အခန်း ၃၁၃
Vol. 32 Ch. 313
🫧 Chapter 313
ငရဲပြည်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပြီးဆုံးသွားပြီ ဖြစ်သော်လည်း လူ့လောကမှ ပရိသတ်များအတွက်မူကား လူ့လောက၏ ဘဝက ယခုမှ စတင်တော့မည် ဖြစ်ပေသည်။
ယခုခေတ်က လူအင်အားနှင့် အင်တာနက် ခေတ်ဖြစ်၏။
လူတိုင်းက အခွင့်အရေးကို ဦးစွာ ရယူလိုကြလေသည်။
ထိုက်ချင်မှ အနောက်ဘက်နန်းဆောင်၏ 'အလှည့်အပြောင်း' အကြောင်း ရှင်းပြနေစဉ်ကတည်းက ပရိသတ် အချို့မှာ စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။
WeChat တွင် တင်သူက တင်ကြပြီး ဗီဒီယိုတိုများ တင်သူက တင်ကြ၏။
ကျန်းလင် လိုက်ဖ် ပိတ်လိုက်ချိန်တွင် အင်တာနက်ပေါ်၌ 'အလှည့်အပြောင်း' နှင့် ပတ်သက်သော ကာတွန်းတိုလေးများပင် ထွက်ပေါ်နေပြီ ဖြစ်တော့သည်။
အချို့သော ဝတ္ထု ဝက်ဘ်ဆိုက်များဆိုလျှင် စာအုပ်သစ်များပင် ထွက်ပေါ်လာကြ၏။ စာအုပ် နာမည်များမှာ
《ကမ္ဘာပျက်ကပ်၏ အလှည့်အပြောင်း၊ အတုအယောင်မှသည် အစွမ်းထက်ဆုံးအဖြစ် ပြန်လည် မွေးဖွားခြင်း》
《ငါက ဒီလောက် အနိုင်ကျင့်ခံရမှာလား ၊ ငါ အခုလေးတင် ရလိုက်တဲ့ အလှည့်အပြောင်း》
《ငရဲပြည်မှာ အလုပ်လုပ်ရတဲ့ နှစ်တစ်ထောင်၊ ငါ့ရဲ့ အစွမ်းထက်ဆုံး ဘဝဇာတ်ညွှန်းကို ငါကိုယ်တိုင် ရေးဆွဲမယ်》
ပရိသတ်များ မြင်သောအခါ ချက်ချင်းပင် ဝင်ရောက်ကြည့်ရှုလိုက်ကြပြီး ဒေတာ အချက်အလက်များက ကြီးမားကျယ်ပြန့်လှကြောင်း အော်ဟစ် ချီးကျူးလိုက်ကြတော့သည်။
အသစ်အဆန်းဖြစ်သော ဇာတ်လမ်းများနှင့် အပြင်အဆင်များကြောင့် စာဖတ်ပရိသတ် များစွာမှာလည်း ဆွဲဆောင်ခြင်း ခံလိုက်ရလေသည်။
အထက်ပါ အခြေအနေ နှစ်ခုတည်းဖြင့်ပင် ထိုစာအုပ်သစ်များမှာ တစ်နာရီ အတွင်းမှာတင် သိမ်းဆည်းသူ အရေအတွက် ထောင်ဂဏန်းကျော်သွားတော့၏။
သုံးသပ်ချက် များလည်း ရာဂဏန်း ကျော်သွားခဲ့သည်။
……
ပရိသတ် ထောင်သောင်းချီ၍ မျှဝေ ဖြန့်ကျက်မှုများအောက်တွင် အနောက်ဘက်နန်းဆောင်၏ 'အလှည့်အပြောင်း' နှင့် ပတ်သက်သော အကြောင်းအရာများက ရေပန်းစားသော သတင်းများ စာရင်းသို့ အလျင်အမြန် ရောက်ရှိသွားတော့သည်။
ထို့အပြင် ထိုအကြောင်းအရာအောက်တွင်လည်း အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်လာကြ၏။
ယခု ရေပန်းစားနေမှုက 'ငရဲပြည်၏ နေ့စဉ် ကုစားမှု' တိုက်ရိုက်ထုတ်လွှင့်မှုအခန်း စတင်ပေါ်ထွက်လာစဉ် အချိန်ကလောက်နီးပါးရှိနေပေသည်။
အကြောင်းရင်းကို ရှာကြည့်ရလျှင် ပထမအချက်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ပရိသတ်များ ကိုယ်တိုင်က လူအများအပြားကို ဆွဲဆောင်နိုင်ခြင်းကြောင့်ဖြစ်၏။
ဒုတိယအချက်မှာ သူတို့ ဆွေးနွေးနေသော အကြောင်းအရာ ကိုယ်တိုင်က အငြင်းပွားဖွယ်ရာ များစွာ ပါဝင်နေသောကြောင့်သာ။
အချို့သော အင်တာနက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများဆိုလျှင် ဤအကြောင်းအရာကိုပင် အထူးတလည် ဆွေးနွေးလာကြတော့သည်။
[တကယ်လို့သာ မင်း အနောက်ဘက်နန်းဆောင်က 'အလှည့်အပြောင်း' ကို ကြုံခဲ့ရမယ်ဆိုရင် မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ရွေးချယ်မလား]
[မင်းကို ဘဝဇာတ်ညွှန်းရေးဖို့ အခွင့်အရေးတစ်ခု ပေးမယ်၊ ဒါပေမယ့် ငရဲပြည်မှာ အလုပ်သမား ဝိညာဉ်အဖြစ် အလုပ်လုပ်ရမယ်]
[ငါ ကံကြမ္မာကိုတော့ ပြောင်းချင်တယ်၊ ဒါပေမယ့် နှစ်တစ်ထောင်လောက် အလုပ်လုပ်ရမယ် ဆိုရင်တော့ မလုပ်တော့ဘူး၊ ငါက ပျင်းရိတဲ့ ဝိညာဉ်ပဲ]
[+၁၊ လူကြီးမင်းတို့ ကျေးဇူးပြုပြီး အဲဒီလောက်ကြီး အလုပ်မလုပ်ကြပါနဲ့၊ အရမ်းကြောက်ဖို့ ကောင်းတယ်]
[ဘယ်လိုပဲဖြစ်ဖြစ် မုန့်ပေါ် ဟင်းချို သောက်လိုက်ရင် အကုန်မေ့သွားမှာပဲဟာ၊ နောက်ဘဝဆိုတာ တကယ်တော့ ဒီဘဝက ကိုယ်နဲ့ သိပ်ပြီး သက်ဆိုင်မှု မရှိပါဘူး]
အင်တာနက် အသုံးပြုသူ အများအပြားက 'အေးအေးဆေးဆေးပဲ နေတော့မည်' ဟု ရွေးချယ်လိုက်ကြပြီး "လူကြီးမင်းတို့ ကျေးဇူးပြုပြီး ငရဲပြည်ကနေ စပြီး အလုပ်တွေ မရှုပ်ကြပါနဲ့" ဟု အော်ဟစ်လိုက်ကြလေသည်။
အချို့သော ပရိသတ်များကမူ "အခြေအနေ ကြည့်ရဦးမှာပေါ့၊ အရင်ဆုံး ကြည့်ပြီးမှ ဆုံးဖြတ်မယ်" ဟု ပြောကြ၏။
……
"တယာ၊ ဒါလေး တစ်ချက် ကြည့်လိုက်ပါဦး"
ရုံးခန်းအတွင်း...
အလုပ်သင်အဖြစ်မှ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခံရစေရန် ကြိုးစားပန်းစား အလုပ်လုပ်နေသော တယာကိုလုပ်ဖော်ကိုင်ဖက် တစ်ယောက်က ရုတ်တရက် ဤအကြောင်းအရာလေး ပြလာလေသည်။
သူမက အကြမ်းဖျင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်မကြည့်ချင်တော့ပါချေ။
ဤကဲ့သို့သော အတင်းအဖျင်းကိစ္စများက သူမနှင့် မသင့်တော်ပေ။
သို့သော် လုပ်ဖော်ကိုင်ဖက်က ဆက်ပြောလာ၏။
"နင် ချက်ချင်း ပိတ်မပစ်နဲ့ဦး၊ ဒီအကြောင်းအရာက ဆုကြေးငွေ ရနိုင်တယ်၊ ပြီးတော့ သက်ဆိုင်ရာ ဌာနတွေက လူအတော်များများလည်း စောင့်ကြည့်နေလောက်တယ်လို့ ငါထင်တယ်"
ယခုအချိန်တွင် 'ငရဲပြည်၏ နေ့စဉ် ကုစားမှု' တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ထွက်ပေါ်လာသော အကြောင်းအရာတိုင်းက လူအများ၏စိတ်ဝင်စားမှုကို အလိုအလျောက် ရရှိနေပြီ ဖြစ်လေသည်။
ဝက်ဘ်ဆိုက်များနှင့် အက်ပ် (App) အတော်များများဆိုလျှင် ဆွေးနွေးသင့်သော အကြောင်းအရာ အချို့ကို အထူးတလည် ရွေးချယ်ကာ ဆုကြေးငွေများပင် ထုတ်ပြန်ပေးနေကြ၏။
"ဒီအကြောင်းအရာက တကယ်ပဲ အဲဒီလောက် အရေးပါလို့လား" တယာ သံသယ တစ်ဝက်ဖြင့် မေးလိုက်သည်။
'သက်ဆိုင်ရာ ဌာနက လူတွေတောင် စောင့်ကြည့်နေကြတယ် ဟုတ်လား'
"နင် မသိသေးဘူး မဟုတ်လား"
လုပ်ဖော်ကိုင်ဖက်က ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
"အရင်တုန်းက ကျောင်းဝင်းအတွင်း အနိုင်ကျင့်မှုတွေ နှိမ်နင်းခဲ့တာ၊ ဆောက်လက်စ တိုက်တွေ ပြဿနာ ဖြေရှင်းခဲ့တာ အပါအဝင် ဒီအကြောင်းအရာတွေ အကုန်လုံးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုတည်းကြောင့် စတင်ခဲ့တာပဲ"
"တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရဲတွေတောင် နေ့တိုင်းစောင့်ကြည့်နေကြတာ"
လုပ်ဖော်ကိုင်ဖက်၏စကားကို ကြားပြီးနောက် တယာ ဤအကြောင်းအရာကို ပြန်လည် အာရုံစိုက်လာတော့သည်။
အောက်ဘက်ရှိ 'အေးအေးဆေးဆေးပဲ နေတော့မည်' ဟူသော မှတ်ချက်များစွာကို ကြည့်ပြီးနောက် အကြောင်းအရာ၏ရှင်းလင်းချက်ကိုပါ ဖတ်ရှုလိုက်ရာ သူမ မနေနိုင်တော့ဘဲ ကီးဘုတ်ကို နှိပ်လိုက်မိလေသည်။
[အေးအေးဆေးဆေးပဲ နေမယ်လို့ ပြောတဲ့ သူငယ်ချင်းတို့၊ မင်းတို့ရဲ့ ဘဝတွေက တော်တော်လေး ကောင်းမွန်နေကြပုံ ရတယ်]
[ငါက တောင်ပေါ်ဒေသက လာတာ၊ အိမ်မှာ ညီအစ်ကို မောင်နှမ ငါးယောက် ရှိတယ်]
[နှစ်ယောက်က မတော်တဆမှုနဲ့ သေသွားတယ်၊ အစ်မ တစ်ယောက်က အလယ်တန်းနဲ့ ကျောင်းထွက်ပြီး သူ့ထက် အသက် တစ်ဆယ့်နှစ်နှစ်လောက် ကြီးတဲ့ ယောက်ျား တစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ် နောက်ထပ် ညီလေးတစ်ယောက်က အသက်လေးနှစ်အရွယ်မှာ အဖျားကြီးပြီး ခန္ဓာကိုယ် တစ်ခြမ်းသေသွားတယ်]
[မိဘတွေက ရိုးသားတဲ့ လယ်သမားတွေပါ၊ စောစောစီးစီးပဲ ဆံပင်တွေဖြူကုန်ကြပြီ။]
[သူတို့ကို ကြည့်ပြီး ဒီကမ္ဘာကြီးနဲ့ ယှဉ်လိုက်ရင် ငါက အရမ်းကိုသေးငယ်လွန်းတယ်လို့ အမြဲ ခံစားရတယ်။]
ပြောင်းလဲချင်ပေမယ့် တာဝန်မယူနိုင်ခဲ့ပါချေ။
တစ်ခုခုကို ကယ်တင်ချင်ခဲ့သော်လည်း လက်ကိုပင် မမြှောက်နိုင်ခဲ့ပေ။
ထိုအရာများကို ပြန်လည် တွေးတောမိတိုင်း၊ အမှောင်ထုထဲတွင် အကူအညီမဲ့နေခဲ့ရသော အချိန်များကို ပြန်လည် သတိရမိတိုင်း တယာ၏နှလုံးသားမှာ ဓားနှင့် အမွှန်းခံရသကဲ့သို့ နာကျင်စွာ ကျုံ့ဝင်သွားတော့သည်။
"တကယ်လို့ တကယ်လို့သာ ဘဝဇာတ်ညွှန်းကို ကြိုတင် ကြည့်ခွင့်ရမယ် ဆိုရင တကယ်လို့သာ ကံကြမ္မာကိုပြောင်းလဲခွင့်ရှိမယ် ဆိုရင် ငါ ပြောင်းလဲမယ်"
"နောက်ပိုင်းမှာ မုန့်ပေါ် ဟင်းချိုသောက်ရမယ်၊ အရာအားလုံးကို မေ့သွားလိမ့်မယ် ဆိုရင်တောင်မှ၊ သူတို့က ငါ့ရဲ့ မိသားစုဝင်တွေဖြစ်လာမယ်ဆိုတာကို ငါ သိနေပြီဆိုတော့ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိနေပြီဆိုတော့"
"လက်ရှိ ဘာမှမလုပ်နိုင်တဲ့ အခြေအနေထက်စာရင် ပြောင်းလဲရတာကိုပဲ ငါ ပိုလိုလားတယ်"
'ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အနာဂတ်ကို အလုပ်လုပ်ရုံလေးနဲ့ ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရနိုင်မယ်ဆိုရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ'
'တစ်ခုခု လိုချင်ရင် ကိုယ်တိုင် ကြိုးစားစားထုတ်ရမယ် ဆိုတာက သဘာဝပဲ မဟုတ်ဘူးလား'
သူမ ကြောက်ရွံ့သည်မှာ ဤလောကတွင် လူသားများ မတတ်နိုင်သော အရာများ အရမ်း များပြားလွန်းနေခြင်းပင် ဖြစ်သည်။
မည်မျှပင် ကြိုးစား အားထုတ်ပါစေ သေသွားသော သူများက ဘယ်တော့မှ ပြန်ရှင်လာမည် မဟုတ်သလို၊ ဖြစ်ပျက်သွားခဲ့သော ကိစ္စများကိုလည်း မည်သို့မျှ ပြောင်းလဲ၍ မရနိုင်တော့ပါချေ။
နောက်ဆုံးပိုင်းသို့ ရောက်သောအခါ တယာ၏ စိတ်ခံစားမှုများက ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်လာကာ နှလုံးသားထဲတွင်လည်း အနည်းငယ် နာကျင်လာတော့သည်။
……
တယာ ပြီးနောက် အခြား လူများစွာကလည်း သူတို့၏ အတွေ့အကြုံများနှင့် အမြင်များကို မျှဝေလာကြသည်။
[တကယ်လို့သာ ပြောင်းလဲလို့ ရမယ်ဆိုရင် ငါ့ကို အဖေ အသစ်တစ်ယောက်လောက် လဲပေးပါ၊ ဘယ်လောက်ကြာကြာ အလုပ်လုပ်ရပါစေ ရပါတယ် နေ့တိုင်း အရက်သောက်၊ လောင်းကစားလုပ်ပြီး လူကို ရိုက်နှက်နေတာ၊ ငါကပဲ သူ့ကို အရင်ဘဝက အကြွေးတင်ခဲ့လို့လား]
[ငါက သူ့အကြွေးတွေကို ကြိုပြီး အလုပ်လုပ်ဆပ်လိုက်ချင်တယ်၊ ဒီအဖေ့ကိုတော့ ထပ်မလိုချင်တော့ဘူး]
[တကယ်လို့သာ ရမယ်ဆိုရင် ငါကိုယ်တိုင်အတွက်လည်း ကောင်းမွန်တဲ့ မွေးရာပါ အခြေအနေ၊ သာယာတဲ့ မိသားစုနဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်လေး တစ်ခုလောက် ရအောင် ကြိုးစားချင်ပါတယ်]
အင်တာနက်ပေါ်ရှိ မှတ်ချက်များက တစ်စထက်တစ်စ ပိုမိုများပြားလာပြီး အကြောင်းအရာ၏ ရေပန်းစားမှုကလည်း ပိုမိုမြင့်တက်လာတော့သည်။
တဖြည်းဖြည်းနှင့် လူအချို့က ပြဿနာ တစ်ခုကို ရုတ်တရက် သတိထားမိသွားကြ၏။
သူတို့၏အာရုံစိုက်မှုက မှားယွင်းနေပုံ ရသည်။
[အမှန်အတိုင်း ပြောရရင် ခေတ်သစ် ဘဝနေထိုင်မှု အဆင့်အတန်းက အတော်လေး ကောင်းမွန်နေပါပြီ၊ စားဝတ်နေရေး အဆင်ပြေကြတယ်]
[ဝင်စားတယ် ဆိုတာကလည်း ငါတို့ လူငယ်တွေအတွက် အများကြီး ဝေးကွာနေသေးတယ်]
[ဒီအကြောင်းအရာက တခြား လူတန်းစား တစ်ခုနဲ့ ပိုပြီး သင့်တော်လိမ့်မယ်]
မည်သူနှင့် ပိုပြီး သင့်တော်မည်နည်း။
သက်ကြီးရွယ်အိုများနှင့် ပိုပြီးသင့်တော်ပေသည်။
သူတို့ကသာ ဆင်းရဲဒုက္ခများကို ခံစားရင်း တစ်လျှောက်လုံး ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်၏။
သူတို့ကသာ ယခုအချိန်တွင် ဤပြဿနာကို အရေးတကြီး ရင်ဆိုင်ရမည့် သူများ ဖြစ်ပေသည်။
သတိထားမိသွားချိန်တွင် အချို့သော ပရိသတ်များမှာ အိမ်ပြန်သူက ပြန်၊ ဖုန်းဆက်သူက ဆက် လုပ်နေကြပြီ ဖြစ်သည်။
သူတို့က အိမ်တံခါးကို ဖွင့်ကာ သက်ကြီးရွယ်အိုများ၏ ဘီးတပ်ကုလားထိုင်၊ သို့မဟုတ် ကုတင်ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ကြ၏။
ငယ်စဉ်ကတည်းက သူတို့ကို အလွန် ချစ်ခင်ခဲ့သော သက်ကြီးရွယ်အိုများကို ကြည့်လိုက်ရာ ယခုအခါတွင် ဆံပင်များပင် ဖြူဖွေးနေကြပြီ ဖြစ်သည်။
အိတ်ကပ်ထဲမှ သကြားလုံး တစ်လုံးကို ထုတ်ကာ 'မကြောက်နဲ့၊ အဘွား/အဘိုး ရှိတယ်' ဟု ပြုံးရွှင်စွာဖြင့် နောက်ထပ် ဘယ်တော့မှ ပြောနိုင်တော့မည် မဟုတ်ပါချေ။
ထိုအခါ သူတို့က နှုတ်ခမ်းကို ဖိကိုက်လိုက်ကြပြီး မျက်ဝန်းများ ရုတ်တရက် နီရဲလာကာငိုချင်လာတော့သည်။
"အဘွား၊ တကယ်လို့ အဘွားကို ပြန်ရွေးချယ်ခွင့် ပေးမယ်ဆိုရင် သမီးရဲ့ အဘွားအဖြစ် ဆက်နေပေးဦးမလား"
"အဘိုး၊ တကယ်လို့ အဘိုးက ဒီတစ်ဘဝလုံး ဒီလိုပဲ ဖြစ်မယ်ဆိုတာကို ကြိုသိနေမယ်ဆိုရင် ဒီမိသားစုထဲကို ရောက်လာဦးမလား"
'လူ့ဘဝ ဆိုတာ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေဆုံးခြင်း စတဲ့ အခက်အခဲ အမျိုးမျိုးနဲ့ ပြည့်နှက်နေတာပဲ'
ဒီသက်ကြီးရွယ်အိုတွေ အားလုံးက အဲဒီ အရသာတွေကို မြည်းစမ်းခဲ့ဖူးကြပြီ ဖြစ်၏။
'ယခု သူတို့၏ တစ်ဘဝလုံးကို ပြန်လည် သုံးသပ်ကြည့်သောအခါ နောင်တရမိကြမည်လား'
'အစကတည်းက မလာခဲ့ရင် ပိုကောင်းမယ်လို့ တွေးမိကြမည်လား'
တွေးမိလိုက်သည်နှင့် လူငယ် ပရိသတ်များမှာ ရင်ထဲတွင် နာကျင်လာကြတော့သည်။
သနားမိသလို နှမြောတသလည်း ဖြစ်မိကြ၏။
သို့သော် ဖြစ်နိုင်မည် ဆိုပါက ထိုသက်ကြီးရွယ်အိုများကို ပိုမို ကောင်းမွန်စွာ နေထိုင်စေချင်ကြပေသည်။
ဤတစ်ဘဝလုံး ခံစားခဲ့ရသော ဆင်းရဲဒုက္ခများက လုံလောက်နေပြီ မဟုတ်လော။
ကြုံတွေ့ခဲ့ရသော အခက်အခဲ ပြဿနာများကလည်း လုံလောက်နေပြီ ဖြစ်သည်။
ဤမိသားစုကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့ရသည်မှာလည်း လုံလောက်အောင် ပင်ပန်းနေပြီ ဖြစ်၏။
အနောက်ဘက်နန်းဆောင်၏ [အလှည့်အပြောင်း] ၏ ဖော်ပြချက်အရ ကြိုးစား အားထုတ်မည် ဆိုပါက ပြောင်းလဲနိုင်သည်။
မိမိ၏ အခြေအနေ၊ မိသားစု၏ အခြေအနေများကို ပြောင်းလဲနိုင်သကဲ့သို့ မိသားစု အသစ် တစ်ခုကိုလည်း ရွေးချယ်နိုင်ပေသည်။
ကလေးများ၏ မေးခွန်းများကို ကြားသောအခါ သူတို့ အရှေ့ရှိ သက်ကြီးရွယ်အိုများက ပြုံးလိုက်ကြရာ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်သွားတော့၏။
"ဒီကလေးကတော့၊ ဘာတွေ လျှောက်ပြောနေတာလဲ"
သို့သော် ဒေါသကြီးသော သက်ကြီးရွယ်အို အချို့ကမူ ချက်ချင်းပင် တုတ်ကောက်ကို ကောက်ကိုင်ကာ ဟန်ရေးပြရင်း ဒေါသတကြီး ပြောလိုက်ကြလေသည်။
"ဘာလဲ၊ ငါ အိုသွားလို့ အသုံးမကျတော့ဘူးလို့ ထင်နေတာလား၊ ငါ အခုတောင် ခွေးရိုက်တုတ်နဲ့ မင်းကို လမ်းသုံးလမ်းလောက် အထိ လိုက်ရိုက်နိုင်သေးတယ် ဆိုတာ ယုံလား"