြင့် နန်းဆောင်နှစ်ခုကြားဆက်ဆံရေးကို ချက်ချင်းဆိုသလို ပိုမိုနီးကပ်သွားစေတော့သည်။

အနက်ရောင်နောက်ခံတွင် ရွှေရောင်အနားကွပ်ထားသော ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပြီး ကျောတွင် စက်သေနတ်ကို လွယ်ထားသော ယောကျ်ားပီသသည့် အမျိုးသားတစ်ယောက် ပြုံးလိုက်သောအခါ အမှန်ပင် ဆွဲဆောင်မှုရှိလှပေသည်။

ထို့ပြင် ရင့်ကျက်ပြီး အားကိုးရမည့်ပုံပေါ်နေသည်။

လီစုန့်နှင့် တန်းရန်တို့၏ မျက်လုံးထဲ၌လည်း ထိုက်ချင်မှာ ဆွဲဆောင်မှုရှိနေရုံသာမက တောက်ပနေတော့သည်။

ရိုးရိုးတောက်ပနေခြင်းမဟုတ်ပဲ ရွှေရောင်များ တလက်လက် တောက်ပနေခြင်းပင်။

အမှန်ပင် ချမ်းသာလွန်းလှပေသည်။

ဗီလာဆိုနှင့်ပင်အတော်လေးဟုတ်နေပြီဖြစ်ရာ ယခုမူ သီးသန့်ကျင့်ကြံရေးအခန်းပါ ရှိနေခြင်းမဟုတ်ပါလော ?

တောင်ဘက်နန်းဆောင်ကဲ့သို့ လူစုလူဝေးဖြင့် နေထိုင်ရသော အိမ်ရာများနှင့် ကျင့်ကြံရေးအခန်းများ ရှိသည့် နေရာမျိုးတွင် ဤကဲ့သို့ဖြစ်လာရန် လုံးဝမဖြစ်နိုင်ပါချေ။

အရေးအကြီးဆုံးမှာ ထိုအိမ်များအား ကြည့်ရသည်မှာ အရမ်းခိုင်ခံ့ပုံရနေခြင်းဖြစ်သည်။

ထိုအခါ တန်းရန် ပါးစပ်အဟောင်းသားဖြင့် "အစ်ကို၊ သွားပါပြီ" ဟု ရေရွတ်လိုက်၏။

ယခုမူ သူ စိတ်ဝင်စားသွားပြီ ဖြစ်သည်။

လမ်းတစ်လျှောက် မြင်ခဲ့ ကြားခဲ့ရသမျှ အရာအားလုံးက အလွန်ဆွဲဆောင်မှု ရှိလွန်းနေပေသည်။

'ဝိညာဉ်လက်နက်တွေ၊ အိမ်တွေ အနောက်ဘက်နန်းဆောင်က တကယ် ချမ်းသာတာပဲ'

လီစုန့်လည်း ဗီလာများအား ကြောင်တောင်တောင် ကြည့်ကာ "ဒီနေရာက တကယ်လှတယ်လို့ ငါလည်း ထင်တယ်"

ထိုစဉ် ညီအစ်ကို နှစ်ယောက်၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြတ်ပြေးသွားတော့သည်။

'အနောက်ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်ကျန်းကို ဒီမှာ အပြီးနေခိုင်းဖို့များ ကြံစည်နေတာလား'

'ဒီလမ်းတစ်လျှောက်လုံး ပစ္စည်းကောင်းတွေချည်းပဲ ထုတ်ပြနေတာ'

'လူ့လောကက ပရိသတ်တွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့လောက်တော့ မဖြစ်နိုင်ဘူး'

'အနောက်ဘက်နန်းဆောင်ရဲ့အကြံအစည်က သူတို့ ထင်ထားတာထက်တောင် ပိုကြီးမားနေနိုင်သေးတယ်'

'ဒါ ဝိညာဉ်တမန်တော်ကျန်းကို တိုက်ရိုက်သိမ်းသွင်းပြီး ဒီငရဲပြည်ရဲ့ ယဉ်ကျေးမှုဖြန့်ချိသူ ရာထူးကို တိုက်ရိုက်အရယူပစ် လိုက်ဖို့ပဲ'

'ဒီလောက်ကောင်းတဲ့ နေရာမျိုးဆိုတော့ သူတို့တောင် ဒီမှာ နေချင်လာပြီ'

……

[ဒင်~ လက်အောက်ခံက နေ့စဉ်တာဝန်ဖြစ်တဲ့ ငရဲပြည် ယဉ်ကျေးမှု ဖြန့်ဝေခြင်း [အလှည့်အပြောင်း] ကို အောင်မြင်စွာပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ အမှတ် ၅၀၀ ပေါင်းထည့်လိုက်ပါတယ်]

[ဒင်~ စနစ်ပိုင်ရှင်က နေ့စဉ်တာဝန်ဖြစ်တဲ့ ငရဲပြည်ယဉ်ကျေး မှု ဖြန့်ဝေခြင်း]

စနစ်၏အသိပေးသံများ အသီးသီးထွက်ပေါ်လာချိန်တွင် ကျန်းလင်သည် ဂျီသြမေတြီပုံစံရှိသော ဗီလာငယ်လေးကို ရွေးချယ်လိုက်သည်။

ချင်ကျိုးကျိုးကမူ ခေါက်ဆွဲခြောက်ဘူးပုံစံနှင့် တူသော ဗီလာတစ်လုံးကို ရွေးချယ်လိုက်၏။

အနက်ရောင် ဝိညာဉ်တမန်တော် လျိုပုဝေကမူ အနက်၊ အဖြူ၊ မီးခိုးရောင် ရိုးရိုးရှင်းရှင်းပုံစံကို ရွေးချယ်လိုက်သည်။

လီစုန့်နှင့် တန်းရန်တို့သည်လည်း တက်ကြွစွာဖြင့် သပ်ရပ်လှပသော လေထဲရှိအဆောက်အအုံလေး နှစ်လုံးကို ရွေးချယ်လိုက်ကြလေသည်။

သာမန်အချိန်များတွင် ၎င်းတို့အတူတကွ နေထိုင်ရန်ပြင်ဆင်ထားသော်လည်း ထိုက်ချင်မှ သူတို့အား တစ်လုံးယူ၊ တစ်လုံးကြည့် လုပ်ခွင့်မရှိဟု ဆိုလိုခြင်း မဟုတ်ပါချေ။

ဗီလာနှစ်လုံးကို တစ်လှည့်စီနေလို့ ရသည်မဟုတ်ပါလော။

"ဝိုး ဒါ သူဌေးတွေရဲ့ ခံစားချက်မျိုးများလား"

"ဘာလို့ ဒီလောက်တောင် နေလို့ကောင်းနေရတာလဲ"

တစ္ဆေလေးနှစ်ကောင်မှာ ဗီလာ နှစ်လုံးကို လှည့်ပတ်ကြည့်ရှုရင်း အလွန်သဘောကျနေကြကာ စိတ်ထဲတွင်လည်း ကြည်နူးနေကြတော့သည်။

အနောက်ဘက်နန်းဆောင်၊ ပရိသတ်ဆိုသည်များကို ယခုအချိန်တွင် သူတို့ လုံးဝမေ့ပစ်လိုက်ကြပြီဖြစ်၏။

……

[တစ်ယောက်ကို ဗီလာ တစ်လုံးစီ၊ အလှဆင်ပြီးသား၊ ပရိဘောဂ အစုံအလင်၊ အဝတ်အစားလေး ယူလာရုံနဲ့ တန်းနေလို့ရတယ်၊ အားကျလိုက်တာ အားကျလိုက်တာ]

[အနောက်ဘက်နန်းဆောင်က တကယ် သူဌေး‌တွေ‌နေတဲ့နေရာပဲ]

[ဒီအဆောက်အအုံတွေက အရမ်းထူးခြားတာပဲ]

[အိမ်တွေကတော့ ငါ ဆောက်လို့ မရတော့ဘူး၊ ငါ သိချင်တာက ဒီအနောက်ဘက်နန်းဆောင်က အဝတ်အစားတွေကို ဘယ်မှာ သွားဝယ်လို့ရမလဲ ဆိုတာပဲ၊ အရမ်းလှလွန်းလို့ပါ]

အချိန်တစ်ဝက်လောက် အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ နယ်ပယ်အသီးသီးမှ လူများရောက်ရှိလာကြလေသည်။

အနောက်ဘက်နန်းဆောင်၏ခေတ်မီ နည်းပညာများကို လေ့လာရန် ရောက်လာကြသော သုတေသီများလည်းရှိ၏။

အဆောက်အအုံ လုပ်ငန်းနှင့် အထည်အလိပ် လုပ်ငန်းမှ ဒီဇိုင်နာအချို့ကလည်း စိတ်ကူးသစ်များရနိုင်လေမလားဆိုပြီး ဝင်ကြည့်လာကြသည်။

ထို့အပြင် စက်ရုံကြီးအသီးသီးမှ လူများလည်း ရောက်လာကြလေသည်။

ဤငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ နေရာတိုင်းတွင် စီးပွားရေးအခွင့်အလမ်းများ ပြည့်နှက်နေသည်ကို ၎င်းတို့ သတိထားမိသွားကြပြီ ဖြစ်၏။

စားသောက်ကုန်လုပ်ငန်း အသီးသီးမှ လူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ရံဖန်ရံခါလာကြည့်တတ်ကြသေးသည်။

'ဘယ်အချိန်မှာ Streamer က စားသောက်ပြမလဲ' ဆိုသည်ကို မည်သူမှ တပ်အပ်မပြောနိုင်ချေ။

[စီးပွားရေး အခွင့်အလမ်းအသစ်တွေကို မြင်လိုက်ရသလိုပဲ ]

[အစွမ်းအထက်ဆုံး ကုန်ပစ္စည်းကြော်ငြာရှင်ကြီး ထွက်ပေါ် လာပြီ ဟားဟားဟား Streamer က အမိုက်စားပဲ]

[မင်းတို့ ပြောကြည့်၊ ဒီမှာ အလုပ်ရှာတဲ့ အကြောင်းတင်လိုက်ရင် အဆင်ပြေမလား]

ပရိသတ် တစ်ယောက်က ရုတ်တရက် ထမေးလိုက်၏။

[ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေ အရမ်းကိုစုံလင်နေတာကိုး]

[ပြီးတော့ ငရဲပြည်တိုက်ရိုက်ထုတ်လွှင့်မှု အခန်းဖြစ်နေတော့ ဘယ်သူမှ လာပြီး လိမ်ရဲမယ် မထင်ပါဘူး]

[ဒီလို တွေးကြည့်လိုက်တော့ အလုပ်ရှာတဲ့ ဆော့ဖ်ဝဲလ်တချို့ထက်တောင် ပိုပြီးယုံကြည်မှုရနိုင်သေးတယ်]

[ဟားဟားဟား၊ ဒါ Streamer ကို မေးရမယ်၊ ဒါပေမယ့် Streamer က အဲဒီလို ကိစ္စတွေကို ဘယ်တုန်းကမှ ဝင်မပါဖူးဘူးလေ]

[အလုပ်လက်မဲ့ တစ်ယောက်ပါ၊ အလုပ်လေး ရှာချင်လို့ပါ]

[ကျွန်တော်က အိုင်တီ (IT) နယ်ပယ်ကပါ၊ အလုပ် ပြောင်းချင်လို့]

ပရိသတ်များ ရယ်ရယ်မောမော ပြောဆိုနေကြစဉ် ရုတ်တ ရက် မျက်နှာပြင်ပေါ်တွင် Streamer ၏ ချောမောလှပသော မျက်နှာကြီး ပေါ်လာလေသည်။

ထိုခဏချင်းတွင်ပင် ပရိသတ်အတော်များများမှာ လန့်ဖြတ်သွားပြီး နောက်သို့ ဆုတ်သွားကြတော့၏။

'အဟမ်း၊ သူတို့က Streamer ကို ကြောက်တာ မဟုတ်ပါဘူး၊ တုံ့ပြန်ဖို့ အချိန်မရလိုက်လို့ပါ'

'ခုနက တစ်စက္ကန့်လေးအတွင်းမှာ သူတို့ ကိုယ်တိုင် အခေါ်ခံရတော့မလို ခံစားလိုက်ရတယ်လေ'

ငရဲပြည်တွင်

တည်းခိုမည့် နေရာများကို စီစဉ်ပေးပြီးနောက် အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ထွက်ခွာသွားကြလေသည်။

ကျန်းလင်တို့လည်း ကိုယ်စီ ရွေးချယ်ထားသော ဗီလာများဆီသို့ ဝင်သွားကြ၏။

ထို့နောက် သူ ကင်မရာကို တစ်ချက် ကြည့်လိုက်ပြီး "ဒီနေ့တော့ ဒီလောက်ပဲ၊ လိုက်ဖ် ပိတ်တော့မယ်" ဟု ပြောလိုက်သည်။

စကားဆုံးသည်နှင့် အချိန်ဆွဲမနေဘဲ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပိတ်ပစ်လိုက်တော့၏။

[ဟုတ်ကဲ့ပါ၊ နောက်မှ ပြန်ဆုံကြတာပေါ့ Streamer ရေ]

[ကြည့်လို့ မဝသေးဘူးလို့ ခံစားရတယ်]

[တာ့တာ Streamer]

……

တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးလုံးလေးကို သိမ်းဆည်းပြီးနောက် ကျန်းလင် နေထိုင်မည့် နေရာအသစ်ကို အလျင် အမြန် တစ်ပတ် ပတ်ကြည့်လိုက်လေသည်။

သူသည် ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီးနောက် ဗီလာရှိကျင့်ကြံရေး အခန်းထဲသို့ ဝင်ရောက်ကာ စမ်းသပ်မှု အနည်းငယ်ပြုလုပ်ကြည့်လိုက်သည်။

အမှန်ပင် အလွန်ခိုင်ခံ့မှုရှိပေသည်။

ပတ်ဝန်းကျင်တွင်လည်း အခြားဝိညာဉ်တမန်တော်များ မရှိတော့ချေ။

ထိုအခါ ကျန်းလင် ကျင့်ကြံရေး အခန်းအတွင်း အကာအ ကွယ် အလွှာအားဖွင့်လိုက်ပြီး စနစ်မှ ပေးထားသော 'တောင်ဘက်နန်းဆောင် ဒေသထွက်ကုန်' ကို ထုတ်ယူလိုက်သည်။

အစိမ်းပုပ်ရောင် အချပ်လွှာလေးက သူ့ လက်ထဲတွင် အလင်းရောင် ဖျော့ဖျော့လေးများထွက်ပေါ်နေကာ အေးမြသော ခံစားချက်တစ်ခုက ၎င်းထံမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။

ထို့ကြောင့် ကျန်းလင် သေချာစွာ အကဲခတ်ကြည့်လိုက်ရာ သူ့ ခန္ဓာကိုယ်ထဲရှိ တစ္ဆေချီစွမ်းအင်များပင် အနည်းငယ် တက်ကြွလာကြောင်း သတိထားမိလိုက်လေသည်။

စွမ်းအင်များက ဟိုဟိုဒီဒီ ခုန်ပေါက်ချင်နေသကဲ့သို့၊ သို့မဟုတ် လှုပ်ရှားမှု တစ်ခုခုကို ဖန်တီးချင်နေသကဲ့သို့ အားအင်များပြည့်ဝနေသည်။

သို့သော် ထူးဆန်းသည်မှာ ကျန်းလင်အနေဖြင့် မည်သည့် စိတ်တိုစရာ ခံစားချက်ကိုမှမရရှိခဲ့ခြင်းပင်။

ဆန့်ကျင်ဘက်အနေဖြင့် သူ့ စိတ်မှာ အလွန်တည်ငြိမ်နေပြီး အခြေအနေလည်း အလွန်ကောင်းမွန်နေသည်ကို ခံစားနေရသည်။

အကယ်၍ ယခုအချိန်တွင် တိုက်ပွဲတစ်ခုသာ ဖြစ်ပွားမည်ဆိုပါက သူ သေချာပေါက်ပုံမှန်ထက် ပိုမိုစွမ်းဆောင်နိုင်မည် ဖြစ်သည်။

"ဒါ တကယ်ပဲ ဘာပစ္စည်းကြီးလဲ"

ထိုအခါ ကျန်းလင် မနေနိုင်ဘဲ တိုးတိုးလေးရေရွတ်လိုက်မိတော့သည်။

All Chapters