← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

🫧 Chapter 314

"မဟုတ်ဘူး၊ မဟုတ်ဘူး အဲဒီလို သဘော မဟုတ်ပါဘူး"

ထိုအခါ လူငယ် ပရိသတ်လေးမှာ ပျာယာခတ်သွားပြီး 'အဘိုးရေ၊ စိတ်မလောလိုက်ပါနဲ့' ဟု စိတ်ထဲမှ ရေရွတ်လိုက်၏။

ပြီးလျှင် သူက အလျင်အမြန် ရှင်းပြလိုက်သည်။

"ကျွန်တော်က ဒီအတိုင်း မေးကြည့်တာပါ၊ အဘိုးနဲ့ စကားပြောချင်လို့ပါ"

"တကယ်လို့ အဘိုးကို နောက်ဘဝရဲ့ အခြေအနေတွေကို ကြိုတင် ပြောင်းလဲနိုင်မယ့် အခွင့်အရေး တစ်ခု ပေးမယ်၊ ဒါပေမယ့် နှစ်ပေါင်းများစွာ အလုပ်လုပ်ရမယ် ဆိုရင် အဘိုး သွားချင်မလား"

ဤမေးခွန်းနှင့် ပတ်သက်၍ အချို့သော သက်ကြီးရွယ်အိုများက ပူးပေါင်းကာ သူတို့၏ အတိတ်ကို ပြန်လည် စဉ်းစားပေးကြလေသည်။

သူတို့၏ ဤတစ်ဘဝလုံးတွင် အမှန်တကယ်ကို ကိစ္စရပ်ပေါင်း မြောက်မြားစွာ ဖြစ်ပျက်ခဲ့ဖူးပေသည်။

သို့သော် ထိုအထဲမှ အများစုကို သူတို့ မမှတ်မိကြတော့ပါချေ။

"သွားဖြစ်မယ် ထင်တယ် ဟဲဟဲ တကယ်လို့သာ ကြိုသိခဲ့မယ်ဆိုရင် အဲဒီနှစ်က မင်းအဘိုး အပြင်သွားတုန်းက ခြေထောက် ကျိုးခဲ့မှာ မဟုတ်ဘူး"

"မင်းအမေ မင်းကို မွေးမယ့်နေ့ကလည်း ဆေးရုံသွားဖို့ အချိန်ဆွဲနေခဲ့မှာ မဟုတ်ဘူး"

"ပြီးတော့ မင်းလေးကိုလည်း ဘယ်အချိန်မှာ လက်ထပ်ပြီး ဘယ်အချိန်မှာ ကလေးရမလဲ ဆိုတာကို အဘိုး ကြိုသိနိုင်မှာပေါ့၊ ငါ့ရဲ့ မြစ်လေးက ဖြူဖြူဖွေးဖွေးနဲ့ ဝဝကစ်ကစ်လေးများ ဖြစ်နေမလားလို့ ကြိုသိနိုင်တာပေါ့ မဟုတ်ဘူးလား ဟားဟားဟား"

သက်ကြီးရွယ်အိုများမှာ စကားစလိုက်သည်နှင့် မရပ်နိုင်အောင် အာလူးဖုတ်ကြတော့သည်။

သို့သော်လည်း သူတို့၏ မှတ်ဉာဏ်များကလည်း သိပ်မကောင်းလှတော့ပေ။

စက္ကန့်ပိုင်းလောက်က ပြောခဲ့သည့် ကိစ္စကို နောက်တစ်စက္ကန့်တွင် မေ့သွားတတ်ကြ၏။

ထိုအခါ ပါးစပ်ဟကာ အနည်းငယ် စဉ်းစားပြီးနောက် နောက်ထပ် ကိစ္စတစ်ခုကို ပြောင်းပြောလိုက်ကြပြန်သည်။

သက်ကြီးရွယ်အိုများ၏ စကားများကို ကြားသောအခါ လူငယ် ပရိသတ်များမှာ တိတ်ဆိတ်သွားကြတော့၏။

ပြီးလျှင် သူတို့သည် အတန်ကြာပြီးနောက် တစ်ခုခုကို ဆုံးဖြတ်လိုက်သကဲ့သို့ မျက်လုံးများ ပင့်ကာ လေးနက် ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။

"အဘိုး၊ ကျွန်တော်တို့ အနောက်ဘက် ဒေသကို ပြောင်းနေကြရအောင်"

"အဘွား၊ နောက်ရက်အနည်းငယ် နေရင် ကျွန်တော့်အလုပ်က ဇာတိကို ပြောင်းရတော့မယ်၊ ကျွန်တော်တို့ အဲဒီကို ပြန်နေကြရအောင်နော်"

သူတို့သည်လည်း သက်ကြီးရွယ်အိုများအတွက် တစ်ခုခု လုပ်ပေးချင်ကြပေသည်။

သူတို့ ယခု သိရှိထားသလောက် အနောက်ဘက်နန်းဆောင်တွင်သာ ဤကဲ့သို့သော ဝင်စားသည့် စနစ်မျိုး ရှိလေသည်။

'အလှည့်အပြောင်း' စက်က ထိုနေရာတွင်သာ ရှိ၏။

သက်ကြီးရွယ်အိုများ အနေဖြင့် နောက်ဆုံးတွင် မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ အလုပ်လုပ်နေစဉ်အတွင်း ဆက်လက် မလုပ်နိုင်တော့ဘဲ လက်လျှော့ချင်သည် ဖြစ်စေ အနည်းဆုံးတော့ သူတို့တွင် ရွေးချယ်စရာ အခွင့်အရေး တစ်ခု ရှိသွားပြီ ဖြစ်သည်။

ပြောင်းလဲနိုင်မည့် အခွင့်အရေး တစ်ခု ရသွားပြီ ဖြစ်ပေသည်။

"ဟေ အိမ်ပြောင်းမယ် ဟုတ်လား၊ ဘာလို့ အိမ်ပြောင်းရမှာလဲ အဘိုးက ဒီမှာ နေရတာ အဆင်ပြေနေတာပဲဟာကို၊ ဘေးအိမ်က အဘွားဝမ်ကတောင် မနက်ဖြန် စစ်တုရင် အတူတူ ကစားကြရအောင်လို့ ပြောထားသေးတယ်"

"ဇာတိကို ပြန်မယ် တကယ်ကြီး ပြန်ချင်လို့လား အလုပ်မှာ အနိုင်ကျင့် ခံရလို့များလား"

"အနောက်ဘက် အဲဒါက ဘယ်လို နေရာမျိုးလဲ ပေါက်စီတွေ၊ မုန့်ပေါင်းတွေရော ရှိရဲ့လား အဘိုးက မနက်ဆို အဲဒါတွေပဲ စားချင်တာ"

သက်ကြီးရွယ်အိုများ၏ တုံ့ပြန်မှုများက မတူညီကြသကဲ့သို့ သူတို့ စိုးရိမ် ပူပန်သည့် ကိစ္စများကလည်း မတူညီကြပါချေ။

စိတ်ထဲတွင်လည်း 'ဒီကလေး ရူးသွားပြီလား'ဟု တွေးနေကြသေး၏။

ဘယ်လိုလုပ် အိမ်ပြောင်းမယ် ဆိုတိုင်း ချက်ချင်းပြောင်းလို့ ရနိုင်မည်နည်း။

……

ထိုနေ့တွင် အနောက်ပိုင်း ဒေသသို့ သွားမည့် လေယာဉ်လက်မှတ်၊ ကားလက်မှတ် အမျိုးအစားပေါင်းစုံမှာ တွေးကြည့်၍ပင် မရနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ရောင်းကုန်သွားတော့သည်။

ထိုနေ့တွင် အနောက်ပိုင်း ဒေသရှိ တည်းခိုခန်း အများအပြားမှာလည်း ကြိုတင် ဘွတ်ကင် လုပ်ခံလိုက်ရ၏။

အိမ်ခြံမြေ အကျိုးဆောင် အချို့ထံသို့လည်း ဖုန်းများ ဆက်တိုက် ဝင်လာကြလေသည်။

ထိုနေ့တွင် အနောက်ပိုင်း ဒေသ၏ တာဝန်ခံမှာ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။

ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ Streamer ဤဘက်သို့ လာမည်ဟု သိရချိန်က သူ တွေးထားခဲ့သည်မှာ စီးပွားရေးကို မြှင့်တင်ရမည်၊စက်မှုလုပ်ငန်းများကို တိုးချဲ့ရမည်၊အရည်အချင်းရှိသူများကို ပိုမို ပြန်လာအောင် ဆွဲဆောင်ရမည် တို့ဖြစ်သည်လေ။

သို့သော် သူ ဘာတစ်ခုမှ မလုပ်ရသေးပါချေ။

ကြော်ငြာခြင်းများ၊ အမှတ်တရ ပစ္စည်းများ အားလုံးက ယခုမှ စတင် ပြင်ဆင်နေဆဲသာ ရှိသေး၏။

'ဘယ်လိုလုပ် ရုတ်တရက်ကြီး ရုတ်တရက်ကြီး ပြည့်စုံသွားရတာလဲ'

'သတင်းများအရ ပြောင်းရွှေ့လာသူ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်မည့်သူ မရှိဘဲ ဘယ်နေပါ့မလဲ'

ထို့ကြောင့် လူငယ် အရည်အချင်းရှိသူများလည်း အများအပြား ပြန်လာကြမည် ဖြစ်ပေသည်။

'လူငယ် အရည်အချင်းရှိသူများ များပြားလာပါက ဤနေရာတွင် လက်ထပ်ပြီး ကလေးမွေးကြမည် ဆိုလျှင် ထိုအခါ လူငယ် လူဦးရေကလည်း တက်လာတော့မှာပေါ့'

တာဝန်ခံမှာ အတန်ကြာအောင် ကြောင်အသွားပြီး အိပ်မက် မက်နေသလားဟုပင် ထင်မှတ်မိတော့သည်။

သူသည် အတန်ကြာမှ သတိပြန်ဝင်လာပြီး "မြန်မြန်၊ မြန်မြန်၊ နေစရာ အိမ်တွေ၊ ပြီးတော့ သက်ကြီးရွယ်အိုတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံးကို အမြန်ပြင်ဆင်ခိုင်းလိုက်" ဟု အော်ဟစ် အမိန့်ပေးလိုက်၏။

"အခက်အခဲ တစ်ခုခု ရှိရင် ချက်ချင်း အစီရင်ခံပါ၊ ငါတို့ အတူတူ ဝိုင်းစဉ်းစားကြမယ်"

"ဒါနဲ့ ကလေးတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွဲတွေကိုလည်း စတင် ပြင်ဆင်ခိုင်းထားလို့ ရပြီ"

……

အမိန့်များ ဆက်တိုက် ချမှတ်ပြီးနောက် တာဝန်ခံက ထိုင်ခုံပေါ်တွင် ပြန်လည် ထိုင်ချလိုက်ပြီး တွေဝေစွာဖြင့် တွေးနေမိလေသည်။

'အနောက်ပိုင်း ဒေသ၊ အနောက်ဘက်နန်းဆောင်၏ [အလှည့်အပြောင်း]လား'

'ဒီနေရာမှာ လူတိုင်းက ဝင်စားဖို့ မသွားခင်မှာ သူတို့ရဲ့ နောက်ဘဝကို ကြည့်ခွင့်ရကြတယ် ဟုတ်လား'

'အဲဒီ ကောလဟာလက တကယ်ကြီးလား'

……

အချို့သော ရိုးရာ ပုံပြင်များတွင် ကလေးငယ်များက လူ့လောကသို့ မဝင်စားမီ သူတို့၏ မိဘများကို ရွေးချယ်ကြသည်ဟု ဆိုကြ၏။

သေချာပြီ ဆိုမှသာ ဝင်စားကြခြင်း ဖြစ်သည်။

အကယ်၍ ပထမအကြိမ်တွင် မအောင်မြင်ပါက ဒုတိယအကြိမ် ထပ်မံ ကြိုးစားကြသေးသည်ဟု ဆိုလေသည်။

"ကလေးလေး၊ သားက မေမေ့ကို ရွေးချယ်ခဲ့တာလား တန်းစီခဲ့ရသေးလားဟင်"

အနောက်ပိုင်း ဒေသရှိ သားဖွားနှင့် မီးယပ် ဆေးရုံ တစ်ခုတွင် အမျိုးသမီး တစ်ဦးက ကုတင်ပေါ်တွင် ထိုင်ကာ သူမ၏ ဗိုက်ကြီးကို ညင်သာစွာ ပွတ်သပ်နေလေသည်။

သူမ၏ ရုပ်ရည်က အလွန် လှပလွန်းလှသည်တော့ မဟုတ်ပါချေ။

ကိုယ်ဝန်ဆောင်ထားသဖြင့် မျက်နှာလေးကလည်း ပြည့်ဖောင်းနေ၏။

သို့သော် တစ်ချက် ကြည့်လိုက်ရုံဖြင့် နဖူးက ပြည့်ဖြိုးနေပြီး မျက်နှာသွင်ပြင်ကလည်း အချိုးအစား ကျနနေပေသည်။

အလွန်သက်တောင့်သက်သာ ရှိသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေ၏။

ထိုစဉ် အရပ်ရှည်ရှည်နှင့် အမျိုးသား တစ်ဦးက အပြင်ဘက်မှ ဝင်လာပြီး ဝမ်းသာအားရ မျက်နှာထားဖြင့် ပြောလိုက်၏။

"ဆရာဝန်က ပြောတယ်၊ ဒီရက်ပိုင်း အတွင်းမှာပဲ မွေးတော့မယ်တဲ့"

ဇနီးသည်၏ ဘေးနားရှိ ဖုန်းကို မြင်သောအခါ အမျိုးသားက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည် ပြေလျော့သွားတော့သည်။

"ကိုယ် ပြောထားတယ်လေ၊ ကိုယ် ကြည့်ပြီးမှ မင်းကို ပြန်ပြောပြမယ်လို့ အခုက ကလေးမွေးဖို့ပဲ အာရုံစိုက်ထားလေ"

ထိုအခါ အမျိုးသမီးက "ခဏလေးပဲ ကြည့်တာပါ" ဟု နှုတ်ခမ်းဆူကာ ပြောလိုက်၏။

ဤလင်မယား နှစ်ယောက်က ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း စတင်ပေါ်ထွက်လာပြီး သိပ်မကြာခင်မှာပင် စတင် စောင့်ကြည့်ခဲ့ကြသူများ ဖြစ်ပေသည်။

အချိန်ကို တွက်ကြည့်မည် ဆိုလျှင် သူတို့၏ကလေးလေးကလည်း ထိုအချိန်ကတည်းက သန္ဓေတည်ခဲ့ခြင်း ဖြစ်လေသည်။

"ကလေးကလည်း ကြည့်ချင်မှာပဲလေ"

အမျိုးသမီးက တိုးတိုးလေး ရေရွတ်လိုက်ပြီး စောစောက မြင်တွေ့ခဲ့ရသည်များကို ပြန်လည် သတိရကာ အနည်းငယ် ပျော်ရွှင်လာသဖြင့် မျက်လုံးလေးများပင် ကွေးသွားတော့သည်။

"ဒါနဲ့၊ ရှင် ပြောကြည့်ပါဦး၊ ဒီဘက်က ကလေးတွေက ဝင်စားဖို့ မသွားခင် မေမေတွေကို ရွေးဖို့ တန်းစီရတယ် ဆိုတာ တကယ်လား"

"ငါတို့ ကလေးလေးက ငါတို့ကို ရွေးဖို့ ဘယ်လောက်ကြာကြာ အချိန်ယူခဲ့ရမလဲ မသိဘူးနော်"

အမျိုးသမီးက စကားပြောရင်း ဗိုက်ကို ပွတ်သပ်ကာစနောက်လိုက်၏။

"သူရော ငရဲပြည်မှာ အလုပ်လုပ်ခဲ့ရသေးလား မသိဘူး၊ ဟဲဟဲ"

အမျိုးသား၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်နေသည်။

သူက ချက်လာသော ဟင်းချိုကို ထုတ်ယူရင်း ဇနီးသည်ကို နေရာ အနည်းငယ် ရွှေ့ပေးကာ လှုပ်ရှားလို့ ရအောင် ကူညီပေးလိုက်သည်။

ထို့နောက် တိတ်ဆိတ်စွာ နားထောင်ရင်း ရံဖန်ရံခါ ခေါင်းညိတ် ထောက်ခံပေးလေသည်။

"ကိုယ်ကတော့ သူ ကျန်းကျန်းမာမာ ရှိနေရင်ပဲ လုံလောက်ပါပြီ"

"ဒါပေါ့"

အမျိုးသမီးက လေထုထဲတွင် ပျံ့လွင့်နေသော မွှေးပျံ့သည့် ရနံ့ကို ရှူရှိုက်ရင်း ခင်ပွန်းသည် ကမ်းပေးသော ပန်းကန်ကို လှမ်းယူလိုက်၏။

"ကျန်းမာရုံတင် မကဘူး၊ ဒီမိသားစုထဲ ရောက်လာရတာကို သူ နောင်တမရစေရဘူး"

အမျိုးသမီးက ထိုသို့ပြောရင်း ခေါင်းမော့က မေးလိုက်သည်။ "ယောကျ်ား၊ ဟုတ်တယ် မလားဟင်"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ မြန်မြန်သောက်လိုက်ဦး၊ ခဏနေရင် အေးသွားလိမ့်မယ်"

ထိုအမျိုးသား၏ အလိုလိုက်မှုများနှင့် အနည်းငယ် မတတ်သာသည့် လေသံများက လူနာခန်း အတွင်းမှ ထွက်ပေါ်လာတော့သည်။

တံခါး အပြင်ဘက်တွင်မူ နံရံကို ကိုင်ကာ စင်္ကြန်လမ်းတွင် တစ်ယောက်တည်း လမ်းလျှောက်နေသော ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးက ထိုအသံကို ကြားလိုက်ရပြီး မနေနိုင်ဘဲ အားကျသည့် မျက်နှာထား ပေါ်လာတော့ကာ ရင်ထဲတွင်လည်း အနည်းငယ် ခါးသက်သွားလေသည်။

'ကလေးတွေက ဝင်စားဖို့ မသွားခင်မှာ မေမေတွေကို ရွေးချယ်တတ်ကြတယ် ဟုတ်လား'

သူမက ဗိုက်ကို ပွတ်သပ်ရင်း ထိုနေရာတွင် ရပ်ကာ အနည်းငယ် ငေးမောသွားတော့သည်။

အတန်ကြာပြီးနောက် သူမ ပြုံးလိုက်၏။

သူမ၏ မီးဖွားခန်းဆီသို့ ပြန်လျှောက်သွားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကလေးလေး၊ သား ဒီလောကထဲကို ရောက်လာရင် ပထမဆုံး သင်ယူရမယ့် အရာက ကြံ့ခိုင်ဖို့ပဲ"

"ဒါက အရမ်း ကောင်းပါတယ် သား ဒီလောကကြီးကို ပိုပြီး နားလည်လာအောင်၊ ပိုပြီး ရင်ဆိုင်နိုင်အောင် ကူညီပေးလိမ့်မယ်"

"အခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ ဒါက သားအတွက် အစွမ်းအထက်ဆုံး လက်နက် ဖြစ်လာလိမ့်မယ်"

"တကယ်လို့ တစ်နေ့နေ့မှာ သားက ကြံ့ခိုင်နေစရာ မလိုတော့ဘူး ဆိုရင်လည်း ကောင်းတာပါပဲ အဲဒါက သား ကြံ့ခိုင်စရာ မလိုတော့တဲ့ အကြောင်းပြချက် တစ်ခုကို ရှာတွေ့သွားလို့၊ နွေးထွေးတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံသွားလို့ ဖြစ်မှာပါ"

"ကလေးလေး၊ ကလေးလေး ဒီကမ္ဘာကြီးက အရမ်း ကောင်းသလို အရမ်းလည်း ဆိုးရွားပါတယ်"

"သားက လူတွေ အများကြီးနဲ့ တွေ့ဆုံရလိမ့်မယ်၊ ကိစ္စတွေ အများကြီးကို ကြုံတွေ့ရလိမ့်မယ်"

"ဒါပေမယ့် အဲဒါကပဲ သား ဒီလောကကို ရောက်လာရတဲ့ အကြောင်းရင်း ဖြစ်မယ်လို့ မေမေ ထင်တယ်"

"ဒါဆိုရင်လည်း သားက ချို၊ ချဉ်၊ ဖန်၊ ခါး အရသာစုံကို မြည်းစမ်းခွင့် ရမှာပါ"

All Chapters