← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

🫧 Chapter 327

အနောက်ဘက်နန်းတော်၏ တောင်ဘက်အရပ်တွင် ကျယ်ပြောလှသော ရေပြင်ကြီးတစ်ခု တည်ရှိနေသည်။

ထိုရေကန်ကြီး၏ အလယ်ဗဟိုတည့်တည့်တွင်ကား ဧရာမ မက်မွန်သစ်ပင်ကြီးတစ်ပင်ရှိ၏။

ထိုနေရာသည် သိုင်းပြိုင်ကွင်းတည်ဆောက်ရန် လိုအပ်သော ပစ္စည်းများ ကိန်းအောင်းနေသည့် နေရာပင်ဖြစ်သည်လေ။

"အနောက်ဘက်နန်းတော်ကရော လူ့ပြည်နဲ့ ချိတ်ဆက်လို့ မရဘူးလား"

ပေါင်ယန်၏ နေအိမ်မှထွက်ခွာလာပြီး သွားရမည့် ခရီးစဉ်ဆီသို့ ဦးတည်နေစဉ် ကျန်းလင်က တိတ်ဆိတ်မှုကိုဖြိုခွင်းကာ မေးလိုက်လေသည်။

သူတို့ မထွက်ခွာမီလေးတွင် ပေါင်ယန်က ကင်မရာ (Live-stream လွှင့်သည့် ကင်မရာ) ကိုလေ့လာခွင့်ပြုရန် ရုတ်တရက် တောင်းဆိုလာခဲ့သည်။

ထိုအသံလွှင့်ဘောလုံးငယ်လေးက ငရဲပြည်နှင့် လူ့ပြည်အကြား မည်သို့မည်ပုံ ချိတ်ဆက်ထားသည်ကို သူ အလွန် သိချင်နေခဲ့၏။

ထိုသို့သော ကွန်ရက်ချိတ်ဆက်နိုင်သည့် စွမ်းရည်မှာ အနောက်ဘက်နန်းတော်၏ စွမ်းဆောင်နိုင်ရည်ထက် လုံးဝကျော်လွန်ခဲ့သည် မဟုတ်ပေလော။

မှော်ပစ္စည်းများအကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပေါင်ယန်၏ အသွင်အပြင်မှာ လုံးဝပြောင်းလဲသွားပြီး စိတ်အားထက်သန်စွာဖြင့် အာရုံစိုက်လာတော့သည်။

ကျန်းလင်ကိုယ်တိုင်လည်း ထိုဘောလုံးငယ်၏ အလုပ်လုပ်ပုံကို နားမလည်သောကြောင့် ရှင်းမပြနိုင်ခဲ့ချေ။

သို့သော် သူထွက်ခွာလာချိန်တွင် အသံလွှင့်ဘောလုံးငယ်တစ်ခုကို လေ့လာရန် ပေါင်ယန်ထံ ချန်ထားရစ်ခဲ့လေသည်။

ထိုလက်မှုပညာရှင်သည် ထိုအရာကို မြင်နိုင်၊ ကိုင်တွယ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကတော့ ကြီးမားသော မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေမည်။

"ဟုတ်တယ်၊ ဖုန်းလိုမျိုး လူ့အသုံးအဆောင်တွေက ငရဲပြည်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက် အသုံးမဝင်တော့ဘူး"

ထိုစကားကိုကြားသော် ဘေးမှ လိုက်ပါလာသော အားရွေ့လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ထို့ပြင် အနောက်ဘက်နန်းတော်သည် ဤကိစ္စအတွက် သုတေသနများစွာ ပြုလုပ်ခဲ့သော်လည်း ငရဲပြည်ကို လူ့ပြည်၏ ကွန်ရက်နှင့် ချိတ်ဆက်နိုင်ခြင်း မရှိသေးကြောင်း သူမ ဆက်လက်ရှင်းပြလိုက်သည်။

ပြီးလျှင် သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။

"တမန်တော်ကျန်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ စတင်ကတည်းက သခင်လေးဟာ ဒီလိုဝိညာဉ်လောကထဲကနေ ဘယ်လိုလုပ် အသံလွှင့်နိုင်ရတာလဲဆိုတဲ့ မေးခွန်းနဲ့ပဲ အချိန်ကုန်နေခဲ့တာ"

ထိုကိစ္စနှင့်ပတ်သက်၍ ပေါင်ယန်သည် တောင်ဘက်နန်းတော်မှ ကျုံးခွေထံသို့ပင် သွားရောက်မေးမြန်းခဲ့သေးသည်။

သို့သော် သူတို့၏ ထုတ်လွှင့်ပုံနည်းစနစ်များက လုံးဝကွာခြားနေသောကြောင့် ကျုံးခွေကိုယ်တိုင်လည်း တိကျသော အဖြေကို မပေးနိုင်ခဲ့ပေ။

ဤသို့ဖြင့် ထိုကိစ္စရပ်သည် ငရဲပြည်၏ မဖြေရှင်းနိုင်သော ပဟေဠိကြီးတစ်ခု ဖြစ်လာခဲ့တော့သည်။

အမှန်စင်စစ် အနောက်ဘက်နန်းတော်၏ တိုးတက်မှုများက လူ့ပြည်ထက် များစွာသာလွန်နေပြီး ဝိညာဉ်များ၏ သက်တမ်းမှာလည်း လူသားများထက် ပိုမိုရှည်လျားလေသည်။

၎င်းတို့၏ ပစ္စည်းသိုလှောင်မှုမှာလည်း နန်းတော်လေးခုအနက် အပေါကြွယ်ဝဆုံးဖြစ်သည်မှာ အသေအချာပင်။

သို့တိုင်အောင် ထိုသို့သော အားသာချက်များရှိနေသည့်တိုင် ဤလျှို့ဝှက်ချက်ကိုမူ သူတို့ မဖော်ထုတ်နိုင်သေးချေ။

ဤနေရာတွင် နားလည်ရမည်မှာ သက်ရှိနှင့် သေဆုံးသူများအကြား ကြီးမားလှသော ကွာဟချက်ကြီးတစ်ခု ရှိနေပြီး အချို့သောအရာများသည် လုံးဝ သဟဇာတမဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် အနောက်ဘက်နန်းတော်သည် မည်မျှပင် တိုးတက်နေစေကာမူ ကျန်းလင်၏ ထုတ်လွှင့်မှုများကို ကြည့်ရှုရန်အတွက် မုဇီကွေ့ယင်းကျောက်တုံး ကိုသာ အားထားနေရဆဲ ဖြစ်၏။

"ငရဲပြည်မှာ တစ်ခုခုများ လိုအပ်နေလို့လားလို့ သခင်လေးက အမြဲတမ်း ညည်းတွားနေတတ်တယ်" ဟု အားရွေ့က ဆိုသည်။

ထိုလိုအပ်နေသောအရာမှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် မည်သည့်တည်ရှိမှုထံမှ စွမ်းအားများက လွှမ်းမိုးနေသည်ကိုမူ ပေါင်ယန် ကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ပေ။

ထိုအခါ ကျန်းလင်သည် သူ၏ လက်အတွင်းအတွင်း၌ ဝှက်ထားသော အသံလွှင့်ဘောလုံးငယ်လေးကို ဖြတ်ခနဲ ငုံ့ကြည့်လိုက်သည်။

စနစ်က ဤမျှ အံ့မခန်းဖွယ်ရာကို မည်သို့ လုပ်ဆောင်နိုင်သနည်းဟု သူကိုယ်တိုင်လည်း တိတ်တဆိတ် သိချင်နေမိသည်။

အစပိုင်းက ဤကန့်သတ်ချက်များသည် အရှေ့ဘက်နှင့် တောင်ဘက် နန်းတော်များတွင်သာ ရှိသည်ဟု သူ ထင်မြင်ခဲ့သည်။

ခေတ်မီဆန်းပြားသော မှော်ပစ္စည်းများနှင့် အကန့်အသတ်မရှိသော အရင်းအမြစ်များ ပိုင်ဆိုင်ထားသည့် အနောက်ဘက်နန်းတော်သည်လည်း အလားတူ ကန့်သတ်ချက်များအောက်တွင် ကျရောက်နေမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ထိုစကားများပြောကြပြီးနောက် သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးသွားတော့သည်။

အားရွေ့၏ မျက်နှာပေါ်ရှိ သက်သောင့်သက်သာမရှိသောအမူအရာကိုမြင်သောအခါ ကျန်းလင် ဘက်မှစကာ မေးလိုက်လေသည်။

"မင်း သခင်လေးနဲ့ ဘယ်လို စတင်သိကျွမ်းခဲ့တာလဲ"

ထိုမေးခွန်းကြောင့် အားရွေ့၏ မျက်ဝန်းများတွင် ရုတ်တရက် လင်းလက်သွားတော့သည်။

အဘယ်ကြောင့်ဆိုလျှင် ဤအကြောင်းအရာနှင့်ပတ်သက်လျှင် သူမ၌ ပြောစရာဇာတ်လမ်းများ အများအပြား ရှိနေသည်မဟုတ်လော။

ထိုအချိန်မှာပင် သူတို့သည် ဝင်္ကပါအစီအရင် အမြောက်အများကို ဖြတ်ကျော်ပြီးနောက် အထီးကျန်ဆန်သော တောင်ထွတ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

ယင်းနေရာကို မြင်သောအခါ သူမက ညင်သာစွာ ပြုံးလိုက်ပြီး ဤနေရာသည် သူမနှင့် သူမ၏ သခင်တို့ ပထမဆုံး စတင်တွေ့ဆုံခဲ့သော နေရာဖြစ်ကြောင်း ပြောပြလေသည်။

သူမ၏သခင်သည် နေ့စဉ်ဘဝတွင် တိကျမှု လုံးဝမရှိသူဟု ထင်ရသော်လည်း မှော်ပစ္စည်းများ ဖန်တီးရာတွင်မူ အပြည့်အဝ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်ကြောင်းကို သူမက အခိုင်အမာ ပြောဆိုလိုက်သည်။

တစ်ခါက သူသည် ပစ္စည်းများရှာဖွေရန် တစ်ယောက်တည်း ထွက်လာခဲ့ဖူးသည်။

ထိုစဉ် နတ်ဆိုးတစ်ကောင်နှင့် ပက်ပင်းတိုးကာ အသက်အန္တရာယ်နှင့်ပင် ကြုံတွေ့ခဲ့ရသည်။

သို့သော် သေရေးရှင်ရေး တိုက်ပွဲကြားတွင်ပင် သူ၏ တစ်ခုတည်းသော ဦးစားပေးမှာ သူစုဆောင်းထားသော ပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းနိုင်ရန်သာ ဖြစ်နေခဲ့၏။

အားရွေ့သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း ထိုအမှတ်တရကြောင့် သူမ၏ မျက်နှာထားလေးမှာ နူးညံ့သွားတော့သည်။

သူမ စတင်တွေ့ဆုံချိန်ကတည်းက သူမ၏ သခင်သည် ဤမျှ ရိုးအပြီး ကမူးရှုးထိုးနိုင်သော အမူအကျင့်မျိုး ရှိနေခဲ့သည်ဟု သူမ ထင်မြင်မိသည်။

ထိုအချိန်က သူမသည် သူ့ကို ဆွဲဖမ်းလိုက်ပြီး 'ကိုယ့်အသက်ကိုယ် တန်ဖိုးမထားဘူးလား' ဟု ဒေါသတကြီး မေးခဲ့ကြောင်း ကျန်းလင်အား ပြောပြလေသည်။

အံ့သြစရာကောင်းသည်မှာ သူသည် အန္တရာယ်မှ ထွက်ပြေးရင်း သူမ၏ လက်ကို နောက်ပြန်ဆွဲကိုင်လိုက်ခြင်းပင်။

ထိုမျှ အန္တရာယ်များလှသော အခြေအနေမျိုးတွင်ပင် သူက သူမအား အိမ်သို့ လိုက်ခဲ့မည်လားဟု မေးရန် သတိရနေသေးသည်။

'ဒီနေရာမှာ ဝိညာဉ်တွေ အများကြီးရှိပေမယ့် ငါသေသွားမှာကို စိုးရိမ်ပေးတာ မင်းတစ်ယောက်တည်းပဲ ရှိတယ်' ဟု သူက ပြောခဲ့သည်။

သူသည် လောကကြီး၏ အကြောင်းကို ဘာမှမသိနားမလည်ကြောင်းနှင့် သူမ၏ လမ်းညွှန်မှုသာမပါလျှင် သေချာပေါက် သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

"အဲ့ဒီတုန်းက သူ့ကို ဝိညာဉ်ဆိုင်ရှင် တစ်ယောက်များလားလို့တောင် ထင်ခဲ့မိတာ"

ထိုသို့ပြောပြီးနောက် အားရွေ့၏ ရယ်မောသံလေးက ခဏတာ ထွက်ပေါ်လာသော်လည်း ထိုသို့ရယ်မောခြင်းက ယဉ်ကျေးမှုမရှိဟု အထင်ခံရမည်ကို ရုတ်တရက် စိုးရိမ်သွားသောကြောင့် ချက်ချင်းပင် ရယ်ခြင်းကို ရပ်လိုက်သည်လေ။

ထို့နောက် သူမသည် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်ပြီး သူတို့သွားရမည့် နေရာမှာ အရှေ့ဘက်တွင် ရှိကြောင်း လက်ညှိုးထိုးကာကျယ်ပြောလှသော ရေပြင်ကြီး၏ ဗဟိုချက်ဆီသို့ သူမ ညွှန်ပြလိုက်သည်။

ထိုနေရာတွင်မူ ဧရာမ မက်မွန်သစ်ပင်ကြီးသည်ထည်ဝါခန့်ညားစွာ တည်ရှိနေ၏။

၎င်း၏ သစ်ကိုင်းများသည် သစ်ရွက်များဖြင့် ထူထပ်ပိတ်ဖုံးနေပြီး ဧရိယာတစ်ခုအထိ ဖြာထွက်နေသည်။

ဝင်ခါစ နေမင်း၏ ရောင်ခြည်တော်အောက်တွင် သစ်ပင်ကြီး၏ အရိပ်သည် လှိုင်းကြက်ခွတ်နေသော ရေပြင်ထက်၌ ရှည်လျားစွာ ကျရောက်နေကာ ဖြတ်သန်းသွားလာနေသော ငှက်အုပ်များသည်လည်း သစ်ကိုင်းများပေါ်တွင် ခေတ္တခဏ ခိုလှုံလေ့ရှိကြပြီး ခွန်အားများ အပြည့်အဝ ပြန်လည်ရရှိမှသာ ကောင်းကင်ယံသို့ ပြန်လည်ပျံသန်းသွားကြသည်။

ဤမြင်ကွင်းကား ပန်းချီဆရာတစ်ဦး၏ လက်ရာအလား အလွန်တရာ လှပပြီး အေးချမ်းငြိမ်သက်လှပေသည်။

အားရွေ့ ဦးဆောင်လမ်းပြသော လှေသည်ရေပြင်ပေါ်မှဖြတ်ကာ ကန်အလယ်ဗဟိုဆီသို့ ကျန်းလင်အား လမ်းပြခေါ်ဆောင်သွားကာ လမ်း၌လည်းအား‌ရွေ့က ကျန်းလင်အား ရှင်းပြလိုက်သေးသည်။

ဤနေရာသည် လူ့ပြည်မှ ခရီးသွားများအတွက် အထင်ကရ နေရာတစ်ခု ဖြစ်သော်လည်း ပုံမှန်အခြေအနေမျိုးတွင် ကန်အတွင်းသို့ လှေများ ဖြတ်သန်းသွားလာခွင့်ကို တင်းကြပ်စွာ တားမြစ်ထားကြောင်း ထို့ကြောင့် လူသားများသည် အဝေးမှ အတားအဆီးများနောက်ကွယ်မှသာ ကြည့်ရှုခွင့်ရှိကြောင်းပြောပြသေးသည်။

မက်မွန်သစ်ပင် ဘိုးဘိုးကြီးသည် ဤနေရာတွင် မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည်ကို မည်သည့်ဝိညာဉ်ကမျှ တိတိကျကျ မပြောနိုင်ကြောင်း သူမက ထပ်လောင်းပြောပြသည်။

ဤသစ်ပင်ကြီးသည် အသီးမသီးတော့သည်မှာ ခေတ်ကာလတစ်ခုမျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ၏ အချိန်အများစုကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးစေလေ့ရှိသော အပင်ကြီးဖြစ်သည်။

သစ်ပင်ကြီးအနားသို့ရောက်ရှိသောအခါ ကျန်းလင်သည် လှေပေါ်မှဆင်းကာ သူ၏ အရှိန်ကို လျှော့ချလိုက်ပြီး ရေပြင်အထက်ရှိ အားရွေ့၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ ကျန်းလင်သည် အားရွေ့က သစ်သားတိုကင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်ကို သူ အကဲခတ်မိလိုက်၏။

ခဏအကြာတွင် အောက်ဘက်ရှိ ဧရာမသစ်ကိုင်းကြီးများသည် မသိမသာ လှုပ်ရှားလာတော့သည်။

ထိုအခါ အားရွေ့၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှုများ ဖြတ်ပြေးသွားပြီး တိုကင်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ကာ ကျန်းလင်အား သူမနှင့်အတူ အောက်သို့ဆင်းရန် ဖိတ်ခေါ်လိုက်လေသည်။

ယခု အနီးကပ် မြင်တွေ့လိုက်ရသောအခါ သစ်ပင်ကြီး၏ ကြီးမားခန့်ညားမှုက ပိုမို သိသာထင်ရှားလာတော့သည်။

အပင်ကြီး၏ သစ်ခေါက်များပေါ်တွင် ရပ်တန့်ခြင်းမရှိသော အချိန်ကာလ၏ ရေစီးကြောင်းကြီးက ချန်ရစ်ခဲ့သည့် နက်နဲသော အမာရွတ်များကို ကြည့်ရင်း အံ့သြမဆုံး ဖြစ်ရပေမည်။

ထိုစဉ် အားရွေ့သည် ဧရာမ ပင်စည်ကြီးပေါ်သို့လက်ကို ညင်သာစွာ တင်လိုက်ပြီး ယနေ့ ကျောက်တုံးအနည်းငယ် လာကောက်ရုံသာဖြစ်ပြီး အမြန်ပြန်လည်ထွက်ခွာမည်ဟု မက်မွန်သစ်ပင် ဘိုးဘိုးကြီးအား လှမ်းပြောလိုက်သည်။

ပြီးနောက် သူမ၏ အကြည့်များကို ကျန်းလင်ထံသို့ ရွှေ့လိုက်ပြီး သတိထားရန် အကြံပေးလိုက်၏။

ပေါင်ယန် ပြောပြခဲ့သော သီးသန့်ပစ္စည်းမှာ ရှေးဟောင်းသစ်ပင်ကြီး၏ အောက်ခြေတွင် ကိန်းအောင်းနေသည်လေ။

ကန်ရေပြင်အောက်တွင်မူ မက်မွန်ပင်ကြီး၏ အညိုရင့်ရောင် အမြစ်များသည် တုတ်ခိုင်ရှည်လျားစွာ ဖြာထွက်နေပြီး ကန်ရေပြင်အောက်ရှိ အနက်ရှိုင်းဆုံးသောနေရာများအထိ ကုပ်တွယ်ထားသည်။

၎င်းတို့ မည်မျှအထိ နက်ရှိုင်းစွာ ရောက်ရှိနေသည်ဆိုခြင်းကမူ မည်သူမျှ မသိနိုင်သော လျှို့ဝှက်ချက်တစ်ခုပင်။

-----

ကျန်းလင် ရေထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ရစ်ပတ်သွားကာ ရေလှိုင်းများကို အားစိုက်စရာမလိုဘဲ ဖယ်ရှားပေးလိုက်သည်။

သို့သော် သူ ဆက်လက်ငုပ်လျှိုးတော့မည့်ဆဲဆဲတွင် ရုတ်တရက် အရာတစ်ခုက အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာသည်ကို သူ အာရုံခံလိုက်မိကာ တိုက်ခိုက်ရန်ပြင်ဆင်လိုက်တော့သည်။

သို့သော် အညိုရင့်ရောင် သစ်ကိုင်းတစ်ခုက မြန်ဆန်လှသော အရှိန်ဖြင့် လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ထိုခြိမ်းခြောက်မှုကို ကျန်းလင်အစား ကြားဖြတ် တားဆီးလိုက်၏။

ထိုအခါ ကျန်းလင်၏ စိတ်ထဲတွင် ပြင်းထန်သော သတိဝီရိယတို့ နိုးကြားလာတော့သည်။

အကြောင်းမူကား ထို အညိုရောင် သစ်ကိုင်းထံမှ ထွက်ပေါ်နေသော စွမ်းအင်က ခုနက တားဆီးခံလိုက်ရသည့် အမည်မသိ သတ္တဝါထက် များစွာ ပိုမို ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့်ပင်။

သို့သော် ထိုသစ်ကိုင်းက သူ့အပေါ် မည်သည့် ရန်လိုမှုမျှ မပြခဲ့ချေ။

ယင်းအစား ထိုသစ်ကိုင်းသည် ကန်အောက်ခြေ၏ မှောင်မိုက်နေသော အနက်ရှိုင်းဆုံးနေရာသို့ ထိုးဆင်းသွားကာ ချောမွေ့ပြောင်လက်နေသော ကျောက်တုံးကြီးတစ်ခုကို တူးဖော်ယူဆောင်လာပြီး သူ့ထံသို့ ပစ်ပေးလိုက်လေသည်။

ထို့နောက် သစ်ကိုင်းသည် အနည်းငယ် ကွေးညွှတ်သွားကာ ရေပြင်ပေါ်သို့ ပြန်တက်ရန် ညွှန်ပြလိုက်သည်။

ထိုအချိန်မှာပင် အပေါ်ဘက်မှ အားရွေ့၏ အသံကို ကျန်းလင် ကြားလိုက်ရသည်။

သူမ၏ အသံတွင် မက်မွန်သစ်ပင် ဘိုးဘိုးကြီး နိုးထလာသည်ကို သိလိုက်ရသဖြင့် အလွန်အမင်း အံ့သြနေဟန် ပေါ်လွင်နေ၏။

ချက်ချင်းပင် ရှေးကျပြီး ကျယ်လောင်သော အသံတစ်ခုက ဖြည်းညှင်းသော စည်းချက်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် အားရွေ့ ရောက်နေသည်ကို အသိအမှတ်ပြုကာ သူအိပ်ပျော်နေသည်မှာ မည်မျှကြာပြီနည်းဟု မေးမြန်းလိုက်သည်။

ထိုအခါ နှစ်ငါးဆယ် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အားရွေ့က ပြန်လည်ဖြေကြားလိုက်သည်။

ရှေးဟောင်းသစ်ပင်ကြီးက ထိုအချိန်ကာလကို ခေတ္တမျှ စဉ်းစားတွေးတောနေပြီးနောက် သူမ စောင့်ဆိုင်းနေသော ထိုလူတစ်ယောက်အတွက် အချိန်လုံလောက်ပြီလားဟု မေးလိုက်လေသည်။

တစ်ဖက်တွင်မူ ကျန်းလင်သည် ရရှိလာသော ကျောက်တုံးကို သူ၏ သိုလှောင်အိတ်အတွင်းသို့ လုံခြုံစွာ သိမ်းဆည်းလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရေပြင်ထက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူ ရောက်ရှိလာချိန်သည် အားရွေ့က ရှေးဟောင်းသစ်ပင်ကြီးအား 'ဘိုးဘိုး မှတ်ဉာဏ်တွေ ချို့ယွင်းနေပြီလား၊ ကျွန်မ ဘယ်သူ့ကိုမှ မစောင့်ပါဘူး' ဟု ညင်သာစွာ ပြင်ဆင်ပြောဆိုနေချိန်နှင့် အတိအကျပင်ဖြစ်၏။

အားရွေ့မှာ ကျန်းလင်ကို မြင်လိုက်သည်နှင့် "ထိခိုက်ဒဏ်ရာများ ရခဲ့သေးသလား" ဟု ချက်ချင်း မေးမြန်းလိုက်သည်။

ထိုအခါ ကျန်းလင်က ဒဏ်ရာမရခဲ့ကြောင်းနှင့် လိုအပ်သော ပစ္စည်းများကိုလည်း ရရှိခဲ့ပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ကျန်းလင်၏ အကြည့်များက မက်မွန်သစ်ပင်ကြီးထံသို့ စိုက်စိုက်မတ်မတ်ကျရောက်သွား၏။

သူတို့ စတင်ရောက်ရှိလာချိန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ ဧရာမ ပင်စည်ကြီးပေါ်တွင် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်စသည့် လူသားတစ်ဦး၏ မျက်နှာအသွင်အပြင်များ ထင်ရှားစွာ ပေါ်လွင်နေလေပြီ။

ကျန်းလင်သည် မည်မျှပင် ကြိုးစားအကဲခတ်စေကာမူ ထိုရှေးဟောင်းသစ်ပင်ကြီး၏ စွမ်းအားအစစ်အမှန် မည်မျှ နက်ရှိုင်းသည်ကို လုံးဝ ခန့်မှန်း၍မရနိုင်ခဲ့ချေ။

ထို့ကြောင့် သူက ရိုးရှင်းသော ကျေးဇူးတင်စကား တစ်ခွန်းကိုသာ ဆိုလိုက်တော့သည်။

ထိုအခါ ရှေးဟောင်းသစ်ပင်ကြီးက သူ၏ နှုတ်ခမ်းကို ဖြည်းညှင်းစွာ ဟလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ 'ဒါက သာမန် ကျောက်တုံးလေး တစ်တုံးပါပဲ' ဟု ပြောဆိုလိုက်သည်။

ထို့နောက် သူ၏ ဧရာမ သစ်ကိုင်းကြီးများကို လှုပ်ခါလိုက်ပြီး ပတ်ဝန်းကျင် တစ်ခွင်သို့ အကြည့်ရွှေ့လိုက်ကာ ဤလောကကြီးတွင် အပြောင်းအလဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီဖြစ်ကြောင်း မှတ်ချက်ချလိုက်လေသည်။

ထိုအချိန်တွင် အားရွေ့သည် စကားဝိုင်းကို စိတ်အားထက်သန်စွာ ဝင်ရောက်လာပြီး သူမ၏ စကားလုံးများက ရေစီးကြောင်းအလား လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

"အခုဆို လူ့ပြည်က အရမ်းကို ပျော်ဖို့ကောင်းတဲ့ နေရာကြီး ဖြစ်နေပြီ၊ ဘိုးဘိုး အဲ့ဒါတွေကို ပိုပြီး လေ့လာကြည့်သင့်တယ်"

လူသားတို့၏ အထင်ရှားဆုံး တီထွင်မှုမှာ လက်ကိုင်ဖုန်းဟုခေါ်သော စက်ပစ္စည်းဖြစ်ပြီး ၎င်းအတွင်း၌ စိတ်ကူးနိုင်သမျှ အံ့သြဖွယ်ရာများအားလုံး ပါဝင်ကြောင်း သူမက တခမ်းတနား ပြောပြလေသည်။

၎င်း၏ ဆက်သွယ်ရေးစွမ်းရည်များ၊ အစားအသောက် အစီအစဉ်များအပြင် အချိန်မရွေး နေရာမရွေး ကခုန်နေသူများ၊ ပုံပြင်ပြောနေသူများကိုပါ မြင်တွေ့နိုင်သောကြောင့် အိမ်တွင်းအောင်းနေလိုသူများအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ကြောင်းကိုပါ သွက်လက်စွာ ရှင်းပြလိုက်သည်။

ထိုအခါ ထိုကဲ့သို့သော စက်ပစ္စည်းမျိုးက အလွန် ဖျော်ဖြေမှုပေးနိုင်မည်ဟု သဘောတူကာ မက်မွန်သစ်ပင်ကြီးက ညင်သာစွာ ပြုံးလိုက်လေသည်။

အတန်အကြာ ရှေးဟောင်း အစောင့်အရှောက်ကြီးနှင့် နောက်ထပ် စကားအနည်းငယ် ဖလှယ်ပြီးနောက် အားရွေ့သည် ကျန်းလင်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

မင်မွန်ပင်အိုကြီးကိုမူ နောင်တစ်ချိန်တွင် ထပ်မံလာရောက်လည်ပတ်မည်ဟု သူမက ကတိပေးလိုက်ပြီး ယခုမူ မှော်ပစ္စည်းဖန်တီးခြင်းကို စတင်ရန် အမြန်ပြန်သွားရမည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တမန်တော်ကျန်းလင် လိုအပ်သောပစ္စည်းများကို ချက်ချင်း အာရုံစိုက်လုပ်ဆောင်ရန် လိုအပ်ကြောင်း သူမ၏သခင်က အတိအလင်း မှာကြားထားသည် မဟုတ်လော။

ထိုဝိညာဉ်နှစ်ခု ထွက်ခွာသွားသည်ကို ရှေးဟောင်းသစ်ပင်ကြီး လိုက်လံကြည့်ရှုနေစဉ် ကျယ်ပြောလှသော ရေပြင်ကြီးတစ်ခုလုံးကို လေးနက်သော တိတ်ဆိတ်မှုကြီးက တစ်ဖန် ပြန်လည်လွှမ်းမိုးသွားလေသည်။

ရေပြင်ထက်တွင်လည်း လေပြေလေညင်းလေးများ ဖြတ်သန်းတိုက်ခတ်သွား၏။

ယင်းအချိန်မှသာ မက်မွန်သစ်ပင်ကြီးသည် သူ၏ လေးလံသော မျက်ခွံများကို ပင့်ကာ မော့ကြည့်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော လေထုဆီသို့ စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် မက်မွန်ပင်အိုကြီးက စကားစလိုက်တော့သည်

"ပုန်းရှိုးကွယ်ရှိုးလုပ်နေတဲ့ ဧည့်သည်က ဆက်ပြီး ပုန်းနေဖို့ ရည်ရွယ်ထားတုန်းပဲလား"

All Chapters