အခန်း ၃၃၉
Vol. 34 Ch. 339
🫧 Chapter 339
နောက်ဆုံးတွင် ထွက်ခွာရမည့်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
အရှေ့ဘက်နန်းတော်၏ ကိုယ်စားလှယ်အဖွဲ့သည် အနောက်ဘက်နန်းတော်ရှိ ထွက်ပေါက်တစ်ခုတွင် စုဝေးနေကြ၏။
သူတို့ စတင်ရောက်ရှိလာစဉ်က ချောမောလှပသော သေမင်းတမန်များက နှစ်တန်းစီရပ်ကာ မီးရှူးမီးပန်းများ ဖောက်၍ ကြိုဆိုခဲ့ကြပြီး ပရိသတ်အုပ်စုကြီးကလည်း သောင်းသောင်းဖျံဖျံ အားပေးခဲ့ကြသည်လေ။
ယခု ထွက်ခွာမည့်အချိန်တွင်လည်း ထိုက်ချင်း ကိုယ်တိုင် လာရောက် နှုတ်ဆက်လေသည်။
သူနှင့်အတူ ပရိသတ်အုပ်စုကြီးလည်း ပါဝင်လာ၏။
"အား စထရိန်မာကြီး စထရိန်မာကြီး ဒီဘက်ကို ကြည့်ပါဦး"
"ဝိညာဉ်တမန်တော်ကြီး နှုတ်ဆက်ပါတယ် နောက်မှ ထပ်လာလည်ပါဦးနော်"
"ဒီလောက် မြန်မြန်ကြီး ပြန်သွားတော့မှာလား ဟင့်ဟင့်ဟင့် (╥╯^╰╥)"
"......"
ထိုသောင်းသောင်းဖျံဖျံ အားပေးသံများကြားတွင် ထိုက်ချင်းသည် ဦးဆောင်သူ စီနီယာ ရွှီယိုကျိအား ဦးစွာ နှုတ်ဆက်လိုက်သည်။
ထို့နောက် ကျန်းလင်၏ အရှေ့သို့ လျှောက်လာပြီး ညာဘက်လက်ကို ကမ်းပေးကာ ပြုံးလျက် ပြောလိုက်၏။
"ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ် နောက် အခွင့်အရေးရရင် ထပ်ပြီး ပူးပေါင်းကြတာပေါ့"
'နောက်ပိုင်း အချိန်ရရင် အလည်လာခဲ့ပါဦး'ဟု သူ မပြောခဲ့ချေ။
ဤတစ်ကြိမ် အနောက်ဘက်နန်းတော်၏ ကြော်ငြာနည်းဗျူဟာများနှင့် ပြင်းထန်သော အရောင်းမြှင့်တင်မှုများအရ ထိုစကားကိုသာ ထုတ်ပြောလိုက်ပါက အချို့သော ဝိညာဉ်များကို ဆွပေးသလို ဖြစ်သွားမည်ကို စိုးရိမ်ရသည်လေ။
မည်သို့ပင်ဖြစ်စေ အနောက်ဘက်နန်းတော်၏ ဖြတ်သန်းခွင့် လက်မှတ်များကို ကြိုတင် ပေးအပ်ထားပြီး ဖြစ်သည်။
ကျန်းလင်သည်လည်း လက်ကမ်းပေးလိုက်ပြီး "ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်" ဟု ပြန်ပြောလိုက်၏။
ထို့နောက် သူအနောက်ဘက်နန်းတော်သို့ ရောက်ရှိပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားကြည့်လိုက်လေသည်။
မည်သည့် ပြဿနာမှ မဖြစ်ပွားဘဲ ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး သူတို့ လိုချင်သောအရာများကို အသီးသီး ရရှိခဲ့ကြသည် မဟုတ်ပေလော။
ကျန်းလင်၏ အမြင်တွင်မူ ဤသည်ထက် ပို၍ ကောင်းမွန်သောအရာ မရှိနိုင်တော့ချေ။
တစ်ဖက်တွင်မူ ရွှီယိုကျိသည် သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေမှုကို စူးစိုက်ကြည့်နေလေသည်။
'စိုက်ကြည့် စိုက်ကြည့်'
"ဒါဆို ကျွန်တော့်မှာ အလုပ်လေး နည်းနည်း ရှိသေးလို့ အရင် ပြန်နှင့်ပါရစေ"
ရွှီယိုကျိ၏ စူးစူးဝါးဝါး အကြည့်များအောက်တွင် ထိုက်ချင်းသည် သူ့ ခေါင်းကို ကုတ်လိုက်ပြီး ရယ်မောကာ ပရိသတ်အုပ်စုကြီးကို ခေါ်ဆောင်၍ လှည့်ထွက်သွားလေသည်။
"တော်ပြီ တော်ပြီ၊ ဝိညာဉ်တမန်တော်ကြီးက မင်းတို့ရဲ့ နွေးထွေးတဲ့ အားပေးမှုကို ခံစားမိသွားပါပြီ။ ကိုယ့်အလုပ် ကိုယ် ပြန်လုပ်ကြတော့"
ပရိသတ်များထဲမှ သရဲတစ်ကောင်က ညည်းတွားလိုက်၏။
"အစ်ကိုက ဝိညာဉ်တမန်တော်ကြီးရဲ့ လက်ကို ကိုင်ခွင့်ရခဲ့တာကိုး၊ ကျွန်တော်တို့က နည်းနည်းပါးပါး ပိုကြည့်ချင်တာ ဘာဖြစ်လို့လဲ"
"ဟုတ်တယ် ဟုတ်တယ်၊ ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလေ ငါတို့ မျက်နှာလေး တစ်ချက်လောက် ပါသွားနိုင်တာပဲ"
"ကဲပါ ကဲပါ၊ ငါတို့က ယဉ်ကျေးတဲ့ ပရိသတ်တွေပဲ အပြုံးလေးတွေ ဆက်ပြီး ထိန်းထားကြ (* ̄︶ ̄)"
"......"
ထိုသရဲများ၏ ညည်းတွားသံများကို ကြားသော်လည်း ထိုက်ချင်း၏ မျက်နှာပေါ်ရှိ အပြုံးများက လျော့မသွားခဲ့ချေ။ ရင်ထဲတွင်လည်း ခပ်ဟဟ ရယ်မောလိုက်လေသည်။
'လက်ဆွဲနှုတ်ဆက်တာက ဘာများလဲ သူက လက်မှတ်တစ်စောင်တောင် တောင်းထားလိုက်သေးတယ်လေ'
......
လာရောက် နှုတ်ဆက်သော ဝိညာဉ်များ ထွက်ခွာသွားပြီးနောက် နေရာတစ်ခုလုံး အတော်လေး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
သို့သော် ထိုအချိန်တွင် အဖွဲ့ဝင် တစ်ဦး ရောက်မလာသေးကြောင်း တွေ့ရှိလိုက်ရ၏။
ဤသည်မှာ သူတို့၏ သင်္ဘောကြီး စတင် မထွက်ခွာသေးရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
"အားစစ်က ဘာလို့ ရောက်မလာသေးတာလဲ" ရွှီယိုကျိသည် သင်္ဘောဦးပိုင်းတွင် ရပ်ရင်း အနည်းငယ် နားမလည်နိုင် ဖြစ်နေလေသည်။
မနေ့ညက သူကိုယ်တိုင် တစ္ဆေစစ်သည်တော်များကို စေလွှတ်၍ သေချာ အကြောင်းကြားထားခဲ့သည် မဟုတ်ပေလော။
'ဒီလိုတော့ မဖြစ်သင့်ဘူးလေ'
"အားစစ် လား"
ဘေးနားရှိ ချင်ကျိုးကျိုးသည် အကြောဆန့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်၏။ သူ၏ ရှည်လျားသော ဆံပင်များကမူ မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားလေသည်။
"သူ မှော်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်ရှုပ်နေတုန်းပဲ ထင်တယ် မကြာသေးခင်က ဘာတွေ လေ့လာနေလဲ မသိပါဘူး"
"ကျွန်တော် 'တအိုင်' ကို လွှတ်ပြီး သွားသတိပေးခိုင်းလိုက်ရမလား"
ရွှီယိုကျိက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ" ဟု ဆိုလေသည်။
ထို့နောက် ချင်ကျိုးကျိုးကအရပ် တစ်မီတာပင် မပြည့်ဘဲ ရှောင်အာ နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော တာ့ယီ ကို ခေါ်ထုတ်လိုက်၏။
၎င်းမှာ လုံးဝန်းသော ခန္ဓာကိုယ်လေး ရှိပြီး အသံမှာလည်း အလွန် ကျယ်လောင်ကာ ကြည့်ရသည်မှာ အလွန် ရယ်ချင်စရာ ကောင်းလှပေသည်။
"တာဝန်ကျေပွန်စေရပါမယ်"
ထိုစကားကို ပြောပြီးသည်နှင့် တာ့ယီ သည် အပြင်သို့ ပြေးထွက်သွားတော့သည်။
သူ့လှုပ်ရှားမှုများက မထင်မှတ်ထားလောက်အောင် သွက်လက်မြန်ဆန်နေ၏။
......
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များ မျက်လုံးပြူးသွားကြလေသည်။
[ဝတုတ်လေးတွေကို လုံးဝ အထင်သေးလို့ မရဘူးဆိုတာ တကယ်ပဲ]
[ဝတုတ်တွေက အလားအလာရှိတဲ့သူတွေချည်းပဲ၊ အထင်သေးမိရင် မျက်နှာဖြတ်ရိုက်ခံရဖို့ သေချာတယ် ]
[မျက်နှာ ဖြတ်ရိုက်မခံရအောင်လို့ အခုကစပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်တိုင်းကို ဆရာကြီးလို့ပဲ ခေါ်တော့မယ်]
ထိုကြည့်ရှုသူ ဤသို့ ပြောလိုက်ခြင်းမှာ အကြောင်းပြချက် မရှိဘဲ မဟုတ်ချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလေးအတွင်းတွင် ပါရမီရှင်များ အများအပြား ရှိနေသည်လေ။
ဘယ်အချိန်မှာ ကိုယ်ပိုင်လက္ခဏာတွေ ပေါက်ကွဲထွက်လာမလဲ ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အဆင့်မြင့် ဒီဇိုင်နာများ၊ ပညာရှင်များ အစရှိသဖြင့် အစုံအလင် ပါဝင်နေသည် မဟုတ်ပေလော။
အခြား ကြည့်ရှုသူတစ်ဦးက ၎င်းကို မြင်သောအခါ မနေနိုင်ဘဲ ချီးကျူးလိုက်လေသည်။
[ငါတို့လို လူတွေက ဒီလို သတိထားမှုမျိုး ရှိထားရမှာပေါ့ ဟားဟားဟား]
......
ကြည့်ရှုသူများ ကိုယ့်ဘာသာ ဖျော်ဖြေနေကြစဉ် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
မကြာမီမှာပင် တအိုင် သည် မှော်ပစ္စည်းအရောင်းဆိုင်မှ အဖွဲ့ဝင် အားစစ် ကို ခေါ်ဆောင်၍ ပြန်လည် ရောက်ရှိလာလေသည်။
"သခင် တာဝန် ပြီးမြောက်ပါပြီ"
တအိုင်သည် ချင်ကျိုးကျိုး၏ အရှေ့တွင် အရိုအသေပြုလိုက်ပြီးနောက် အလိုအလျောက် ဘေးသို့ ရှောင်ထွက်သွားလေသည်။
အားစစ်သည် သရဲသင်္ဘော၏ အရှေ့သို့ ရောက်ရှိလာသော်လည်း တစ်စုံတစ်ရာကို စဉ်းစားနေဆဲဖြစ်ကာ မျက်မှောင်ကြုတ်ထား၏။
"ခုနက အဲ့ဒီ ပစ္စည်းကို နောက်ဆုံးမှ ထည့်လိုက်ရမှာ"
သူ တွေးလေလေ အစကနေ ပြန်လည် စမ်းသပ်ကြည့်ချင်လေလေ ဖြစ်လာပြီး သရဲသင်္ဘောအရှေ့တွင် တဝဲလည်လည် လမ်းလျှောက်နေတော့သည်။
သင်္ဘောပေါ်ရှိ ကျန်းလင်၊ ရွှီယိုကျိ နှင့် အခြားဝိညာဉ်များသည် သူ ဘယ်မှညာသို့၊ ညာမှဘယ်သို့ လမ်းလျှောက်နေသည်ကိုသာ ကြည့်နေကြရလေသည်။
အားစစ် ရောက်လာသည်နှင့် သင်္ဘော ထွက်ခွာနိုင်ပြီဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ယခု ကြည့်ရသည်မှာ ချက်ချင်း ထွက်ခွာနိုင်ဦးမည့်ပုံ မပေါ်ချေ။
"အားစစ် ဘာတွေ စဉ်းစားနေတာလဲ ငါတို့ သွားရတော့မယ်လေ" ဟု ရွှီယိုကျိက လှမ်းပြောလိုက်သည်။
"ခုနက ဘယ်နေရာမှာ မှားသွားလဲဆိုတာ ကျွန်တော် သိပြီ"
ရွှီယိုကျိ အသံထွက်လာသည့် တစ်ချိန်တည်းမှာပင် အားစစ်သည် ရုတ်တရက် လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ညာဘက်လက်သီးဖြင့် ဘယ်ဘက်လက်ဝါးကို ထုလိုက်လေသည်။
'စဉ်းစားလို့ ရသွားပြီပဲ'
သူ ချက်ချင်း နောက်လှည့်ပြီး ပြန်သွားရန် ပြင်လိုက်စဉ် ရွှီယိုကျိ၏ စကားကို ကြားလိုက်ရသဖြင့် ရုတ်တရက် ပြန်လှည့်လာ၏။
ပြီးလျှင် သူ၏ မျက်နှာပေါ်တွင် ဝေဝါးနေသော အမူအရာဖြင့် "သွားကြတော့မလို့လား" ဟု မေးလိုက်လေသည်။
ရွှီယိုကျိ "......"
'ဒါမှမဟုတ်ရင် ဘာလုပ်ရမှာလဲ'
'မင်းကို ဒီနေရာထိ ခေါ်လာပြီး တစ်ပတ်လောက် လမ်းလျှောက်ခိုင်းပြီးမှ ပြန်လွှတ်ပေးရမှာလား'
"သွားရတော့မှာလား"
အားစစ် ခေတ္တမျှ စဉ်းစားလိုက်၏။ 'ဒီလို ကိစ္စမျိုး ရှိနေခဲ့တာလား'
သူ၏ မျက်မှောင်များ ပြန်လည် တွန့်ကွေးသွားလိုက်၊ ပြေလျော့သွားလိုက်၊ ထပ်မံ တွန့်ကွေးသွားလိုက်၊ ပြန်လည် ပြေလျော့သွားလိုက် ဖြစ်နေလေသည်။
ခဏအကြာတွင်မူ
သူသည် ရွှီယိုကျိထံသို့ မော့ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်ဟန် ပေါ်လေသည်။
"စီနီယာ ကျွန်တော် အခု မလိုက်သွားဘဲ နေခဲ့လို့ ရမလား"
ထိုစကား ထွက်လာသည်နှင့် သရဲသင်္ဘောပေါ်ရှိ အဖွဲ့ဝင်များ အားလုံး၏အကြည့်များက သူ့ထံသို့ တပြိုင်နက်တည်း ကျရောက်သွားကြတော့သည်။
ရွှီယိုကျိဆိုလျှင် နေရာမှာတင် မျက်လုံးများ ပြူးကျယ်သွားလေသည်။
"....."
'မလိုက်ချင်တော့ဘူးလား'
'တကယ်တော့ အသေအချာ ဂရုစိုက်ရမယ့်အဖွဲ့ဝင်က ဒီနေရာမှာ ရှိနေတာပဲ'
'သူက အဖွဲ့ထဲကနေ ခွဲထွက်ချင်နေတာလား'
ရွှီယိုကျိက မသေချာသော လေသံဖြင့် "မင်းက အနောက်ဘက်နန်းတော်မှာ ကျန်ခဲ့ချင်လို့လား" ဟု မေးလိုက်၏။
အားစစ် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ် ကျွန်တော် ဆက်ပြီး လေ့လာသုတေသန လုပ်ချင်သေးတယ် စီနီယာတို့မြောက်ဘက်နန်းတော်က ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်"
သူ့စကားတစ်ခွန်းပင် မဆုံးသေးမီ ရွှီယိုကျိ ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"သူ့ကို ထုပ်ပိုးပြီး သင်္ဘောပေါ် တင်လိုက်ကြ မြန်မြန်"
'ဒီလိုကြီး တိုက်ရိုက်ခေါ်သွားတာလား'
ကျန်းလင်၊ လျိုပုဝေ၊ ချင်ကျိုးကျိုး နှင့် ယွီပိုင်ရှင်း တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြ၏။
ချက်ချင်း လှုပ်ရှားသွားကြပြီး သူတို့သည် အားစစ်၏အရှေ့သို့ ချက်ချင်း ရောက်ရှိသွားကြလေသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးလံမှ ဝိုင်းရံလိုက်ပြီး အားစစ်ကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ချေ။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ကို သင်္ဘောပေါ်သို့ ဆွဲတင်လိုက်ကြတော့သည်။
ရွှီယိုကျိက သူ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး "သင်္ဘော ထွက်မယ်" ဟု အော်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သင်္ဘောကြီးသည် အနည်းငယ် တုန်ခါသွားပြီး ကြီးမားလှသော သရဲချီများသည် သင်္ဘောကိုယ်ထည်မှနေ၍ ပတ်ဝန်းကျင်သို့ လှိုင်းထကာ ပြန့်နှံ့သွားကာ 'ရွှီး' ခနဲ အသံနှင့်အတူ သင်္ဘောကြီးသည် လေထဲသို့ ပျံတက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူ့ပြည်၏ မြင့်မားသော ကောင်းကင်ယံသို့ ရောက်ရှိသွားလေပြီ။
သင်္ဘောကြမ်းပြင်ပေါ်တွင် ဖိချုပ်ခံထားရသော အားစစ်မှာမူ လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေ၏။ "ကျွန်တော် အဲ့ဒါ ခင်ဗျားတို့"
ရွှီယိုကျိသည် သင်္ဘောကို ခရီးအကွာအဝေး တစ်ခုအထိ ထိန်းချုပ်မောင်းနှင်ပြီးနောက်မှ နောက်သို့ လှည့်လာကာ သူ့ လက်များကို နောက်ပစ်ထားလိုက်လေသည်။
ထို့နောက် အလွန် အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်၏။
"အားစစ် ငါတို့က ဒီတစ်ကြိမ် လေ့လာရေး ခရီးထွက်လာတာလေ နန်းတော်သုံးခုလုံးကို ဖြတ်သန်းရမှာ"
"နန်းတော် တစ်ခုတည်းမှာပဲ ခေါင်းငုံ့ပြီး လေ့လာနေလို့မရဘူးလေ၊ မြောက်ဘက်နန်းတော်ကိုလည်း သွားကြည့်ရဦးမှာပေါ့"
လာတုန်းကလည်း အတူတူလာခဲ့ပြီး ပြန်ရင်လည်း အတူတူ ပြန်ရမည်ဟု ပြောထားခဲ့သည် မဟုတ်ပေလော။
အားစစ် တစ်ယောက်တည်းကို အနောက်ဘက်နန်းတော်မှာ ချန်ထားခဲ့ဖို့က သူ့မှာ အဲ့ဒီလို အခွင့်အာဏာ မရှိဘူးလေ။
"နောက်ပိုင်း မင်းက အနောက်ဘက်နန်းတော်က မင်းလေ့လာဖို့ အသင့်တော်ဆုံးပဲလို့ ယူဆပြီး ဆက်လေ့လာချင်တယ်ဆိုရင် အခွင့်အရေးရှာပြီး လျှောက်လွှာတင်လို့ ရပါတယ်"
"ကျွန်တော်လား"
အားစစ် ခေတ္တမျှ ကြောင်အသွား၏။
အချိန်အတန်ကြာမှ သူက ခေါင်းကို ကုတ်လိုက်ပြီး "ကျွန်တော် နားလည်ပါပြီ စီနီယာ"
"တောင်းပန်ပါတယ် ခုနက ကျွန်တော် စိတ်ထက်သန်လွန်းသွားတယ်"ဟုပြောလိုက်တော့သည်။
သူတို့သည် အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ရာ ဘာလုပ်လုပ် အတူတကွ ညီညွတ်စွာ လှုပ်ရှားရမည် ဖြစ်သည်။
ပြဿနာ တစ်ခုခု ကြုံလာလျှင်လည်း အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရမည် မဟုတ်ပေလော။
မည်သူ့ကိုမျှ သီးသန့် ချန်ရစ်ထားခဲ့၍ မရနိုင်ချေ။
ထို့ပြင် ထွက်လာကတည်းက အရာအားလုံးကို စီနီယာ ရွှီယိုကျိ၏ အစီအစဉ်အတိုင်း လိုက်နာမည်ဟု သဘောတူထားပြီး ဖြစ်လေသည်။
ယခုကဲ့သို့ လေ့လာရေးထွက်ရသည့် အခွင့်အရေးမျိုးက အလွန် ရှားပါးပြီး အရှားပါးဆုံး အချက်မှာ နန်းတော် သုံးခုလုံးသို့ သွားရောက်ခွင့် ရရှိခြင်းပင်။
ဤသည်မှာ မြောက်ဘက်နန်းတော်သို့ စောင့်ကြပ်ရန် သွားရသည့် အခွင့်အရေးထက်ပင် ပို၍ ရှားပါးလှပေသည်။
"ကျွန်တော် ထပ်ပြီး လေ့လာကြည့်ရှုသင့်တာပါ" ဟု အားစစ်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
......
[အားစစ်က မသွားချင်တော့ဘူးတဲ့လား အနောက်ဘက်နန်းတော်က မှော်ပစ္စည်းတွေက အရမ်း ဆွဲဆောင်မှုရှိလွန်းနေလို့လား]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များသည်လည်း ဤဆက်တိုက်ဖြစ်ပေါ်နေသော အပြောင်းအလဲများကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြလေသည်။
အဖွဲ့ထဲတွင် ထွက်မသွားချင်သော သရဲတစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့သလို ရွှီယိုကျိ၏ တုံ့ပြန်မှုကိုလည်း လုံးဝ မခန့်မှန်းနိုင်ခဲ့ကြချေ။
'ဒီလုပ်ရပ်က အရမ်းကို ပြတ်သားလွန်းတယ် မဟုတ်လား'
[ဖွီး အထုပ်ပိုးပြီး ခေါ်သွားတာတော့ လုံးဝ အမိုက်စားပဲ။ သရဲပွဲတော်တုန်းက အချိန်တွေကို သွားသတိရမိတယ် ဟားဟားဟားဟား]
[စီနီယာ ရွှီယိုကျိ မျက်နှာက 'ဟင် အနောက်ကျန်ခဲ့တဲ့ကောင် ရှိနေသေးတာလား' ဆိုတဲ့ ပုံစံမျိုးပဲ]
အနည်းငယ် နားမလည်နိုင် ဖြစ်နေကြသော်လည်း ကြည့်ရှုသူများသည် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ကြလေသည်။
ခေါင်းဆောင် တစ်ယောက်အနေဖြင့် အခြားသူများထက် ပိုမိုစဉ်းစားတွေးတောရပြီး တာဝန်ယူမှုလည်း ပိုကြီးမားရသည်လေ။
အဖွဲ့တစ်ဖွဲ့အနေဖြင့် ထွက်လာသောအခါ တစ်ခါတစ်ရံတွင် ပြောလိုက်သည်နှင့် ချက်ချင်း ထွက်ခွာရမည်ဖြစ်ပြီး အစီအစဉ်များကို တိတိကျကျ လိုက်နာရမည်သာ ဖြစ်သည်။
[စီနီယာ ရွှီယိုကျိက ဒီအဖွဲ့အတွက် တကယ်ကို စိတ်ပူပန်ပေးရလွန်းတာပဲ ]