အခန်း ၃၂၈
Vol. 33 Ch. 328
🫧 Chapter 328
အတန်ငယ်ကြာသော် "ထွက်မလာသေးဘူးလား" ဟု မက်မွန်သစ်ပင်ကြီးက ဟာလာဟင်းလင်းဖြစ်နေသော လေထုဆီသို့ ထပ်မံမေးခွန်းထုတ်လိုက်လေသည်။
ထိုအခါ မက်မွန်သစ်ပင်၏ ရှေးဟောင်းသစ်ကိုင်းထက်မှ စိမ်းလန်းသော သစ်ရွက်တစ်ရွက်က လွင့်ဝဲကျလာကာ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ လင်းလက်သွားပြီးနောက် ထိုသစ်ရွက်လေးသည် အရပ်အမောင်းကောင်းကောင်းနှင့် ရွှေရောင်အလင်းများ တစ်ကိုယ်လုံးလွှမ်းခြုံထားသော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုရွှေရောင်ပုံရိပ်သည် သူ၏နားကို ပေါ့ပေါ့ပါးပါး ကလော်လိုက်ပြီးနောက် မက်မွန်သစ်ကိုင်းတစ်ခုပေါ်တွင် သက်သောင့်သက်သာရှိသော ကိုယ်နေဟန်ထားဖြင့် လှဲလျောင်းလိုက်ကာ "မင်းဆီမှာ ဘာလို့ မက်မွန်သီးတွေ မရှိတော့တာလဲ" ဟု သူက မေးလိုက်၏။
ထိုအခါ ရှေးဟောင်းသစ်ပင်ကြီးက "မရှိတော့တာ ကြာလှပေါ့ မင်းက ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစဉ် ရွှေရောင်ပုံရိပ်သည် သူ၏အဝတ်အစားများကြားထဲမှ တစ်စုံတစ်ခုကို နှိုက်ယူလိုက်ရာ ကြီးမားလှပသော မက်မွန်သီးတစ်လုံး ထွက်ပေါ်လာတော့သည်။
ပြီးနောက် သူက 'ဂွတ်' ခနဲ မြည်အောင် တစ်ကိုက် ကိုက်စားလိုက်လေရာ ချိုမြိန်သော သစ်သီးရည်များက ပါးစပ်တစ်ခုလုံး ပြည့်လျှံသွားလေသည်။
"အနောက်ဘက်နန်းတော်မှာ မှော်ပစ္စည်းတစ်ခု လာအပ်ရင်းနဲ့ လမ်းကြုံလို့ မင်းဆီ ဝင်လာခဲ့တာပါ အဖိုးကြီးရာ"
ဤမက်မွန်သစ်ပင်ကို မြေကြီးထဲသို့ စတင်စိုက်ပျိုးခဲ့သည့် နေ့ရက်များမှစ၍ အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည် မဟုတ်ပေလော။
တစ်ချိန်က သေးငယ်နုနယ်သော သစ်ပင်ပေါက်လေးသည် ယခုအခါ ရှေးဟောင်းအစောင့်အရှောက် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
ထို့နောက် ထိုနေရာတွင် သစ်သီးကိုက်စားနေသော ကျွတ်ကျွတ်မြည်သံများကသာ ဆက်လက်ထွက်ပေါ်နေတော့သည်။
ထိုရွှေရောင်ပုံရိပ်က မက်မွန်သီးတစ်လုံးလုံးကို စားသောက်ပြီးသွားသောအခါ ကျန်ရစ်သော အစေ့ကို သစ်ပင်အောက်ခြေသို့ ပစ်ချကာ မေးခွန်းမေးလိုက်၏။
"စောစောက ကောင်မလေးက တစ်ယောက်ယောက်ကို စောင့်နေတယ်လို့ မင်းပြောလိုက်တယ်နော် အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ထိုအခါ သစ်ပင်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ပုံပြင်တစ်ပုဒ် နားထောင်ချင်လို့လား" ဟု မေးလိုက်လေသည်။
သစ်ပင်ကြီးမှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်အောင် အိုမင်းနေပြီဖြစ်သော်လည်း သူ၏ မှတ်ဉာဏ်များကတော့ အိုမင်းမစွမ်း ဖြစ်မသွားသေးပေ။
ထိုအခါ ရွှေရောင်ပုံရိပ်သည် ဒုတိယမြောက် မက်မွန်သီးတစ်လုံးကို ထပ်မံထုတ်ယူလိုက်ပြီး "ပြောပြလေ၊ ငါ နားထောင်နေတယ်" ဟု ဆိုလိုက်၏။
"ဒီပုံပြင်က အရမ်းကြီး ရှည်လျားလှတယ်တော့လည်း မဟုတ်ဘူး၊ အဲ့ဒီလောက်ကြီး တိုတောင်းလွန်းတာလည်း မဟုတ်ဘူး"
"ဒါဆိုလည်း ရှည်တဲ့အရာကို တိုအောင်လုပ်ပြီးသာ ပြောပြပါ"
ထိုစကားကြောင့် လေးနက်သော တိတ်ဆိတ်မှုတစ်ခုက ခေတ္တမျှ ကြီးစိုးသွားတော့သည်။
၁၀ မိနစ်ခန့်ကြာသော် ကျယ်ပြောလှသော ရေပြင်ကြီး၏ အထက်တွင် အထီးကျန် ငှက်တစ်ကောင်က ပျံသန်းသွား၏။
ယင်းအချိန်မှသာ ရှေးဟောင်းသစ်ပင်ကြီး၏ အသံက ဖြည်းညှင်းသော စည်းချက်ဖြင့် တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
"ဒါက စောင့်ဆိုင်းချင်သူ တစ်ယောက်နဲ့ ပုန်းရှောင်ချင်သူ တစ်ယောက်ရဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ"
အမှန်စင်စစ် လွန်ခဲ့သော အချိန်ကာလများစွာက ဤနေရာတွင် မည်သည့် ရေကန်မှ မရှိခဲ့ချေ။
သစ်ပင်ကြီးကိုယ်တိုင်လည်း ဤမျှ ဧရာမအရွယ်အစားမျိုး မရှိခဲ့ဘဲ ၎င်း၏ အမြစ်များသည် သာမန် ရွာလေးတစ်ရွာ၏ မြေကြီးထဲတွင်သာ ခိုင်မြဲစွာ တွယ်ဆက်နေခဲ့ခြင်း ဖြစ်သည်။
ထိုသစ်ပင်ကြီး၏ ဘေးတွင် ရိုးရှင်းသော အိမ်ငယ်လေးတစ်လုံးရှိပြီး ထိုအိမ်ထဲတွင် ကောင်မလေးတစ်ယောက် နေထိုင်လေသည်။
ထိုကောင်မလေးသည် ယောက်ျားလေးတစ်ယောက်လို သွက်လက်ဆော့ကစားတတ်ပြီး သူမ၏ အားလပ်ချိန်များကို သစ်ပင်တက်ခြင်းဖြင့်သာ ကုန်ဆုံးစေလေ့ရှိကာ သူမ၏အရွယ်နှင့် မမျှအောင်လည်း ခွန်အားကြီးမားသူလေး ဖြစ်သည်လေ။
"အစ်ကို မြန်မြန် တက်ခဲ့လေ"
ထိုအခါ "ညီမလေး ပြုတ်မကျအောင် သတိထားဦးနော်" ဟူသော စိုးရိမ်တကြီး အသံတစ်ခုက ပြန်လည်ထွက်ပေါ်လာ၏။
မက်မွန်သစ်ပင်၏ အမြင့်ဆုံးနေရာတွင်မူ သစ်ကိုင်းများပေါ်တွင် ထိုကောင်မလေးက ဟန်ချက်ညီစွာ မတ်တပ်ရပ်နေလေသည်။
သူမ၏ အောက်ဘက်တွင်မူ အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်က စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် စောင့်ကြည့်နေ၏။
အကယ်၍ သူမ၏ အဝတ်အစားများသာ စုတ်ပြဲသွားပါက ပြန်ပြင်ရန်အတွက် ဖခင်ဖြစ်သူ၏ အင်္ကျီချုပ်သောပညာမှာ အကြွင်းမဲ့သုည ဖြစ်နေသည်မဟုတ်ပါလော။
"ဒီအပေါ်က မြင်ကွင်းက အရမ်းလှတာပဲ" ဟု အားရွေ့က ဆိုကာ အဝေးသို့ လှမ်းကြည့်နိုင်ရန် သူမ၏ မျက်ခုံးပေါ်သို့ လက်တစ်ဖက်ကို တင်ကာ ငေးကြည့်လိုက်သည်။
ထိုမက်မွန်သစ်ပင်သည် တစ်ရွာလုံးတွင် အမြင့်မားဆုံးသော သစ်ပင်ကြီးဖြစ်သည်လေ။
သူမရှိနေသော နေရာမှ လှမ်းကြည့်လိုက်လျှင် အောက်ဘက်ရှိ ရွာလေးတစ်ခုလုံးသည် ပန်းချီကားတစ်ချပ်အလား လှပနေတော့သည်။
ထိုစဉ် ရုတ်တရက် သူမ၏ အကြည့်များက အဝေးမှ နေရာတစ်ခုဆီသို့ စူးစိုက်ကျရောက်သွား၏။
"အစ်ကို ရွာထိပ်ဘက်မှာ လူတွေ အများကြီး ရောက်နေကြတယ်၊ သူတို့က ဝေါယာဉ်တစ်စီးကိုလည်း ထမ်းလာကြတယ်"
ထိုအခါ "ရွာမြောက်ပိုင်းက အိမ်ရှင်အသစ်တွေ ဖြစ်ရမယ်" ဟု အားချင်က ခန့်မှန်းပြောဆိုလိုက်သည်။
ဤနှစ် နွေဦးရာသီ စတင်ကတည်းက ရွာ၏ မြောက်ဘက်ပိုင်းတွင် အဆောက်အအုံများ စတင်ဆောက်လုပ်နေခဲ့ပြီး သူတို့ကဲ့သို့ တောသူတောင်သားများ၏ အမြင်တွင် အလွန် ခမ်းနားကြီးကျယ်လှသော နေအိမ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ထိုအိမ်ကြီးသည် အလွန် ကျယ်ဝန်းပြီး ကြီးမားသော ခြံဝင်းကြီးတစ်ခုလည်း ပါဝင်၏။
ထိုခြံဝင်းအတွင်း၌ ပန်းပင်များစွာ စိုက်ပျိုးထားမည်ဖြစ်ပြီး အိမ်ရှင်များက ကြောင်များလည်း မွေးမြူထားသောကြောင့် ရွာသားများအနေဖြင့် ထိုတိရစ္ဆာန်လေးများကို အန္တရာယ်မပြုမိစေရန် သတိပေးစကားများပင် ထွက်ပေါ်နေခဲ့သည်လေ။
"ငါတို့ သွားကြည့်ရအောင်"
ထိုသို့ပြောပြီးသည်နှင့် အားရွေ့သည် မျောက်တစ်ကောင်အလား သွက်လက်ဖျတ်လတ်စွာဖြင့် သစ်ပင်ပေါ်မှ ဆင်းလာကာ ရွာထိပ်ဆီသို့ အပြေးအလွှား သွားလေတော့သည်။
များမကြာမီ ရွာမြောက်ပိုင်းမှ အိမ်ရှင်များ ရောက်ရှိလာပြီဟူသော သတင်းသည် ရွာအတွင်းသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
ထို့ကြောင့် ရွာမှ ကလေးသူငယ် အများအပြားသည်လည်း သွားရောက် ကြည့်ရှုကြလေသည်။
ထိုအခါ ကြီးမားသော အိမ်ကြီးထဲမှ အမျိုးသမီးကြီးတစ်ဦး ထွက်လာပြီး ကလေးများအား အချိုမုန့်များ ဝေငှပေးလေသည်။
ပြီးလျှင် သူတို့အိမ်မှ သခင်လေးအပေါ် ကြင်နာစွာ ဆက်ဆံပေးကြရန်နှင့် သူတို့၏ ခြံစည်းရိုးအနီးတွင် ဆူညံစွာ မကစားကြရန် သူမက မေတ္တာရပ်ခံလိုက်၏။
ထိုသို့ အချိုမုန့်များ ဝေငှနေစဉ်တွင် သခင်လေးကိုယ်တိုင်က တံခါးဝမှနေ၍ တစ်ဝက်ခန့် ခေါင်းပြူကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ချောင်းကြည့်နေခဲ့သည်။
သူက ဆူညံနေသော ရွာမှ ကလေးများကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူတို့၏ တက်ကြွလှုပ်ရှားမှုများကို လန့်ဖျပ်သွားဟန်ဖြင့် အိမ်နောက်ဖေး ပန်းခြံဆီသို့ ချက်ချင်း ပြန်ပြေးသွားလေတော့သည်။
သို့သော် သူ အိမ်နောက်ဖေး ပန်းခြံ၏ တိတ်ဆိတ်သော နေရာသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ခြံစည်းရိုးတံတိုင်း တစ်ဖက်မှ ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။
ထိုအချိန် တံတိုင်း၏ အခြားတစ်ဖက်တွင်ကား အားရွေ့သည် အပေါ်သို့ ရောက်ရန် အတင်းရုန်းကန်နေပြီး "အစ်ကို ဘယ်ဘက်ကို နည်းနည်း တိုးဦး" ဟု အော်ပြောနေလေသည်။
"ညီမလေး ဒါက မကောင်းပါဘူး၊ သူများခြံကို ချောင်းကြည့်တာက လူကြီးလူကောင်းတွေရဲ့ အပြုအမူ မဟုတ်ဘူး" ဟု အားချင်က အောက်ဘက်မှနေ၍ ကန့်ကွက်လိုက်သည်။
သူ၏ ပခုံးထက်၌ သူ၏ ညီမဖြစ်သူ၏ ခြေထောက်များကို အားပြုနင်းထားခိုင်းရသောကြောင့် သူမပြုတ်ကျမည်ကို သူစိုးရိမ်နေသည်။
"ငါက နည်းနည်းလေးပဲ ကြည့်ချင်တာပါ၊ ပြီးတော့ ငါက လူကြီးလူကောင်းမှ မဟုတ်တာ" ဟု သူမက ပြန်လည်ချေပလိုက်သည်။
ပြီးလျှင် သူမသည် အားကို အသုံးပြုကာ တံတိုင်းပေါ်သို့ တစ်ဝက်ခန့် တွယ်တက်သွားတော့သည်။
ထို့နောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အခြားသော မျက်လုံးအစုံနှင့် ပက်ပင်းတိုးသွားကာ သူမထံမှ အလန့်တကြား အာမေဍိတ်သံလေး ထွက်ပေါ်လာ၏။
ထို့အတူ ခြံဝင်းအတွင်းရှိ သခင်လေးမှာလည်း ထိတ်လန့်သွားကာ အနောက်သို့ တွန့်ဆုတ်သွားလေတော့သည်။
ထို့နောက် "မင်း မင်းက ဘယ်သူလဲ" ဟု သူက ထစ်အစွာ မေးလိုက်သည်။
အားရွေ့သည် စူးစမ်းလိုစိတ်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကာ "ငါ့နာမည်က အားရွေ့၊ မင်းကရော မင်းက ဒီအိမ်က ကလေးလား" ဟု ပြန်မေးလိုက်လေသည်။
ထိုအခါ ကောင်လေးက ခေါင်းကို မော့ကြည့်လိုက်ပြီး "ငါ့ မျိုးရိုးနာမည်က ပေါင် ၊ နာမည်က ယန် လို့ခေါ်တယ်"
"ပေါင်ယန် ဆားတစ်ထုပ် လား"
"အဲ့ဒီ ဆားကို ပြောတာမဟုတ်ဘူး" ဟု ပေါင်ယန်က တိုးတိုးလေး ပြန်ဖြေလိုက်၏။
ပြီးလျှင် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ မြေကြီးပေါ်တွင် ကျနေသော သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူပြီး 'ယန်' ဆိုသည့် စာလုံးအမှန်ကို မြေကြီးပေါ်တွင် ရေးပြလိုက်သည်။
"ဒီစာလုံးကို ပြောတာ"
အားရွေ့က သူမ၏ ခေါင်းကို ကုတ်လိုက်ပြီး "ဪ သိပြီ သိပြီ" ဟု ပြောလိုက်သည်။
အမှန်တကယ်တော့ သူမ ထိုစာလုံးကို လုံးဝ မဖတ်တတ်ခဲ့ချေ။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် နေအိမ်၏ နောက်ပေါက်တံခါးက ရုတ်တရက် ပွင့်လာပြီး ပန်းခြံအတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာလေသည်။
ထိုအခါ အားရွေ့မှာ လန့်ဖျပ်သွားပြီး ကိုယ်ဟန်ချက်ပျက်ကာ တံတိုင်းပေါ်မှ ပြုတ်ကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
သို့သော် ထိုအသံသည် သူမထံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူမ၏အောက်တွင် အနင်းခံထားရသော အားချင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ချက်ချင်းပင် သူ၏ အော်သံက ညီမဖြစ်သူ၏ လက်ဖြင့် အုပ်ပိတ်ခြင်းကို ခံလိုက်ရသောကြောင့် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ထိုအခါ ခြံဝင်းအတွင်းမှ အထိန်းတော် အဘွားကြီး၏ အသံက ပျံ့လွင့်လာ၏။
"သခင်လေး ဘယ်သူနဲ့ စကားပြောနေတာလဲ"
"ဘယ်သူနဲ့မှ မပြောပါဘူး၊ ခုနက ပိုးကောင်တစ်ကောင် တွေ့လို့ အလန့်တကြား အော်လိုက်မိတာပါ"
------
နောက်ပိုင်းရက်များတွင် မြောက်ဘက်အိမ်ကြီးဆီမှ အလွန်မွှေးကြိုင်သော အနံ့များ မကြာခဏ ပျံ့လွင့်လာတတ်လေသည်။
ထိုမိသားစုတွင် အရသာရှိသော အစားအစာများစွာ ရှိကြောင်း ရွာထဲတွင်လည်း ကောလာဟလများ ပြန့်နှံ့နေခဲ့သည်။
အချို့ကလည်း ထိုအနံ့များသည် ဆေးဖော်စပ်ရာမှ ထွက်လာသော အနံ့များဖြစ်သည်ဟု ငြင်းခုံကြ၏။
သခင်လေးမှာ ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသဖြင့် အပြင်သို့ မထွက်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
သူ သောက်သုံးရသော ဆေးဝါးများသည် အလွန်တရာ ဈေးကြီးမြင့်ပြီး သာမန် မိသားစုတစ်စု၏ တစ်နှစ်စာ ကုန်ကျစရိတ်နှင့် ညီမျှသည်ဟု ဆိုကြသည်လေ။
တစ်နေ့သ၌ အားချင့်က "ညီမလေး သူတို့ကို သွားပြီး အနှောင့်အယှက် မပေးပါနဲ့" ဟု ပြောနေစဉ် ခေါင်းလှည့်ကြည့်လိုက်ရာ အခန်းထဲတွင် သူမ၏ အရိပ်အယောင်တစ်ခုမျှပင် မရှိတော့ချေ။
ထို့ကြောင့် သူ လေးလံသော သက်ပြင်းတစ်ချက်ကိုသာ ချလိုက်တော့သည်။
ကောင်းကင်ပြာလင်နေသော နောက်ထပ် နေ့တစ်နေ့တွင် အားရွေ့သည် တံတိုင်းအပြင်ဘက်၌ ကျောက်တုံးများနှင့် သစ်သားစများကို အသုံးပြုကာ လှေကားတစ်ခုကို ကိုယ်တိုင် ဖန်တီးလိုက်လေသည်။
ထို့နောက် သူမကိုယ်သူမ အပေါ်သို့ ဂရုတစိုက် ဆွဲတင်လိုက်ပြီး ခြံဝင်းအတွင်းသို့ ချောင်းကြည့်လိုက်ရာ ကျောက်စားပွဲနံဘေးတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသော သခင်လေးပေါင်ကို တွေ့လိုက်ရ၏။
တံတိုင်းပေါ်မှ လှုပ်ရှားသံများကို ကြားလိုက်ရသောအခါ ပေါင်ယန်သည် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး ပေါ်လာတော့မည့် အပြုံးကို ဖိနှိပ်ထားလိုက်တော့သည်။
"မင်း ပြန်လာတာပဲ"
ထိုစဉ် အားရွေ့က နှုတ်ခမ်းလေး စူကာ မေးလိုက်သည်။
"နင်က ဘာလို့ အပြင်ထွက် မဆော့တာလဲ၊ ဒီတံတိုင်းတွေရဲ့ အပြင်ဘက်က ကမ္ဘာကြီးက အရမ်း အံ့သြဖို့ကောင်းတာနော်"
"ငါ့အိမ်ဘေးမှာဆိုရင် တစ်ရွာလုံးကို လှမ်းကြည့်လို့ရတဲ့ ဧရာမ မက်မွန်သစ်ပင်ကြီး တစ်ပင်ရှိတယ်၊ အဲ့ဒီသစ်ပင်က သီးတဲ့ မက်မွန်သီးတွေကလည်း အရမ်းကြီးပြီး ချိုတာပဲ"
ထိုအခါ ပေါင်ယန်၏ မျက်နှာပေါ်တွင် ငြင်းဆန်၍မရသော အားကျမှုများ ထင်ဟပ်သွားလေသည်။
"အဲ့ဒါကို ငါလည်း မြင်ဖူးချင်လိုက်တာ"
"ဒါဆိုလည်း လိုက်ခဲ့လေ သစ်ပင်တက်တဲ့ ပညာကို ငါ သင်ပေးမယ်"
"ဒါပေမဲ့ အထိန်းတော်ကြီးက ငါ့ခန္ဓာကိုယ်က အရမ်း အားနည်းလွန်းလို့ အပြင်ထွက်ခွင့်မရှိဘူးလို့ ပြောတယ်"
အားရွေ့သည် ခေါင်းလေးစောင်းကာ ခေတ္တမျှ စဉ်းစားလိုက်၏။
"ဒါဆိုရင်လည်း မင်း ကောင်းကောင်း အနားယူပြီး ခွန်အားတွေ ပြည့်လာအောင် လုပ်ထား မက်မွန်သီးတွေ မှည့်လာတဲ့အခါကျရင် မင်းဆီကို ငါ ယူလာခဲ့ပေးမယ်"
"ကောင်းပြီလေ ကျေးဇူးတင်ပါတယ် အားရွေ့"
ပုံပြင်သည် ဤအပိုင်းသို့ရောက်နေစဉ် သစ်သီးကိုက်စားနေသော ကျွတ်ကျွတ်မြည်သံများက တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြီး ဒုတိယမြောက် အစေ့ကိုလည်း ရှေးဟောင်းသစ်ပင်ကြီး၏ အောက်ခြေသို့ ပစ်ချလိုက်လေသည်။
ပြီးလျှင် အထက်ရှိ သစ်ကိုင်းများပေါ်မှ ရွှေရောင်ပုံရိပ်က မေးလိုက်၏။
"ကလေးနှစ်ယောက် တိတ်တဆိတ် အချစ်ဇာတ်လမ်းလေး ဖန်တီးနေကြတာက မင်းရဲ့ အာရုံစိုက်မှုကို ဒီလောက်တောင် ရသွားတာလား"
ထိုစကားကိုကြားသော် ရှေးဟောင်းသစ်ပင်ကြီး၏ သစ်ကိုင်းများက ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြားဖြတ်နှောင့်ယှက်သူအား ရိုက်နှက်ချင်နေသည့်ဟန် ပေါ်လာတော့သည်။
"အဲ့ဒီ ကလေးမလေးကို ငါ့ဆီ လာပစ်ထားခဲ့တာ မင်းလေ မင်း လုံးဝရူးသွားပြီလား"
"ငါက ဘေးအိမ်က မိသားစုဆီမှာ အဲ့ဒီကလေးကို ပြုစုပျိုးထောင်ပေးဖို့ အပ်ထားခဲ့တာပါ"
ရွှေရောင်ပုံရိပ်က တတိယမြောက် မက်မွန်သီးကို ထုတ်ယူမည့် လှုပ်ရှားမှုကို ခေတ္တရပ်တန့်ကာ ပြန်လည်ချေပလိုက်သည်။
"တကယ်ပဲ အဲ့ဒီလို ကိစ္စမျိုး ဖြစ်ခဲ့လို့လား"
ထိုစကားကြောင့် ရှေးဟောင်းသစ်ပင်ကြီးထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာဘဲ လေးနက်သော တိတ်ဆိတ်မှုသာ ကြီးစိုးသွားတော့သည်။
"ငါက ဘာလို့ နို့စို့အရွယ် ကလေးတစ်ယောက်ကို မင်းဆီ လာပစ်ထားရမှာလဲ" ဟု ရွှေရောင်ပုံရိပ်က အသံထွက်ပြောကာ တွေးတောလိုက်သည်။
ပြီးလျှင် သူ၏ မက်မွန်သီးအသစ်ကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရင်း အလွန်အမင်း နားမလည်နိုင်ဖြစ်နေဟန် ပြလိုက်၏။
ထို့နောက် နောက်ထပ် တစ်ကိုက် ကိုက်စားလိုက်ပြန်သည်။
'အမှန်တကယ်ပါပဲ ဟွားကော်တောင်က မက်မွန်သီးတွေက အမြဲတမ်းအချိုမြိန်ဆုံးနဲ့အရည်ရွှမ်းဆုံး အသီးတွေပဲ'