အခန်း ၃၁၇
Vol. 32 Ch. 317
🫧 Chapter 317
"ညီအစ်ကိုတို့၊ ဒုက္ခတော့ ရောက်ပြီ ခုနကပဲ ငါ့သူငယ်ချင်း ငါ့ကို ဆက်သွယ်လာတယ်"
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဆက်လက် ကျန်ရစ်နေခဲ့သူများနှင့် နှိုင်းယှဉ်လျှင် အတင်းအဓမ္မ ထုတ်ပယ်ခံလိုက်ရသော သူများမှာ အလွန်ပင် ကြောင်တောင်တောင် ဖြစ်နေကြတော့၏။
အဘယ်ကြောင့်ဆိုသော် သူတို့က 'ထွက်မည်' ဟူသော ခလုတ်ကိုပင် မနှိပ်ရသေးမီ မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အတင်းအဓမ္မ ထုတ်ပယ်ခံလိုက်ရသောကြောင့် ဖြစ်သည်။
အချို့သော သူများဆိုလျှင် လက်ထဲတွင် အရေးပေါ် ဆေးများကိုပင် ကိုင်ထားလျက် ဆက်လက် တောင့်ခံရန် ပြင်ဆင်နေကြဆဲ ဖြစ်၏။
ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးမည် မဟုတ်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
"ငါ ဘာလို့ အကန်ခံလိုက်ရတာလ"
သာမန်အချိန်များတွင် ရောဂါဘယ ကင်းရှင်းပြီး သတ္တိလည်း မနည်းလှသော၊ တစ္ဆေအိမ်များသို့ပင် မကြာခဏ သွားရောက်လေ့ရှိသော ပရိသတ် အချို့မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ထုတ်ပယ်ခံလိုက်ရချိန်တွင် သူတို့၏ ခေါင်းပေါ်၌ မေးခွန်းထုတ်စရာများသာ ပြည့်နှက်နေတော့သည်။
'သူတို့ ကျန်းမာရေး ကောင်းတယ်လေ'
'ဘာလို့ အကန်ခံလိုက်ရတာလဲ'
'တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက မှားပြီး ကန်ထုတ်လိုက်တာများလား'
သူတို့က ဖုန်းကို ပြန်ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ထပ်မံ ဝင်ရောက်ရန် ကြိုးစားကြည့်ကြ၏။
သို့သော် မဝင်ရသေးမီမှာပင် နောက်တစ်ကြိမ် ငြင်းပယ်ခံလိုက်ရပြန်သည်။
"......"
ထိုသူများမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရှိနေသေးသော သူတို့၏ သူငယ်ချင်းများကို မနေနိုင်ဘဲ လှမ်းမေးလိုက်ကြတော့သည်။
'တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကပဲ ပြဿနာ တစ်ခုခု ဖြစ်နေတာလား'
'ဒါမှမဟုတ် သူတို့ကပဲ Streamer ကို စော်ကားမိတဲ့ ကိစ္စ တစ်ခုခုများ လုပ်မိသွားလို့လား'
'အဲဒီလိုမှ မဟုတ်ရင် သူတို့ကို ဘာလို့များ ကန်ထုတ်လိုက်ရတာလဲ'
အကယ်၍ အခြားသော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများသာ ဆိုလျှင် သူတို့က ကျိန်ဆဲပြီး ဝေဖန်ချင် ဝေဖန်ကြပေလိမ့်မည်။
သို့သော် ငရဲပြည်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုတော့ တွေးကြည့်ရုံနှင့်ပင် သူတို့မှာ ရင်တထိတ်ထိတ် ဖြစ်နေကြပြီ ဖြစ်၏။
အကြောင်းရင်း အတိအကျကို မသိရသရွေ့ သူတို့ ဒီည အိပ်ရဲကြမည် မဟုတ်ပါချေ။
'တစ်ကြိမ်တည်းနဲ့တင် ခေါ်ဆောင်သွားခံရရင် ဘယ်လိုလုပ်မလဲ'
……
လူ့လောကမှ ပရိသတ်များမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ထုတ်ပယ်ခံလိုက်ရသဖြင့် ရင်တထိတ်ထိတ် ဖြစ်နေကြချိန်တွင် ကျန်းလင်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မှတ်ချက်ပေးသည့် နေရာတွင် စနစ်၏ အသိပေးချက် တစ်ကြောင်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
[သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ အားလုံးကို ရှင်းလင်းပြီးပါပြီ]
ပရိသတ်များအတွက် လက်ဆောင်များ ပေးဝေရာတွင် ဖြစ်စေ၊ ပရိသတ်များကို တာဝန်များ လုပ်ခိုင်းရာတွင် ဖြစ်စေ၊ သို့မဟုတ် ယခုအချိန်တွင် ဖြစ်စေ စနစ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ကျန်းလင်ကို ဘယ်သောအခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ပါချေ။
ဟာ့ဒ်ဝဲ ပစ္စည်းများက အလွန်ပင် စွမ်းဆောင်ရည် ကောင်းမွန်လှသည်။
ထိုအချိန်တွင် မှတ်ချက်ပေးသည့် နေရာ၌ အံ့သြမှုများနှင့် သံသယများ ရောယှက်နေသည်ကို မြင်သောအခါ ကျန်းလင်က သတိပေးလိုက်၏
"ခုနက ထုတ်ပယ်ခံလိုက်ရတဲ့ သူတွေ အားလုံးက ကျွန်တော် ပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေပါ"
"သူတို့ကို သွားပြီး ဆေးစစ်ခိုင်းလိုက်ကြပါ"
ပရိသတ်များ "......"
'ဒီလို ဖြစ်သွားတာလား'
'ဟယ် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကိုပါ စစ်ဆေးပေးနိုင်တယ် ဟုတ်လာ'
'ဒီလုပ်ရပ်က ဒုက္ခပဲ ပဲ ငါးပါးမှောက်ကုန်ပြီ'
[နားလည်ပါပြီ အခုပဲ မိသားစုဝင်တွေကို လာစမ်းကြည့်ခိုင်းလိုက်တော့မယ်]
[ဒါက ဆေးရုံသွားပြီး စစ်ရတာထက် အများကြီး ပိုလွယ်ပြီး မြန်တယ် မဟုတ်ဘူးလား]
[သင်ယူလို့တောင် မကုန်နိုင်တော့ဘူး]
[ညီအစ်ကိုတို့၊ Streamer ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကမှ အစွမ်းအထက်ဆုံး ဝိညာဉ်လက်နက်ကြီးလို့ ငါ ဘာလို့ ခံစားနေရတာလဲ]
……
မှတ်ချက်များထဲတွင် အကြိမ်ကြိမ် ခုန်ပေါက်နေကြသော ပရိသတ်များကို ဆက်မကြည့်တော့ဘဲ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ အားလုံး အထုတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သေချာသွားပြီးနောက် ကျန်းလင်က အပြင်သို့ ထွက်လာခဲ့လေသည်။
သူ သိထားသော အချက်အလက်များအရ ယနေ့ မနက်ပိုင်းတွင် ချိတ်ပိတ်ရေးအဖွဲ့မှ စီနီယာ ရွှီယိုကျိနှင့် အကြွင်းမဲ့ အဖြူရောင်ကြယ်တို့က အနောက်ဘက်နန်းဆောင်၏ ချိတ်ပိတ်ထားမှု အခြေအနေများကို သွားရောက် စစ်ဆေးရန် ထွက်ခွာသွားကြပြီ ဖြစ်၏။
၎င်းမှာ သူတို့ အနောက်ဘက်နန်းဆောင်သို့ လာရောက်ရခြင်း၏ အဓိက တာဝန်လည်း ဖြစ်ပေသည်။
တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အားစစ်ကမူ အနောက်ဘက်နန်းဆောင်၏ ဝိညာဉ်လက်နက်များကို ရူးသွပ်စွာ လေ့လာရင်း စွဲလမ်းမှု တစ်ခုထဲသို့ ကျရောက်နေတော့သည်။
လီစုန့်နှင့် တန်းရန်တို့ကတော့ ဗီလာထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။
ဗီလာတိုင်းတွင် သီးသန့် ကျင့်ကြံရေး အခန်း တစ်ခန်းစီ ရှိ၏။
ကျင့်ကြံရေး အခန်းထဲတွင်လည်း ကျင့်ကြံရာတွင် အထောက်အကူ ဖြစ်စေမည့် ကိရိယာများစွာ ရှိပေသည်။
ကျန်းလင်လည်း တစ်ခုချင်းစီ လိုက်ကြည့်ပြီးပြီ ဖြစ်ရာ အထဲတွင် တုံ့ပြန်မှုနှင့် အမြန်နှုန်းကို လေ့ကျင့်နိုင်သည့် စက်ယန္တရား အချို့ပင် ရှိနေသေးသည်ကို တွေ့ခဲ့ရသည်။
ထို့အပြင် ငွေရောင် သေနတ် အချို့နှင့် တင်ပျဉ်ခွေ ထိုင်ရာတွင် အသုံးပြုသည့် အသုံးအဆောင်များလည်း ရှိ၏။
အနောက်ဘက်နန်းဆောင်က တကယ်ကို သူဌေးများနေထိုင်ရာ နေရာပင်ဖြစ်သည်လေ။
အနက်ရောင် ဝိညာဉ်တမန်တော် လျိုပုဝေနှင့် ချင်ကျိုးကျိုးတို့ကိုတော့ ကျန်းလင် မတွေ့ခဲ့ရပါချေ။
ဗီလာ အိမ်ရာ၏ အဝင်ဝသို့ ရောက်သောအခါ ကျန်းလင်က နေရာရွှေ့ပြောင်းသည့် အစီအရင်ပေါ်တွင် ရပ်လိုက်သည်။
ထိုပခါ ဘေးပတ်လည်ရှိ စက်ဝိုင်းပုံ အလင်းတန်းများ လင်းလက်သွားပြီးနောက် သူ၏ ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူက အခြား ရပ်ကွက် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့နောက် ကျန်းလင်က ဖိတ်စာပေါ်ရှိ လိပ်စာအတိုင်း နေရာရွှေ့ပြောင်းသည့် အစီအရင်ကို နောက်ထပ် နှစ်ကြိမ်ခန့် အသုံးပြုလိုက်လေသည်။
ထိုအခါမှသာ ခရီးဆုံးသို့ ရောက်ရှိသွားတော့၏။
နဝမမြောက် ငရဲဘုံတွင်
"ဖိတ်စာ ပါလား" အဝင်ဝတွင် စောင့်နေသော တစ္ဆေစစ်သူကြီးက မေးလိုက်သည်။
ထိုအခါ ကျန်းလင်က ဖိတ်စာကို ကမ်းပေးလိုက်ရာ တစ်ဖက်လူက တစ်ချက် ကြည့်ပြီးနောက် ဝင်ခွင့်ပြုလိုက်၏။
ထို့အပြင် စကား တစ်ခွန်းပါ ထပ်ပေါင်းပြောလိုက်သေးသည် "အစားအသောက် ပွဲတော်က ကျွန်တော်တို့ဆီမှာ အရမ်းနာမည်ကြီးပါတယ်၊ သခင် အဲ လူကြီးမင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်"
ဖိတ်စာကို ကျန်းလင်ထံ ပြန်ပေးချိန်တွင် စိတ်လှုပ်ရှားလွန်း၍ သူ့ လက်များပင် အနည်းငယ် တုန်ယင်နေလေသည်။
ကျန်းလင် အထဲသို့ ဝင်သွားပြီးနောက် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။
ထိုစဥ် အနောက်မှ အခြား တစ္ဆေများက ဖိတ်စာများ ကိုင်ကာ ရောက်လာကြချိန်တွင် တစ္ဆေစစ်သူကြီး နှစ်ဦးမှာ ချက်ချင်းပင် လေးနက်တည်ကြည်သော ပုံစံသို့ ပြန်လည် ပြောင်းလဲသွားကြတော့၏။
လက်လည်း မတုန်တော့သလို၊ နှုတ်ခမ်းလည်း မလှုပ်တော့ပါချေ။
ထိုအခါမှသာ ကျန်းလင်က နဝမမြောက် ငရဲဘုံ အတွင်းသို့ လျှောက်သွားရင်း စိတ်ထဲတွင် တွေးတောနေမိသည်။
အနောက်ဘက်နန်းဆောင်သို့ ရောက်ကတည်းက ဤနေရာက သူ့ကို စိမ်းသက်သလို ရင်းနှီးသလို ခံစားချက်မျိုး ပေးစွမ်းနေ၏။
ထိုရင်းနှီးမှုမှာ အနောက်ဘက်နန်းဆောင်မှ တစ္ဆေများက သူ့ကို ကြည့်သော အကြည့်များမှတစ်ဆင့် ဖြစ်ပေသည်။
သူတို့က ပထမဆုံးအကြိမ် တွေ့ဆုံခြင်း၊ ပထမဆုံးအကြိမ် စကားပြောဆိုခြင်း ဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို အစောကြီးကတည်းက သိကျွမ်းနေခဲ့သကဲ့သို့ ပင်။
အနောက်ဘက်နန်းဆောင်မှ တစ္ဆေများ အားလုံးက သူ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ဖူးကြမည် ဆိုလျှင်တောင်မှ သူ အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်တို့တွင် ရှိစဉ်က ထိုမျှလောက် မဆိုးရွားခဲ့ပါချေ။
မည်သူကမှ ရုတ်တရက်ကြီး ရောက်လာပြီး မေးခွန်းထုတ်တာမျိုး၊ သို့မဟုတ် 'Streamer Streamer' လို့ ခေါ်တာမျိုး မရှိခဲ့ပေ။
ချီယောင်ယောင် ဆိုသည့် ကောင်မလေးပင်လျှင် နောက်ပိုင်းတွင် သူ့ကို 'စီနီယာ' ဟုသာ ခေါ်တော့၏။
ယခုမူကား ကျန်းလင်က သူများ 'ပရိသတ် အုပ်စု/အသိုက်အမြုံ ထဲသို့ ရောက်လာခဲ့လေသလား' ဟု တွေးတောနေမိတော့သည်။
……
နဝမမြောက် ငရဲဘုံမှာ မူလက ဆီပူအိုး ငရဲဘုံ ဖြစ်ပြီး သာမန်အချိန်များတွင် အမျိုးအစားစုံလင်သော ဆီပူအိုးများဖြင့် ပြည့်နှက်နေတတ်လေသည်။
အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆီကြော်ရာမှ ထွက်ပေါ်လာသော အပူချိန် ပြင်းပြင်းကို ခံစားရနိုင်ပေသည်။
ဤအပူချိန်က လူ့လောကရှိ ဆီပူအိုးများ၏ အပူချိန်နှင့် မတူညီပါချေ။
ငရဲဘုံရှိ ဆီပူအိုးများက တစ္ဆေများကိုပင် ဒဏ်ရာရစေနိုင်စွမ်း ရှိ၏။
သာမန်အချိန်များတွင် အဆင့်နိမ့်သော တစ္ဆေ အချို့ကို အထဲသို့ ဝင်ခွင့် မပြုကြပေ။
ပထမအချက်မှာ ငရဲဘုံ အလွှာတစ်ခုစီ၏ 'ရက်စက်သော ပြစ်ဒဏ်များ' အပေါ် ခံနိုင်ရည် အားနည်းသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာမူ အကယ်၍ အလွန် အားနည်းလွန်းနေပါက ငရဲဘုံရှိ မိစ္ဆာတစ္ဆေများ၏ လွှမ်းမိုးမှုကို လွယ်ကူစွာ ခံရနိုင်သောကြောင့် ဖြစ်သည်။
ဤနေရာတွင် တစ္ဆေများ အလွန် များပြားလွန်းလှ၏။
နှစ်ပေါင်း ထောင်သောင်းချီ၍ ငရဲဘုံအတွင်း ဖြစ်ပေါ်လာသော အနုတ်လက္ခဏာ စွမ်းအင် အမြောက်အမြားကို သာမန် တစ္ဆေများ အနေဖြင့် ခံနိုင်ရည် မရှိကြပါချေ။
ယနေ့တွင်မူ နဝမမြောက် ငရဲဘုံ တစ်ခုလုံးကို 'ရှင်းလင်း' ထားပုံ ရပေသည်။
"ဒီကနေ့ရဲ့ လွတ်လပ်စွာ ပါဝင်နိုင်မယ့် အစားအသောက် ပွဲတော်ကို ရောက်ရှိလာကြတဲ့ အားလုံးကို ကြိုဆိုပါတယ်"
"အိုးးးး"
"မုန့်မုန့် မုန့်မုန့်"
ကျန်းလင် အထဲသို့ ဝင်သွားချိန်တွင် အထဲ၌ တစ္ဆေများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။
အစားအသောက် ပွဲတော်ဟု ဆိုသော်လည်း အစားအသောက် တစ်ပွဲမျှ မရှိပါချေ။
တစ္ဆေများ အားလုံးက ထိုင်နေကြပြီး မျက်နှာမူရာ တစ်ဖက်တည်းသို့ အော်ဟစ် အားပေးနေကြလေသည်။
ထိုနေရာမှာ နဝမမြောက် ငရဲဘုံ၏ အလယ်ဗဟို ဧရိယာ ဖြစ်ပေသည်။
ထိုနေရာတွင် အမြီး သုံးချောင်းကို ခါယမ်းရင်း ရွှေရောင် ကြိုးများဖြင့် အလှဆင်ထားသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် မြေခွေးမလေးက လေထဲတွင် ပေါလောပေါ်နေ၏။
သူမ ၏လက်ထဲတွင်မူ ဟင်းချတ်ဓား တစ်လက်ကို ကိုင်ဆောင်ထားကာ တစ္ဆေများ အားလုံးကို ရင်းနှီး ဖော်ရွေစွာဖြင့် နှုတ်ဆက်နေလေသည်။
သို့သော် မွေးရာပါ ဆွဲဆောင်မှု စွမ်းရည် ရှိသော သူမ အနေဖြင့် မည်သည့်အရာမျှ မလုပ်လျှင်တောင်မှ သူမ၏ အသံနှင့် ရုပ်ရည် သက်သက်ဖြင့်ပင် လုံလောက်စွာ ဆွဲဆောင် ညှို့ယူနိုင်စွမ်း ရှိနေပေသည်။
ထိုစဥ် ကျန်းလင်က မှတ်ချက်ပေးသည့် နေရာကို တစ်ချက် ကြည့်လိုက်ရာ စခရင် တစ်ခုလုံးတွင် ဤသို့သာ ပြည့်နှက်နေတော့၏
[....]
စခရင် အပြင်ဘက်တွင်လူတိုင်းက သွားရည်ကျသူက ကျ၊ နှလုံးကို ဖိထားသူက ဖိထား ဖြစ်နေကြသည်။
လိင်ပိုင်းဆိုင်ရာ အနေဖြင့် အမျိုးသမီး ဖြစ်သော်လည်း အမျိုးသားများကိုသာ စိတ်ဝင်စားသော ပရိသတ် အချို့ပင်လျှင် ယခုအချိန်တွင် နှလုံးခုန် မြန်လာကြတော့၏။
'အမေရေ၊ မခံနိုင်တော့ဘူး'
'ဘာလို့ တစ္ဆေ တစ်ကောင်က ဒီလောက်တောင် လှနေရတာလဲ'
'ဒီ ဒီ'
'ဒါက ယောက်ျား၊ မိန်းမ၊ အသက်ကြီး၊ အသက်ငယ် မရွေး အကုန်လုံးကို သတ်ပစ်နိုင်တဲ့ အလှပဲ'
[အစားအသောက် ပွဲတော် တကယ်ကို စားချင်စရာ ကောင်းတဲ့ အလှတရားပဲ]
[Streamer က ဘာလို့ ကျန်းမာရေး မကောင်းတဲ့ သူတွေ ထွက်သွားဖို့ ပြောခဲ့တာလဲ ဆိုတာ အခုမှ နားလည်တော့တယ်၊ ငါ အခုတောင် ခန္ဓာကိုယ် အားနည်းနေသလို ခံစားနေရပြီ]