အခန်း ၃၁၈
Vol. 32 Ch. 318
🫧 Chapter 318
[ငါလည်း နည်းနည်း အားနည်းနေသလို ခံစားရတယ်]
[ခန္ဓာကိုယ်က အားအင်တွေ အကုန် စုပ်ယူခံလိုက်ရသလိုပဲ ( ̄ ii  ̄) ]
[ဒီမတိုင်ခင်တုန်းက ငါ့ကိုယ်ငါ မိန်းကလေး ဖြစ်ပြီး ယောကျ်ားလေးတွေကိုပဲ စိတ်ဝင်စားတယ်လို့ သေချာပေါက် ပြောရဲတယ် ဒါပေမယ့် အခုတော့]
[ပြောမနေနဲ့တော့၊ ငါက ယောကျ်ားလေး ဖြစ်ပြီး မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာတောင် ငါ့ကောင်မလေးကို သစ္စာဖောက်လိုက်သလို ခံစားနေရပြီ၊ ရင်ထဲမှာ စူးခနဲပဲ]
ထိုအချိန်တွင် နောက်ထပ် မှတ်ချက် တစ်ခု ထွက်ပေါ်လာ၏။
[ဒါနဲ့ အားလုံးက အလှလေးရဲ့ Wallpaper ပုံတွေ လိုချင်သေးလား]
[လိုချင်တယ်]
[ပို့လိုက်တော့! ငါ အခုပဲ ကျောက်ကပ် အားတိုးဆေး သွားမှာလိုက်ဦးမယ်]
[+၁၀၀၈၆]
……
မှတ်ချက်ပေးသည့် နေရာကို ကြည့်ပြီးနောက် ကျန်းလင်က မတတ်သာစွာဖြင့် ခေါင်းခါလိုက်လေသည်။
'ထင်တဲ့အတိုင်း ဖြစ်လာတာပဲ'
'ကြည့်ရတာ ငါက လူသား ပရိသတ်တွေ အကြောင်းကို တော်တော်လေး နားလည်နေပြီပဲ'
"အခု ထွက်မယ် ဆိုရင်လည်း အချိန်မီသေးတယ်နော်"
ကျန်းလင်က တစ်ခွန်း ပြောလိုက်ပြီးနောက် နဝမမြောက် ငရဲဘုံ အတွင်းသို့ ဆက်လက် လျှောက်သွားလိုက်၏။
ထို့နောက်အနောက်ဘက်တန်းရှိ နေရာလွတ် တစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလင်က သူ၏ ဘေးရှိ တစ္ဆေက သူ့ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ဘာမှမဖြစ်သကဲ့သို့ အကြည့်လွှဲသွားသည်ကို ခံစားလိုက်ရလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုတစ္ဆေက ချက်ချင်းပင် ပြန်လှည့်ကြည့်လာပြီး မျက်လုံးများ ပြူးကျယ်သွားတော့၏။
ထို့နောက် အလျင်အမြန် ပြန်လှည့်သွားကာ ခန္ဓာကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်နေသည်။
ကြည့်ရသည်မှာ အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် အရွယ်ခန့်သာ ရှိသေး၏။
"......."
'သူမက ပရိသတ်လား'
'ဒါဆို သူ နှုတ်ဆက်သင့်သလား'
အာရွေ့က ယနေ့တွင် အပြာရောင် ဂါဝန်လေးကို သီးသန့် ဝတ်ဆင်လာပြီး ဆံပင်ကိုလည်း အထုံးလေး နှစ်ဖက် ထုံးကာ ထိုအရောင်တူ ဆံထုံးကြိုးလေးများဖြင့် ချည်နှောင်ထားလေသည်။
မနေ့က အနောက်ဘက်နန်းဆောင် အဝင်ဝတွင် သွားကြည့်စဉ်က သူမ အရှေ့သို့ လုံးဝ တိုးမပေါက်ခဲ့ပါချေ။
အဝေးကနေ တစ်ချက်လောက်သာ ကြည့်လိုက်ရ၏။
ယနေ့ သူမ၏ သခင် ဝိညာဉ်တမန်တော်က တာဝန် လုပ်စရာ ရှိနေသဖြင့် ဖိတ်စာကို သူမထံ ပေးလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်တမန်တော်ကျန်းနဲ့ တိုက်ဆိုင်စွာ ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
ထို့အပြင် သူမရဲ့ ဘေးနားမှာ လာထိုင်နေသည်လေ။
'ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ'
အာရွေ့က လက်နှစ်ဖက်ကိုသာ ယှက်ကာ လိမ်ချိုးနေမိတော့၏။
'သူမ အနေနဲ့ အရင်ဆုံး နှုတ်ဆက်သင့်သလား၊ ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်ပြီး အေးအေးဆေးဆေး 'ဘေးလူ' အဖြစ်နဲ့ပဲ နေသင့်သလား'
'နှုတ်ဆက်လိုက်ရင် ဝိညာဉ်တမန်တော်ကျန်းကို အနှောင့်အယှက် ဖြစ်သွားမလား'
"......."
အာရွေ့ တစ်ယောက် ဗျာများနေစဉ်မှာပင် အလယ်ဗဟို ဧရိယာတွင် 'မုန့်မုန့်' ဟု ခေါ်သော မြေခွေးမလေးက ပွဲကို စတင် မိတ်ဆက်ပေးနေပြီ ဖြစ်၏။
"အခု ပြောပြပေးမှာကတော့ ဒီနေ့အတွက် ကျွန်မတို့ရဲ့ ပထမဆုံး အစားအသောက်လေးပဲ ဖြစ်ပါတယ်"
" အေးချမ်းတဲ့ တစ္ဆေမျှင်သုပ်"
'ဝှစ်'
မုန့်မုန့် ခြေအောက်တွင် အလင်းရောင် တစ်ချက် လင်းလက်သွားပြီး နေရာရွှေ့ပြောင်းသည့် အစီအရင် စတင် အလုပ်လုပ်သွားတော့သည်။
ထိုအခါ အလယ်ဗဟို ဧရိယာတွင် မီးဖိုချောင်သုံး ခုံ တစ်ခုနှင့် ကြိုးတုပ်ခံထားရသော အမျိုးသား တစ်ဦး ထွက်ပေါ်လာ၏။
ထိုအမျိုးသားက အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး အနည်းငယ် ဝဖြိုးကာ မျက်မှန် အမည်းရောင်ကို တပ်ဆင်ထားကာ အသက် နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့် ရှိပေသည်။
ပတ်ဝန်းကျင် အခြေအနေကို မြင်သောအခါ အမျိုးသား၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ အထင်းသား ပေါ်လာပြီး ရုန်းကန်ရင်း အော်ဟစ်လိုက်၏။
"မလုပ်ပါနဲ့၊ ကျွန်တော် မှားသွားပါပြီ၊ မလုပ်ပါနဲ့! ကျွန်တော် မှားသွားပါပြီ"
"တကယ်ပါ၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး"
ငရဲဘုံသို့ အပြစ်ကျခံရသူတိုင်းက မျိုးစုံသော ရက်စက်သည့် ပြစ်ဒဏ်များနှင့် သေဆုံးမှု နည်းလမ်းပေါင်းစုံကို အကြိမ်ကြိမ် အဖန်ဖန် ဖြတ်သန်းရလေ့ ရှိပေသည်။
ငရဲဘုံတွင် သူတို့ အမှန်တကယ် သေဆုံးသွားမည် မဟုတ်သော်လည်း လူ့လောကတွင် ရှိစဉ်ကကဲ့သို့ နာကျင်မှုများကိုတော့ အပြည့်အဝ ခံစားရနိုင်၏။
'ဓားနဲ့ မွှန်းခံရတဲ့ နာကျင်မှု၊ မီးလောင်ခံရတဲ့ နာကျင်မှု၊ လျှာဆွဲနှုတ်ခံရတဲ့ နာကျင်မှု တို့က တကယ်ကိုခံစားရတယ်လေ'
"ရှင် အဲဒီလို မပြောပါနဲ့၊ ကျွန်မက ရက်ရက်စက်စက် လုပ်ရမှာ နှမြောသွားလိမ့်မယ်"
ပြီးနောက် မုန့်မုန့်က ဘယ်ဘက် လက်ချောင်းလေးကို လျှာဖြင့် သပ်လိုက်ပြီး ညာဘက် လက်ထဲရှိ ဟင်းချတ်ဓားကို တစ်ပတ် လှည့်လိုက်လေသည်။
ထိုပြင် ဓားက လှည့်ပတ်သွားစဉ် အေးစက်သော အလင်းရောင် တစ်ချက် ဖြာထွက်သွားသေးသည်။
"နတ်သမီးလေး၊ အလှလေး၊ နောက်ကို ကျွန်တော် ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး"
မုန့်မုန့်၏ စကားကို ကြားသောအခါ အမျိုးသား၏ မျက်လုံးများ အရောင်လက်သွားပြီး အကြိမ်ကြိမ် တောင်းပန်လိုက်တော့သည်။
"နောက်ကို ကျွန်တော် သေချာပေါက် ပြုပြင်ပါ့မယ်၊ ကျွန်တော့်ကို လွှတ်ပေးပါ"
"ကောင်းပြီလေ"
ထိုအခါ မုန့်မုန့်က ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်၏။
သို့သော် အမျိုးသား သက်ပြင်း တစ်ချက် ချလိုက်ချိန်မှာပင် တစ္ဆေချီစွမ်းအင် တစ်ခုက သူ့ကို မြေပြင်ပေါ်မှ ဆွဲမကာ ဘေးရှိ မီးဖိုချောင်သုံး ခုံပေါ်သို့ ပစ်တင်လိုက်တော့သည်။
"စိတ်ချပါ၊ ကျွန်မရဲ့ ဓားက အရမ်း ထက်ပါတယ် တစ်ချက်တည်းနဲ့ ပြတ်သွားမှာမို့လို့ လုံးဝ နာကျင်ရမှာ မဟုတ်ပါဘူး၊ သေချာပေါက် အမြန်ဆုံး ပြီးသွားစေရမယ်"
မုန့်မုန့်၏ အသံက ဆွဲငင်သွားပြီးနောက် လက်ထဲရှိ ဓားကို မြှောက်ကာ လျင်မြန်စွာ ခုတ်ချလိုက်လေသည်။
သူမ၏ အရှိန်မှာ အမှန်တကယ်ကို သွက်လက် ဖြတ်လတ်လှပေသည်။
"အား အား အား"
အမျိုးသားမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း ပြင်းထန်သော နာကျင်မှုကြောင့် မည်သည့် စကားမျှ ဆက်မပြောနိုင်တော့ပါချေ။
မုန့်မုန့်ကမူ သူမ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့၏။
လက်ထဲရှိ လှုပ်ရှားမှုများက မြန်ဆန်လွန်းလှသဖြင့် အရိပ်များကိုသာ မြင်တွေ့နေရတော့သည်။
ထိုအစား ဟင်းချွတ်ဓားနှင့် စဉ်းတီတုံး ထိခတ်သံ 'ဒေါက် ဒေါက် ဒေါက်' များ ဆက်တိုက် ထွက်ပေါ်လာလေသည်။
ခဏအကြာတွင် စဉ်းတီတုံးပေါ်ရှိ အသံများ ရပ်တန့်သွား၏။
ပြီးနောက် ထိုအပေါ်တွင် အရှည် အတို ညီညာသော အမျှင်လေးများသာ ကျန်ရစ်တော့သည်။
ဟင်းချတ်ဓားက သူမ၏ လက်ထဲတွင် တစ်ပတ် လည်သွားပြီးနောက် ခါးဘေးသို့ ပြန်လည် ရောက်ရှိသွားလေသည်။
သူမက ဟင်းခတ် အမွှေးအကြိုင်များ ထည့်ကာ သုပ်နေရင်းဖြင့် ဤ 'အေးချမ်းတဲ့ တစ္ဆေမျှင်သုပ်' ၏ အကြောင်းကို ပြုံးရွှင်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဖန်ရှင်း၊ အသက် နှစ်ဆယ့်ရှစ်နှစ်၊ မိမိ စက်ရုံက ထုတ်တဲ့ နို့မှုန့်တွေက လူကို အန္တရာယ် ဖြစ်စေနိုင်မှန်း သိသိရက်နဲ့ ဆက်ထုတ်ခဲ့တယ်"
"ငွေရဖို့အတွက် သုံးနှစ် အတွင်းမှာ စက်ရုံ နှစ်ရုံ ထပ်တိုးခဲ့တယ်၊ အပြစ်မဲ့ ကလေးငယ် ရာနဲ့ချီပြီး ဒုက္ခရောက်စေခဲ့တယ်"
"နို့မှုန့်ကြောင့် ပြဿနာ ဖြစ်တဲ့ လူတွေရဲ့ သတင်းတွေကို ဖုံးဖိဖို့အတွက် အရွယ်ရောက်ပြီးသူ ဆယ်ယောက်ကျော်ကိုလည်း ထပ်ပြီး ဒုက္ခပေးခဲ့တယ်"
"လက်ရှိမှာတော့ ငရဲဘုံမှာ ပြစ်ဒဏ် ကျခံနေရတာ အနှစ် သုံးဆယ် ရှိသွားပါပြီ"
……
မုန့်မုန့် ရှင်းပြပြီးချိန်တွင် သူမ လက်ထဲရှိ ဟင်းပွဲကလည်း အသင့် ဖြစ်နေပြီ ဖြစ်၏။
ထိုအမျိုးသားမှာမူ သတိရှိနေဆဲ ဖြစ်ကာ ဓားဖြင့် တစ်ချက်ချင်း ခုတ်ခံရသော နာကျင်မှုများကို ရှင်းလင်းစွာ ခံစားနေရပြီး သေမတတ် နာကျင်နေတော့သည်။
မုန့်မုန့်က အချင်း တစ်မီတာခန့် ရှိသော ပန်းကန်လုံးကြီးကို မြှောက်ပြလိုက်လေသည်။
"အေးချမ်းတဲ့ တစ္ဆေမျှင်သုပ် အခုလေးတင် သုပ်ထားတဲ့ အေးချမ်းတဲ့ တစ္ဆေမျှင်သုပ် ဘယ်သူ ယူမလဲ?"
ယခု အစားအသောက် ပွဲတော် ပထမဆုံးသော 'အစားအသောက်' ထွက်ပေါ်လာပြီ ဖြစ်သည်။
"ကျွန်တော် ကျွန်တော် ကျွန်တော် ကျွန်တော်"
"ကျွန်တော် ယူမယ်"
"ဒီမှာ"
ပရိသတ်များ ထိုင်နေသော နေရာ အနှံ့အပြားမှ တစ္ဆေများစွာက လက်မြှောက်လာကြ၏။
"အရသာရှိရှိ သုံးဆောင်ကြပါနော်"
ထိုအခါ မုန့်မုန့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တစ္ဆေမျှင်သုပ်များက ကျောက်စိမ်း ပန်းကန်ပြားလေးများထဲသို့ ရောက်ရှိသွားပြီး လက်မြှောက်ထားသော တစ္ဆေများ၏ အရှေ့သို့ ပျံသန်းသွားကြတော့သည်။
"နောက်ဆုံးတော့ ဒီနေရာမှာ မင်းကို တွေ့ရပြီပဲ"
တစ္ဆေမျှင်သုပ်ကို ရရှိသွားသော တစ္ဆေများ၏ ခန္ဓာကိုယ်မှ တစ္ဆေချီစွမ်းအင်များ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး မျက်လုံးများလည်း နီရဲလာကြလေသည်။
ထို့နောက် သူတို့က တစ္ဆေမျှင်များကို လက်ဖြင့် တိုက်ရိုက် ဆွဲယူကာ ပါးစပ်ထဲသို့ တစ်ဆုပ်ပြီး တစ်ဆုပ် ထည့်လိုက်ကြ၏။
"နို့မှုန့် ထုတ်တယ် ဟုတ်လား ငွေရှာတယ် ဟုတ်လား ငါ့ဖင်ထဲကနေ မင်းကို ပြန်ထွက်လာအောင် လုပ်ပစ်မယ်"
"ဟားဟားဟား၊ ဒါက မင်းရဲ့ ဇာတ်သိမ်းပဲ၊ အသေဆိုးနဲ့ သေရမယ်"
"****"
သူတို့က ပါးစပ် အပြည့် ဝါးနေရင်းဖြင့်လည်း ကျိန်ဆဲနေကြလေသည်။
၎င်းတို့၏ ရက်စက် ကြမ်းကြုတ်သော ပုံစံက ငရဲဘုံထဲရှိ မိစ္ဆာတစ္ဆေများနှင့် ပိုမို ဆင်တူနေတော့၏။
သူတို့၏ တစ်လုတ်ချင်းစီတိုင်းက အပြစ်မဲ့ ကလေးငယ် ရာပေါင်းများစွာ၏ အစားပါ ပေါင်းစပ်၍ စားသောက်နေခြင်းပင်။
"ငါ့ကလေးကို ဒုက္ခပေးတဲ့ကောင်၊ ငါ့ကလေးကို ဒုက္ခပေးတဲ့ကောင် မင်းကို သတ်မယ် မင်းကို သတ်မယ် ဝူးဝူးဝူး"
……
ထိုတစ္ဆေများ စားသောက်နေစဉ် သူတို့၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် အငွေ့တန်းများ လွင့်စင် ထွက်ပေါ်လာတော့သည်။
တဖြည်းဖြည်းနှင့် အချို့သော တစ္ဆေများ၏ ခန္ဓာကိုယ်များက ပိုမိုဖောက်ထွင်း မြင်ရလာကာ နောက်ဆုံးတွင် ဝိညာဉ်များနှင့် လုံးဝ တူညီသွားတော့၏။
"ဒီတစ္ဆေတွေက ဝင်စားဖို့ သွားလို့ရနေတာ ကြာပြီ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသွားဘဲ နေခဲ့ကြတာ ဖြစ်မယ်"
ကျန်းလင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များကိုလည်း ဗဟုသုတ ဖြန့်ဝေပေးလိုက်လေသည်။
ဝိညာဉ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော တစ္ဆေများ အနေဖြင့် ဤနေရာတွင် ဆက်လက် နေထိုင်ခွင့် မရှိတော့ပါချေ။
သူတို့၏ ထိုင်ခုံများပေါ်တွင် အလင်းရောင် တစ်ချက် လင်းလက်သွားသည်ကို မြင်တွေ့လိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အစားအသောက် ပွဲတော်မှ ပျောက်ကွယ်သွားကြတော့သည်။
သူတို့ သွားသင့်သော နေရာသို့ သွားကြပြီ ဖြစ်၏။
ထို့အပြင် ကျန်းလင် သတိထားမိသည်မှာ ထိုတစ္ဆေမျှင်သုပ်များမှာ စားသောက်ခံလိုက်ရသော်လည်း ၎င်း၏ အငွေ့အသက်က ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
အလယ်ဗဟို ဧရိယာ၏ အထက်ဘက်ရှိ ဖြည်းညင်းစွာ လည်ပတ်နေသော စက်ဝိုင်းပုံ ဝိညာဉ်လက်နက် တစ်ခုထဲသို့ စုစည်းသွားခြင်း ဖြစ်လေသည်။
သူ ခန့်မှန်းရသလောက် အစားအသောက် ပွဲတော် ပြီးဆုံးသွားပါက သူက ပြစ်ဒဏ် ဆက်လက် ခံယူရဦးမည် ဖြစ်ပေသည်။
……
[သေးထွက်ကျပြီ သေးထွက်ကျပြီ Streamer ဘာလို့ ဒီလောက်တောင် တင်းတင်းကျပ်ကျပ် ပြောခဲ့ရသလဲ ဆိုတာ နောက်ဆုံးတော့ ငါ သိသွားပြီ]
[ငါ ဝေါ့ ဝေါ့ ဒီနေ့ စားထားတဲ့ ထမင်းတွေ အကုန် အန်ထွက်ကုန်ပြီ ခေါက်ဆွဲသုပ်တွေကို နောက်ထပ် ဘယ်တော့မှ မကြည့်ရဲတော့ဘူး]
[မပြောနဲ့တော့၊ မင်း အသုပ် အကြောင်း ပြောလိုက်တော့ ငါ ထပ်ပြီး ဝေါ့]
[နို့မှုန့် ဟုတ်လား **တံဆိပ်ကများလား အဲဒီအကြောင်း ငါ ကြားဖူးသလိုပဲ၊ အရင်တုန်းက တော်တော်လေး ပြဿနာ တက်ခဲ့တာလေ]
[ တော်သေးတယ်၊ ငါ့ဆီမှာ ဒိုင်ပါ ဆိုတဲ့ မှော်လက်နက် ရှိနေလို့]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များမှာ မြင်ကွင်းကို ကြည့်ပြီးနောက် အန်သူက အန်၊ သေးထွက်ကျသူက ကျ ဖြစ်ကုန်ကြတော့သည်။
အချို့ကလည်း သူတို့၏ ရင်ဘတ်လေးကို ဖိထားကြရ၏။
ကျန်းမာရေး မကောင်းသူများ ဆိုလျှင် ဤကဲ့သို့သော ထိတ်လန့်စရာများကို အမှန်တကယ်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။
မုန့်မုန့်၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်ပြီး သပ်ရပ် ဖြတ်လတ်လှသော်လည်း ထိုမြင်ကွင်းက အတော်လေး ကြောက်စရာ ကောင်းနေပေသည်။
အချို့သူများဆိုလျှင် အရုပ်များကို ခြေထောက်ကြား ကန်ခံရသည်ကို ကြည့်ပြီး ကိုယ်တိုင် နာကျင်နေသလို ခံစားရတတ်ကြသည်လေ။
'အခုက တကယ့် တစ္ဆေ တစ်ကောင်လုံးကို လုပ်ပြနေတာ ဆိုတော့ ပိုဆိုးတာပေါ့'
'အမြင်အာရုံ ထိခိုက်မှုက အလွန် ပြင်းထန်လွန်းလှ၏'
တစ်ခဏချင်းတွင်ပင် ပရိသတ်များမှာ ခေါင်းတွေ ထုံကျင်လာပြီး တစ်ကိုယ်လုံး အေးစက်လာသည်ကို ခံစားလိုက်ကြရသည်။
စောင်ထဲ ဝင်ခွေကာ မှတ်ချက်များ ဆက်တိုက် ပေးနေခြင်းဖြင့်သာ အကြောက်အလန့် ပြေအောင် လုပ်နိုင်တော့၏။
သို့သော် မုန့်မုန့်၏ ရှင်းပြချက်ကို ကြားပြီးနောက်၊ ထို့အပြင် စားသောက်ပြီးနောက် ပျောက်ကွယ်သွားကြသော ဝိညာဉ်များကို မြင်တွေ့လိုက်ရသောအခါ ပရိသတ်များမှာ မည်သို့သော အခြေအနေ ဖြစ်ကြောင်းကို အကြမ်းဖျင်း နားလည်သွားကြတော့သည်။
အစားအသောက် ပွဲတော် ဆိုသည်မှာ ငရဲဘုံသို့ အပြစ်ကျခံရသော တစ္ဆေများအတွက် ပြစ်ဒဏ် အမျိုးအစား တစ်ခု ပြောင်းလဲပေးလိုက်ခြင်းသာ ဖြစ်၏။
ပွဲတော်သို့ တက်ရောက်လာကြသော တစ္ဆေများအတွက်မူ ၎င်းက လွတ်မြောက်မှု တစ်ခု ဖြစ်ပေသည်။
သူတို့၏ စွဲလမ်းမှုများ၊ မကျေနပ်မှုများကို ဤအချိန်တွင် အပြည့်အဝ ပေါက်ကွဲ ထုတ်လွှတ်ခွင့် ရရှိသွားခြင်း ဖြစ်သည်။
အကြောင်းမှာ လူယုတ်မာများ၏ အကျိုးပေးကို သူတို့ နောက်ဆုံးတွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီ ဖြစ်သောကြောင့်ပင်။
[ကြောက်စရာ ကောင်းပေမယ့် တကယ် အသုံးဝင်တယ် ဝေါ့]
[လူ့လောကရဲ့ ဥပဒေကနေ လွတ်မြောက်သွားတာနဲ့ပဲ ထင်ရာစိုင်းလို့ ရပြီလို့ ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်]
[ကျွန်တော် ကျွန်တော် ကျွန်တော် ကျွန်တော် ကျွန်တော် ငယ်ငယ်တုန်းက လိမ်ပြောဖူးတယ်၊ အပြစ်လည်း လုပ်ဖူးတယ်၊ ကျွန်တော်ရော ငရဲကျမှာလား]
[သောက်ကျိုးနည်း၊ မင်း ငါ့ကို မခြောက်နဲ့နော် ငါက ဆရာကိုတောင် နောက်ပြောင်ဖူးတယ် မနက်ဖြန် သွားတောင်းပန်ရင် အချိန်မီသေးလား]
……
[မူရင်းစာရေးသူ၏ မှတ်ချက် : ဇာတ်ကွက်တွေကို တတ်နိုင်သမျှ ရိုးရှင်းအောင် ရေးထားပါတယ်၊ စာဖတ်သူတွေ သိပ်အများကြီး မတွေးကြပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြောက်လန့်သွားအောင် မလုပ်ကြပါနဲ့ ဒါက ငရဲပြည်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းတွေပါ၊ လူ့လောကနဲ့ မနှိုင်းယှဉ်ကြပါနဲ့နော်]