← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

🫧 Chapter 340

မြင့်မားလှသော ကောင်းကင်ယံတွင် သရဲသင်္ဘောကြီးတစ်စင်းသည် တိမ်တိုက်များကို ဖောက်ထွက်ကာ အနောက်ဘက် နယ်မြေကို တိတ်ဆိတ်စွာ ဖြတ်သန်းပျံသန်းနေလေသည်။

လမ်းခရီးတစ်လျှောက်တွင် သရဲသင်္ဘောပေါ်၌ အလွန် သဟဇာတဖြစ်ကာ အေးချမ်းနေ၏။

အားစစ်သည် အခြေအနေကို ရှင်းလင်းစွာ နားလည်သွားပြီးနောက် ထပ်မံ၍ ပြဿနာမရှာတော့ချေ။

သင်္ဘောပေါ်ရှိ အဖွဲ့ဝင်များသည်လည်း သူ့ကို လွှတ်ပေးလိုက်ကြပြီး သင်္ဘော၏ ထောင့်အသီးသီးတွင် အနားယူနေကြလေသည်။

စီနီယာ ရွှီယိုကျိကမူ ဤအခွင့်အရေးကို အသုံးချကာ အားလုံးကို နောက်ထပ် အစည်းအဝေးတစ်ခု ထပ်လုပ်လိုက်ပြန်သည်။

အဓိက အနှစ်သာရမှာ အရှေ့ဘက်နန်းတော်ကသာ သူတို့၏အိမ်ဖြစ်ပြီး အနောက်၊ တောင်၊ မြောက် နန်းတော်များဆိုတာ ဖြတ်သန်းသွားလာရုံ ဧည့်သည်များသာ ဖြစ်သည် ဆိုသည်ပင်။

ဘယ်အချိန်ပဲဖြစ်ဖြစ် မိမိတို့ကို မွေးဖွားကြီးပြင်းစေခဲ့သည့် နေရာကသာ အယုံကြည်ရဆုံးသော ကျောထောက်နောက်ခံ ဖြစ်သည်လေ။

အသေးအမွှားလေးများကြောင့် အကြီးကြီးကို အဆုံးရှုံးမခံကြဖို့နှင့် အဓိကနဲ့ သာမညကို မလွဲမှားစေရန် သူက တိုက်တွန်းလိုက်လေသည်။

ထိုအခါမှ အားစစ်သည်လည်း သူ၏ အမှားကို လေးနက်စွာ ဝန်ခံလိုက်ပြီး နောက်နောင် ထပ်မမှားတော့ပါကြောင်းနှင့် အရာအားလုံးကို စီနီယာ၏ အစီအစဉ်အတိုင်း လိုက်နာပါမည်ဖြစ်ကြောင်း ကတိပြုလိုက်လေသည်။

ကျန်းလင် "......"

ကောင်းပြီလေ၊ သူတို့လည်း နောက်တစ်ကြိမ် သဘောထား ထုတ်ဖော်ပြသရတော့မည်ပေါ့။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များသည် နောက်ထပ် 'သစ္စာဆိုပွဲ' ကြီးတစ်ခုကို ထပ်မံ မြင်တွေ့လိုက်ကြရပြန်သည်။

မှတ်ချက်ရေးရာ နေရာတွင် [ဟားဟားဟားဟား] [တကယ့်ကို ရယ်ရလွန်းလို့ ရူးတော့မယ်] စသည့် စာသားများဖြင့် ပြည့်နှက်သွားတော့သည်။

[အားလုံးလည်း မလွယ်ကြပါဘူးလေ]

......

သရဲသင်္ဘောသည် အနောက်ဘက်နန်းတော်၏ နယ်စပ်သို့ ရောက်ရှိလာချိန်တွင် ကျန်းလင်သည် စနစ်၏ သတိပေးသံကို နောက်ဆုံးတွင် ထပ်မံ ကြားလိုက်ရလေသည်။

"ဒင် အနောက်ဘက်နန်းတော်၏ ငရဲပြည် ယဉ်ကျေးမှု လက္ခဏာများကို ဖြန့်ဝေခြင်း ဟူသော ဘေးထွက်တာဝန်ကို ပြီးမြောက်အောင်မြင်သည့်အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်"

"အဓိက ဖြန့်ဝေခဲ့သည့် အနောက်ဘက်နန်းတော်၏ ယဉ်ကျေးမှုများ အနောက်ဘက်နန်းတော်၏ လုပ်ငန်းခွင်ဝတ်စုံ လက္ခဏာများ၊ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အစီအရင်၊ [ဝင်စားခြင်း မှော်ပစ္စည်း]၊ ငရဲပြည် အစားအသောက် ပွဲတော်၊ သရဲဈေးတန်း၏ အသွင်အပြင်၊ ကတိကဝတ် သစ်ပင်"

"ရရှိသည့် ဆုလာဘ် အမှတ် ၁၀၀၀၀၊ ယုံကြည်မှု နှလုံးသား ၁၀၀၀ မှတ်"

"တာဝန် ပြီးမြောက်မှု အခြေအနေ ထူးချွန်။ ရရှိသည့် ဆုလာဘ်များ နှစ်ဆ တိုးမြှင့်ပေးမည်"

စနစ်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် နောက်ထပ် 'ဒင်' ခနဲ အသံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်၏။

"အနောက်ဘက်နန်းတော်၏ ဒေသထွက်ကုန် ၂ ခု ရရှိပါသည်"

......

စနစ်၏တွက်ချက်မှု အသံများကို နားထောင်ရင်း ကျန်းလင် အနည်းငယ် အံ့သြသွားလေသည်။

'ဒေသထွက်ကုန် နှစ်ခုတောင်လား'

ယခင် တောင်ဘက်နန်းတော်မှ ထွက်ခွာလာစဉ်က စနစ်သည် အစိမ်းရင့်ရောင် အခွံတစ်ခုကို ဆွဲယူပေးခဲ့သည်လေ။

'အဲ့ဒါ ဘာလဲဆိုတာ လုံးဝနားမလည်သေးပေမယ့် အရမ်းတော့ အသုံးဝင်တယ်မဟုတ်လား'

ထိုပါးလွှာသော အခွံလေးကို ဆောင်ထားပြီး ကျင့်ကြံတိုင်း စိတ်အခြေအနေက ထူးကဲစွာ ကြည်လင်လာပြီး ကျင့်ကြံခြင်း ရလဒ်များကလည်း ပုံမှန်ထက်များစွာ ပိုကောင်းမွန်လာခဲ့သည် မဟုတ်ပေလော။

'ဒီတစ်ကြိမ်မှာတော့ စနစ်က ဒေသထွက်ကုန် နှစ်ခုတောင် ယူလာပေးခဲ့တယ်လား'

'ဒီတစ်ကြိမ် တာဝန် ပြီးမြောက်မှုက အရမ်းကောင်းလွန်းသွားလို့လား၊ ဒါမှမဟုတ် အနောက်ဘက်နန်းတော်က အရမ်း ချမ်းသာလွန်းနေလို့များလား'

ကျန်းလင်သည် သင်္ဘောပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို နှာခေါင်းဖျားသို့ စိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

သူ၏ လက်တစ်ဖက်ကို သိုလှောင်အိတ်ပေါ်သို့ သတိမထားမိအောင် တင်လိုက်ပြီး အာရုံခံနိုင်စွမ်း အနည်းငယ်ကို အထဲသို့ ထိုးသွင်းလိုက်၏။

သိုလှောင်အိတ်တစ်ခုလုံးမှာ အနက်ရောင်ဖြစ်ပြီး အပေါ်တွင် 'ကျန်း' ဟူသော အမှတ်တံဆိပ် ခတ်နှိပ်ထားလေသည်။

အပြင်ပန်းကြည့်လျှင် လက်ဝါးအရွယ်အစားခန့်သာ ရှိသော်လည်း အတွင်းဘက် နေရာလပ်မှာမူ အလယ်အလတ် အရွယ်အစားရှိ ဘတ်စကက်ဘော ကွင်းတစ်ကွင်းစာခန့် ကျယ်ဝန်းလှသည်။

ထိုအထဲတွင် ထည့်ထားသမျှမှာ ကျန်းလင် မကြာခဏ အသုံးပြုလေ့ရှိသော ပစ္စည်းများသာ ဖြစ်၏။ ဥပမာ ငွေစက္ကူများ၊ ဆေးဘက်ဝင် အပင်များ၊ သတ္တုရိုင်းများနှင့် သရဲပစ္စည်းများ အစရှိသည်တို့ ဖြစ်သည်။

အနောက်ဘက်နန်းတော်တွင် ယခင်ကဝယ်ယူခဲ့သော မှော်ပစ္စည်းများကိုလည်း ထောင့်တစ်နေရာတွင် ထားရှိထားလေသည်။

ဤမျှ ထည့်ထားသော်လည်း အတွင်းဘက် နေရာလပ်မှာ အတော်လေး ကျယ်ဝန်းနေသေး၏။

သို့သော် ထိုနေ့နံနက်က အားရွေ့ အလောတကြီး ရောက်လာပြီး ပေါင်ယန် ယခုလေးတင် ဖန်တီးပြီးစီးသွားသော သိုင်းပြိုင်ကွင်းကို လာပို့ပေးပြီးကတည်းက သိုလှောင်အိတ်ထဲရှိ နေရာလပ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားသကဲ့သို့ ဖြစ်နေတော့သည်။

'ပြန်ရောက်ရင်တော့ ပိုကြီးတာတစ်ခုနဲ့ လဲရတော့မယ် ထင်တယ်'

ယခု ဝယ်ထားသော ပစ္စည်းများက များပြားလာပြီဖြစ်ရာ ယခင် သိုလှောင်အိတ်ကို ဆက်သုံးရန် မလုံလောက်တော့ချေ။

သိုင်းပြိုင်ကွင်းကို ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် ကျန်းလင်၏ အာရုံခံနိုင်စွမ်းသည် စနစ်က ယခုလေးတင် ထုတ်ပေးလိုက်သော အနောက်ဘက်နန်းတော်၏ ဒေသထွက်ကုန် နှစ်ခုပေါ်သို့ ရောက်ရှိသွားလေသည်။

'ဟင်'

'ဒီတစ်ကြိမ်ရော ဘယ်လို ထူးထူးဆန်းဆန်း ပစ္စည်းတွေ ဖြစ်နေမလဲ'

'သိုလှောင်အိတ်၏ အလယ်ဗဟိုတွင် အညိုရောင် သစ်ကိုင်းခြောက် တစ်ကိုင်း တိတ်ဆိတ်စွာ မျောလွင့်နေပြီး ၎င်းနှင့်အတူ ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော သံလုံးတစ်လုံး'

ကျန်းလင်သည် ထိုသစ်ကိုင်းကို အနည်းငယ် ထိုးဆွကြည့်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

ထို့နောက် ဘေးနားရှိ သံလုံးကို ထပ်မံ ထိုးဆွကြည့်လိုက်ပြန်သည်။

အနည်းငယ် ထိမိသည်နှင့် တစ်ပြိုင်နက် ထိုသံလုံးလေးသည် ချက်ချင်း တုန်ခါလာလေတော့သည်။

အပေါ်ဘက်မှ တိုတိုသေးသေး အင်တင်နာ နှစ်ချောင်း ထွက်လာပြီး အောက်ဘက်တွင်မူ အသွင်ပြောင်းသွားသည့်အလားပင် ဂေါ်လီလုံး အရွယ်အစားခန့်ရှိသော ပို၍သေးငယ်သည့် သံလုံးလေးတစ်ခု ထပ်တိုးလာ၏။

အထက်အောက် အသွင်ပြောင်းပြီးသွားသောအခါ ဘေးတစ်ဖက်တစ်ချက်စီမှ ဂေါ်လီလုံး အရွယ်အစားရှိ သံလုံးငယ်လေး နှစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

တစ်ချက် ကြည့်လိုက်လျှင် သံလုံးလေးလုံးနှင့် အင်တင်နာ နှစ်ချောင်း ပေါင်းစပ်ထားသော စက်ရုပ်လေး တစ်ရုပ်နှင့် တူနေသည် မဟုတ်ပေလော။

အသွင်ပြောင်းပြီးနောက် ၎င်းသည် ထပ်မံ လှုပ်ရှားခြင်း မရှိတော့ချေ။

၎င်း ငြိမ်သက်သွားသော်လည်း ကျန်းလင်ကမူ ပို၍ ထူးဆန်းသလို ခံစားလာရသည်။

ထို့ကြောင့်သူသည် စက်ရုပ်လေးကို တစ်ပတ် လှည့်ကြည့်လိုက်၏။

ထိုအခါ စက်ရုပ်လေးသည် ၎င်း၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ၎င်းဘာသာ တစ်ပတ် ပြန်လည် လည်ပတ်သွားလေသည်။ ထို့နောက် ခေတ္တရပ်သွားပြီး နောက်တစ်ပတ် ထပ်လည်ပြန်၏။

ပြီးနောက် တစ်ပတ်ပြီး တစ်ပတ် စက်ရုပ်လေးသည် ဂျင်တစ်ကောင်အလား လည်ပတ်နေတော့သည်။

ကျန်းလင် "......"

'ဒီတစ်ကြိမ် စနစ်က သူ့ကို ပေးလိုက်တဲ့အရာက တကယ်ပဲ ဘာကြီးလဲ'

'ဂျင်လား'

မြောက်ဘက်နန်းတော်သို့ ရောက်ရှိပြီးမှ အခွင့်အရေးရှာ၍ သေချာ လေ့လာကြည့်ရတော့မည် ထင်သည်။

'ဖြစ်နိုင်တာက ဒီပစ္စည်းနှစ်ခုစလုံးက သရဲချီတွေကို စုပ်ယူဖို့ လိုအပ်နေတာများလား'

ကျန်းလင်၏ အာရုံခံနိုင်စွမ်းသည် သိုလှောင်အိတ်ထဲမှ ထွက်ခွာလာချိန်တွင်ပင် ထိုအရာလေးက လည်ပတ်ခုန်ပေါက်နေဆဲ ဖြစ်လေသည်။

......

"မြောက်ဘက် နယ်နိမိတ်ကို ရောက်တော့မယ်"

သရဲသင်္ဘော၏ ဦးပိုင်းမှ ရွှီယိုကျိက ရုတ်တရက် အသံထွက်၍ သတိပေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ သင်္ဘောပေါ်ရှိ အဖွဲ့ဝင်များအားလုံး သူတို့၏ စိတ်များကို စုစည်းလိုက်ကြပြီး အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

သရဲသင်္ဘော တိတ်ဆိတ်စွာ ရှေ့သို့ ပျံသန်းနေစဉ် ခဏအကြာတွင် ချင်ကျိုးကျိုး၏ နားရွက်များ ရုတ်တရက် လှုပ်ရှားသွားလေသည်။

"အသံတစ်ခုခု ကြားနေရသလားလို့"

ကျန်းလင်သည်လည်း အရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး "အသံ ကြားနေရတယ်" ဟု ဆိုလေသည်။

'ဖတ် ဖတ် ဖတ်'

အသံက အလွန်တော့ ရှင်းရှင်းလင်းလင်း မကြားရချေ။

ရွှီယိုကျိ "အားလုံး အသင့်ပြင်ထားကြ"

သရဲသင်္ဘော ရှေ့သို့ ပျံသန်းသွားသည်နှင့်အမျှတစ်စုံတစ်ခုက အလျင်အမြန် နီးကပ်လာနေသည့်အလားပင် ထို 'ဖတ် ဖတ် ဖတ်' အသံများက ပို၍ ပီပြင်လာတော့သည်။

'ဖတ်'

တစ်ကိုယ်လုံး အဖြူရောင်ရှိပြီး နှစ်စင်တီမီတာ သုံးစင်တီမီတာခန့်သာ အရွယ်အစားရှိသည့် စက္ကူချိုး ကြိုးကြာငှက် လေး တစ်ကောင်သည် သရဲသင်္ဘော၏ အကာအကွယ် အစီအရင်ကို လာရောက် တိုက်မိသွားလေသည်။

၎င်းမှာမူကား တစ်ယောက်ယောက်၏ လက်မှုပစ္စည်းလေး တစ်ခုနှင့်သာ တူနေ၏။

'ဖတ် ဖတ်'

'နှစ်ကောင်၊ သုံးကောင်.'

တိမ်လွှာများ ကွဲထွက်သွားပြီး သေးငယ်လှပသော စက္ကူကြိုးကြာငှက် အုပ်စုကြီးသည် အရှေ့ဘက်နန်းတော်၏ သရဲသင်္ဘောဆီသို့ ဝိုင်းရံ ပျံသန်းလာကြတော့သည်။

......

......

မြောက်ဘက် နယ်မြေ၊အဖြူရောင် စက္ကူများဖြင့် တည်ဆောက်ထားသော တဲအိမ်လေး တစ်ခုအတွင်း၌ ရုပ်ရည်သွင်ပြင် တစ်ထေရာတည်း တူညီနေသော 'လူ' သုံးဦးသည် စက်ဝိုင်းပုံစံ ဝိုင်းထိုင်နေကြလေသည်။

'လူ' တိုင်း၏ လက်ထဲတွင် ပစ္စည်းတစ်ခုစီကို ကိုင်ဆောင်ထားကြပြီး သူတို့၏ အမူအရာများမှာ အလွန်တရာ အရေးကြီးသော ကိစ္စရပ်တစ်ခုကို ရင်ဆိုင်နေရသည့်အလားပင် အလွန် လေးနက်နေကြ၏။

လေထုသည်လည်း အလွန် လေးလံတင်းကျပ်နေလေသည်။

အချိန်အတန်ကြာပြီးနောက် ဖန်ဟေးတစ် သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး "၂ ပူး ယူမလား" ဟု မေးလိုက်၏။

(#TL note : ဖဲမဆော့တတ်ပါ)

ဖန်ဟေးနှစ်က မျက်မှောင်ကြုတ်လိုက်ပြီး "သူ့ကို ဗုံးခွဲပစ်လိုက်" ဟု ပြောလေသည်။

မျက်နှာချင်းဆိုင်ရှိ ဖန်ဟေးသုံး က အလေးအနက် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် သူ့ကို ဗုံးခွဲပစ်" ဟု ဆို၏။

သူက သူ့ အဖော်ကို ကြည့်လိုက်ပြီး "ဒါနဲ့... မင်းဆီမှာ ဗုံးပါလို့လား" ဟု မေးလိုက်လေသည်။

ဖန်ဟေးနှစ် "မပါဘူး"

ဖန်ဟေးသုံး "တိုက်ဆိုင်လိုက်တာ၊ ငါ့ဆီမှာလည်း မပါဘူး"

ဖန်ဟေးတစ် က ဆူညံစွာ အော်ဟစ်လိုက်၏။

"ဟေ့ ဟေ့ ဖဲချပ်တွေအကြောင်း မေးလို့ မရဘူးနော်"

သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး "၆ သုံးလုံးနဲ့ ၆ လာမလား"

ဖန်ဟေးနှစ်၊ ဖန်ဟေးသုံး "......"

'မင်းဆီမှာ ဗုံးပါတာပဲ မင်း အရင်သွားတော့'

ထိုအခါ ဖန်ဟေးတစ် သည် 'ဟဲဟဲ' ဟု ရယ်မောလိုက်ပြီး နောက်ဆုံး ဖဲချပ် သုံးချပ်ကို ပစ်ချလိုက်လေသည်။

"K သုံးလုံး ငါ နိုင်ပြီ ဟားဟားဟား မျက်နှာတွေ ဒီဘက် ထိုးပေးကြ"

ဖန်ဟေးနှစ် နှင့် ဖန်ဟေးသုံး တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

သူတို့ နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် အနက်ရောင် စုတ်တံဖြင့် ရေးဆွဲထားသော နှုတ်ခမ်းမွှေးများ၊ ပန်းပွင့်လေးများနှင့် လိပ်ပုံများကို အသီးသီး မြင်တွေ့နေကြရ၏။

သူတို့က ဖန်ဟေးတစ် ကို ကြည့်ကာ "မင်းနဲ့ တစ်ပုံစံတည်း တူတဲ့ ဒီလို ချောမောတဲ့ မျက်နှာလေး ဒီလိုပုံစံ ဖြစ်သွားတာကို မင်း နည်းနည်းလေးမှ ရင်မနာဘူးလား" ဟု မေးလိုက်ကြလေသည်။

"မင်း ရည်းစား ရှာမရတာလည်း မဆန်းပါဘူးလေ"

"......"

ထိုအခါ ဖန်ဟေးတစ်၏စုတ်တံကိုင်ထားသော လှုပ်ရှားမှု ရပ်တန့်သွားလေသည်။

ထို့နောက် မည်သည့်တွေဝေမှုမရှိဘဲ သူတို့၏မျက်နှာများပေါ်တွင် ကြက်ခြေခတ် နှစ်ခုကို ရေးဆွဲလိုက်တော့သည်။

"ရည်းစားဆိုတဲ့ သတ္တဝါမျိုးက ငါ လိုချင်တိုင်း ရနိုင်တဲ့အရာများ မှတ်နေလား"

"လာ လာ ဆက်လုပ်မယ်"

နောက်ထပ် ဖဲကစားပွဲ တစ်ပွဲ ပြီးဆုံးသွားပြန်၏။

ဖန်ဟေးတစ် သည် ရုတ်တရက် တဲအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး နားစွင့်ကာ မေးလိုက်လေသည်။ "စက္ကူကြိုးကြာငှက်တွေဆီက လှုပ်ရှားမှု တစ်ခုခု ကြားနေရသလားလို့"

ဖန်ဟေးနှစ် "သရဲ တစ်ကောင်ကောင် လမ်းမှားပြီး ဝင်လာတာ နေမှာပါ"

ဖန်ဟေးသုံး "ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်တမန်တော်တွေ တော့ မဖြစ်နိုင်ပါဘူး နန်းတော်လေးခုက အချင်းချင်း မကြာခဏ အသွားအလာ လုပ်လေ့ မရှိဘူးလေ"

"......"

ထိုစကားပြောပြီးနောက် တဲလေးအတွင်း ခေတ္တမျှ တိတ်ဆိတ်သွားလေတော့သည်။

"အရှေ့ဘက်နန်းတော်က ကိုယ်စားလှယ်အဖွဲ့ ရောက်လာတာများလား"

ဖန်ဟေးတစ် သည် လက်လွှတ်လိုက်ပြီး လက်ထဲရှိ ဖဲချပ်များကို ပစ်ချလိုက်လေသည်။ "ဟေးနှစ် မင်း သွားကြည့်လိုက်စမ်း"

ထိုအခါ ဖန်ဟေးနှစ် က 'အို' ဟု အသံပြုလိုက်ပြီး သူ၏ လက်ထဲရှိ ဖဲချပ်များကိုလည်း ပစ်ချကာ တဲအပြင်ဘက်သို့ ထွက်သွားလေသည်။

သို့သော် သူ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အတွင်းဘက်မှ ဟေးတစ်၏ အသံကို ကြားလိုက်ရ၏။

"လာ လာ၊ ငါတို့ နေကြာစေ့လေး စားရင်း သူ့ကို စောင့်ကြတာပေါ့"

All Chapters