အခန်း ၃၃၇
Vol. 34 Ch. 337
🫧 Chapter 377
နှစ်ရက်အတွင်း ထွက်ခွာရတော့မည်။
အရှေ့ဘက်နန်းတော်သို့ ပြန်မည့် ခရီးစဉ်ကို အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း အလုပ်များနေကြပြီဖြစ်ကြောင်း ကျန်းလင် သတိထားမိလိုက်လေသည်။
ချိတ်ပိတ်တပ်ဖွဲ့မှ စီနီယာ ရွှီယိုကျိနှင့် ယွီပိုင်ရှင်းတို့သည် နေ့ရောညပါ အလုပ်လုပ်နေကြပြီး အမည်းရောင်တမန်တော် လျိုပုဝေ ကမူ ဗီလာအတွင်းရှိ လေ့ကျင့်ရေးအခန်းမှ စက်ကိရိယာများကို အသုံးပြုကာ ကျင့်ကြံနေ၏။
ချင်ကျိုးကျိုးနှင့် အားစစ် တို့နှစ်ဦးမှာမူ လွန်ခဲ့သည့် နှစ်ရက်အတွင်း ဗီလာသို့ လုံးဝ ပြန်မလာခဲ့ကြချေ။
ထိုဝိညာဉ်နှစ်ခု ဘာတွေ အလုပ်ရှုပ်နေသလဲဆိုသည်ကို ကျန်းလင် အကြမ်းဖျင်း ခန့်မှန်းမိလေသည်။
အားစစ်သည် အနောက်ဘက်နန်းတော်သို့ ရောက်ရှိသည့် ပထမဆုံးနေ့ကတည်းက အိပ်မက်ထဲက နိဗ္ဗာန်ဘုံသို့ ရောက်သွားသည့်အလား မှော်ပစ္စည်းအရောင်းဆိုင်များဆီသို့ နေ့စဉ်နေ့တိုင်း သွားရောက်နေခဲ့ပြီး တစ်ကြိမ်တွင် စီနီယာ ရွှီယိုကျိထံမှ ငွေပင် ချေးငှားခဲ့ဖူးသည် မဟုတ်ပေလော။
ပစ္စည်းတစ်ခုခု ဝယ်ရန်အတွက်ဟု သူမက အကြောင်းပြခဲ့သည်။
ချင်ကျိုးကျိုးနှင့် ပတ်သက်၍မူ ကျန်းလင် သရဲဈေးတန်းရှိ လေ့ကျင့်ရေးအခန်းသို့ သွားရောက်သည့်အချိန်တိုင်း ချင်ကျိုးကျိုး၏ သွေးစာချုပ်ဝင် ငရဲခွေးကြီးကို မကြာခဏ မြင်တွေ့ခဲ့ရသည်လေ။
သတင်းအချက်အလက် တစ်ခုခုကို စုံစမ်းထောက်လှမ်းနေခြင်း သို့မဟုတ် နောက်ယောင်ခံလိုက်နေခြင်း ဖြစ်ဟန်တူ၏။
ကျန်းလင် ကိုယ်တိုင်ကမူ သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆက်လက်နေထိုင်ခဲ့သည်။
မှော်ပစ္စည်းများ ဖန်တီးခြင်း၊ ကျင့်ကြံခြင်း၊ နှင့် နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ခြင်းများပင် ဖြစ်၏။
သရဲဈေးတန်းမှ ပရိသတ်အချို့၏ မှတ်မိခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည့် တစ်ကြိမ်မှလွဲ၍ ကျန်သည့်အချိန်များတွင် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်။
ဤသို့ဖြင့် ထွက်ခွာရမည့် မတိုင်မီနေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ကျန်းလင်သည် သရဲဈေးတန်းမှ ပြန်ရောက်လာပြီးနောက် ဗီလာအတွင်းရှိ သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်လေသည်။
ထို့နောက် ကတိကဝတ် သစ်ပင်ထံတွင် ချန်ထားရစ်ခဲ့သော အသံလွှင့်ဘောလုံးငယ်လေးကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်လိုက်၏။
သို့သော် အသံလွှင့်ဘောလုံးငယ်လေးသည် လူတစ်စုထံသို့ မှန်ဘီလူးကို ချိန်ရွယ်ကာ အလွန်အမင်း စိတ်ဝင်စားနေကြောင်း သူ ရှာဖွေတွေ့ရှိလိုက်ရတော့သည်။
ယနေ့ ထိုနေရာသို့ အလွန် ထူးခြားလှသော ဆုတောင်းသူ စုံတွဲတစ်တွဲ ရောက်ရှိလာခဲ့ခြင်းပင်။
......
ကတိကဝတ် သစ်ပင်ကို တောင်ထွတ်ပေါ်တွင် နေရာချထားခြင်းမှာ အကြောင်းပြချက် ရှိပေသည်။
ထိုက်ချင်း၏ ပြောကြားချက်အရ ကောင်းကင်လှေကားကို တက်လှမ်းစေခြင်းသည် ပထမအချက်အနေဖြင့် သူတို့၏ စိတ်ရင်းမှန်ကို ပြသစေရန် ဖြစ်သည်။
ဒုတိယအချက်မှာ မြို့ပြ၏ ဆူညံသံများမှ ကင်းဝေးစေရန် ဖြစ်၏။
တတိယနှင့် အရေးကြီးဆုံးအချက်မှာ အနောက်ဘက် နယ်မြေတစ်ခုလုံးတွင် ဤတောင်ထွတ်သည် ကတိကဝတ် သစ်ပင်နှင့် အသဟဇာတအဖြစ်ဆုံး နေရာဖြစ်နေသောကြောင့်ပင်။
ယနေ့ ရောက်ရှိလာသော ကတိပြုသူ စုံတွဲသည်ကား အလွန် ထူးခြားလှပေသည်။
သူတို့ နှစ်ဦးစလုံးမှာ ဆံပင်များ ဖြူလွတ်နေပြီဖြစ်သော သက်ကြီးရွယ်အိုများ ဖြစ်ကြ၏။
အဘိုးအိုသည် ခြေထောက်တစ်ဖက် ဒဏ်ရာရထားပုံပေါ်ပြီး နာရီဝက်ခန့် လမ်းလျှောက်ပြီးတိုင်း ခေတ္တခဏ ထိုင်နားရလေသည်။
အဘွားအိုမှာမူ မျက်လုံးများကို မှိတ်ထားလျက် လူနာတင်ထမ်းစင်ဖြင့် သယ်ဆောင်လာခြင်းကို ခံနေရသည်။
အဘွားအို၏ ဘေးတွင် ဆေးဘက်ဆိုင်ရာ သေတ္တာများကို ကိုင်ဆောင်ထားသည့် ကျန်းမာရေး ဝန်ထမ်းနှစ်ဦးလည်း လိုက်ပါလာကြ၏။
ထိုကျန်းမာရေး ဝန်ထမ်းများသည်လည်း အလွန် ပင်ပန်းနေကြပြီး ချွေးများ ရွှဲနစ်နေကာ တစ်ခါတစ်ရံတွင် ဘေးမှ သက်တော်စောင့်များကပင် ကူညီပေးရလေသည်။
ထိုအဖွဲ့တွင် စုစုပေါင်း လူဆယ်ယောက် ပါဝင်သည်။
ကောင်းကင်လှေကားပေါ်တွင် တက်ရောက်နေသူများ အလွန် များပြားလှသည်။ ထိုညက ခွေးနှင့်ကြောင်တို့၏ အဖြစ်အပျက်ပြီးကတည်းက ကတိကဝတ် သစ်ပင်သည် ကြည့်ရှုသူများ၏ နှလုံးသားထဲတွင် လုံးဝ ပွင့်လင်းသွားခဲ့ပြီ ဖြစ်၏။
ချစ်သူရည်းစားများ၊ ချမ်းသာကြွယ်ဝသူများနှင့် စထရိန်မာအချို့လည်း ရောက်ရှိလာတတ်ကြသည်။
ယခုအချိန်တွင် ဤလူအုပ်စု ရောက်ရှိလာသည်ကို မြင်သောအခါ ဘေးမှလူများသည် အလယ်ဗဟိုမှ လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြလေသည်။
ပထမအချက်အနေဖြင့် အလယ်ဗဟိုသည် အလုံခြုံဆုံးဖြစ်ပြီး ဒုတိယအချက်မှာ အချင်းချင်း တိုက်မိခိုက်မိခြင်းမှ ရှောင်ရှားရန် ဖြစ်သည်။
ဤနေရာတွင် မည်သူကမျှ ပြဿနာရှာရဲမည် မဟုတ်ချေ။
အထက်ကောင်းကင်ယံတွင် ဝိညာဉ်တမန်တော် ကျန်းလင်၏ တိုက်ရိုက်ထုတ်လွှင့်မှုက စောင့်ကြည့်နေသည်ကို မဆိုထားနှင့် ဤကောင်းကင်လှေကားကြီးသည် လူသားတို့၏ လက်ဖြင့် ဖန်တီးထားခြင်း လုံးဝ မဟုတ်သည်ကို အားလုံး သိထားကြသည်လေ။
သို့သော် ဤလူများ မသိရှိကြသောအရာတစ်ခု ရှိနေ၏။
ယခုအချိန်တွင် အဖြူရောင်ဝိညာဥ်တမန်တော် တစ်ပါးသည် သူတို့ကို အနီးကပ် စောင့်ကြည့်နေလေသည်။
ထို့ပြင် သူသည် ထိုသက်ကြီးရွယ်အို စုံတွဲ၏ အထက်တည့်တည့်တွင် ရှိနေခြင်းပင်။
သူသည် အနောက်ဘက်နန်းတော်၏ ခေတ်မီ လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ငွေရောင်သေနတ်တစ်လက်ကို ချိတ်ဆွဲထားကာ တောင်ပေါ်သို့ တက်နေသည့် လူအုပ်ကြီးနှင့်အတူ ဖြည်းညှင်းစွာ လိုက်ပါလာလေသည်။
သက်ကြီးရွယ်အိုများ၏ လျှောက်လှမ်းမှု နှေးကွေးနေသည်ကို မြင်သော်လည်း သူက အလျင်စလို မလုပ်ဘဲ လေထဲတွင် ပေါ့ပါးစွာ လွင့်ဝဲရင်း ဆက်လက် လိုက်ပါနေ၏။
လူဆယ်ယောက်ပါဝင်သော အဖွဲ့သည် တောင်ထွတ်သို့ ရောက်ရှိရန် နီးကပ်လာချိန်တွင် တစ်ဝက်ခန့် အချိန်ကုန်ဆုံးသွားခဲ့လေပြီ။
အသံလွှင့်ဘောလုံးငယ်လေးသည်လည်း မှန်ဘီလူးကို လှည့်ကာ သူတို့ဆီသို့ စူးစိုက်ကြည့်ရှုလိုက်သည်။
ထို့အတူ သူတို့အပေါ်တွင် လွင့်ဝဲနေသော အဖြူရောင် သေမင်းတမန်ဆီသို့ပါ အာရုံရောက်သွားတော့သည်။
......
အဖြူရောင် သေမင်းတမန်ကို မြင်လိုက်ရသည့် ခဏမှာပင် ကြည့်ရှုသူအားလုံး လန့်ဖျပ်သွားကြလေသည်။
အထူးသဖြင့် တောင်ထွတ်သို့ ရောက်ခါစ စထရိန်မာများနှင့် တောင်တက်လမ်းပေါ်တွင် ရှိနေသေးသော ကြည့်ရှုသူများပင် ဖြစ်၏။
သူတို့သည် သူတို့၏ လက်ကိုင်ဖုန်းများကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်သွားကြသည်။
သူတို့၏ နှလုံးသားများမှာ တဒိန်းဒိန်း ခုန်ပေါက်လာပြီး စာရိုက်နေသော လက်ချောင်းများမှာပင် ရုတ်တရက် တောင့်တင်းသွားကြတော့သည်။
[ဒီနေရာမှာ တစ်ယောက်ယောက် သေတော့မှာလား]
[ဒါက အနောက်ဘက်နန်းတော်ရဲ့ နယ်မြေလေ သူတို့ရဲ့ သေမင်းတမန်က ကင်းလှည့်နေတာ ဖြစ်နိုင်တယ် အဲ့ဒါက ပုံမှန်ပဲ မဟုတ်လား]
[အခု တောင်အောက် ပြန်ဆင်းရင် မှီသေးလား]
[တကယ်လို့ မင်း တောင်အောက်ဆင်းတဲ့အချိန် သေမင်းတမန်က မင်းနောက်ကို လိုက်ဆင်းလာတယ်ဆိုရင်တော့ အဲ့ဒါက နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီပေါ့]
......
ကံကောင်းထောက်မစွာဖြင့် နောက်တစ်ခဏတွင် မှန်ဘီလူးသည် အောက်ဘက်ရှိ လူအုပ်စုဆီသို့ ပြန်လည် ရွှေ့သွားလေသည်။
ကျန်းမာရေး ဝန်ထမ်းများကို မြင်လိုက်ရသောအခါ ကြည့်ရှုသူများအားလုံး တစ်စုံတစ်ခုကို သဘောပေါက်သွားကြတော့သည်။
ဤအချိန်တွင် တောင်ထွတ်ပေါ်သို့ ရောက်ရှိနေသူများအားလုံးသည် ဘေးဘက်သို့ ဆုတ်ဖယ်ပေးလိုက်ကြပြီး အလယ်ဗဟိုနေရာကို အပြည့်အဝ ရှင်းလင်းပေးလိုက်ကြလေသည်။
အချို့သော လူများမှာ ဘေးသို့ ဆွဲဖယ်ခံလိုက်ရချိန်တွင် ဘာဖြစ်နေမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
"နင် ဘာလုပ်တာလဲ ငါတို့ အလှည့် ရောက်တော့မှာကို နင် စိတ်ပြောင်းသွားတာလား"
စကားပင် မဆုံးသေးမီ သူမ၏ ချစ်သူက သူမ၏ ပါးစပ်ကို ပိတ်ကာ ဘေးသို့ ဆွဲခေါ်သွားလေသည်။
ထို့နောက် သူက တိုးညင်းသော အသံဖြင့် ရှင်းပြလိုက်၏။ "ဖုန်းထဲက ထုတ်လွှင့်မှုကို ကြည့်လိုက်"
"ဟင်"
......
ခြေထောက်တွင် ဒဏ်ရာရထားသော အဘိုးအိုသည် ပတ်ဝန်းကျင်မှ လေထု အပြောင်းအလဲကို သတိထားမိပုံရသော်လည်း မည်သည့်စကားမှ မဆိုခဲ့ချေ။
သူသည် ဇနီးဖြစ်သူအား သစ်ပင်အောက်သို့ တိတ်ဆိတ်စွာ ခေါ်ဆောင်သွားလေသည်။
သက်တော်စောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများသည် အလိုအလျောက် အနောက်သို့ ခြေနှစ်လှမ်း ဆုတ်ပေးလိုက်ကြသော်လည်း အဝေးသို့ ထွက်မသွားကြပေ။
အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပါက ချက်ချင်း ပြေးဝင်ကူညီနိုင်ရန် သေချာအောင် လုပ်ထားရမည် မဟုတ်ပေလော။
ဝမ်ဟိုင် သည် သူ၏ တုတ်ကောက်ကို အားပြုကာ သစ်ပင်အောက်မှ သစ်သားပြား နှစ်ခုကို ကောက်ယူလိုက်ပြီး ဇနီးဖြစ်သူ၏ အနီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။
သူသည် အသက်ကို ပြင်းပြင်းရှူကာ ခေတ္တမျှ ငြိမ်သက်နေပြီးနောက် "ယောင်ယောင်" ဟု တိုးညင်းစွာ ခေါ်လိုက်၏။
ခရီးစဉ် တစ်လျှောက်လုံးတွင် အဘွားအိုသည် ထမ်းစင်ပေါ်၌ မေ့မြောနေသည့် အခြေအနေတွင်သာ ရှိနေခဲ့သည်။
ယခုမူ သူမ၏ နာမည်ကို ကြားလိုက်ရသဖြင့် မျက်တောင်များ တုန်ခတ်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာလေသည်။
သူမ၏ မှေးမှိန်နေသော မျက်ဝန်းများတွင် အလွှာတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပြီး အရာရာကို ရှင်းလင်းစွာ မမြင်နိုင်တော့ချေ။
သူမထံမှ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဝမ်ဟိုင်၏ အိုမင်းနေသော မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့သည်။
"ယောင်ယောင် ကိုယ့်ကို ကြားရသေးလား၊ ကိုယ် ဝမ်ဟိုင် လေ"
သူသည် အနီရောင် သစ်သားပြားကို ထုတ်ယူလိုက်ပြီး အဘွားအို၏ ခြောက်သွေ့နေသော လက်ထဲသို့ ဆုပ်ကိုင်စေလိုက်သည်။
"မင်း သိလား အခု ငါတို့ တောင်ပေါ်ကို ရောက်နေပြီ။ ဒီနေရာက မြင်ကွင်းက အရမ်းလှတယ်၊ လေနည်းနည်း တိုက်နေတာလေးပဲ ရှိတာ"
"အရင်တုန်းက မင်းက အရမ်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောခဲ့ဖူးတယ်နော် ငါတို့ နိုင်ငံမှာ ကိုယ်ပိုင် လေယာဉ်တွေ ရှိနေပြီဆိုတော့ လောကကြီးကို ပတ်ကြည့်ချင်တယ်၊ ပုံပြင်တွေထဲကလို ပန်းခင်းကြီးတွေကို သွားကြည့်ချင်တယ်၊ အဝေးကြီးကို ခရီးထွက်ပြီး တောင်တက်ချင်တယ်ဆိုပြီးလေ"
"ဒီနေ့ ငါတို့ တောင်တက်ခဲ့ကြပြီ မနက်ဖြန်ကျရင် ပန်းခင်းကြီးတွေကို သွားကြည့်ကြမယ် မြို့အသီးသီးကို ခရီးထွက်ကြမယ် မင်း သွားချင်တဲ့ နေရာတိုင်းကို ငါတို့ အတူတူ သွားကြမယ်လေ"
အဘွားအို၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူ၏ စကားများကို ကြားနေရသည်မှာ သေချာလှသည်။
သူမ၏ မျက်ထောင့်မှ မျက်ရည်တစ်ပေါက် စီးကျလာလေသည်။
"မငိုပါနဲ့"
ဝမ်ဟိုင်မှာ အလန့်တကြားဖြစ်သွားပြီး လက်ကိုင်ပဝါကို အလောတကြီး ထုတ်ယူလိုက်၏။
သူမ၏ မျက်ထောင့်မှ မျက်ရည်များကို သုတ်ပေးသည့်အခါတွင်မူ အလွန်တရာ ညင်သာပြီး ဂရုတစိုက် ရှိလွန်းလှပေသည်။
"မငိုပါနဲ့ကွာ ကိုယ် မှားတာပါ"
သူ့ဘဝတွင် သူမ ငိုသည်ကို အကြောက်ဆုံးပင် ဖြစ်သည်။
သို့သော် သူမက ထိုအချက်ကို သိထားပုံရပြီး ငယ်ရွယ်စဉ်ကတည်းက သူ၏ရှေ့တွင် မျက်ရည်ကျလေ့ လုံးဝ မရှိခဲ့ချေ။
အသက် ဆယ့်ခုနစ် ဆယ့်ရှစ်နှစ် အရွယ်တွင် သူ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။
မိသားစုတွင် အခက်အခဲများ ကြုံတွေ့ရချိန်တွင် သူမကသာ ဝင်ရောက် ကူညီစောင့်ရှောက်ပေးခဲ့သည်လေ။
နောင်တွင် သူ ဒဏ်ရာရ၍ စစ်တပ်မှ ထွက်လာရချိန်တွင်လည်း သူမကသာ သူ၏ ဘေးတွင် အမြဲတမ်း အဖော်ပြုပေးခဲ့သည်။
ထိုအချိန်က ငွေရှာရန် အလွန် ခက်ခဲသောကြောင့် သူသည် သူငယ်ချင်းများနှင့်အတူ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ခဲ့၏။
စီးပွားရေးလောကသည် အတက်အကျ ကြမ်းတမ်းလှရာ တစ်ကြိမ်တွင် အရင်းအနှီးများပါ လုံးဝ ပြုတ်သွားရုံသာမက အကြွေးကြီးများပါ တင်သွားခဲ့လေသည်။
သူသည် အကြွေးဆပ်ရန်အတွက် သွေးထုတ်ရောင်းခဲ့ရပြီး အိမ်သို့ပင် မပြန်ရဲခဲ့ချေ။
နောက်ပိုင်းမှသာ သူ သိလိုက်ရသည်မှာ ထိုအချိန်ကာလအတွင်း ယောင်ယောင်၏ မိသားစုတွင် လူကြီးတစ်ဦး သေဆုံးသွားခဲ့ကြောင်းပင်။
သူမသည် အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလေသည်။
ထိုနေ့ရက်များသည် တကယ့်ကို ခက်ခဲကြမ်းတမ်းလွန်းလှပေသည်။
သို့သော် သူမသည် သူ နောက်လှည့်ကြည့်လိုက်တိုင်း အမြဲတမ်း မြင်တွေ့နိုင်မည့် နေရာတစ်ခုတွင် သူ့ကို အမြဲတမ်း စောင့်ကြိုနေခဲ့သည်လေ။
......
နောက်ပိုင်းတွင် စီးပွားရေးများ အဆင်ပြေလာပြီး ဘဝအခြေအနေလည်း တိုးတက်လာခဲ့သည်။
သို့သော် သူ သူမအား အချိန်ပေးနိုင်မှုက ပို၍ နည်းပါးသွားခဲ့၏။
သူမသည် တောင်တန်းများနှင့် ပင်လယ်ပြင်ကြီးကို သွားရောက်ကြည့်ရှုချင်နေကြောင်း သူ သိထားခဲ့သည်။
သူက 'ခဏလောက် ထပ်စောင့်ပါဦး၊ ကိုယ် ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့အခါကျရင် ကလေးတွေကို ဂရုစိုက်စရာ မလိုတော့ဘဲ ငါတို့နှစ်ယောက်တည်း ကမ္ဘာပတ် ခရီးထွက်ကြတာပေါ့' ဟု အမြဲ ပြောခဲ့လေသည်။
သို့သော် နောင်တစ်ချိန်တွင် သူ့ထံ ငွေကြေးများလည်း ပြည့်စုံလာပြီး အချိန်များလည်း ပေါများလာခဲ့သည်။
သို့သော် သူမ၏ ကျန်းမာရေးက တဖြည်းဖြည်း ယိုယွင်းလာခဲ့ပြီ ဖြစ်၏။ တစ်ခါတစ်ရံ အေးစက်သော လေကို ရှူမိရုံဖြင့်ပင် မျက်နှာလေဖြတ်သည့် အခြေအနေအထိ ဖြစ်လာတတ်သည်။
အရင်တုန်းက သူမ၏ ကျန်းမာရေးသည် အလွန် ကောင်းမွန်ပြီး ဖျားနာလေ့ လုံးဝ မရှိခဲ့ချေ။
ထိုအချိန်များက သူမ ဖျားနာ၍ မရကြောင်းကို သူမကိုယ်တိုင် သိထားသကဲ့သို့ပင်။
ယခုမူ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သမျှ အရာအားလုံးက ရုတ်တရက် ပေါက်ကွဲထွက်လာသည့်အလား ဖြစ်နေလေပြီ။
တောင်တန်းများကို ကြည့်ရန် ပန်းခင်းကြီးများကို ကြည့်ရန်တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပင် ထိုကိစ္စများကို ထုတ်မပြောတော့ချေ။
ယခုမူ သူမက သူ့ထက်စော၍ ထွက်ခွာသွားတော့မည် ဖြစ်သည်။
......
"ကိုယ်က သရဲတစ္ဆေ နတ်ဘုရားတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး ဒါပေမဲ့ အခုတော့ ကိုယ် ယုံတယ်၊ ယုံချင်နေမိပြီ"
ဝမ်ဟိုင်သည် ဇနီးဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူတို့၏ လက်ဖဝါးများကြားတွင် အနီရောင်ကြိုးဖြင့် ချည်နှောင်ထားသော သစ်သားပြား နှစ်ခု ရှိနေလေသည်။
သူသည် ခေါင်းကို ငုံ့လိုက်ပြီး သူတို့၏ လက်များပေါ်သို့ နဖူးကို အပ်ကာ တိုးညင်းစွာ ရေရွတ်လိုက်၏။
"ယောင်ယောင် မင်း ငါ့ကို နောက်တစ်ခေါက်လောက် ထပ်ပြီး အဖော်ပြုပေးနိုင်မလား"
"နောက်ဘဝကျရင် ကိုယ့်ကို စောင့်ရှောက်ဖို့ မလိုတော့ပါဘူး မင်းက အဲ့ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး ရပ်နေပါ၊ ကိုယ်က မင်းကို လိုက်ရှာမယ်၊ မင်းနောက်ကို လိုက်မယ်"
"မင်း ပျော်နေတယ်ဆိုရင် ကိုယ့်ကို အပြုံးလေးတစ်ခု လက်ဆောင်ပေးပါ မင်း စိတ်မပျော်ဘူးဆိုရင် ကိုယ်က မင်းကို ချော့မယ်၊ မင်းဘေးနားမှာ အမြဲတမ်း ရှိနေပေးမယ်"
"မင်း ပျော်ရွှင်သွားတဲ့အခါကျမှ ငါတို့ အတူတူ ခရီးတွေ ထွက်ကြမယ်လေ ဟုတ်ပြီလား"
သူ၏ ဤဘဝ တစ်သက်တာလုံးတွင် သူ အကျေးဇူးတင်ဆုံးသော သူမှာ သူမပင် ဖြစ်သည်။
သူ အားအနာဆုံးသော သူမှာလည်း သူမပင် ဖြစ်တော့သည်။